News @ M-Media

Author: Ko Lay

  • အစ်ဘ်သီဟဂ်ျ မိုဟာမက် (သို့မဟုတ်) ယုံကြည်ချက်ခိုင်မာသူများ၏ ပြယုဂ်

    အစ်ဘ်သီဟဂ်ျ မိုဟာမက် (သို့မဟုတ်) ယုံကြည်ချက်ခိုင်မာသူများ၏ ပြယုဂ်

    ဇွန် ၁၇၊ ၂၀၁၆
    M-Media

    – အမေရိကန်မွတ်စလင် ဓားသိုင်း အားကစားမယ်တစ်ဦးဖြစ်သူ အစ်ဘ်သီဟဂ်ျ မိုဟာမက်က သူမအနေဖြင့် တစ်နေ့လျှင် ၇ နာရီအထိ လေ့ကျင့်မှုပြုလုပ်သည်ဟု ဖွင့်ဟခဲ့သည်။ ယခုကဲ့သို့ ရမ်ဇာန်ဥပုသ်လတွင်တော့ နေထွက်ချိန်မှ နေဝင်ချိန်အထိ အစာမစား၊ ရေမသောက်ဘဲ ပြုလုပ်သည့် ထို ၇ နာရီက ခက်ခဲပင်ပန်းသည့် လေ့ကျင့်မှုမျိုး ဖြစ်လေသည်။

    “ကျွန်မအတွက်တော့ ကျွန်မရဲ့ ဘာသာတရားက ပထမဆုံးနဲ့ အဓိကဦးစားပေးဆုံး အရာပါပဲ။ ဒါကြောင့် ကျွန်မ ဥပုသ်စောင့်ပြီး လေ့ကျင့်ပါ့မလားဆိုတာ မေးစရာကို မလိုပါဘူး။ ကျွန်မ ဒီအဆင့်ကို ရောက်လာတဲ့ တစ်လျှောက်လုံး ဥပုသ်လမှာ ဥပုသ်စောင့်ပြီးလေ့ကျင့်ခဲ့တာပါပဲ။ ဒီနှစ်အတွက် တစ်ခုတည်းသော ထူးခြားမှုကတော့ ကျွန်မဟာ အိုလံပစ်ပြိုင်ပွဲအတွက် လေ့ကျင့်နေရတာပါ” ဟု အစ်ဘ်သီဟဂ်ျက ပြောကြားခဲ့သည်။

    နယူးဂျာစီ ဇာတိဖြစ်သော သူမမှာ ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးတွင် မကြာမီကျင်းပတော့မည့် အိုလံပစ်ပြိုင်ပွဲသို့ အမေရိကန်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ထိုပြိုင်ပွဲတွင် ဟိဂျဘ်ပုဝါနှင့် ၀င်ရောက်ယှဉ်ပြိုင်မည့် ပထမဆုံး အမေရိကန် အားကစားသမားဆိုသည့် သမိုင်းသစ်တစ်ခုကိုလည်း ရေးထိုးနိုင်မည်ဖြစ်သည်။

    ပုံမှန်နေ့များတွင် သူမ၏ လေ့ကျင့်မှုကို ၂ ချိန်ခွဲထားပြီး မနက် ၈ နာရီ ခွဲမှ ၁၀ နာရီခွဲအထိ တစ်ကြိမ်၊ ညနေ ၄ နာရီမှ ည ၉ နာရီထိ တစ်ကြိမ်ဖြစ်သည်။ ရမ်ဇာန်ဥပုသ်လတွင်တော့ ထိုလေ့ကျင်ချိန်မှာ အနည်းငယ်အပြောင်းအလဲရှိသည်ဟု သူမက ပြောကြားခဲ့သည်။

    အစ်ဘ်သီဟဂ်ျမှာ မနက် အာရုဏ်တက်ဝတ်ပြုမှုနှင့် စဲဟ်ရီဥပုသ်ထမင်း စားသောက်ရန်အတွက် အာရုံမတက်ခင်အချိန်တွင် ထလေ့ရှိပြီး မနက်ပိုင်း ၆ နာရီ ၄၅ မှ ၈ နာရီအထိ လေ့ကျင့်ချိန်တွင် အားအင်အပြည့်ဆုံးဟု သူမက ပြောကြားခဲ့သည်။ နေ့လည်ခင်း ကိုယ်လက်လေ့ကျင်ခန်းကိုတော့ ၁ နာရီ သို့မဟုတ် ၂ နာရီခန့်တွင် စတင်လေ့ရှိပြီး ဥပုသ်ဖြေချိန်အထိ ဆက်သွားလေသည်။

    im 3

    ယခုကဲ့သို့ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားဖြစ်လာသည်အထိ အားကစားသမားဘ၀ တစ်လျှောက်လုံးတွင် ဥပုသ်သီလဆောက်တည်ခြင်းနှင့် လေ့ကျင့်ခြင်းတို့တွင် မည်သည့်အခက်မခဲမှမရှိဘဲ ပုံမှန်အတိုင်းပင်ဖြစ်သည်ဟု သူမကဆိုသည်။ ခန္ဓာကိုယ်၏ တောင့်ခံနိုင်စွမ်းကို သူမက သိရှိထားပြီး ထိုကန့်သတ်ချက် မကျော်လွန်အောင်လည်း ဂရုစိုက်လေသည်။

    “ဥပုသ်စောင့်နေတဲ့အချိန်မှာ ကျွန်မကိုယ်ကျွန်မ ဘယ်လောက် ကိုင်တွယ်ထိန်းကျောင်းနိုင်မလဲဆိုတာကို သိရှိနေတယ်လို့ ကျွန်မ ခံစားရပါတယ်” ဟု အစ်ဘ်သီဟဂ်ျက ပြောကြားခဲ့သည်။

    မည်သည့်အချိန်တွင် အင်အားသုံးရပြီး မည်သည့်အချိန်တွင် လျှော့ရမည်ဆိုသည်ကို သိရှိနေခြင်းမှာ ခန္ဓာကိုယ် ဟန်ချက်ညီစေသည့် အပြုအမူမျိုးဖြစ်ပြီး၊ တစ်နေ့တာလုံး အားအင်ပြည့်ဝစေရန် မည်သည့်အစားအသောက်ကို စားရမည်ဆိုသည်ကိုလည်း သူမ ချိန်ညှိဆောင်ရွက်လေသည်။

    အသက် ၃၀ အရွယ်ရှိပြီဖြစ်သည့် အစ်ဘ်သီဟဂ်ျက သူမမှာ ပုံမှန်အားဖြင့် အစားနည်းသော်လည်း ရမ်ဇာန်ဥပုသ်လတွင် ခန္ဓာကိုယ်၌ လိုအပ်သည့် စွမ်းအင် အလုံအလောက်ရရှိရန်နှင့် ကြွက်သားများသန်မာစေရန်အတွက် အသားများများစားလေ့ရှိသည်ဟု ဆိုသည်။

    ပုံမှန်မနက်ပိုင်းမျာတွင် သစ်သီး၊ ဟင်းသီးဟင်းရွက်၊ super food ဟုခေါ်သည့် chia နှင့် flaxseed တို့ကဲ့သို့ အစေ့များကို သူမက ဖျော်ရည်လုပ်သောက်ပြီး တစ်နေ့တာ လေ့ကျင့်မှုအတွက် လိုအပ်သော အာဟာရများကို ရယူလေ့ရှိသည်။

    အားကစားသမားအများစုမှာ မောပမ်းမှုနှင့် ကြွက်တက်ခြင်းပြဿနာများကို ကာကွယ်ရန် ရေများများသောက်ရသောကြောင့် ရမ်ဇာန်ဥပုသ်လတွင် အစ်ဘ်သီဟဂ်ျတစ်ယောက် ရေဓာတ်ခန်းခြောက်မှုနှင့် ရင်ဆိုင်ရလေသည်။ သူမကတော့ မနက် ဥပုသ်ထမင်းစားချိန်တွင် ရေများများသောက်မည့်အစား ဖရဲသီးကဲ့သို့ ရေဓာတ်များများပါဝင်သည့် အစားအစာများကို စားခြင်းခြင့် ထိုပြသနာကို ဖြေရှင်းလေသည်။

    “အရင်က ရမ်ဇာန်ဥပုသ်လအတွင်းမှာ ကျွန်မဟာ ကြွက်သားဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ အဲဒါက ရမ်ဇာန်လ ကျွန်မ လေ့ကျင်တဲ့အချိန်တိုင်းမှာ အကြီးဆုံးပြဿနာအဖြစ် စိုးရိမ်မိခဲ့တဲ့ ကိစ္စပါပဲ”

    အစားအသောက် စားသောက်မှုကို ရှောင်ကျဉ်ခြင်းအပြင် ရမ်ဇာန်ဥပုသ်လတွင် ၀တ်ပြုဆုတောင်းခြင်း၊ ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်ခြင်း၊ လူစုလူဝေးဖြင့် အထူးဝတ်ပြုမှုနှင့် ဥပုသ်ထွက်စားသောက်မှုတို့တွင် ပါဝင်ရခြင်း စသည့် ကိစ္စရပ်များကိုလည်း ပြုလုပ်ရသည်။

    ဗလီဝတ်ကျောင်းတော်တွင် ဉဥ့်ဦးပိုင်းအထူးဝတ်ပြုမှုက ည ၁၁ နာရီခွဲ သို့မဟုတ် ၁၂ နာရီအထိ ကြာတတ်သည်။ အစ်ဘ်သီဟဂ်ျကတော့ တစ်နေ့တာလုံး လှုပ်ရှားထားမှုကြောင့် နွမ်းနယ်နေပြီး နောက်နေ့မနက်အစောတွင် ပြန်ထရမည်ကို သိသော်လည်း ထိုဝတ်ပြုမှုကို ဆုံးခန်းတိုင်အောင် ပါဝင်ခြင်းမှာ သူမအတွက် အရေးကြီးသည်ဟု ပြောကြားခဲ့သည်။

    “ရမ်ဇာန်ဥပုသ်လရောက်မှသာ ဒီဝတ်ပြုမှုကို ဆောက်တည်ဖို့ အခွင့်အရေးရတာပါ။ တစ်ချို့နေ့တွေမှာ ကျွန်မဟာ ရေကုန်ရေခန်း လေ့ကျင်ထားတာကြောင့် ခက်တော့ ခက်ခဲတာပေါ့လေ။ ဒါပေမယ့်လည်း ဒီတိုတောင်းလှတဲ့ ရက် ၃၀ အတွင်းမှာ ကျွန်မကတော့ နေ့တိုင်း ဒီဝတ်ပြုမှုကို တစ်ရက်မှ မလွတ်ချင်ပါဘူး”

    မွတ်စလင်မဟုတ်သည့် အိုလံပစ်အားကစားသမားများ စဉ်းပင်မစဉ်းစားလောက်သည့် စိန်ခေါ်မှုများကို ရမ်ဇာန်ဥပုသ်လတွင် မွတ်စလင်ကစားသမားများက ကြုံတွေ့ရလေ့ရှိသည်။ သို့သော်လည်း အစ်ဘ်သီဟဂ်ျကတော့ သူမ လုပ်ဆောင်ရမည့်ကိစ္စများကို အစီအစဉ်ချထားပြီး၊ သာမန်အချိန်ထက်ပို၍ ကွဲပြားခြားနားမှုမရှိအောင် ပြုလုပ်ထားလေသည်။

    “ဥပုသ်စောင့်တယ်ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ပြီးတော့ ဒါဟာ လွယ်ကူဖို့ ရည်ရွယ်ထားတဲ့ ကိစ္စမျိုးလည်း မဟုတ်ပါဘူး။ ကျွန်မကတော့ ကျွန်မရဲ့ရုန်းကန်ရမှုကို အခြားလူတွေနဲ့ ခြားနားတယ်လို့ မတွေးထားပါဘူး။ နေ့စဉ် စားစရာသောက်စရာမရသူတွေ ဒုနဲ့ဒေး ရှိနေပါတယ်။ ဒါပေမယ့် ကျွန်မက နေ၀င်သွားရင် စားလို့သောက်လို့ ရနိုင်သေးတယ်လေ။ ဒီအခြေအနေအတွက် အများကြီး ရောင့်ရဲကျေနပ်မိပါတယ်” ဟု အစ်ဘ်သီဟဂ်ျ မိုဟာမက်က နိဂုံးချုပ် ပြောကြားခဲ့လေသည်။

    im 4

    Ref: Huffingtonpost

    (Huffingtonpost မှ What It’s Like To Train For The Olympics While Fasting For Ramadan ဆောင်းပါးကို လေး
    မောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

  • ယခုနှစ် အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်အား ဒီဇိုင်းအသစ်ဖြင့် တွေ့ရမည်

    ယခုနှစ် အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်အား ဒီဇိုင်းအသစ်ဖြင့် တွေ့ရမည်

    ဇွန် ၁၇၊ ၂၀၁၆
    M-Media

    mm

    – လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် လုပ်ကြံခံခဲ့ရသည့် အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦး၏ အထိမ်းအမှတ် ဂူဗိမာန်အား အကြီးစားပြင်ဆင်မွမ်းမံမှုများ ပြုလုပ်နေသည်ဟု သိရသည်။

    ရန်ကုန်မြို့တော် စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးကော်မတီ၏ ဆောက်လုပ်ရေးအင်ဂျင်နီယာဌာနမှ ဒုတိယအကြီးအကဲ ဦးနေ၀င်းကမူ အဆိုပါ ပြင်ဆင်မွမ်းမံမှုကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဆိုသည်။

    “အာဇာနည်ဗိမာန်ကို အာဇာနည်နေ့မတိုင်ခင် ကျွန်တော်တို့ အမြဲလိုလို ပြင်ဆင်မွမ်းမံလေ့ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ကျွန်တော်တို့ဟာ အကြီးစားပြင်ဆင်မွမ်းမံမှုကို ဆောင်ရွက်ရမှာပါ။ ဗိသုကာပညာရှင်တွေဟာ ဒီဇိုင်းအသစ်ကို ရေးဆွဲနေပြီး ပြည်ထောင်စုအဆင့်က ဆုံးဖြတ်ချက်ထွက်တာနဲ့ အကောင်အထည်ဖော်မှာပါ” ဟု ဦးနေ၀င်းက ပြောကြားခဲ့ပြီး ဒီဇိုင်းအသစ်တွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ပုံတူကို ရေးဆွဲထားသည့် ကျောက်တိုင်များ ထည့်သွင်းမှု ပါဝင်လာမည်ဟု ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

    ယခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၆၉ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကိုယ်တိုင် တက်ရောက်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။

    ဇွန်လ ၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးရေးကော်မတီအဖွဲ့ဝင်များ၊ အင်ဂျင်နီယာချုပ်များနှင့် အာဇာနည်ဗိမာန်တွင် တွေ့ဆုံခဲ့ပြီး ပြင်ဆင်မှုပြုလုပ်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

    Ref: mmtimes

  • ယီမင်တွင် တိုက်ခိုက်မှုများကို ယူအေအီးအဆုံးသတ်

    ယီမင်တွင် တိုက်ခိုက်မှုများကို ယူအေအီးအဆုံးသတ်

    ဇွန် ၁၇၊ ၂၀၁၆
    M-Media

    uae

    – ယီမင်မှာတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ကနေ နှုတ်ထွက်ကာ စစ်ဆင်ရေးတွေ ရပ်တန့်သွားတော့မယ်လို့ ယူအေအီးနိုင်ငံက ယမန်နေ့မှာ ကြေငြာလိုက်ပါတယ်။

    “ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ရှင်းရှင်းလေးပါပဲ၊ ကျွန်တော်တို့စစ်သားတွေအတွက် စစ်ဆင်ရေး ပြီးသွားပါပြီ။ ကျွန်တော်တို့ဟာ နိုင်ငံရေးဆောင်ရွက်ချက်တွေကို ကျွန်တော်တို့ စောင့်ကြည့်သွားမှာဖြစ်ပြီး လွတ်မြောက်နယ်မြေတွေက ယီမင်ပြည်သူတွေကို စွမ်းအားမြှင့်တင်ရေး ဆောင်ရွက်ပေးသွားမှာပါ” လို့ အဘူဒါဘီအိမ်ရှေ့မင်းသားဖြစ်ပြီး ယူအေအီးလက်နက်ကိုင်တပ်ဖွဲ့များရဲ့ ဒုတိယတပ်မှူး ရှိခ်မိုဟာမက် ဘင် ဇာယဒ် အလ်-နဟ်ယန်က သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဒါပမေယ့် ဘာ့ကြောင့် ဒီလိုဆုံးဖြတ်ရလဲဆိုတာကိုတော့ အသေးစိတ်ဖော်ပြခဲ့ခြင်းမရှိပါဘူး။

    ဆော်ဒီဦးဆောင်တဲ့ တပ်ဖွဲ့တွေကို ယီမင်က လက်နက်ကိုင်တွေ ပြန်လည်တိုက်ခိုက်မှုအတွင်း ယူအေအီး တပ်ဖွဲ့တွေဟာ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရမှုတွေရှိခဲ့ပြီး တနင်္လာနေ့ကလည်း ယီမင်နိုင်ငံတောင်ပိုင်းမှာ ယူအေအီး ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့တာကြောင့် လေယာဉ်မှူး ၂ ဦးစလုံး သေဆုံးခဲ့ပါတယ်။

    ယူအေအီးတပ်ဖွဲ့တွေနေရာမှာ ဂျော်ဒန်တပ်ဖွဲ့တွေနဲ့ အကြံပေးများကို အစားထိုးသွားမယ်ဆိုတဲ့ သတင်းများလည်း ထွက်ပေါ်နေပါတယ်။

    Ref : Presstv

  • ၂၀၀၂ ခုနှစ် ဂူဂျာရတ် အကြမ်းဖက်မှုတွင် ပါဝင်သူများကို အိန္ဒိယက တစ်သက်တစ်ကျွန်းနှင့် ထောင်ဒဏ်များ ချမှတ်

    ၂၀၀၂ ခုနှစ် ဂူဂျာရတ် အကြမ်းဖက်မှုတွင် ပါဝင်သူများကို အိန္ဒိယက တစ်သက်တစ်ကျွန်းနှင့် ထောင်ဒဏ်များ ချမှတ်

    ဇွန် ၁၇၊ ၂၀၁၆
    M-Media

    gujarat

    – ၂၀၀၂ ခုနှစ်က ဂူဂျာရတ်ပြည်နယ် မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်းအတွင်း မွတ်စလင်များအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှု၌ ပါဝင်သူ ၁၁ ဦးကို အိန္ဒိယတရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည်ဟု သိရသည်။

    ထိုသတ်ဖြတ်မှုအတွက် လူ ၂၄ ဦးကို အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ၁၂ ဦးကို ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ကာ၊ ကျန်တစ်ဦးကို ၁၀ နှစ်ချမှတ်ခဲ့သည်။

    ဂူလ်ဘာ့ဂ် လူနေရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် လူပေါင်း ၆၉ ဦးမှာ ခေါင်းဖြတ်ခြင်းနှင် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းတို့ ခံခဲ့ရသသည်။ ၂၀၀၂ ခုနှစ်က ဂူဂျာရတ်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းအတွင်း လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ မွတ်စလင်များ ဖြစ်သည်။

    အဟ်မဒ်ဒါဘတ်ရှိ တရားရုံးကမူ ထိုအဖြစ်အပျက်အား လူ့အဖွဲ့အစည်းသမိုင်းတွင် အမှောင်မိုက်ဆုံး အဖြစ်အပျက်တစ်ခုဖြစ်သည်ဟု သမုတ်ခဲ့သည်။ ထိုစဉ်က ဂူဂျာရတ်ပြည်နယ် အုပ်ချုပ်ရေးမှူးဖြစ်သည့် လက်ရှိသမ္မတ မိုဒီမှာ ထိုအဓိကရုဏ်းအား ရပ်တန့်စေရန် ထိရောက်သည့် ဆောင်ရွက်မှု မပြုလုပ်ခဲ့ဟု ဝေဖန်ခံခဲ့ရသည်။

    ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့သော်လည်း ထိုအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွင်း အဓိကတာဝန်ရှိသူအချို့မှာ လွတ်မြောက်နေဆဲဖြစ်သည်ဟု အသက်ရှင်လျက်လွတ်မြောက်လာသူများနှင့် လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြခဲ့ကြသည်။

    Ref: BBC

  • အသင်းအားဝေဖန်သူများ မှားယွင်းကြောင်း သက်သေပြနိုင်ခဲ့သည်ဟု အိုင်ယာလန်နောက်ခံလူပြော

    အသင်းအားဝေဖန်သူများ မှားယွင်းကြောင်း သက်သေပြနိုင်ခဲ့သည်ဟု အိုင်ယာလန်နောက်ခံလူပြော

    ဇွန် ၁၇၊ ၂၀၁၆
    M-Media

    ireland

    – မိမိတို့အသင်းမှာ ယူရိုပြိုင်ပွဲတွင် အမှတ်ရမည်မဟုတ်ဟု အကဲဖြတ်ခဲ့သူများ မှားယွင်းကြောင်း ယူကရိန်းအသင်းအား ၂ ဂိုး ပြတ်ဖြင့် အနိုင်ကစားကာ သက်သေပြနိုင်ခဲ့သည်ဟု မြောက်အိုင်ယာလန်အသင်း နောက်ခံလူ ဂါရသ် မခ်အော်လေးက ပြောကြားလိုက်သည်။

    ယနေ့မနက်ပိုင်းက ကစားခဲ့သည့် ထိုပွဲတွင် မြောက်အိုင်ယာလန်အသင်းမှာ ဒုတိယပိုင်းသွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ပြီး အဖွင့်ဂိုးကို မခ်အော်လေးက ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ထိုနိုင်ပွဲမှာ ယူရိုပြိုင်ပွဲတွင် မြောက်အိုင်ယာလန်အသင်း၏ ပထမဆုံး နိုင်ပွဲလည်းဖြစ်သည်။

    အုပ်စု C တွင် ဂျာမနီ၊ ပိုလန်၊ ယူကရိန်းတို့နှင့် အုပ်စုကြပ်ထဲရောက်နေသည့် မြောက်အိုင်ယာလန်မှာ အမှတ်ရမည်မဟုတ်ဟု ပြိုင်ပွဲမတိုင်ခင်က ခန့်မှန်းမှုများရှိခဲ့ပြီး မခ်အော်လေးက ထိုကိစ္စကို ပြန်လည်တုန့်ပြန်ခဲ့သည်။

    “ကျွန်တော်တို့ စွမ်းဆောင်နိုင်တယ်ဆိုတာ သက်သေပြဖို့ တစ်ချက်ရခဲ့ပါပြီ။ ကျေနပ်စရာပါပဲ။ နောက်တစ်ပွဲ (ဂျာမနီနှင့်ပွဲ) က ကျွန်တော်တို့အတွက် ခက်ခဲမယ့်ပွဲဖြစ်ပေမယ့် ပျော်ရွှင်မိပါတယ်။ လူတော်တော်တော်များများက ကျွန်တော်တို့ ၁ မှတ်တောင်ရမှာမဟုတ်ဘူးလို့ ပြောခဲ့ကြပါတယ်” ဟု မခ်အော်လေးက ပြောကြားခဲ့သည်။

    ယူကရိန်းနှင့်ပွဲ ၎င်း၏ အဖွင့်ဂိုးမှာ မြောက်အိုင်ယာလန်အနေဖြင့် နှစ်ပေါင်း ၃၀ အတွင်း ယူရိုတွင် ပထမဆုံးသွင်းယူနိုင်ခဲ့သည့်ဂိုးဖြစ်ပြီး မခ်အော်လေးက ထိုအတွက် ကျေနပ်မိသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal