News @ M-Media

Author: Ko Lay

  • Nice အကြမ်းဖက်မှု သားကောင်ဖြစ်ရသည့် မွတ်စလင်မိသားစု၏ ဖွင့်ဟသံ

    Nice အကြမ်းဖက်မှု သားကောင်ဖြစ်ရသည့် မွတ်စလင်မိသားစု၏ ဖွင့်ဟသံ

    ဇူလိုင် ၁၉၊ ၂၀၁၆
    M-Media

    nice
    Nice မြို့ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသည့် မွတ်စလင်အမျိုးသမီး အလ်ဒီဂျာ ဘူဇူအစ်

    – ပြီးခဲ့တဲ့တစ်ပတ်က ပြင်သစ်နိုင်ငံ Nice မြို့မှာ တော်လှန်ရေးအခမ်းအနား ကျင်းပနေစဉ်အတွင်း လူတစ်ဦးက ထရပ်ကားနဲ့ လူအုပ်ထဲကို ၀င်တိုက်ခဲ့လို့ လူ ၈၀ ကျော် သေဆုံးခဲ့ပါတယ်။

    ဒီတိုက်ခိုက်မှုကို တူနီးရှားနွယ်ဖွား ပြင်သစ်နိုင်ငံသားတစ်ဦးက ပြုလုပ်ခဲ့တာဖြစ်ပြီး ပြင်သစ်ရဲတပ်ဖွဲ့ကတော့ သူဟာ မကြာသေးခင်ကမှ အစွန်းရောက်တွေရဲ့ သိမ်းသွင်းတာကို ခံလိုက်ရတာလို့ ပြောကြားခဲ့ပါတယ်။

    အဲဒီတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေထဲမှာ ပြင်သစ်မွတ်စလင်တွေ တော်တော်များများလည်း ပါဝင်ခဲ့ပါတယ်။ အသက် ၄၂ နှစ်အရွယ် ကလေး ၄ ယောက်မိခင် မွတ်စလင်အမျိုးသမီး အလ်ဒီဂျာ ဘူဇူအစ်သေဆုံးမှုကိုတော့ မိသားစုက တိုက်ခိုက်မှု ဖြစ်ပွားအပြီး ၃ ရက်အကြာမှ သိရှိခဲ့တာပါ။

    ဒီကိစ္စကို ကြားကြားချင်းပဲ မိသားစုဟာ ယူကြုံးမရ ဖြစ်ခဲ့ရပြီး တစ်ကယ်လို့ တိုက်ခိုက်သူဖြစ်တဲ့ Mohamed Lahouaiej-Bouhlel ကို မျက်နှာချင်းဆိုင်တွေ့ခဲ့ရင် ဘာပြောမလဲလို့ မေးမြန်းတဲ့အခါမှာ ဘူဇူအစ်ရဲ့ အစ်ကိုနဲ့ မောင်ဖြစ်တဲ့ ဘီလာလ်နဲ့ မဟ်ဒီတို့က အခုလို့ ဖွင့်ဟခဲ့ပါတယ်။

    “ကျွန်တော့်မှာ ညီအမ ၆ ယောက်ရှိပါတယ်။ ဒါပေမယ့် အခုတော့ ၅ ယောက်ပဲကျန်တော့တာပေါ့ဗျာ။ ဘူဇူအစ်က အကြီးဆုံးပါ။ သူဟာ မိသားစုထဲမှာ ပျော်ပျော်နေတတ်ဆုံးသူပါပဲ။ အခုတော့ ခင်ဗျားတို့က သူ့ကို သတ်ပစ်လိုက်ကြတယ်။ အခု မျက်နှာမထောက်ပဲပြောရရင် ခင်ဗျားဟာ မွတ်စလင်အယောင်ဆောင်ပါပဲ။ ကျုပ်ပြောချင်တာဒါပါပဲ” လို့ မဟ်ဒီက ဆိုပါတယ်။

    အစ်ကိုဖြစ်သူ ဘီလာလ်ကလည်း အကြမ်းဖက်သမားတွေအနေနဲ့ ကုရ်အာန်ကျမ်းတော်မြတ်ကို ဖတ်ပါလို့ တိုက်တွန်းချင်ကြောင်း ပြောကြားခဲ့ပါတယ်။

    “အဲဒီအကြမ်းဖက်သမား ကျွန်တော့်အရှေ့မှာရှိမယ်ဆိုရင် ကျွန်တော်က ‘မင်း ကုရ်အာန်ကို သွားဖတ်ကြည့်စမ်းပါကွာ’ လို့ ပြောမှာပါ။ ကုန်အာန်ကို ဖတ်တဲ့သူ၊ မွတ်စလင်ပီသတဲ့သူဆိုရင် အပြစ်မဲ့တဲ့သူတွေကို သတ်ဖို့ဆိုတာ ဘယ်လို့မှ မဖြစ်နိုင်ပါဘူး။ ဒီလူ (နိုက်စ်တိုက်ခိုက်မှုကို ပြုလုပ်သူ) ဟာ မွတ်စလင်မဟုတ်ပါဘူး။ သူဟာ ဘုရားလည်း ၀တ်မပြုပါဘူး။ သူက မွတ်စလင်တစ်ယောက်လို့ ကျွန်တော် မထင်ပါဘူး။ သူဟာ အရူးတစ်ယောက်သာ ဖြစ်မှာပါ။ ဒီသတ်ဖြတ်မှုကို လုပ်တဲ့သူဟာ အာရပ်တစ်ယောက်ဖြစ်တယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် သူဟာ အစ္စလာမ်ကြောင့်ဖြစ်တဲ့ အကြမ်းဖက်သမားတော့ မဟုတ်ပါဘူး” လို့ ဘီလာလ်က ဆိုပြီး အသားရောင်ကြောင့်၊ ဘာသာတရားကြောင့် စစ်တိုက်နေတာတွေကို ရပ်တန်ဖို့နဲ့ တစ်ဦးယောက်ကို အကြောင်းပြုပြီး မွတ်စလင်တွေနဲ့ အစ္စလာမ်သာသနာအပေါ် အပြစ်တင်တာတွေ ရပ်တန့်ဖို့အတွက် တစ်ကမ္ဘာလုံးက ညီညွတ်သင့်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    နိုက်စ်တိုက်ခိုက်မှုကို ပြုလုပ်ခဲ့တဲ့ Mohamed Lahouaiej-Bouhlel ဟာ အစ္စလာမ်သာသနာကို လက်တွေ့လိုက်နာကျင့်သုံးတဲ့ မွတ်စလင်မျိုးမဟုတ်ဘဲ အပျော်အပါးလိုက်စားသူ၊ အရက်သေစာသောက်သုံးသူတစ်ဦး ဖြစ်တယ်လို့ ပြင်သစ်သီတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

    Ref: BBC

  • မာစီးဒီးစ်၏ မောင်းသူမဲ့ ဘတ်စ်ကား စမ်းသပ်မှု စံချိန်သစ်တင်

    မာစီးဒီးစ်၏ မောင်းသူမဲ့ ဘတ်စ်ကား စမ်းသပ်မှု စံချိန်သစ်တင်

    ဇူလိုင် ၁၉၊ ၂၀၁၆
    M-Media

    Weltpremiere: Mercedes-Benz Future Bus mit CityPilot – Meilenstein auf dem Weg zum autonom fahrenden Stadtbus

    – ကမ္ဘာကျော် ကားအမှတ်တံဆိပ် Mercedes ၏ မောင်းသူမဲ့ ဘတ်စ်ကား ၀န်ဆောင်မှု စမ်းသပ်အစီအစဉ်ဖြစ်သော CityPilot ၏ စမ်းသပ်မှုတစ်ခုတွင် ၁၂.၄ မိုင်အထိ မောင်းနှင်ကာ မောင်းသူမဲ့ ဘတ်စ်ကားနယ်ပယ်တွင် အဝေးဆုံး မောင်းနှင်နိုင်သည့် စံချိန်သစ် တင်နိုင်ခဲ့သည်ဟု သိရသည်။

    Mercedes-Benz အမျိုးအစား မောင်းသူမဲ့ကားဖြစ်ပြီး နယ်သာလန်နိုင်ငံ အမ်စတာဒမ်ရှိ Schiphol လေဆိပ်သို့ အနီးရှိ Haarlem မြို့မှ မောင်းနှင်ခဲ့ခြင်းဖြစ်သည်။

    လူထိန်းချုပ်မှုကင်းသော သယ်ယူပို့ဆောင်ရေးနစ်သို့ ကူးပြောင်းရန် အဓိကကျသည့် အဆိုပါ မောင်းနှင်မှုတွင် ဘတ်စ်ကားမှာ မီးပွိုင့်များတွင် ရပ်နားခြင်း၊ မြေအောက်လှိုင်ခေါင်းများသို့ ဖြတ်သန်းဝင်ရောက်ခြင်း၊ လမ်းသွားလမ်းလာများအား ရှောင်တိမ်းခြင်း စသည့် လုပ်ဆောင်မှုများကိုလည်း အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။

    Mercedes ၏ အဆိုပါ CityPilot အစီအစဉ်ကို လွန်ခဲ့သည့် ၂ နှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအောင်မြင်မှုမှာ အဓိကကျသည့် အောင်မြင်မှုလည်းဖြစ်သည်။

    Ref: Techcrunch

  • မော်ရင်ဟိုမှာ ဖာဂူဆန်လက်သစ်ဖြစ်မည်ဟု ရာနီယေးရီ ပြော

    မော်ရင်ဟိုမှာ ဖာဂူဆန်လက်သစ်ဖြစ်မည်ဟု ရာနီယေးရီ ပြော

    ဇူလိုင် ၁၉၊ ၂၀၁၆
    M-Media

    mor

    – မန်ယူအသင်းနှင့် ရာသီသစ်ကို ရင်ဆိုင်ရတော့မည့် နည်းပြမော်ရင်ဟိုမှာ ဖာဂူဆန်လက်သစ် ဖြစ်လာလိမ့်မည်ဟု ပရီးပီးယားလိဂ်ချန်ပီယံ လက်စတာစီးတီးအသင်း၏ နည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။

    မော်ရင်ဟို၏ ပထမဆုံးပွဲအဖြစ် စနေနေ့က ကစားခဲ့သော ၀ီဂန်နှင့်ပွဲတွင် မန်ယူမှာ ၂ ဂိုး ပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ၂၀၀၄ ခုနှစ်က ချယ်ဆီးနည်းပြအဖြစ် မော်ရင်ဟိုအား နေရာပေးခဲ့ရသည့် ရာနီယေးရီကမူ မော်ရင်ဟိုမှာ မန်ယူတွင် အောင်မြင်မည်ဟု ဆိုသည်။

    “မော်ရင်ဟိုက ဖာဂူဆန်လက်သစ် ဖြစ်နိုင်ပါတယ်။ မန်ယူမှာ သူ ၂၆ နှစ် နေမှာတော့မဟုတ်ပါဘူး။ ဒါပေမယ့် သူ မှတ်တမ်း တစ်ခုတော့ ချန်ထားခဲ့မှာပါ” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။

    ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာမှာ FA ချန်ပီယံ မန်ယူနှင့် သြဂုတ်လအတွင်း ကွန်မြူနတီဒိုင်းပြိုင်ပွဲအဖြစ် ရင်ဆိုင်တွေ့ဆုံရမည်ဖြစ်သည်။ ရာနီယေးရီအနေဖြင့် မော်ရင်ဟိုအား နောက်ဆုံးအနိုင်ရဲခဲ့သည့်ပွဲမှာ ဒီဇင်ဘာက ချယ်ဆီးအား ၂-၁ ဂိုးဖြင့် နိုင်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်သည်။

    “သြဂုတ်လ ၇ ရက် သူနဲ့ပြန်တွေ့ရမယ့်ပွဲဟာ ဘောလုံးလောကရဲ အလှတရား ဖြစ်မှာပါ” ဟု ၎င်းက ထပ်လောင်းပြောကြား ခဲ့သည်။

    Ref: Goal

  • ပါလက်စတိုင်းအိမ်တစ်လုံးကို အစ္စရေးက ဖြိုချပြန်

    ပါလက်စတိုင်းအိမ်တစ်လုံးကို အစ္စရေးက ဖြိုချပြန်

    ဇူလိုင် ၁၉၊ ၂၀၁၆
    M-Media

    demo

    – ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေ ဖျက်ဆီးမှုကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ရှုတ်ချနေတဲ့ကြားထဲကပဲ အစ္စရေးတပ်ဖွဲ့တွေဟာ ပါလက်စတိုင်းနေအိမ်တစ်လုံးကို ယမန်နေ့မှာ ဖျက်ဆီးလိုက်ပါတယ်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း မြောက်ပိုင်း၊ ဂျီနန်ဒေသ တောင်ဘက် ကွာဘာတီယာမြို့က ဘီလား အဘူဇိုက်ရဲ့ အိမ်ဖြစ်ပြီး တနင်္လာနေ့ မနက်အာရုဏ်တက်ချိန်မှာ အစ္စရေးစစ်သားတွေက ဘူဒိုဇာနဲ့ ဖြိုချဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောကြားခဲ့ပါတယ်။

    ဂျီနန်မြို့ ဒုတိယအုပ်ချုပ်ရေးမှူး ကမားလ် အဘူ အလ်-ရဘ်က အဲဒီအဖြစ်အပျက်အတွင်း အစ္စရေးတပ်တွေနဲ့ အချင်းများရာကနေ ပါလက်စတိုင်း လူငယ် ငါးယောက်ခန့် ဒဏ်ရာရရှိခဲ့ပြီး တစ်ယောက်ကတော့ တော်တော်ပြင်းထန်တယ်လို့ ဆိုပါတယ်။

    အစ္စရေးဘက်ကတော့ အဆိုပါအိမ်ပိုင်ရှင်ဟာ ဖေဖော်ဝါရီလတုန်းက အစ္စရေးရဲအရာရှိတစ်ဦးကို တိုက်ခိုက်သတ်ဖြတ်မှုမှာ ပါဝင်ပက်သက်တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေထဲက အစ္စရေးရဲ့ တရားမ၀င်အိမ်ယာတွေမှာ နေထိုင်သူတွေကို တိုက်ခိုက်ဖို့ကြံစည်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ပါလက်စတိုင်းအိမ်အများအပြားကို အစ္စရေးဘက်က ပေါ်ပေါ်ထင်ထင်ပဲ ဖျက်ဆီးမှုတွေ ပြုလုပ်နေတာ ဖြစ်ပြီး ပြီးခဲ့တဲ့လတွေအတွင်း ပါလက်စတိုင်းအိမ်တွေကို ဖျက်ဆီးမှုကို အစ္စရေးက အရှိန်မြှင့် လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

    ကုလနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကတော့ ပါလက်စတိုင်းပိုင်နက်တွေအတွင်း တရားမ၀င်အိမ်ယာတွေ ဆောက်လုပ်တာ၊ ပါလက်စတိုင်းနေအိမ်တွေကို ဖြိုချဖျက်ဆီးတာတွေကို ရှုတ်ချထားပြီး ငြိမ်းချမ်းရေးအတွက် အလှမ်းကွာဝေးတဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ ပြောဆိုပါတယ်။

    Ref : Presstv

  • အကြမ်းဖက်သမားများမှာ ဘာသာတရားကို ကိုယ်ကျိုးအတွက် အလွဲသုံစားပြုနေသည်ဟု အီဂျစ်မွဖ်သီချုပ် ပြော

    အကြမ်းဖက်သမားများမှာ ဘာသာတရားကို ကိုယ်ကျိုးအတွက် အလွဲသုံစားပြုနေသည်ဟု အီဂျစ်မွဖ်သီချုပ် ပြော

    ဇူလိုင် ၁၉၊ ၂၀၁၆
    M-Media

    Sheikh Shawki Allam, the Grand Mufti of Egypt, delivers his speech at the Islamic Religious Council of Singapore (MUIS) in Singapore on January 26, 2015. Egypt's top Muslim cleric said January 26 the Islamic State group, which has sown a trail of terror across parts of the Middle East, should not even use that term because it is not justified by the religion. AFP PHOTO / ROSLAN RAHMANROSLAN RAHMAN/AFP/Getty Images
    Sheikh Shawki Allam, the Grand Mufti of Egypt, delivers his speech at the Islamic Religious Council of Singapore (MUIS) in Singapore on January 26, 2015. Egypt’s top Muslim cleric said January 26 the Islamic State group, which has sown a trail of terror across parts of the Middle East, should not even use that term because it is not justified by the religion. AFP PHOTO / ROSLAN RAHMANROSLAN RAHMAN/AFP/Getty Images

    – အကြမ်းဖက်သမားများနှင့် အစွန်းရောက်များမှာ ၎င်းတို့၏ အကျိုးအတွက် ဘာသာတရားကို အသုံးချနေကြခြင်း ဖြစ်သည်ဟု အီဂျစ်နိုင်ငံ၏ မွဖ်သီချုပ် ရှော်ကီ အာလမ်က ပြောကြားလိုက်သည်။

    “အကြမ်းဖက်ဝါဒဟာ အစ္စလာမ်မှာ အခြေမခံပါဘူး။ ဘာသာတရားဆိုတာ အကြမ်းဖက်မှုလုပ်ရပ်တွေကို အားမပေးပါဘူး။ အကြမ်းဖက်သမားတွေဟာ ဘာသာတရားကို ကိုယ်ကြိုက်တဲ့ပုံစံမျိုး စွဲယူကျင့်သုံးတာဖြစ်ပြီး ဒါတွေဟာ တကယ့်အနှစ်သာရနဲ့ ဘာမှကို မဆိုင်ပါဘူး” ဟု မွဖ်သီကြီးက ပြီးခဲ့သည့်ရက်ပိုင်း ဂျာမနီနိုင်ငံ Bonn တက္ကသိုလ်ရှိ အခမ်းအနားတစ်ခုတွင် ပင်တိုင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်စဉ် ပြောကြားခဲ့သည်။

    ထို့ပြင် မိမိနှင့် လုပ်ဖော်ကိုင်ဖက်များမှာ အစွန်းရောက်များ၏ ရေးသားမှုများကို လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ပြီး ဘာသာရေးအရ ယုတ္တိယုတ္တာမရှိသော ရေးသားမှုများဖြစ်သည်ကို တွေ့ရှိခဲ့ရကြောင်း မွဖ်သီကြီးက ထည့်သွင်းပြောကြားခဲ့သည်။

    အကြမ်းဖက်သမားများမှာ အစ္စလာမ်သာသနာအား ပုံဖျက်ကာ ကိုယ်ကျိုးအတွက် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ့်ရေးရာခေါင်းဆောင်များ၊ အသင်းအဖွဲ့များမှာ ပြီးခဲ့သည့်နှစ်များအတွင်း ဖသ်ဝါဓမ္မသတ်ပေါင်းများစွာကို ထုတ်ပြန်ခဲ့သည်။

    ၂၀၁၄ ခုနှစ်ကလည်း IS အကြမ်းဖက်အဖွဲ့နှင့် ထိုအဖွဲ့က ကျူးလွန်သော ရာဇ၀တ်မှုများကို ဆန့်ကျင်ရှုတ်ချသည့် အိတ်ဖွင့်ပေးစာတစ်စောင်တွင် ရှော်ကီအာလမ် အပါအ၀င် ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ့်ပညာရှင်ပေါင်း ၁၂၀ ကျော်က လက်မှတ်ရေးထိုးခဲ့ကြသည်။

    မွဖ်သီချုပ်ရာထူးမှာ အီဂျစ်နိုင်ငံတွင် အစ္စလာမ့်ရေးရာ အာဏာပိုင်အဖွဲ့၏ အမြင့်ဆုံး ရာထူးဖြစ်ပြီး ၂၀၁၃ ခုနှစ် ရွေးကောက်တင်မြှောက်ခံရစဉ်ကတည်းက အာလမ်မှာ အစ္စလာမ်သာသနာအား အလွဲသုံးစားလုပ်ကာ ကိုယ်ကျိုးရှာနေသည့် အကြမ်းဖက်အဖွဲ့အစည်းများကို ဝေဖန်ရှုတ်ချခဲ့သူ ဖြစ်သည်။

    ယခု Bonn တက္ကသိုလ်၌ ပြောကြားမှုတွင်လည်း အာလမ်က ကမ္ဘာပေါ်ရှိ လူသားတိုင်းမှာ အခြားသောယဉ်ကျေးမှုများနှင့် ဘာသာတရားများကို လေးစားရမည်ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး မယုံကြည်မှုများ ပပျောက်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ရန် တိုက်တွန်းကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    “လူသားတွေထဲမှာ အကောင်းဆုံးသောသူက ကျန်လူသားအားလုံးကို အကျိုးပြုသူဖြစ်ပါတယ်” ဟု တမန်တော်မုဟမ္မသခင်၏ သြ၀ါဒတော်ကိုလည်း ၎င်းက ကိုးကားခဲ့သည်။

    Ref : IINA