ဇူလိုင် ၁၅၊ ၂၀၁၆
M-Media
– မဟာဗျူဟာမြောက် ဖာလူဂျာမြို့လွတ်မြောက်မှုအပါအ၀င် IS အဖွဲ့နဲ့တိုက်ပွဲတွေမှာ အောင်မြင်မှုရရှိတဲ့ အထိမ်းအမှတ်အဖြစ် ဘဂ္ဂဒတ်မှာ အီရတ်စစ်သားတွေဟာ စစ်ရေးပြအခမ်းအနားတစ်ရပ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ယမန်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး F-16 တိုက်လေယာဉ်တွေ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်နဲ့ ရဟတ်ယာဉ်တွေလည်း ပါဝင်ခဲ့ကာ အီရတ် ၀န်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီကိုယ်တိုင် အဲဒီစစ်ရေးပြအခမ်းအနားကို တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။
၁၉၅၈ ခုနှစ်မှာ သက်ဦးဆံပိုင်စနစ်ကို ဖြုတ်ချနိုင်ခဲ့တဲ့နှစ်ပတ်လည်နေ့ရဲ့ အထိမ်းအမှတ်ပွဲလည်းဖြစ်တဲ့ အဆိုပါစစ်ရေးပြအခမ်းအနားကို ဘဂ္ဂဒက်မြို့လယ်ကောင်ကို ပိတ်ဆို့ကာ လုံခြုံရေးတင်းတင်းကြပ်ကြပ်နဲ့ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လုံခြုံရေးသတင်းရင်းမြစ်တစ်ခုကတော့ အဲဒီစစ်ရေးပြအခမ်းအနားမှာ ဘဂ္ဂဒတ်စစ်ဌာနချုပ်က စစ်သားတွေ အဓိက ပါဝင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့လက အီရတ်စစ်တပ်ဟာ ရက်အတော်ကြာ ထိုးစစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ IS အကြမ်းဖက်အဖွဲ့က သိမ်းပိုက်ထားတဲ့ ဖာလူဂျာမြို့ကို ပြန်သိမ်းနိုင်ခဲ့ပြီး လက်ရှိ IS ရဲ့ တစ်ခုတည်းသော ထိန်းချုပ်ရာ မူဆိုးလ်မြို့ကို ပြန်လည် သိမ်းပိုက်ရေး ထိုးစစ်ဆင်သွားဖို့ ပြင်ဆင်နေပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာတော့ နိုင်ငံတစ်ဝှမ်း အထူးသဖြင့် ဘဂ္ဂဒတ်မြို့မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေပြီး ဇူလိုင် ၃ ရက်နေ့က ကာရာဒါရပ်ကွက်မှာဖြစ်ပွားခဲ့တဲ့ ကားဗုံးခွဲမှုမှာ လူပေါင်း ၃၀၀ နီးပါး သေဆုံးခဲ့ပါတယ်။ ဒါဟာ အမေရိကန်ဦးဆောင်တဲ့ တပ်ဖွဲ့တွေ အီရတ်ကို ကျူးကျော်သိမ်းပိုက်ပြီးနောက်ပိုင်း အသေအပျောက်အများဆုံး ကားဗုံးခွဲမှုလည်း ဖြစ်ပါတယ်။
Ref : Presstv


Leave a Reply
You must be logged in to post a comment.