News @ M-Media

Author: Ko Lay

  • ဆော်ဒီ၏ ကမ္ဘာ့အကူအညီ ကုလ၏ သတ်မှတ်ချက်ထက် ပိုမိုများပြား

    ဆော်ဒီ၏ ကမ္ဘာ့အကူအညီ ကုလ၏ သတ်မှတ်ချက်ထက် ပိုမိုများပြား

    ဇွန် ၁၈၊ ၂၀၁၆
    M-Media

    saudi 3

    – နှစ်ပေါင်း ၃၆ နှစ်အတွင်းမှာ ကမ္ဘာတစ်ဝှမ်း လိုအပ်နေတဲ့ နိုင်ငံတွေအတွက် ဆော်ဒီအာရေဗျရဲ့ ကူညီထောက်ပံ့မှုဟာ ကန်ဒေါ်လာ ၉၉.၇၅ ဘီလီယံရှိခဲ့ပြီး ဒါဟာ အလှူရှင်နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ လှူဒါန်းမှုဟာ နိုင်ငံ ဂျီဒီပီရဲ့ ၀.၇ ရာခိုင်နှုန်း ရှိရမယ်ဆိုတဲ့ ကုလရဲ့ သတ်မှတ်ချက်ကို ကျော်လွန်သွားခဲ့တာလည်း ဖြစ်ပါတယ်။

    လူ့အခွင့်အရေးကောင်စီက ကုလသမဂ္ဂ ဆင်းရဲမွဲတေမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူကိုယ်စားလှယ် ဖီလစ် အလ်တ်ဆန်နဲ့ ပြုလုပ်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ ကုလသမဂ္ဂဆိုင်ရာ ဆော်ဒီသံအမတ်ကြီး ဖိုင်ဆယ် ဘင် ထရဒ်က မိမိတို့တိုင်းပြည်ဟာ ဆင်းရဲမွဲတွေမှု တိုက်ဖျက်ရေး၊ ပြည်တွင်းနဲ့ နိုင်ငံတကာအဆင့်မှာ လူနေမှုအဆင့်အတန်း တိုးတက်ရေးတို့ကို အာရုံစိုက် လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆော်ဒီဟာ ကုလရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးအစီအစဉ်များထဲမှာ အဓိကမိတ်ဖက်တစ်ဦးဖြစ်ပြီး၊ ပြင်ပအကူအညီနဲ့အလှူအတန်းကိစ္စတွေအတွက် နိုင်ငံခြားရေးမူဝါဒမှာ သိသိသာသာ ထည့်သွင်းဖော်ပြထားပါတယ်။ ပြီးတော့ ဆော်ဒီဟာ ကမ္ဘာ့ထိပ်တန်း အလှူရှင်နိုင်ငံတွေက တစ်နိုင်ငံလည်း ဖြစ်ပါတယ်။

    ထရဒ်ကတော့ မိမိတို့နိုင်ငံဟာ အစ္စလာမ့်မစ်နိုင်ငံတွေရော၊ အခြားနိုင်ငံတွေကိုပါ အကူအညီပေးရေးဆိုတဲ့ ပေါ်လစီကို စိတ်အားထက်သန်စွာ လုပ်ဆောင်နေတယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    ၁၉၇၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ကူညီပေးနေတဲ့ ဆော်ဒီအာရေဗျရဲ့ စုစုပေါင်းကူညီမှုဟာ ကန်ဒေါ်လာ ၉၉.၇၅ ဘီလီယံအထိရှိခဲ့ပြီး ဒါဟာ ကုလက သတ်မှတ်ထားတဲ့ အလှူရှင်နိုင်ငံတစ်ခုရဲ့ ထည့်ဝင်လှူဒါန်းငွေ သတ်မှတ်ချက်ပမာဏထက် ကျော်လွန်ခဲ့တာ ဖြစ်ပါတယ်။

    Ref : IINA

  • ဝေးလ်နိုင်ပွဲက မိမိတို့အသင်း ကြောက်စရာကောင်းကြောင်း ပြသလိုက်ခြင်းဟု အင်္ဂလန်ကွင်းလယ်လူပြော

    ဝေးလ်နိုင်ပွဲက မိမိတို့အသင်း ကြောက်စရာကောင်းကြောင်း ပြသလိုက်ခြင်းဟု အင်္ဂလန်ကွင်းလယ်လူပြော

    ဇွန် ၁၈၊ ၂၀၁၆
    M-Media

    eng

    – ဝေးလ်နှင့်ပွဲတွင် တိုက်စစ်မှူးစတားရစ်ခ်ျ၏ ပွဲအပေါ် ရိုက်ခတ်မှုက မိမိတို့အသင်းတွင် ကြောက်စရာကောင်းသော စွမ်းဆောင်ရည်မျိုး ရှိကြောင်း သက်သေပြလိုက်ခြင်းဖြစ်သည်ဟု အင်္ဂလန်ကွင်းလယ်လူ အဒမ် လာလနာက ပြောကြားလိုက်သည်။

    ကြာသာပတေးနေ့က ကစားခဲ့သည့် အုပ်စု B ဒုတိုမြောက်ပွဲစဉ်တွင် ဝေးလ်မှာ ဂါရက်ဘေးလ်၏ ဖရီးကစ်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းမှ ၀င်ရောက်လာသည့် ဗာဒီက ချေပဂိုး ပြန်သွင်းခဲ့ကာ စတားရစ်ခ်ျက နာကျင်အချိန်ပိုတွင် အနိုင်ဂိုး သွင်းယူနိုင်ခဲ့သည်။ စတားရစ်ခ်ျမှာလည်း ဒုတိယပိုင်းမှ ၀င်ရောက်စားခဲ့ခြင်းဖြစ်သည်။

    အသင်းဖော် လာလနာကမူ စတားရစ်ခ်ျ၏ ထိုစွမ်းဆောင်ရည်က မိမိတို့တစ်သင်းလုံးတွင် ရှိနေသည့် အရည်အသွေးကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

    “နည်းပြက လူစားသွင်းလိုက်တဲ့ ကစားသမား ၂ ယောက်စလုံးဟာ အသင်းပေါ် ရိုတ်ခတ်မှုရှိတာကို ချီးကျူးရမှာပါ။ ဒါက ကျွန်တော်တို့အသင်းရဲ့ ကစားသမား ၂၃ ယောက်စလုံး ဘယ်လောက်ကောင်းတယ်ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။ မတူညီတဲ့အခြေအနေတွေမှာ သုံးလို့ရနိုင်တဲ့ ၀ီလ်ရှိုင်းယား၊ ဟန်ဒါဆန်၊ မီလ်နာတို့လို့ ကစားသမားတွေ အရန်ခုံမှာရှိနေပြီး နောက်ခံအလယ်လူ ၂ ယောက်လည်း ရှိနေပါတယ်။ ဒါကာ ကျွန်တော်တို့လူစာရင်း ဘယ်လောက်တောင့်တင်းလဲဆိုတာကို ပြသနေပါတယ်။ စတားရစ်ခ်ျနဲ့ ဗာဒီတို့ဟာ ဒုတိပိုင်းမှဝင်လာပြီး ပြိုင်ဘက်အသင်းက ‘သွားပါပြီကွာ’ လို့ ပြောရလောက်တဲ့ အထိပါပဲ” ဟု လာလနာက ပြောကြားခဲ့သည်။

    Ref : Goal

  • အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှု ဂျပန်တွင် မြင့်တက်လာ

    အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှု ဂျပန်တွင် မြင့်တက်လာ

    ဇွန် ၁၈၊ ၂၀၁၆
    M-Media

    japan 2

    – အိုကီနာဝါကျွန်းမှာ အမေရိကန်စစ်အခြေစိုက်စခန်း ထားရှိမယ့်ကိစ္စကို မကျေနပ်ကြောင်း ဂျပန်ပြည်သူတွေက ယမန်နေ့မှာ ဆန္ဒပြမှုတွေ ထပ်မံပြုလုပ်ခဲ့ပြီး အဲဒီ ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။

    အိုကီနာဝါပြည်နယ်က Camp Schwab လို့ခေါ်တဲ့ အမေရိကန်ရေတပ်စခန်းအပြင်ဘက်မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အမေရိကန်တပ်ဖွဲ့တွေ တိုင်းပြည်အတွင်းမှာ ရှိနေတာကိုလည်း ဂျပန်ပြည်သူတွေက ရှုတ်ချခဲ့ပါတယ်။ ဂျပန်အစိုးရဟာ အဲဒီ ရေတပ်စခန်းကို အိုကီနာဝါကျွန်းမှာ ပြန်လည်နေရာချထားပေးဖို့ စီစဉ်နေတာဖြစ်ပြီး ဂျပန်ပြည်သူတွေကတော့ လက်မခံဘဲ မကြာခဏ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

    ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေက စခန်းရဲ့ အဓိက၀င်ပေါက်ကို ပိတ်ဆို့ပြီး ပြန်လည်နေရာချထားမယ့် အစိုးရရဲ့အစီအစဉ်ကို မကျေနပ်ကြောင်း “မရိန်းတပ်သားများ အခုထွက်သွား” ဆိုတဲ့ ဆိုင်းဘုတ်များကိုင်ဆောင်ကာ ကြွေးကြော် အော်ဟစ်ခဲ့ကြပါတယ်။

    ရဲများက လူစုလူဝေးကို အင်အားသုံးဖြိုခွဲဖို့ ကြိုးစားခဲ့တဲ့အတွက် ရုန်းရင်းဆန်ခတ်မှုအချို့လည်း ဖြစ်ပွားခဲ့ပါတယ်။ အမေရိကန်စစ်အခြေစိုက်စခန်းကို ဆန့်ကျင်တဲ့အနေနဲ့ အကြီးစား ထိုင်သပိတ်ကြီးတစ်ခုကို အိုကီနာဝါကျွန်းပေါ်မှာ ပြုလုပ်ဖို့အတွက် ဂျပန်ပြည်သူတွေက စီစဉ်ထားကြပါတယ်။

    မကြာသေးခင်က ဂျပန်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် အသတ်ခံရမှုအတွက် အမေရိကန်စစ်စခန်းက အလုပ်သမားတစ်ဦးကို သံသယရှိသူအဖြစ် ဖမ်းဆီးထားပြီးနောက်မှာ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေဟာ ဂျပန်နိုင်ငံတစ်ဝှမ်းမှာ မြင့်တက်လာခဲ့ပါတယ်။

    Ref: Presstv

  • စပိန်ဂိုးမြူးမှုအတွက် နည်းပြ ကျေနပ်နေ

    စပိန်ဂိုးမြူးမှုအတွက် နည်းပြ ကျေနပ်နေ

    ဇွန် ၁၈၊ ၂၀၁၆
    M-Media

    spain 3

    – တူရကီအသင်းနှင့် ကစားခဲ့သည့် ယူရို ၂၀၁၆ အုပ်စုဒုတိယပွဲစဉ်တွင် ၃ ဂိုး သွင်းယူနိုင်ခဲ့မှုအတွက် ကျေနပ် ပျော်ရွှင်မိသည်ဟု စပိန်နည်းပြ ဒဲလ်ဘော့စကေးက ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် လက်ရှိချိန်ပီယံ စပိန်အသင်းမှာ မိုရာတာ၏ သွင်းဂိုး ၂ ဂိုး၊ နိုလီတို၏ သွင်းဂိုး ၁ ဂိုးတို့ဖြင့် ၃ ဂိုပြတ်အနိုင်ရရှိခဲ့ပြီး ၂ ပွဲနိုင် ၆ မှတ်ဖြင့် ၁၆ သင်းအဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။

    စပိန်မှာ ပြီးခဲ့သည့်လများအတွင်း ကစားခဲ့သည့်ပွဲများတွင် ဂိုးရရန် ရုန်းကန်ခဲ့ရပြီး အုပ်စုအဖွင့်ပွဲ ချက်အသင်းနှင့်ပွဲတွင်လည်း ပီကေး၏ ခေါင်းတိုက်ဂိုး ၁ ဂိုးတည်းဖြင့် အနိုင်ရရှိခဲ့သည်။ နည်းပြ ဒဲလ်ဘော့စကေးကမူ စပိန်းအသင်း ဂိုးပေါက်ပြန်ရှာတွေ့မှုအတွက် ၀မ်းမြောက်နေသည်။

    “ကျွန်တော်တို့ရဲ့ ပထမရည်မှန်းချက်ဖြစ်တဲ့ နောက်တစ်ဆင့်တက်ရေးဟာ ပြီးမြောက်အောင်မြင်သွားခဲ့ပါပြီ။ ပြီးတော့ စွမ်းဆောင်ရည် ကောင်းမွန်အောင်လည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ တစ်ပွဲလုံးကို စိုးမိုးနိုင်ခဲ့ပြီး ရရှိဖို့ ရုန်းကန်ခဲ့ရတဲ့ ဂိုးတွေလည်း သွင်းယူနိုင်ခဲ့ပါတယ်။ အခုတော့ ခရိုအေးရှားနဲ့ပွဲကို အာရုံစိုက်ရမှာဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲရောက်အောင် လုပ်နိုင်မလားဆိုတာကို ကြည့်ရမှာပါ” ဟု ဒဲလ်ဘော့စကေးက ပြောကြားခဲ့သည်။

    Ref: Goal

  • IS အကြမ်းဖက်အဖွဲ့က ယာဇီဒီလူမျိုးများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်နေ

    IS အကြမ်းဖက်အဖွဲ့က ယာဇီဒီလူမျိုးများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်နေ

    ဇွန် ၁၇၊ ၂၀၁၆
    M-Media

    yazidi

    – IS အကြမ်းဖက်သမားတွေဟာ အီရတ်နဲ့ ဆီးရီးယားက ယာဇီဒီလူမျိုးတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ ဆက်လက်ကျုးလွန်နေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး စုံစမ်းစစ်ဆးသူများက ယမန်နေ့မှာ ပြောကြားလိုက်ပါတယ်။

    “လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ ဆက်လက်ကျုးလွန်နေဆဲ ဖြစ်ပါတယ်။ IS အဖွဲ့ဟာ ယာဇီဒီ လူမျိုးမှန်သမျှ မိန်းမ၊ ကလေး၊ ယောက်ျားမကျန် ပစ်မှတ်ထားဖမ်းဆီးပြီး အရက်စက်အကြမ်းကြုတ်ဆုံး စစ်ရာဇ၀တ်မှုတွေ ကျုးလွန်နေကြပါတယ်” လို့ ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင် (COI) ဥက္ကဌ ပေါ်လို ပင်ဟီရိုက ပြောကြားခဲ့ပါတယ်။

    ယာဇီဒီလူမျိုးတွေဟာ အစ္စလာမ်ဘာသာဝင်တွေမဟုတ်သလို၊ အာရပ်လူမျိုးတွေလည်း မဟုတ်ကြဘဲ သီးခြား ဘာသာတရားတစ်ခုကို ကိုးကွယ်တဲ့ လူမျိုစုတစ်ခုဖြစ်ပါတယ်။ ကာ့ဒ်ဘာသာစကားပြောတဲ့ အဲဒီလူနည်းစုတွေဟာ များသောအားဖြင့် အီရတ်မြောက်ပိုင်း ဆင်ဂျားတောင်တန်းများတစ်ဝိုက်မှာ အခြေချနေထိုင်သူတွေ ဖြစ်ပါတယ်။

    ၂၀၁၄ ခုနှစ်မှာ IS အကြမ်းဖက်အဖွဲ့ဟာ ဆင်ဂျာဒေသက ယာဇီဒီလူမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး ထောင်ပေါင်းများစွာဟာလည်း သူတို့ရန်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    IS တွေဟာ ယာဇီဒီမျိုးနွယ်စုအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ဖွယ်ရှိတယ်လို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့နှစ်မှာ သတိပေးခဲ့ပြီး They came to destroy: ISIS Crimes against the Yazidis ဆိုတဲ့ခေါင်းစဉ်နဲ့ မနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ဒီကိစ္စကို အသေးစိတ်ဖော်ပြထားပါတယ်။

    အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်လာသူတွေကို အင်တာဗျူးထားတဲ့ အဲဒီ အစီရင်ခံစာမှာ IS တွေဟာ ယာဇီဒီလူမျိုးတွေကို သတ်ဖြတ်ခြင်း၊ လိင်ကျွန်ပြုခြင်း၊ ကျွန်ပြုခြင်း၊ လူမဆန်ဘဲ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ ပုံစံမျိုးနဲ့ ဆက်ဆံခြင်း စတဲ့လုပ်ဆောင်မှုတွေကနေတစ်ဆင့် မျိုးသုဉ်းသွားအောင် လုပ်နေတယ်လို့ တွေ့ခဲ့ရကြောင်း ဖော်ပြထားပါတယ်။

    လက်ရှိမှာ IS တွေဟာ ယာဇီဒီ အမျိုးသမီးတွေနဲ့ ကလေးငယ် စုစုပေါင်း ၃၂၀၀ ခန့်ကို ဖမ်းဆီးထားပြီး အထူးသဖြင့် ဆီးရီးယားမှာ အမျိုးသမီးတွေကို လိင်ကျွန်အဖြစ် အသုံးပြုကာ လူငယ်များကိုတော့ အတင်းအကြပ်ဘာသာစွန့်ခိုင်းပြီး တိုက်ခိုက်ရေးသမားအဖြစ် လေ့ကျင့်ပေးလျက်ရှိပါတယ်။

    Ref : ArabNews