News @ M-Media

Author: Ko Lay

  • အ၀လွန်သူများတွင် နှလုံးနှင့် ဆီးချိုရောဂါအန္တရာယ် ပိုများ

    အ၀လွန်သူများတွင် နှလုံးနှင့် ဆီးချိုရောဂါအန္တရာယ် ပိုများ

    ဇူလိုင် ၁၅၊ ၂၀၁၆
    M-Media

    blood

    – အ၀လွန်တဲ့သူတွေမှာ သွေးအတွင်း သကြားဓာတ်ထိန်းချုပ်မှုဟာ ဆိုးဝါးလာလေ့ရှိတာကြောင့် ဆီးချိုနဲ့ နှလုံးရောဂါ ဖြစ်ပွားမှုနှုန်းကို တိုးလာစေတယ်လို့ အမေရိကန်ပြည်ထောင်စုမှာပြုလုပ်တဲ့ သုတေသနတစ်ခုမှာ တွေ့ခဲ့ရပါတယ်။

    တက္ကဆက်တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး အမေရိကန်မှာ အ၀လွန်သူတွေအကြား သွေးဖိအားနဲ့ ကိုလက်စထရောအဆင့်တွေဟာ အများအားဖြင့် တည်ငြိမ်နေလေ့ရှိပြီး သွေးတွင်းသကြားဓာတ်ထိန်းချုပ်မှု ဆိုးရွားမှုကြောင့် ၁၉၈၈ နဲ့ ၂၀၁၄ ကြားမှာ နှလုံးရောဂါဖြစ်ပွားမှုနှုန်း ၃၇ ရာခိုင်နှုန်း မြင့်တက်လာကို တွေ့ခဲ့ရပါတယ်။

    “နှလုံးရောဂါလက္ခဏာတွေရှိတဲ့ အ၀လွန်သူတွေဟာ ပိုပြီး တင်းကျပ်တဲ့ နေထိုင်စားသောက်မှုတွေ လိုအပ်ပါတယ်၊ ဥပမာ ခန္ဓာကိုယ်အလေးချိန်ကျဆင်းစေဖို့နဲ့ သွေးတွင်းသကြားဓာတ်ကိုထိန်းချုပ်ဖို့ ကျန်းမာတဲ့အစာအာဟာရနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေပါ” လို့ တက္ကဆက်တက္ကသိုလ်က လက်ထောက်ပါမောက္ခ ဒေါက်တာ ဖန်ဂျီယန် ဂူအိုက ပြောကြားခဲ့ပါတယ်။

    အ၀လွန်ခြင်းကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့ ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။ အချိန်ကြာလာတဲ့အခါ သွေးတွင်းသကြားဓာတ်တွေ စုပုံလာပြီး အမျိုအစား ၂ ဆီးချိုကို ဖြစ်စေနိုင်တယ်လို့ သုတေသီများက ဆိုပါတယ်။

    ဆီးချိုကနေ တစ်ဖန် နှလုံးရောဂါနဲ့ အမြင်အာရုံဆုံးရှုံးခြင်း၊ ခြေလက်ဖြတ်တောက်ရခြင်းအထိ ဖြစ်စေနိုင်ပြီး၊ ကိုယ်အလေးချိန်ထိန်းချုပ်ခြင်းအားဖြင့် ဒီဖြစ်စဉ်တွေကို ပြောင်းပြန်ဖြစ်စေနိုင်တယ်လို့ လေ့လာမှုမှာ တွေ့ရှိခဲ့ရပါတယ်။

    Ref : IINA

  • ဘာကာ၏ မက်ဆီပရိုမိုးရှင်းကို စပိန်တရားရေးဝန်ကြီး ဝေဖန်

    ဘာကာ၏ မက်ဆီပရိုမိုးရှင်းကို စပိန်တရားရေးဝန်ကြီး ဝေဖန်

    ဇူလိုင် ၁၅၊ ၂၀၁၆
    M-Media

    messi 3

    – အခွန်ရှောင်မှုကြောင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် တိုက်စစ်မှူး မက်ဆီအတွက် ဘာစီလိုနာအသင်းက ပြုလုပ်နေသည့် ဆိုရှယ်မီဒီယာ လှုပ်ရှားမှုကို စပိန် တရားရေးဝန်ကြီး ရာဖေးလ် ကာတာလာက ဝေဖန်ပြောကြားလိုက်သည်။

    မက်ဆီမှာ အခွန်ရှောင်မှုကြောင့် ဆိုင်းငံ့ထောင်ဒဏ် ၂၁ လနှင့် ဒဏ်ငွေ ယူရို သန်းချီ ချမှတ်ခံထားရပြီး ဝေဖန်မှုများ ခံနေရချိန်တွင် ဘာစီလိုနာအသင်းက #WeAreAllLionelMessi ဟူသည့် ခေါင်းစဉ်ဖြင့် မက်ဆီအား ထောက်ခံရေး ဆိုရှယ်မီဒီယာလှုပ်ရှားမှုကို ပြုလုပ်ခြင်းဖြစ်သည်။

    ထိုလှုပ်ရှားမှုအတွက် ဘာစီလိုနာအသင်းမှာ ဝေဖန်ခံနေရပြီး စပိန်တရားရေးဝန်ကြီးကလည်း ထိုအထဲတွင် ပါဝင်လာကာ အသင်းအနေဖြင့် ကစားသမားတစ်ဦးအား စာနာဖေးမရမည် ဖြစ်သော်လည်း ဘာကာ၏ လုပ်ရပ်မှာ တရားရုံးက သတ်မှတ်ထားသည့် မက်ဆီ၏ ဥပဒေချိုးဖောက်မှုကို မှေးမှိန်အောင် ပြုလုပ်နေသကဲ့သို့ဖြစ်သည်ဟု ဆိုသည်။

    “ကျွန်တော်က မက်ဆီလည်းမဟုတ်ပါဘူး။ အခွန်လည်းမရှောင်ခဲ့ပါဘူး။ ဒါ့ကြောင့် ဘယ်သူ့အတွက် ဘာမှ မခံစားပေးပါဘူး။ ဘာစီလိုနာရဲ့လုပ်ရပ်ကို ကာ့တ်လန်နယ်သားတွေ၊ ဘာစီလိုနာပရိတ်သတ်တော်တော်များများကလည်း နှစ်သက်ကြမယ်လို့ ကျွန်တော် မထင်ပါဘူး” ဟု ကာတာလာက ပြောကြားခဲ့သည်။

    Ref: Goal

  • ဟန်ဂေရီက ဒုက္ခသည်များအပေါ် ဆက်ဆံမှု HRW ရှုတ်ချ

    ဟန်ဂေရီက ဒုက္ခသည်များအပေါ် ဆက်ဆံမှု HRW ရှုတ်ချ

    ဇူလိုင် ၁၅၊ ၂၀၁၆
    M-Media

    – ဟန်ဂေရီမှာ ရွှေ့ပြောင်းဒုက္ခသည်တွေကို ကြမ်းကြုတ်ရက်စက်စွာ ဆက်ဆံခဲ့တဲ့အပေါ် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ဝေဖန်ရှုတ်ချလိုက်ပြီး ဒုက္ခသည်တွေကို ဆားဘီးယားသို့ အတင်းအကြပ်ပြန်လည်မောင်းမထုတ်ခင် ရဲနဲ့စစ်သားတွေက ရိုတ်နှက်ခဲ့ကြတယ်လို့လည်း ပြောကြားလိုက်ပါတယ်။

    “ဟန်ဂေရီနယ်စပ်က ရွှေ့ပြောင်းဒုက္ခသည်တွေဟာ ဆားဘီးယားကို အတင်းအကြပ် ပြန်ပို့ခံခဲ့ရပြီး၊ တစ်ချို့ကိစ္စတွေမှာဆိုရင် သူတို့ကို ကာကွယ်ပေးဖို့ တောင်းဆိုတာကို စဉ်းစားမပေးဘဲ ရက်ရက်စက်စက် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာမျိုးတွေ ရှိခဲ့ပါတယ်” လို့ Human Rights Watch က သူ့ရဲ့ ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    နယူးယောက်အခြေစိုက် အဲဒီအဖွဲ့ရဲ့ အသစ်ထုတ်ပြန်လိုက်တဲ့ အစီအရင်ခံမှာ ဧပြီနဲ့မေလအတွင်း ရွှေ့ပြောင်းဒုက္ခသည် ၁၂ ယောက်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးလည်း ပါဝင်ခဲ့ပြီး၊ အာဏာပိုင်တွေနဲ့ ကင်းလှည့်စစ်သားတွေဟာ သူတို့ကို ပြန်မောင်းမထုတ်ခင် ရက်ရက်စက်စက် ရိုက်နှက်ပြီး မတရားလုပ်ခဲ့တယ်လို့ ဖြေကြားထားပါတယ်။

    HRW သုတေသီတစ်ဦးဖြစ်သူ လီဒီယာ ဂေါလ်က ဟန်ဂေရီဟာ စည်းမျဉ်းအားလုံးကို ချိုးဖောက်နေပြီး ဆားဘီးယားက ဖြတ်လာတဲ့ ဒုက္ခသည်သည်တွေရဲ့ ခိုလှုံခွင့်တောင်းမှုကို မျက်နှာလွှဲခဲပစ်လုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဟန်ဂေရီပြည်ထဲရေးဝန်ကြီးဌာနကတော့ အခုနှစ်အတွင်းမှာ ဒီလိုတိုင်ကြားမှုပေါင်း ၈ ခုသာ ရှိသေးပြီး၊ စုံစမ်းစစ်ဆေးသူတွေက ဒီကိစ္စတွေဟာ အထောက်အထားမခိုင်မာဘူးလို့ ဆုံးဖြတ်ခဲ့ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ နောက်ပြီး HRW အနေနဲ့ အခြေအနေအချိန်အခါကို နားမလည်ဘဲ ခိုလှုံသူတွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေကို တလွဲ အဓိပ္ပါယ်ကောက်နေတယ်လို့လည်း အဲဒီကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Ref : IINA

  • အမေရိကန်အစိုးရအနေဖြင့် မိုက်ခရိုဆော့ဖ်ဆာဗာများကို ၀င်မကြည့်ရန် တရားရုံး ဆုံးဖြတ်

    အမေရိကန်အစိုးရအနေဖြင့် မိုက်ခရိုဆော့ဖ်ဆာဗာများကို ၀င်မကြည့်ရန် တရားရုံး ဆုံးဖြတ်

    ဇူလိုင် ၁၅၊ ၂၀၁၆
    M-Media

    micro

    – ကမ္ဘာကျော် ကွန်ပျူတာဆော့ဖ်ဝဲ ကုမ္ပဏီတစ်ခုဖြစ်သည့် မိုက်ခရိုဆော့ဖ်၏ အမေရိကန်ပြင်ပ အခြားနိုင်ငံများရှိ ဆာဗာများသို့ ၀င်ရောက်အသုံးပြုခွင့်ရရန် အမေရိကန်အစိုးရအနေဖြင့် ဖိအားပေး တောင်းဆိုခွင့်မရှိဟု အမေရိကန်တရားရုံးက အမိန့်ချမှတ်လိုက်သည်။

    အမေရိကန် တရားရေးဝန်ကြီးဌာနမှာ မူးယစ်ဆေးဝါးကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် အိုင်ယာလန်ရှိ မိုက်ခရိုဆော့ဖ်ဆာဗာကို ၀င်ရောက်စစ်ဆေးခွင့်ရရန် တောင်းဆိုရာမှ အမှုဖြစ်ခဲ့ပြီး ထိုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

    ၂၀၁၄ ခုနှစ်က ထိုအမှုနှင့်ပတ်သက်၍ မက်ဟန်တန်ရှိ တရားရုံးတစ်ခုက တရားရေးဝန်ကြီးဌာနကို အနိုင်ပေးခဲ့သော်လည်း အယူခံဝင်ခဲ့ပြီးနောက် အယူခံခုံရုံးက ယခုကဲ့သို့ မိုက်ခရိုဆော့ဖ်ကို အနိုင်ပေးခဲ့ခြင်းဖြစ်သည်။

    cloud စနစ်သုံး ကွန်ပျူတာဝန်ဆောင်မှုများအား ကာကွယ်နိုင်ရေး ရှေ့ပြေးဖြစ်သည့် ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်၍ စိတ်ပျက်မိသည်ဟု အမေရိကန်တရားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အစိုးရဘက်မှ ထိုဆုံးဖြတ်မှုအတွက် အယူခံဝင်လိုပါက ပြဿနာမှာ တရားရုံးချုပ်အထိ ရောက်ရှိမည်ဖြစ်သည်။

    မိုက်ခရိုဆော့ဖ်ကမူ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့သည်။

    “အမေရိကန်အစိုးရအနေနဲ့ အခြားတိုင်းပြည်တွေမှာ သူ့သဘောနဲ့သူ ရှာဖွေဝရမ်းတွေ သုံးလို့မရတော့ဘူးဆိုတာ၊ တိုင်းတပါးသားတွေနဲ့ သက်ဆိုင်တဲ့ အီးမေးလ်တွေကို ရယူလို့မရတော့ဘူးဆိုတာ ဒါက ရှင်းရှင်းလင်း ဖြစ်သွားစေပါတယ်။ ပြီးတော့ အချက်အလက်တွေကို cloud မှာ သိမ်းဆည်းထားတဲ့ နည်းပညာမျိုးဟာ တကယ့်ကို လုံခြုံစိတ်ချရတယ်ဆိုတာကိုလည်း ဒီဆုံးဖြတ်ချက်က ပြောပြလိုက်တာပါပဲ” ဟု မိုက်ခရိုဆော့ဖ်၏ ဥက္ကဌဖြစ်ပြီး ဥပဒေရေးရာ တာဝန်ရှိသူလည်းဖြစ်သူ ဘရဒ် စမစ်က ပြောကြားခဲ့သည်။

    ထို့ပြင် ထိုအမှုတွင် မိမိတို့အား ကူညီခဲ့သော Amazon၊ Apple နှင့် Cisco တို့ကဲ့သို့ ကုမ္ပဏီများကိုလည်း ကျေးဇူးတင်သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    Ref: BBC

  • တိုက်စစ်မှူးမဟ်ရက်ဇ် ဆက်ရှိမည်ဟု လက်စတာနည်းပြ ပြော

    တိုက်စစ်မှူးမဟ်ရက်ဇ် ဆက်ရှိမည်ဟု လက်စတာနည်းပြ ပြော

    ဇူလိုင် ၁၅၊ ၂၀၁၆
    M-Media

    leis

    – ပြီးခဲ့သည့်နှစ် ခြေစွမ်းကြောင့် အသင်းကြီးများက ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း တိုက်စစ်မှူး ရီယဒ် မဟ်ရက်ဇ်မှာ အသင်း၌ပင် ဆက်လက်ရှိနေမည်ဟု ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာစီးတီးနည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။

    မဟ်ရက်ဇ်၊ ဗာဒီနှင့် အန်ဂိုလို ကန်တီတို့ အပါအ၀င် လက်စတာအသင်း၏ အံ့ဖွယ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည့် ကစားသမားများကို ဥရောပ ထိပ်တန်းအသင်းကြီးများက ခေါ်ယူရန် ကြိုးစားနေကြသည်။

    သို့သော်လည်း အသက် ၂၅ နှစ်အရွယ် မဟ်ရက်ဇ်မှာ အသင်း၌ ဆက်ရှိမည်ဟု ရာနီယေးရီက ဆိုသည်။

    “သူ့အပေါ်မှာ ကျွန်တော် ယုံကြည်မှုအပြည့် ရှိပါတယ်။ သူ ဆက်နေမှာပါ။ သူ ကျွန်တော်တို့နဲ့အတူ ဆက်ရှိချင်နေပါတယ်။ သူ ပျော်လည်း ပျော်နေပါတယ်။ ‘ကျွန်တော် အသင်းက ထွက်ချင်တယ်’ လို့ပြောမယ့် လူစားမျိုး မဟုတ်ပါဘူး။ သူ ဒီမှာ ပျော်နေပါတယ်” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။

    မဟ်ရက်ဇ်မှာ လက်စတာနှင့် ၂၀၁၉ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး၊ ဗာဒီမှာလည်း အသင်းတွင် ဆက်ရှိနေမည့် အလားအလာ ရှိနေသည်။ သို့သော်လည်း ကန်တီ၏ အနာဂတ်မှာမူ မသေချာတော့ပေ။

    Ref: Goal