News @ M-Media

Author: Ko Lay

  • မိမိ၏ ဖရီးကစ်ကန်မှုအတွက် ရော်နယ်ဒိုထံမှ အကြံဉာဏ်မလိုဟု ဘေးလ်ပြော

    မိမိ၏ ဖရီးကစ်ကန်မှုအတွက် ရော်နယ်ဒိုထံမှ အကြံဉာဏ်မလိုဟု ဘေးလ်ပြော

    ဇွန် ၂၀၊ ၂၀၁၆
    M-Media

    bale

    – မိမိ၏ ဖရီးကစ်ကန်သွင်းမှုများတွင် ရီးယဲလ်အသင်းဖော် ခရစ္စတီယာနိုရော်နယ်ဒို၏ အကြံကို ယူစရာမလိုဘဲ မိမိတို့တွင် မတူညီသော ဖရီးကစ်ကန်သွင်းချက်စတိုင်များ ရှိသည်ဟု ဝေးလ်တိုက်စစ်မှူး ဂါရက်ဘေးလ်က ပြောကြားလိုက်သည်။

    ဘေးလ်မှာ ယူရို ၂၀၁၆ အုပ်စုပွဲစဉ် ၂ ခုတွင် ဖရီးကစ်မှတစ်ဆင့် ၂ ဂိုး သွင်းယူပေးထားပြီး ယူရိုပြိုင်ပွဲတွင် ပထမဆုံး ဖရီးကစ် ၃ လုံး ကန်သွင်းနိုင်သည့် ကစားသမား ဖြစ်လာနိုင်ချေ ရှိနေသည်။ ၎င်း၏ ဖရီးကစ်ကန်သွင်းမှုအတွက် ဖရီးကစ်စတား ရော်နယ်ဒိုထံမှ အကြံအဉာဏ်ယူခဲ့သလားဟု မေးမြန်းရာတွင် ဘေးလ်က

    “နိုး၊ လုံးဝမဟုတ်ပါဘူး။ ကျွန်တော့်နည်းကျွန်တော့်ဟန်နဲ့ ကန်တာပါ။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဟန်ကိုပဲ ကျွန်တော် ကြိုက်ပါတယ်။ လေ့ကျင့်ကွင်းမှာတော့ ကျွန်တော်တို့ အတူတူလေ့ကျင့်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဘက်မတူပါဘူး။ ကျွန်တော်က ဘောလုံးဘယ်နားမှာရှိလဲ၊ ဘယ်လောက်ကပ်နေလဲဆိုတဲ့အပေါ် မူတည်ပြီး ကန်ချက်ကို နည်းနည်းပါးပါး ပြောင်းလဲပါတယ်။ ဖရီးကစ်ကန်တယ်ဆိုတာ ဘောလုံးရှေ့ရပ်ပြီး ၀င်သွားစမ်းပါကွာလို့ ပြောတာမျိုး မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ကြိုးစားမှုတွေအရာထင်တာ၊ အခုလက်ရှိ ဖရီးကစ် ၂ လုံး ၀င်ထားတာကို တွေ့ရတာ ကျေနပ်စရာပါပဲ” ဟု ဘေးလ်က ပြောကြားခဲ့သည်။

    ဝေးလ်မှာ ယူရို ၂၀၁၆ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ရုရှားနှင့် ကစားရမည်ဖြစ်ပြီး သရေတစ်မှတ်ရရုံဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။

    Ref: Goal

  • ဥရောပတွင် ဟာလာအစားအသောက် ရှာဖွေနိုင်သည့် ဖုန်းဆော့ဖ်ဝဲတစ်ခုကို ဆော်ဒီကျောင်းသားများ တီထွင်

    ဥရောပတွင် ဟာလာအစားအသောက် ရှာဖွေနိုင်သည့် ဖုန်းဆော့ဖ်ဝဲတစ်ခုကို ဆော်ဒီကျောင်းသားများ တီထွင်

    ဇွန် ၂၀၊ ၂၀၁၆
    M-Media

    Halal

    – ရမ်ဇာန်ဥပုသ်လအတွင်းမှာ ဥရောပတစ်ဝှမ်း ဟာလာအစားသောက်တွေနဲ့ အနီးအနားက ဗလီဝတ်ကျောင်းတော်တွေကို ရှာဖွေနိုင်မယ့် ဖုန်းဆော့ဝဲဖ်တစ်ခုကို ဆော်ဒီကျောင်းသားတစ်စုက ဖန်တီးခဲ့တယ်လို့ သိရပါတယ်။

    ဆော့ဖ်ဝဲဖန်တီးသူ ကျောင်းသားတွေကတော့ ဒီဆော့ဖ်ဝဲမှာ ဥရောပနိုင်ငံတစ်ဝှမ်း စားသုံးနေကြတဲ့ အသားတွေရဲ့ ရင်းမြစ်တွေ၊ ဘယ်စားသောက်ဆိုင်က ဟာလာအစားအသောက်ကို ၀န်ဆောင်မှုပေးတယ်ဆိုတာ မသိရှိသူတွေအတွက် လိုအပ်နေတဲ့ အချက်အလက်တွေကို ဖော်ပြထားထဲ့ ပြည့်စုံတဲ့ မြေပုံတစ်ခု ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီဆော့ဖ်ဝဲကို အသုံးပြုသူတွေအနေနဲ့ ဥရောပတစ်ဝှမ်းက နီးစပ်ရာ ဗလီဝတ်ကျောင်းတော်တွေ၊ ဟာလာဟင်းလျာ ၀န်ဆောင်မှုပေးတဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေကို ရှာဖွေကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

    ဗြိတိန်က မွတ်စလင်ကျောင်းသားများကလပ်ကလည်း ရမ်ဇာန်ဥပုသ်လအတွင်းမှာ ကျန်းမာစွာ စားသောက်နေထိုင်ရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကို ပြုလုပ်ပေးနေပါတယ်။

    Ref : IINA

  • ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ် စတင်

    ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ် စတင်

    ဇွန် ၂၀၊ ၂၀၁၆
    M-Media

    special

    – မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ယန်ဟီး လီမှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲပြီးနောက်ပိုင်း ၎င်း၏ ပထမဆုံး ၁၂ ရက်ကြာ ခရီးစဉ်ကို ယနေ့တွင် စတင်ခဲ့သည်ဟု သိရသည်။

    အဆိုပါ ခရီးစဉ်မှာ သူမ၏ မြန်မာနိုင်ငံသို့ ၄ ကြိမ်မြောက် ကွင်းဆင်းကြည့်ရှုသည့် ခရီးစဉ်းလည်းဖြစ်သည်။

    “ဒီမိုကရေစီ အသွင်းကူးပြောင်းရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေး စတဲ့ကိစ္စတွေမှာ ရှေ့ဆက်သွားဖို့ အရေးပါတဲ့ အဆင့်တွေကို ဆောင်ရွက်ပြီးပါပြီ။ ဒီကိစ္စတွေကို လက်ခံပေးပြီး လူ့အခွင့်အရေးအခြေနေတွေအတွက် ခြွင်းချက်မရှိဘဲ၊ ဓမ္မဓိဌာန်ကျတဲ့ သုံးသပ်မှုမျိုး ဆောင်ရွက်သွားဖို့ ကျွန်မ ရည်ရွယ်ထားပါတယ်” ဟု လီက မြန်မာနိုင်ငံသို့ လာရောက်မည့် ၎င်း၏ ခရီးစဉ်နှင့်ပတ်သက်၍ ထုတ်ပြန်သော ကြေငြာချက်တွင် ပြောကြားခဲ့သည်။

    မတ်လက ပြုလုပ်ခဲ့သော လူ့အခွင့်အရေးကောင်စီ၏ ၃၁ ကြိမ်မြောက်အစည်းအဝေးသို့ ပေးပို့သော အစီရင်ခံစာတွင် ယန်ဟီး လီမှာ အစိုးရအသစ်နေဖြင့် ရက် ၁၀၀ စီမံကိန်းအတွင်း ဆောင်ရွက်ရမည့် အကြံပြုချက်အများအပြားကို ဖော်ပြခဲ့သည်။

    အဆိုပါ အကြံပြုချက်များမှ ဦးစားပေးကိစ္စများတွင် လက်ကျန် နိုင်ငံရေးအကျဉ်းသားများအား ချက်ခြင်းလွှတ်ပေးရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် စသည့် အခြေခံဝန်ဆောင်မှုများအား ကန့်သတ်ထားမှုကို ဖြေရှင်းကာ ရခိုင်ပြည်နယ်ရှိ မွတ်စလင်များ၏ အခြေအနေကို တိုးတက်အောင် ပြုလုပ်ပေးရေးတို့ ပါဝင်သည်။

    ထို့ပြင် လူမျိုးရေးတင်းမာမှုများ ထပ်မံမဖြစ်ပွားရေးအတွက် ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်း ၂ ခု ပြန်လည်ပေါင်းစည်းရေး ဆောင်ရွက်ရန်လည်း တိုက်တွန်းထားသည်။

    ရခိုင်ပြည်နယ်ရှိ မွတ်စလင်လူနည်းစုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ပွင့်ပွင်းလင်းလင်း ပြောကြားမှုကြောင့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီး လီမှာ အမျိုးသားရေးအဖွဲ့များ၏ ပုဂ္ဂိုရေးအရ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ယခင် ဦးသိန်းစိန်အစိုးရကလည်း ၎င်းအား ခန့်အပ်ထားခြင်းမှာ မြန်မာနိုင်ငံအတွက် မလိုအပ်ဘဲ ထိုရာထူးအား ဖျက်သိမ်းပေးရန်အတွက် ၀ါဒဖြန့်မှုများ ပြုလုပ်ခဲ့သည်။

    ပြီးခဲ့သည့်နှစ် သြဂုတ်လက ယန်ဟီး လီလာရောက်မှုတွင် အစိုးရက ကြားဝင်စွက်ဖက်မှုများရှိပြီး၊ ရခိုင်ပြည်နယ်သို့ သွားရောက်မှုအား ပိတ်ပတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ယခုလာရောက်မှုတွင် ရခိုင်ပြည်နယ်သို့ သွာရောက်မည်လားဆိုသည်ကို မသိရှိရသေးပေ။

    Ref: mmtimes

  • ADB က မြန်မာနိုင်ငံအား ဒေါ်လာ ၁.၇၅ ဘီလီယံ ထုတ်ချေးမည်

    ADB က မြန်မာနိုင်ငံအား ဒေါ်လာ ၁.၇၅ ဘီလီယံ ထုတ်ချေးမည်

    ဇွန် ၂၀၊ ၂၀၁၆
    M-Media

    adb

    – နိုင်ငံအတွင်း အခြေခံအဆောက်အဦးများနှင့် ပညာရေးကဏ္ဍ တိုးတက်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ၂၀၁၇ ခုနှစ်မှစ၍ ၅ နှစ်အတွင်း အတိုးနည်းနှစ်ရှည်ချေငွေ ကန်ဒေါ်လာ ၁.၇၅ ဘီလီယံကို အာရှဖွံ့ဖြိုးရေးဘဏ် ADB က မြန်မာနိုင်ငံအား ထုတ်ချေးသွားမည်ဟု သိရသည်။

    ADB ဥက္ကဌ တာကီရှီကို နာကာအိုက ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၌ သတင်းများထောက်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံအပေါ် နှစ်စဉ်ချေးငွေကို ကန်ဒေါ်လာ သန်း ၁၅၀ မှ သန်း ၃၅၀ အထိ တိုးမြှင့်သွားမည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါချေးငွေများအား အစိုးရ၏ ဦးစားပေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ပြီး ၅ နှစ်စီးပွားရေးစီမံကိန်းအတွက်လည်း မျှဝေ သုံးစွဲသွားရမည်ဖြစ်သည်။

    “အခြေခံအဆောက်အဦးတွေ တည်ဆောက်မှု အထူးသဖြင့် စွမ်းအင်နဲ့ လမ်းပမ်းဆက်သွယ်ရေးရဲ့ အရေးကြီးမှုကို သူမက အလေးထားပြောကြားခဲ့ပါတယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် နာကာအိုက ပြောကြားခဲ့သည်။

    ADB ၏ ထိုချေးငွေကို ပညာရေးဝန်ထမ်းများအတွက်လည်းကောင်း၊ လူငယ်များနှင့် အလုပ်လုပ်နိုင်သည့်အရွယ်ရှိသူများအတွက် အလုပ်အကိုင်ဖန်တီးပေးရာတွင်လည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း သုံးစွဲသွားရမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    “ကျွန်တော်တို့ဟာ စီးပွားရေး ဖွံ့ဖြိုးဖို့အတွက်သာမကဘဲ ပြည်သူတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးဖို့အတွက် ကျေးရွာတွေနဲ့ နေအိမ်တိုင်းကို စွမ်းအပ်ပေးနိုင်ဖို့ လျှပ်စစ်ဓာတ်အားလိုင်းကွန်ယက်တွေ တည်ဆောက်ရေးရဲ့ အရေးကြီးပုံကိုလည်း အပြန်အလှန်ဆွးနွေးခဲ့ကြပါတယ်” ဟု နာကာအိုက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Bangkokpost

  • ပေါ့ဘာအားခေါ်ယူရန် ရီးယဲလ် ဆွေးနွေးနေ

    ပေါ့ဘာအားခေါ်ယူရန် ရီးယဲလ် ဆွေးနွေးနေ

    ဇွန် ၂၀၊ ၂၀၁၆
    M-Media

    pogba

    – ဂျူဗင်တပ်စ်အသင်းတွင် ခြေစွမ်းပြနေသည့် ပြင်သစ်တိုက်စစ်မှူး ပေါ့ဘာအား ခေါ်ယူရန်အတွက် ရီးယဲလ်မက်ဒရစ်အသင်းမှာ ဆွေးနွေးမှုများကို စတင်ပြုလုပ်နေပြီဟု ၎င်း၏ အေးဂျင့်ဖြစ်သူ မီနို ရိုင်အိုလာက အတည်ပြု ပြောကြားလိုက်သည်။

    အသက် ၂၃ နှစ်အရွယ်ရှိ ပေါ့ဘာကို ဘာစီလိုနာ၊ ချယ်ဆီးနှင့် မန်စီးတီးတို့ကလည်း စိတ်ဝင်စားနေပြီး ရိုင်အိုလာကမူ ပေါ့ဘာာမှာ ဇီဒိန်းအား လေးစားအားကျမှုရှိနေပြီး ရီးယဲလ်သို့ ပြောင်းရွှေ့ပါက အရေးပါသည့်နေရာမှ ကစားရမည်ဟု ခံစားနေရကြောင်း ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ဟာ ပထမအဆင့် ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ ပေါလ်(ပေါ့ဘာ) က ရီးယဲလ်နဲ့ ဇီဒိန်းတို့ကို လေးစားအားကျနေပြီး ဒါက သူ့ရဲ့ ဆုံးဖြတ်ချက်မှာ အရေးပါတဲ့အရာတွေ ဖြစ်လာမှာပါ။ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၂၀ လား၊ သန်း ၁၄၀ လားဆိုရင်တော့ ပေါ့ဘာဟာ ဘယ်လောက်ပဲဈေးကြီးကြီး ထိုက်တန်တဲ့သူတစ်ဦးပါ” ဟု ရိုင်အိုလာက ပြောကြားခဲ့သည်။

    Ref: Goal