ဇူလိုင် ၁၈၊ ၂၀၁၆
M-Media
Author: Ko Lay
-
ဒုက္ခသည်များအပေါ် ရိုက်နှက်မှု စုံစမ်းရန် ဟန်ဂေရီကို ကုလ တိုက်တွန်း
ဇူလိုင် ၁၈၊ ၂၀၁၆
M-Media– နိုင်ငံအတွင်း ခိုလှုံဖို့ လာရောက်ကြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နှက်တာ၊ ခွေးများလွှတ်ကာ ကိုက်ခိုင်းတာ စတာတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဟန်ဂေရီကို တိုက်တွန်းပြောကြားလိုက်ပြီး ပုံမှန်မဟုတ်တဲ့ ပြောင်းရွှေ့အခြေချသူတွေကို နယ်စပ်ခြုံစည်းရိုးအပြင်ဘက် ဆွဲထုတ်ဖို့ ခွင့်ပြုထာတဲ့ ဥပဒေအသစ်ကိုလည်း ရှုတ်ချခဲ့ပါတယ်။
ဟန်ဂေရီတပ်ဖွဲ့တွေဟာ နိုင်ငံအတွင်း ၀င်ရောက်လာခဲ့တဲ့ ဒုက္ခသည်တွေကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတယ်ဆိုတဲ့ သတင်းတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထွက်ပေါ်လာခဲ့ပြီး ၀န်ကြီးချုပ်ရုံးအကြီးအကဲ ဂျာနို့စ် လာဇာကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ကာ စစ်သားတွေ၊ ရဲတွေရဲ့ တုံ့ပြန်မှုဟာ ကောင်းမွန်တယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။
ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဟန်ဂေရီဟာ တရားမ၀င်ရောက်လာတဲ့ ဒုက္ခသည်တွေကို တစ်ဖက်နိုင်ငံရဲ့ နယ်စပ် ခြံစည်းရိုး ငါးမိုင်ကျော်မှာ ထိန်းသိမ်းထားရမယ်ဆိုတဲ့ ဥပဒေသစ်တစ်ခုကို လက်ခံကျင့်သုံးဖို့ ပြီးခဲ့တဲ့လက ဆုံးဖြတ်ခဲ့ပါတယ်။
“ဒီလိုကန့်သတ်ချုပ်ချယ်မှုတွေဟာ EU ဥပဒေ၊ နိုင်ငံတကာဥပဒေတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်၊ မတော်တရားပြုတဲ့ သတင်းတွေအပေါ် စုံစမ်းစစ်ဆေးဖို့ လိုအပ်ပါတယ်။ ဒုက္ခသည်တွေကို ခွေးတွေလွှတ်ပြီး ကိုက်ခိုင်းတာ၊ ငရုတ်ကောင်း စပရေးတွေဖြန်းတာ၊ ရိုက်တာနှက်တာတွေလည်း ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ဒါတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ဟန်ဂေရီအာဏာပိုင်တွေကို တောင်းဆိုပါတယ်” လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) ရဲ့ ပြောဆိုခွင့်ရှိသူ ၀ီလီယံ စပင်ဒလာက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဆားဘီးယားကနေ ဟန်ဂေရီကို ၀င်ရောက်ဖို့ ကြိုးစားရင် Tisza မြစ်ထဲမှာ ဆီးရီးယားဒုက္ခသည်တစ်ဦး ရေနစ်သေဆုံးမှုနဲ့ ပတ်သက်ပြီး ရာဇ၀တ်မှုနဲ့ ညိစွန်းခြင်း ရှိ၊ မရှိ ဟန်ဂေရီအာဏာပိုင်တွေက ပြီးခဲ့တဲ့လအတွင်းမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
ဟန်ဂေရီဟာ တစ်နေ့ကို ဒက္ခသည် ၃၀ ကိုသာ ဖြတ်ကျော်ဝင်ရောက်ခွင့်ပေးပြီး စပင်ဒလာက အမျိုးသမီးနဲ့ ကလေးငယ်တွေအများစု အပါအ၀င် ဒုက္ခသည် ၁၄၀၀ ကျော်ဟာ ဆားဘီးယာနယ်စပ်တစ်လျှောက်မှာ သောင်တင်နေတယ်လို့ ဆိုပါတယ်။
Ref : IINA
-
အစားအစာပြတ်လပ်မှုကြောင့် ဗင်နီဇွဲလားပြည်သူများ ကိုလံဘီယာသို့ ၀င်ရောက်ဝယ်ယူရ
ဇူလိုင် ၁၈၊ ၂၀၁၆
M-Media– ဗင်နီဇွဲလားနိုင်ငံအတွင်းမှာ အခြေခံစားသောက်ကုန်တွေ၊ ဆေးဝါးတွေ ပြတ်လပ်သွားတာကြောင့် ဗင်နီဇွဲလားပြည်သူတွေဟာ အစားအသောက်တွေ ဆေးဝါးတွေ ၀ယ်ယူဖို့ ကိုလံဘီယာနိုင်ငံအတွင်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
စနေနေ့က ဗင်နီဇွဲလားအာဏာပိုင်တွေ နယ်စပ်ဂိတ်ပေါက်ကို ဖွင့်ပေးတဲ့အချိန်အတွင်း ကိုလံဘီယာနိုင်ငံရဲ့ Norte de Santander ပြည်နယ်က ကူကူတာမြို့ကို ၀င်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ နယ်စပ်ဂိတ်ပေါက်ကို တနင်္ဂနွေနေ့အထိ ဖွင့်ပေးခဲ့ပြီး ဗင်နီဇွဲလားပြည်သူတွေ ဈေးဝယ်မှုကြောင့် ကူကူတာက ဈေးဆိုင်တွေကလည်း လူပြည့်လျှံသွားခဲ့ပါတယ်။
ကိုလံဘီယာနိုင်ငံခြားရေးဝန်ကြီးကတော့ နိုင်ငံအတွင်း ၀င်ရောက်လာတဲ့ ဗင်နီဇွဲလားပြည်သူအရေအတွက်ဟာ ၃၅၀၀၀ ခန့် ရှိပြီး မိမိတို့က စီမံခန့်ခွဲမှုတွေ ပြုလုပ်ပေးခဲ့ကာ ထိန်းသိမ်းနိုင်တဲ့ အနေအထားမှာ ရှိနေကြောင်း၊ အစားသောက်တွေ၊ ဆေးဝါးတွေကိုလည်း လုံလုံလောက်လောက်ပေးနိုင်အောင် ကြိုးစားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ဗင်နီဇွဲလားနိုင်ငံအတွင်း စီးပွားရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးမှုကို လျှော့ချထားကာ၊ အလုပ်ချိန်ကိုလည်း တစ်ပတ်မှာ ၂ ရက်သာ သတ်မှတ်ထားပါတယ်။ နိုင်ငံအတွင်း ပြည်သူတွေဟာ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပြီး ဆေးရုံတွေမှာလည်း ဆေးဝါးတွေ အရေးတကြီး လိုအပ်နေကာ ခွဲစိတ်မှုလုပ်ထားတဲ့ အိပ်ယာတွေကို ဆေးဖို့ ရေတောင် လုံလုံလောက်လောက်မရှိဘူးလို့ ဆိုပါတယ်။
ကုန်ဈေးနှုန်းတွေကလည်း အဆမတန် ထိုးတက်နေပြီး၊ စတိုးဆိုင်တွေက လုယက်မှုတွေ၊ ခိုးယူမှုတွေလည်း အမြဲလိုလို ဖြစ်နေပါတယ်။
ဒီလို အခြေအနေဆိုးကို ကြုံတွေ့ရတာဟာ သမ္မတမာဒူရိုဦးဆောင်တဲ့ အစိုးရအဖွဲ့ကြောင့်ဖြစ်တယ်လို့ ပြည်သူတွေက ပြောဆိုမှုတွေရှိနေပြီး မာဒူရိုကတော့ နိုင်ငံရပ်ခြားက အင်အားကြီးနိုင်ငံတွေကို အပြစ်တင်ခဲ့ပါတယ်။
ကိုလံဘီယာဟာ ပြီးခဲ့တဲ့တစ်ပတ်ကလည်း ဗင်နီဇွဲလားပြည်သူတွေ အစားအစာ ၀ယ်ယူနိုင်အောင်လို့ နယ်စပ်ကို ဖွင့်ပေးခဲ့ပါတယ်။
Ref : Aljazeera
-
အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြမှု တူရကီပြည်သူများ ပြုလုပ်
ဇူလိုင် ၁၈၊ ၂၀၁၆
M-Media– စစ်တပ်အဖွဲ့တစ်ခုမှ မအောင်မြင်သော အာဏာသိမ်းမှုပြီးနောက် သမ္မတ အာဒိုဂန်ဦးဆောင်သည့် တူရကီအစိုးရအား ထောက်ခံသည်ကို ပြသသည့်အနေဖြင့် တူရကီပြည်သူများက မြို့တော်အန်ကာရာနှင့် နိုင်ငံတစ်ဝှမ်း လမ်းပေါ်သို့ထွက်၍ အင်အားပြမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ယမန်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများမှာ နိုင်ငံတော်အလံများကို ဝှေ့ယမ်းကာ အန်ကာရာရှိ ကီဇီလေး ရင်ပြင်နှင့် တက်ဆင်မ် ရင်ပြင်များတွင် စုရုံးခဲ့ကြသည်။ ထိုကဲ့သို့ အစိုးရကို ထောက်ခံကြောင်း ဆန္ဒပြမှုမှာ တူရကီသမ္မတ အာဒိုဂန်က စနေနေ့တွင် ပြည်သူများအား အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသရန် ဆော်သြခဲ့ပြီးနောက် ပေါ်ထွက်လာခြင်းဖြစ်သည်။
ဝန်ကြီးချုပ် ဘီနာလီ ယီလ်ဒီရင်မ်ကမူ ကီဇီလေးရင်ပြင်၌ မိန့်ခွန်းပြောကြားရာတွင် အာဏာသိမ်းမှုကို နှိမ်နင်းနိုင်ခဲ့သည့် တူရကီပြည်သူများကို ကျေးဇူးတင်ကြောင်း၊ ထိုလုပ်ရပ်မှာ ဒီမိုကရေစီကို ကာကွယ်ခြင်းဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။
“နိုင်ငံရေးအမြင်တွေ ဘယ်လိုပဲ ဖြစ်နေပါစေ၊ ပါတီအားလုံးဟာ လက်ချင်းချိတ်ကာ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသလို၊ လူသိရှင်ကြားလည်း ရှုတ်ချခဲ့ပါတယ်။ ဒါက တိုင်းပြည်အတွက်သာ အဓိကကျပြီး ကျန်တာအားလုံး အသေးအဖွဲပဲဆိုတာ ပြသလိုက်တာလည်း ဖြစ်ပါတယ်”
တူရကီရှိ အဓိကနိုင်ငံရေးပါတီကြီး ၄ ခုကလည်း အာဒိုဂန်အစိုးရကို ဖြုတ်ချရန် ထိုဆောင်ရွက်မှုကို ရှုတ်ချကြောင်း လွှတ်တော်အစည်းအဝေးတွင် ပူးပေါင်းကြေငြာချက်ထုတ်ပြန်ခဲ့ပြီး ထိုထုတ်ပြန်မှုမှာ တူရကီနိုင်ငံရေးနယ်ပယ်တွင် တစ်မူထူးခြားသည့် ညီညွတ်မှုမျိုး ဖြစ်ခဲ့သည်
Ref: Aljazeera
-
အမေရိကန်တွင် ပစ်ခတ်မှုတစ်ခုကြောင့် ရဲအရာရှိ ၃ ဦး သေဆုံး
ဇူလိုင် ၁၈၊ ၂၀၁၆
M-Media– အမေရိကန်ပြည်ထောင်စု လူဝီစီးယားနားပြည်နယ်ရှိ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ဘာတန်ရုဂ်ျတွင် လူမည်းတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ယမန်နေ့က ဖြစ်ပွားခဲ့သော ထိုအဖြစ်အပျက်တွင် သနတ်ကိုင်ဆောင်ထားသော လူတစ်ဦးရှိနေသည်ဆိုသည့် ဖုန်းဖြင့်သတင်းပေးမှုကို ရဲတပ်ဖွဲ့က တုန့်ပြန်ဆောင်ရွက်မှုအတွင်း ယခုကဲ့သို့ ပစ်သတ်ခံရခြင်းဖြစ်ပြီး သေနတ်သမားမှာလည်း ထိုအဖြစ်အပျက်အတွင်း သေဆုံးခဲ့သည်။
အမေရိကန်မီဒီယာများကမူ အဆိုပါ သေနတ်သမားမှာ ဂါဗင် လောင်းဆိုသူ လူမည်းတစ်ဦးဖြစ်ကာ မစ်ဇူရီပြည်နယ် ကန်းနက်စ်မြို့မှဖြစ်သည်ဟု ဖော်ပြကြသည်။ သို့သော်လည်း လူမည်းများ ပစ်သတ်ခံရမှုကို အခြေခံကာ မကြာသေးမီက ဖြစ်ပွားခဲ့သော မငြိမ်းသက်မှုများနှင့် ထိုပစ်ခတ်မှု ဆက်စပ်လျက်ရှိလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ရဲတပ်ဖွဲ့ကလည်း ပစ်ခတ်မှု၏ နောက်ကွက်က လှုံ့ဆော်သည့် အကြောင်းအရင်းကို ပြောကြားခြင်း မရှိပေ။
Ref: Aljazeera