News @ M-Media
Author: Ko Lay
  • အစိုးရများက Google ထံမှ အချက်အလက်တောင်းမှု စံချိန်တင်မြင့်တက်
    အစိုးရများက Google ထံမှ အချက်အလက်တောင်းမှု စံချိန်တင်မြင့်တက်
    ဇူလိုင် ၂၀၊ ၂၀၁၆
    M-Media
    data 2
    – Google အသုံးပြုသူများ၏ အချက်အလက်များကို ကမ္ဘာတစ်ဝှမ်းမှ အစိုးရများ၏ တောင်းဆိုမှုမှာ ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ၂၉ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု Google က ယမန်နေ့တွင် ထုတ်ပြန်သည့် ပွင့်လင်းမြင်သာမှု အစီရင်ခံစာ (Transparency Report) တွင် ဖော်ပြထားသည်။
    Google မှာ အစိုးရများက အသုံးပြုသူများ၏ အချက်အလက်များ တောင်းဆိုမှုကို ၆ လတစ်ကြိမ် ထုတ်ပြန်လေ့ရှိနေပြီး ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းတွင် အသုံးပြုသူပေါင်း ၈၁၀၀၀ ကျော်အတွက် အချက်အလက်တောင်းဆိုမှုပေါင်း ၄၀၀၀၀ ကျော် ရှိခဲ့သည်ဟု ဆိုသည်။
    ၂၀၁၅ ခုနှစ် ပထမနှစ်ဝက်တွင် အကောင့်ပေါင်း ၆၉၀၀၀ အတွက် တောင်းဆိုမှုပေါင်း ၃၅၀၀၀ ခန့်ရှိခဲ့သည်။ ၂၀၁၄ ခုနှစ် ဒုတိယနှစ်ဝက်တွင်မူ အစိုးရများ၏ အချက်အလက်တောင်းဆိုမှုပမာဏမှာ ၃၁၁၄ ကြိမ် ရှိခဲ့ပြီး အကောင့်ပေါင်း ၅၀၀၀၀ နှင့် ပတ်သက်၍ တောင်းဆိုခြင်းဖြစ်သည်။
    ထိုကဲ့သို့ အသုံးပြုသူများ၏ အချက်အလက်များကို တောင်းဆိုရာတွင် အမေရိကန်အစိုးရက ဦးဆောင်နေပြီး ပြီးခဲ့သည့်နှစ် ဒုတိယနှစ်ဝက်အတွင်း အကောင့်ပေါင်း ၁၂၄၂၃ အတွက် အချက်အလက်တောင်းခံမှုပေါင်း ၂၇၁၅၇ ကြိမ် ပြုလုပ်ခဲ့သည်။ ဂျာမနီကမူ ၁၁၅၆၂ ကြိမ်ဖြင့် ဒုတိယနေရာတွင် ရှိနေသည်။
    Google ကမူ ထိုတောင်းဆိုမှုများမှ ၆၄ ရာခိုင်နှုန်းအတွက် အချက်အလက်ပေးရန် သဘောတူခဲ့ပြီး အမေရိကန်အစိုးရ၏ တောင်းဆိုမှုတွင် ၇၉ ရာခိုင်နှုန်းကို ပေးပို့ခဲ့သည်ဟုဆိုသည်။
    Ref: computerworld.com
  • မိမိတို့၏ ဒုံးကျည်ပစ်လွှတ်မှု အမေရိကန်ကို တိုက်ခိုက်ရန်ဖြစ်သည်ဟု မြောက်ကိုရီးယားပြော
    မိမိတို့၏ ဒုံးကျည်ပစ်လွှတ်မှု အမေရိကန်ကို တိုက်ခိုက်ရန်ဖြစ်သည်ဟု မြောက်ကိုရီးယားပြော
    ဇူလိုင် ၂၀၊ ၂၀၁၆
    M-Media
    north
    – မိမိတို့ နောက်ဆုံး စမ်းသပ်ပစ်လွှတ်ခဲ့သည့် တိုက်ချင်းပစ် ဒုံးကျည်များမှာ ခေါင်းဆောင်ကြီး ကင်ဂျုံအန်၏ အမိန့်ပေး၊ ကြီးကြပ်မှုဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး တောင်ကိုရီးယားတွင် အခြေစိုက်သည့် အမေရိကန် စစ်စခန်းများကို နျူလက်နက်ဖြင့် တိုက်ခိုက်နိုင်ရေး ပုံတူဆောင်ရွက်မှုဖြစ်သည်ဟု မြောက်ကိုရီးယားက ပြောကြားလိုက်သည်။
    ယမန်နေ့က တိုက်ချင်းပစ်ဒုံးကျည် ၃ စင်းကို မြောက်ကိုရီးယားက နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတမ်းရှိ ရေပြင် ကီလိုမီတာ ၅၀၀ နှင့် ၆၀၀ ကြားသို့ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယား စစ်တပ်က ဆိုသည်။
    မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန KCNA ကမူ ထိုပစ်လွှတ်မှုမှာ အမေရိကန်စစ်လက်နက်များကို လက်ခံထားသော တောင်ကိုရီးယား ဆိပ်ကမ်းများနှင့် လေယာဉ်ကွင်းများကို တိုက်ခိုက်ရေး ရှေ့ပြေးစမ်းသပ်မှုဖြစ်ကြောင်း၊ တိုက်ချင်းပစ်ဒုံးကျည်များတွင် တပ်ဆင်ထားသည့် နျူထိပ်ဖူးမှ ဖောက်ခွဲဖျက်ဆီးရေး ကိရိယာ၏ လုပ်ဆောင်နိုင်မှုကို စစ်ဆေးခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။
    အမေရိကန်စစ်တပ်ကမူ မြောက်ကိုရီးယားမှ ပစ်လွှတ်သော ဒုံးကျည် ၃ စင်းတွင် ၂ စင်းမှာ စကဒ်ဒုံးကျည်များဖြစ်ပြီး၊ ၁ စင်းမှာ ဆိုဗီယက်ခေတ် စကဒ်ဒုံးကျည်နည်းပညာကို အခြေခံ၍ မြောက်ကိုရီးယားပြည်တွင်းထုတ် Rodong ဒုံးကျည်ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။
    မြောက်ကိုရီးယားမှာ နျူကလီးယား ထိပ်ဖူများကို ထုတ်လုပ်နေသည်ဟုယုံ ကြည်ရပြီး အဆိုပါထိပ်ဖူးများကို တိုက်ချင်းပစ်ဒုံးကျည်များတွင် တပ်ဆင်နိုင်ရန်အတွက် ကြိုးစားနေသည်။ သို့သော် ကျွမ်းကျင်သူများကမူ ထိုနည်းပညာကို ကိုင်တွယ်နိုင်ရန်အတွက် နှစ်အနည်းငယ် ကြာမြင့်အုံးမည်ဟု ခန့်မှန်းထားသည်။
    Ref: Aljazeera
  • အီရတ်ရှိ စိမ့်မြေတစ်ခုကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်း သွင်းမည်
    အီရတ်ရှိ စိမ့်မြေတစ်ခုကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်း သွင်းမည်
    ဇူလိုင် ၁၉၊ ၂၀၁၆
    M-Media
    – သမ္မာကျမ်းစာလာ ဧဒင်ဥယျာဉ်လို့ ယူဆနိုင်ဖွယ်ရှိပြီး၊ ဆက်ဒန်ဟူစိန်အုပ်စိုးစဉ်က အပြီးခမ်းခြောက်လုနီးပါးဖြစ်ခဲ့တဲ့ အီရတ်အရှေ့တောင်ပိုင်းက စိမ့်မြေတစ်ခုကို UNESCO က ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်များစာရင်းမှာ ထည့်သွင်းတော့မယ်လို့ အီရတ်အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
    တီဂရစ်နဲ့ ယူဖရေးတီးမြစ်တွေ ၀န်းရံလျက်ရှိနေတဲ့ အဲဒီမက်ဆိုပိုတေးမီးယားစိမ့်မြေဟာ ပင်လယ်ကွေ့ ငါးဖမ်းသမားတွေရဲ့ စားကျက်ဖြစ်ပြီး ကျမ်းစာလာ ibis ငှက်တွေလို ငှက်မျိုးစိတ်များ နေထိုင်ကျက်စားရာ ဖြစ်သလို၊ ဆိုက်ဘေးရီးယားနဲ့ အာဖရိကကြားက ရွှေ့ပြောင်းလာတဲ့ တောရိုင်းတိရစ္ဆာန်တွေ ခရီးတစ်ထောက် နားခိုရာနေရာလည်း ဖြစ်ပါတယ်။
    ယင်းစိမ့်မြေများဟာ ၁၉၇၀ ခုနှစ်လောက်တုန်းက ၉၀၀၀ စတုရန်းကီလိုမီတာ ပတ်လည်ရှိပြီး ၂၀၀၂ ခုနှစ်လောက်မှာ ၇၆၀ စတုန်ရန်းကီလိုမီတာလောက်အထိ ကျုံ့သွားခဲ့ကာ ၂၀၀၅ ခုနှစ်လောက်မှာ မူလဧရိယာရဲ့ ၄၀ ရာခိုင်နှုန်းလောက် ပြန်လည်ဖြစ်လာခဲ့ပါတယ်။ အီရတ်နိုင်ငံကတော့ စကွဲယားကီလိုမီတာ ၆၀၀၀ လောက် ပြန်လည်ရရှိအောင် ဆောင်ရွက်သွားမယ်လို့ ပြောကြားထားပါတယ်။
    Ref : IINA
  • ပိုကောင်းသည့်အနေအထားဖြင့် ပြန်လာမည်ဟု ရော်နယ်ဒို ပြော
    ပိုကောင်းသည့်အနေအထားဖြင့် ပြန်လာမည်ဟု ရော်နယ်ဒို ပြော
    ဇူလိုင် ၁၉၊ ၂၀၁၆
    M-Media
    portugal 2
    – လက်ရှိတွင် ဒူးဒဏ်ရာရရှိနေသော်လည်း ၂၀၁၆-၁၇ ဘောလုံးရာသီတွင် ယခင်ထက် ပိုမိုကောင်းမွန်စွာ ပြန်လာမည်ဟု ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်သည်။
    ပြင်သစ်နှင့် ယူရို ၂၀၁၆ ဗိုလ်လုပွဲတွင် ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုမှာ ပွဲအစတွင် ပြင်သစ်ကွင်းလယ်လူ ဒီမီထရီ ပါယက်နှင့် ခိုက်မိ၍ ရရှိသော ဒဏ်ရာကြောင့် စောစီးစွာ လူစားထိုးခဲ့ရသည်။ စစ်ဆေးမှုများအရ ထိုဒဏ်ရာမှာ ပြင်းထန်ပြီး ရီးယဲလ်၏ ရာသီအစ ပွဲစဉ်များကို လွဲချော်ဖွယ် ရှိနေသည်။
    အသက် ၃၁ နှစ်အရွယ်ရှိ ရော်နယ်ဒိုကမူ မိမိအနေဖြင့် ပိုမိုကောင်းမွန်သောအနေအထားဖြင့် ပြန်လာမည်ဟု ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြောကြားခဲ့သည်။
    “အားလုံး မင်္ဂလာပါ။ ကျွန်တော့် ပရိတ်သတ်တွေအားလုံးကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ အားလုံးအဆင်ပြေနေတယ်လို့ ပရိတ်သတ်တွေကို ပြောချင်ပါတယ်။ ကျွန်တော် ပိုတောင့်တင်းတဲ့အနေအထားတဲ့ ပြန်လာမှာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ပေါ်တူဂီ အဓွန့်ရှည်ပါစေ” ဟု Instagram တွင် လွှင့်တင်ထားသော ဗီဒီယို၌ ပြောကြားခဲ့သည်။
    Ref : Goal
  • ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများက ဒုက္ခသည် ၉ ရာခိုင်နှုန်းအောက်သာ လက်ခံထား
    ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများက ဒုက္ခသည် ၉ ရာခိုင်နှုန်းအောက်သာ လက်ခံထား
    ဇူလိုင် ၁၉၊ ၂၀၁၆
    M-Media
    syria 4
    – လတ်တလော ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ ဒုက္ခသည်ပြဿနာမှာ ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံတွေက ဒုက္ခသည်အရေအတွက် ၉ ရာခိုင်နှုန်းကိုသာ လက်ခံထားပြီး ဆင်းရဲတဲ့နိုင်ငံတွေက ဒီဝန်ထုတ်ဝန်ပိုးကို အများဆုံး ထမ်းထားနေရတယ်လို့ ကမ္ဘာ့ထိပ်တန်း ပရဟိအဖွဲ့ Oxfam က ပြောကြားလိုက်ပါတယ်။
    တနင်္လာနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အခုလို ဖော်ပြလိုက်တာဖြစ်ပြီး အမေရိကန်၊ တရုတ်၊ ဂျပန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ယူကေ တို့လက်ခံတဲ့ ဒုက္ခသည်အရေအတွက် ၂.၁ သန်းဟာ ကမ္ဘာ့ ဒုက္ခသည် စုစုပေါင်းအရေအတွက်ရဲ့ ၈.၉ ရာခိုင်နှုန်းသာရှိတယ်လို့ ထည့်သွင်းရေးသားထားပါတယ်။
    အဲ့ဒီနိုင်ငံတွေဟာ ကမ္ဘာ့စီးပွားရေးရဲ့ ၅၆ ရာခိုင်နှုန်းကျော်ကို ချုပ်ကိုင်ထားတာဖြစ်တယ်လို့ Oxfam က ဆိုပါတယ်။
    “အိုးအိမ်ကိုစွန့်ခွာထွက်ပြေးလာရပြီး အသက်ရှင်သန်ဖို့တောင် မနည်းရုန်းကန်နေရတဲ့ ထိခိုက်ခံစားလွယ်တဲ့ လူသန်းပေါင်းများစွာက ခံစားနေရတာတွေကို နိုင်ငံတော်အစိုးရတွေက မျက်နှာလွှဲခဲပစ်လုပ်ထားတာ ရှက်စရာကောင်းပါတယ်” လို့ Oxfam International ရဲ့ အမှုဆောင်ဒါရိုက်တာ Winnie Byanyima က ပြောကြားခဲ့ပါတယ်။
    “ဒုက္ခသည်တွေကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတာ မျှဝေထမ်းရွက်ရမယ့် တာဝန်တစ်ခုဖြစ်ပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေကသာ ဒီဝန်ကို ထမ်းနေရပါတယ်။”
    ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံးအဖြစ် ရင်ဆိုင်နေရတဲ့ ဒုက္ခသည်ပြဿနာမှာ ဒုက္ခသည်အရေအတွက်ရဲ့ ထက်ဝက်ကျော်ကျော်လောက်ကို လက်ခံထားရတာက ကမ္ဘာ့စီးပွားရေးရဲ့ ၂ ရာခိုင်နှုန်းသာရှိတဲ့ နိုင်ငံတွေ ဖြစ်တယ်လို့လည်း ဒီအစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။
    အဲဒီနိုင်ငံတွေကတော့ တူရကီ၊ ပါကစ္စန်၊ ဂျော်ဒန်၊ လက်ဘနွန်၊ တောင်အာဖရိကနဲ့ ပါလက်စတိုင်းတို့ဖြစ်ပြီး စုစုပေါင်း ဒုက္ခသည် ၁၂ သန်းနီးပါးကို လက်ခံထားရတာပါ။
    “အချမ်းသာဆုံးတိုင်းပြည်တွေက ဒီပြဿနာအဖြေရဲ့ အစိတ်ပိုင်း ဖြစ်ဖို့လိုပါတယ်။ ပြီးတော့ သူတို့ရဲ့ ဝေစုကို ကြည်ကြည်ဖြူ ဖြူနဲ့ လက်ခံဖို့၊ ဒုက္ခသည်တွေကို ပိုမိုကာကွယ်ဖို့ လုပ်ဆောင်ရမှာပါ” လို့ Byanyima က ထပ်လောင်းပြောကြားခဲ့ပါတယ်။
    Ref : Presstv