News @ M-Media

Author: Ko Lay

  • လတ်တလော အောင်နိုင်မှုများအတွက် အီရတ်စစ်တပ် စစ်ရေးပြအခမ်းအနား ပြုလုပ်

    လတ်တလော အောင်နိုင်မှုများအတွက် အီရတ်စစ်တပ် စစ်ရေးပြအခမ်းအနား ပြုလုပ်

    ဇူလိုင် ၁၅၊ ၂၀၁၆
    M-Media

    iraq

    – မဟာဗျူဟာမြောက် ဖာလူဂျာမြို့လွတ်မြောက်မှုအပါအ၀င် IS အဖွဲ့နဲ့တိုက်ပွဲတွေမှာ အောင်မြင်မှုရရှိတဲ့ အထိမ်းအမှတ်အဖြစ် ဘဂ္ဂဒတ်မှာ အီရတ်စစ်သားတွေဟာ စစ်ရေးပြအခမ်းအနားတစ်ရပ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။

    ယမန်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး F-16 တိုက်လေယာဉ်တွေ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်နဲ့ ရဟတ်ယာဉ်တွေလည်း ပါဝင်ခဲ့ကာ အီရတ် ၀န်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီကိုယ်တိုင် အဲဒီစစ်ရေးပြအခမ်းအနားကို တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။

    ၁၉၅၈ ခုနှစ်မှာ သက်ဦးဆံပိုင်စနစ်ကို ဖြုတ်ချနိုင်ခဲ့တဲ့နှစ်ပတ်လည်နေ့ရဲ့ အထိမ်းအမှတ်ပွဲလည်းဖြစ်တဲ့ အဆိုပါစစ်ရေးပြအခမ်းအနားကို ဘဂ္ဂဒက်မြို့လယ်ကောင်ကို ပိတ်ဆို့ကာ လုံခြုံရေးတင်းတင်းကြပ်ကြပ်နဲ့ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လုံခြုံရေးသတင်းရင်းမြစ်တစ်ခုကတော့ အဲဒီစစ်ရေးပြအခမ်းအနားမှာ ဘဂ္ဂဒတ်စစ်ဌာနချုပ်က စစ်သားတွေ အဓိက ပါဝင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    လွန်ခဲ့တဲ့လက အီရတ်စစ်တပ်ဟာ ရက်အတော်ကြာ ထိုးစစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ IS အကြမ်းဖက်အဖွဲ့က သိမ်းပိုက်ထားတဲ့ ဖာလူဂျာမြို့ကို ပြန်သိမ်းနိုင်ခဲ့ပြီး လက်ရှိ IS ရဲ့ တစ်ခုတည်းသော ထိန်းချုပ်ရာ မူဆိုးလ်မြို့ကို ပြန်လည် သိမ်းပိုက်ရေး ထိုးစစ်ဆင်သွားဖို့ ပြင်ဆင်နေပါတယ်။

    ဒါပေမယ့် ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာတော့ နိုင်ငံတစ်ဝှမ်း အထူးသဖြင့် ဘဂ္ဂဒတ်မြို့မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေပြီး ဇူလိုင် ၃ ရက်နေ့က ကာရာဒါရပ်ကွက်မှာဖြစ်ပွားခဲ့တဲ့ ကားဗုံးခွဲမှုမှာ လူပေါင်း ၃၀၀ နီးပါး သေဆုံးခဲ့ပါတယ်။ ဒါဟာ အမေရိကန်ဦးဆောင်တဲ့ တပ်ဖွဲ့တွေ အီရတ်ကို ကျူးကျော်သိမ်းပိုက်ပြီးနောက်ပိုင်း အသေအပျောက်အများဆုံး ကားဗုံးခွဲမှုလည်း ဖြစ်ပါတယ်။

    Ref : Presstv

  • ပြင်သစ်နိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွား၊ လူ ၈၀ သေဆုံး

    ပြင်သစ်နိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွား၊ လူ ၈၀ သေဆုံး

    ဇူလိုင် ၁၅၊ ၂၀၁၆
    M-Media

    france 2

    – Bastille Day အထိမ်းအမှတ်အဖြစ် ပြင်သစ်နိုင်ငံတောင်ပိုင်း နိုက်စ်မြို့တွင် ပြုလုပ်နေသည့် အခမ်းအနားသို့ လူတစ်ဦးက လော်ရီကားတစ်စီးဖြင့် ၀င်တိုက်မှုကြောင့် အနည်ဆုံး လူ ၈၀ သေဆုံးခဲ့ပြီး ၁၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ယမန်နေ့ည ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Promenade des Anglais မြစ်ကမ်းပါးတွင် မီးပန်းပစ်ဖောက်မှုအား ကြည့်ရှုနေသည့် လူအုပ်ကြီးအတွင်းသို့ လော်ရီကားက အရှိန်ပြင်းစွာ ၀င်တိုက်ခဲ့ခြင်းဖြစ်ကာ ရဲတပ်ဖွဲ့ကမူ ကားမောင်းသမားအား အသေပစ်သတ်ခဲ့သည်။

    ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဘားနဒ် ကာဇီနျူဗီကမူ ထိုတိုက်ခိုက်မှုအတွင်း ကလေးငယ်များအပါအ၀င် လူ ၈၀ သေဆုံးခဲ့ပြီး ၁၈ ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသည်ဟု ဆိုသည်။ တိုက်ခိုက်သူမှာ အသက် ၃၁ နှစ်အရွယ်ရှိ ပြင်သစ်-တူနီးရှန်း အမျိုးသားဖြစ်သည်ဟု လော်ရီကားပေါ်တွင် ကျန်နေသည့် အထောက်အထားများအရ သိရကြောင်း ရဲတပ်ဖွဲ့ရင်းမြစ်တစ်ခုက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    မျက်မြင်သက်သေများကမူ ကားသမားမှာ လူအုပ်ကြီးအတွင်းသို့ ၀င်တိုက်ပြီးနောက် ကားပေါ်မှဆင်းကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

    ပြင်သစ်သမ္မတ အော်လွန်းကမူ ထိုလုပ်ရပ်က အကြမ်းဖက်လုပ်ရပ်ဖြစ်သည်မှာ ထင်ရှားသည်ဟု ယနေ့မနက် ရုပ်မြင်သံကြားမိန့်ခွန်းတွင် ပြောကြားခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာတိုက်ခိုက်မှုပြီးကတည်းက ထုတ်ပြန်ထားခဲ့သည့် အရေးပေါ်အခြေအနေကို ဇူလိုင် ၂၆ ရက်နေ့မှစတင်ကာ နောက်ထပ် ၃ လ ဆက်လက်ထားရှိသွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အမေရိကန်က ယခုနှစ်တွင် ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ လက်ခံသွားမည်

    အမေရိကန်က ယခုနှစ်တွင် ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ လက်ခံသွားမည်

    ဇူလိုင် ၁၄၊ ၂၀၁၆
    M-Media

    kery 2

    – အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မိမိတို့အစိုးရဟာ ကတိပြုထားတဲ့အတိုင်း အခုနှစ်မှာ ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ ကို လက်ခံကြိုဆိုသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

    “ယခုဘဏ္ဍာနှစ်အတွင်း အမေရိကန်မှာ ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ ကို လက်ခံသွားမယ့် သမ္မတအိုဘားမားရဲ့ ရည်မှန်းချက်ပြည့်ဝအောင် ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း ဒီညမှာ ကျွန်တော့်အနေနဲ့ ၀မ်းမြောက်စွာ ကြေငြာလိုပါတယ်” လို့ အင်္ဂါနေ့ညက ၀ါရှင်တန်မှာကျင်းပတဲ့ အီးဒ်နေ့အထိမ်းအမှတ် ညစာစားပွဲမှာ ကယ်ရီက ပြောကြားခဲ့ပါတယ်။

    အခုနှစ်အတွင်းမှာ စက်တင်ဘာလကစလို့ တစ်လကို ဆီးရီးယားဒုက္ခသည် ၁၅၀၀ ၀င်ရောက်ခွင့်ပေးဖို့ စီစဉ်ထားတယ်လို့ အမေရိကန်အစိုးရက ယခင်က ကြေငြာခဲ့ဖူးပါတယ်။ ဧပြီလအထိ အမေရိကန်အစိုးရဟာ ဒုက္ခသည် ၁၃၀၀ လောက်ကို နိုင်ငံအတွင်း နေရာချထားပေးခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာက အိုဘားမား ပထမဆုံးသတ်မှတ်ပေးခဲ့တဲ့ အစီအစဉ်အတိုင်း ရောက်ရှိဖို့ လုပ်ဆောင်စရာတွေ လိုအပ်နေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

    “အမေရိကန်ဟာ အရေးပေါ်အကူအညီပေးရာမှာ အကြီးမားဆုံး ဆောင်ရွက်သူဖြစ်တယ်လို့ ဂုဏ်ယူစွာ ပြောကြားလိုပါတယ်၊ ဒါပေမယ့် လတ်စသတ်ရမယ့် အရာတွေ အများကြီးကျန်နေသေးတာကိုလည်း ကျွန်တော်တို့အားလုံးသိထားကြပါတယ်” လို့ ဂျွန်ကယ်ရီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကတော့ အိုဘားမားအစိုးရအနေနဲ့ ဒုက္ခသည်တွေကို နေရာချတဲ့နေရာမှာ သိပ်နှေးကွေးလွန်းတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်၊ တစ်ဖက်မှာလည်း အတိုက်အခံတွေက နိုင်ငံတော်လုံခြုံရေးကို ထိခိုက်လာမယ့်အကြောင်း သတိပေးပြောဆိုနေကြပါတယ်။

    Ref: Presstv

  • မန်ယူကို ပရီးမီးယားလိဂ်ယူပေးနိုင်ပါက မော်ရင်ဟိုမှာ ပဉ္စလက်ပညာရှင်ဖြစ်မည်ဟု အန်ဒီကိုးလ်ပြော

    မန်ယူကို ပရီးမီးယားလိဂ်ယူပေးနိုင်ပါက မော်ရင်ဟိုမှာ ပဉ္စလက်ပညာရှင်ဖြစ်မည်ဟု အန်ဒီကိုးလ်ပြော

    ဇူလိုင် ၁၄၊ ၂၀၁၆
    M-Media

    mor

    – မန်ယူအား ကိုင်တွယ်သည့် ပထမဆုံးရာသီတွင် ပရီးမီးယားလိဂ်ဖလားရရှိအောင် ဆောင်ရွက်နိုင်ပါက မော်ရင်ဟိုမှာ နာမည်ကျော် ပဉ္စလက်ဆရာ ဒိုင်နမိုကဲ့သို့ မှော်စွမ်းအားရှိသူသာ ဖြစ်မည်ဟု မန်ယူတိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်က ပြောကြားလိုက်သည်။

    မိမိကိုယ်ကို စပါယ်ရှယ်ဝမ်းဟု သတ်မှတ်ထားသည့် မော်ရင်ဟိုမှာ ပေါ်တို၊ အင်တာနှင့် ချယ်ဆီးတို့တွင် ၎င်း၏ ပထမဆုံး ရာသီမှာပင် အမှတ်ပေးဖလားများရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး လက်ရှိတွင် ပြန်လည်တည်ဆောက်ရမည့် မန်ယူအသင်းတွင် အစမ်းသပ်ခံရမည်ဖြစ်သည်။

    သို့သော်လည်း အန်ဒီကိုးလ်ကမူ မော်ရင်ဟိုအပေါ် မျှော်လင့်ချက်များကို ဆန်းစစ်သင့်သည်ဟု ဆိုသည်။

    “မော်ရင်ဟို မန်ယူကိုရောက်လာပြီး ချက်ခြင်းပဲ (ပရီးမီးယားလိဂ်) ဖလားရသွားရင် သူဟာ ဒိုင်နမိုလို ပဉ္စလက်ပညာရှင်ပဲ ဖြစ်တယ်လို့ ကျွန်တော်ယူဆမှာပါ။ ဒီလိုဗိုလ်စွဲခဲ့ရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ မန်ယူနည်းပြဖြစ်ရတာ၊ ပထမဆုံးရာသီမှာ ပရီးမီးယားလိဂ်ဖလားရဖို့ ကြိုးစားရတာတွေဟာ ဘယ်လောက်ခက်ခဲမလဲဆိုတာ သူ စဉ်းစားလို့ကို ရမှာမဟုတ်ပါဘူး” ဟု ကိုးလ်က ပြောကြားခဲ့သည်။

    ထို့ပြင် ယမန်နှစ်က အဆင့် ၅ ဖြင့် ရာသီသိမ်းခဲ့သည့် မန်ယူအနေဖြင့် ချန်ပီယံလိဂ်တွင် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရေးမှ မော်ရင်ဟိုလက်ထက် အရေးပါသည့် မျှော်လင့်ချက်တစ်ခုဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • NGO များကို ပစ်မှတ်ထားသည့် အစ္စရေး၏ အငြင်းပွားစရာဥပဒေကို EU ရှုတ်ချ

    NGO များကို ပစ်မှတ်ထားသည့် အစ္စရေး၏ အငြင်းပွားစရာဥပဒေကို EU ရှုတ်ချ

    ဇူလိုင် ၁၄၊ ၂၀၁၆
    M-Media

    eu funding

    – အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO) တွေအနေနဲ့ နိုင်ငံခြားအလှူငွေတွေ ထုတ်ဖော်ကြေငြာပေးဖို့ အစိုးရက ဖိအားပေးနိုင်တဲ့ အငြင်းပွားဖွယ်ဥပဒေကို အစ္စရေးက အတည်ပြုလိုက်တဲ့အပေါ် ဥရောပသမဂ္ဂ (EU) က ရှုတ်ချလိုက်ပြီး၊ ဒီဥပဒေအသစ်ဟာ ယင်းအဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်မှုတွေကို ပိတ်ပင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

    “ဥပဒေအသစ်က ပြဌာန်းထားတဲ့ အစီရင်ခံရမယ့် လိုအပ်ချက်တွေဟာ ပွင့်လင်းမြင်သာဖို့ လိုအပ်တာထက် ကျော်လွန်နေပါတယ်၊ ဒါကြောင့် ဒါဟာ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို ဖိနှိပ်ချုပ်ချယ်ဖို့ ရည်ရွယ်နေပုံရပါတယ်” လို့ ဥရောပကော်မရှင်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ပွင့်လင်းမြင်သာစေမှုလို့ အမည်တပ်ထားတဲ့ အဲဒီဥပဒေဟာ အထူးသဖြင့် လက်ဝဲယိမ်းအတိုက်အခံတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားတဲ့ NGO တွေကို သက်ရောက်စေမှာဖြစ်ပြီး ပါလက်စတိုင်း ပိုင်နက်တွေမှာ တရားမ၀င်အခြေချနေထိုင်မှုတွေကို ငွေကြေးထောက်ပံ့ပေးနေတဲ့ အစ္စရေးလိုလားတဲ့ လက်ယာယိမ်းအုပ်စုတွေအပေါ်မှာတော့ ဘာမှ အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။ အဲဒီကျူးကျော်နေထိုင်ရေးကို ထောက်ပံ့ပေးတွေတဲ့ NGO အမျိုးအစားတွေဟာ ဂျူးဖောင်းဒေးရှင်းတွေနဲ့ ပြည်ပသူဌေးကြီးတွေဆီကနေ ငွေကြေးအကူအညီတွေ အများအပြား လက်ခံထားတာ ဖြစ်ပါတယ်။

    တနင်္လာနေ့က ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ အစ္စရေးလွှတ်တော်က NGOနဲ့ အတိုက်အခံတွေကို ခက်ခဲအောင် ဖိအားပေးနိုင်မယ့် အဲဒီဥပဒေကို ထောက်ခံမဲ ၄၈ မဲနဲ့ အတည်ပြုလိုက်တာဖြစ်ပြီး၊ ဥပေဒအရ EU ကဲ့သို့ နိုင်ငံခြားအဖွဲ့အစည်းတွေကနေ လက်ခံရရှိတဲ့ ရန်ပုံငွေဟာ စုစုပေါင်းထက် ထက်ဝက်ကျော်မယ်ဆိုရင် ငွေကြေးလက်ခံမှု အသေးစိတ်ရှင်းလင်းချက် ထုတ်ပေးရမှာ ဖြစ်ပါတယ်။

    လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch ကလည်း ယမန်နေ့မှာ ဒီဥပဒေကို ရှုတ်ချတဲ့ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အစ္စရေးအစိုးရရဲ့ ပေါ်လစီနဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ တရားမ၀င်အခြေချနေထိုင်မှုလုပ်ငန်းတွေကို ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေအပေါ်မှာ သက်ရောက်မှုမရှိတဲ့ ဥပဒေမျိုးဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

    လေ့လာဆန်းဆန်းစစ်သူတွေက အစ္စရေးရဲ့ ဒီဥပဒေ ပြဌာန်းမှုဟာ အာရပ်အသိုင်းအ၀ိုင်း တန်းတူညီမျှဖြစ်ရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို နှိမ်နင်းချင်တဲ့ ရည်ရွယ်ချက်ဖြစ်ပြီး၊ အစိုးရအတိုက်အခံအဖွဲ့အကြီးအကဲ အိုက်ဇက် ဟာဇော့ဂ်ကတော့ ဒီဥပဒေဟာ အစ္စရေးမှာ ဖက်စစ်ဝဒါ အဖူးအငုံ ပွင့်အာလာတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Presstv