News @ M-Media

Author: Ko Lay

  • ပြင်သစ်ဦးဆောင်သည့် ငြိမ်းချမ်းရေးအားထုတ်မှု ပါလက်စတိုင်းများအတွက် မမျှတနိုင်

    ပြင်သစ်ဦးဆောင်သည့် ငြိမ်းချမ်းရေးအားထုတ်မှု ပါလက်စတိုင်းများအတွက် မမျှတနိုင်

    ဇွန် ၃၊ ၂၀၁၆
    M-Media

    palestine

    – ပါလက်စတိုင်းနှင့် အစ္စရေးအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည်ဖြစ်မြောက်လာရေး ပြင်သစ်နိုင်ငံ၏ အားထုတ်မှုတွင် ပါလက်စတိုင်းများအတွက် မျှတပြီး ထိရောက်သည့် ဆုံးဖြတ်ချက် ထွက်ပေါ်လာနိုင်မည်မဟုတ်ဟု တက်ကြွလှုပ်ရှားသူများနှင့် လေ့လာဆန်းစစ်သူများက ပြောကြားလိုက်သည်။

    ၂ နှစ်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်ဖြစ်ပေါ်လာစေရေး ပထမဆုံး ကြိုးပမ်းမှုအဖြစ် နိုင်ငံပေါင်း ၂၈ နိုင်ငံမှ ထိပ်တန်းကိုယ်စားလှယ်များ၊ ကုလနှင့် ဥရောပသမဂ္ဂတို့မှ ကိုယ်စားလှယ်များမှာ ယနေ့တွင် ပဲရစ်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

    ထိုအားထုတ်မှုမှာ ပြင်သစ်နိုင်ငံက ကမကထပြုလုပ်သည့် ဆောင်ရွက်မှုဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းတွင် ပါလက်စတိုင်းနှင့် အစ္စရေးတို့မှ ညှိနှိုင်းဆွေးနွေးသူများ ပါဝင်မည့် ငြိမ်းချမ်းရေးညီလာခံတစ်ခုကို အုတ်မြတ်ချပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။ ယနေ့တွင်ပြုလုပ်ခဲ့သည့် ပထမဆုံး အစည်းအဝေးတွင်မူ ပါလက်စတိုင်းနှင့် အစ္စရေး ၂ ဖက်စလုံးမှ တက်ရောက်ခဲ့ခြင်း မရှိပေ။

    “နှစ် ၂၀ လောက်ကြာနေတဲ့ ဆွေးနွေးမှုတွေ မအောင်မမြင်ဖြစ်နေရတဲ့ အဓိကအကြောင်းအရင်းက ဆွေးနွေးပွဲမှာ အစ္စရေးနဲ့ ပါလက်စတိုင်းအကြား ဘက်မညီတဲ့အချိန်မျိုးမှာ ဘက်ညီနေတယ်လို့ သူတို့က ယူဆနေကြတာပါပဲ။ ပြီးတော့ ဒီဟာ (ပြင်သစ်က ဦးဆောင်တဲ့ အားထုတ်မှု) ကလည်း မျှတတဲ့ ဆုံးဖြတ်ချက်မျိုး ထွက်လာနိုင်စရာအကြောင်း မရှိပါဘူး။ ထိရောက်တဲ့ဆုံးဖြတ်ချက်မျိုး မချနိုင်ခဲ့တဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း ဖြစ်ခဲ့သလိုမျိုးပဲ ဖြစ်အုံးမှာပါ” ဟု အလ်-ရှာဘာကာ ပါလက်စတိုင်း ပေါ်လစီဆိုင်ရာ ကွန်ယက်အဖွဲ့၏ ပေါ်လစီဆိုင်ရာ ကျွမ်းကျင်သူ တာရက် ဘာကိုနီက ပြောကြားခဲ့သည်။

    နောက်ဆုံးပြုလုပ်ခဲ့သည့် တိုက်ရိုက်ဆွေးနွေးမှုကို ဦးဆောင်ခဲ့သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအပါအ၀င် ကမ္ဘာ့ခေါင်းဆောင်များမှာ ပြင်သစ်ဦးဆောင်သည့် ယခုအားထုတ်မှုတွင် နယ်ခြားကိစ္စ၊ လုံခြုံရေး၊ ဒုက္ခသည်များအရေး၊ ဂျေရုလစလင်အရေး၊ တရားမ၀င်အခြေချအိမ်ယာများအရေး၊ သောက်သုံးရေ ကိစ္စ စသည်တို့နှင့် ပတ်သက်သည့် နောက်ဆုံး သဘောတူညီချက်တစ်ခု ရရှိနိုင်ရန်အတွက် အဓိကပြဿနာများကို ဖြေရှင်းရန် သတ်မှတ်ချက်များကို ဖော်ဆောင်သွားမည်ဖြစ်သည်။

    ယခု ကြိုးပမ်းမှုကို ဟားမက်စ်အဖွဲ့က ဆန့်ကျင်ထားသော်လည်း ပါလက်စတိုင်းခေါင်းဆောင်ပိုင်းမှ အခြားအုပ်စုများကမူ ကြိုဆိုခဲ့သည်။

    “မအောင်မြင်တဲ့ နှစ်နိုင်ငံ တိုက်ရိုက်ဆွေးနွေးမှုကနေ နိုင်ငံတကာအသိုင်းအ၀ိုင်းက တာဝန်ခံရမယ့် အဖွဲ့စုံပါဝင်တဲ့ နည်းလမ်းကို ကျွန်တော်တို့ သွားနေပါတယ်။ လိုအပ်နေတာက လုပ်ငန်းစဉ်တစ်ခုကို သတ်မှတ်ဖော်ဆောင်ဖို့၊ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုတွေ ရပ်တန့်ဖို့၊ ဒုက္ခသည်ကိစ္စအပါအ၀င် နောက်ဆုံး အပြီးသတ်ရမယ့် ပြဿနာတွေရဲ့ အဖြေအတွက် နိုင်ငံတကာ ဥပဒေနဲ့ ကုလရဲ့ သက်ဆိုင်ရာဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်” ဟု ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့မှ အတွင်းရေးမှူးဖြစ်ပြီး ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ စအစ်ဘ် အီရီကတ်က ပြောကြားခဲ့သည်။

    Ref : Aljazeera

  • ၂၀၁၆ ကျွန်ပြုခံရမှု အညွှန်းကိန်းတွင် ကမ္ဘောဒီးယားနှင့် မြန်မာတို့ အဆိုးဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေ

    ၂၀၁၆ ကျွန်ပြုခံရမှု အညွှန်းကိန်းတွင် ကမ္ဘောဒီးယားနှင့် မြန်မာတို့ အဆိုးဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေ

    ဇွန် ၃၊ ၂၀၁၆
    M-Media

    slave

    – အရှေ့တောင်အာရှအတွင်း ကျွန်ပြုခံရသူ အရေအတွက်မှာ ၂.၅ သန်း ရှိနေသည်ဟု ပြီးခဲ့သည့်လနှောင်းပိုင်းက ထုတ်ပြန်ခဲ့သည့် ၂၀၁၆ ကမ္ဘာ့ ကျွန်ပြုခံရမှုအညွှန်းကိန်း (Global Slavery Index 2016 ) အရ သိရပြီး ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့မှာ ကမ္ဘာပေါ်တွင် ကျွန်ပြုခံရမှု အဆိုးဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်သည်ဟု သိရသည်။

    အဆိုပါအညွှန်းကိန်းကို Walk Free Foundation က စစ်တမ်းကောက်ယူ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံမှာ ခေတ်သစ်ကျွန်ပြုခံရမှု အခံစားရဆုံး ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဒီယားမှာ မြောက်ကိုရီးယားနှင့် ဥဇဘက်ကစ္စတန်တို့၏နောက် ဒုတိယနေရာတွင် ရှိနေပြီး မြန်မာနိုင်ငံမှာ နံပါတ် ၉ နေရာတွင် ရှိနေသည်။

    ကမ္ဘောဒီးယားနိုင်ငံမှ ကျွန်ပြုခံရသူ အရေအတွက်မှာ ၂၅၆၀၀၀ ရှိကာ မြန်မာနိုင်ငံမှ ကျွန်ပြုခံရသူ အရေအတွက်မှာ ၅၁၅၀၀၀ ရှိနေသည်။ အာရှပစိဖိတ်ဒေသတွင်မူ အိန္ဒိယဒေသမှာ ကျွန်ပြုခံရမှုအန္တရာယ်ကို အဆိုးရွားဆုံး ခံစားရသည့် နိုင်ငံဖြစ်နေပြီး ကျွန်ပြုခံရသူအရေအတွက်မှာ ၁၈.၃ သန်းရှိနေသည်။ တရုတ်နိုင်ငံက ၃.၃ သန်းရှိသည်။

    အရှေ့တောင်အာရှတွင် ကျွန်ပြုခံရသူအရေအတွက်မှာ စုစုပေါင်းလူဦးရေ၏ ၀.၅ ရာခိုင်နှုန်း ၂.၅ သန်းရှိနေကာ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့ပြီးနောက် ဘရူးနိုင်၊ ထိုင်း၊ မလေးရှားတို့က အစဉ်လိုက်ရှိနေသည်။ ဗီယက်နမ်၊ စင်ကာပူနှင့် အင်ဒိုနီးရှားတို့မှာ ဒေသအတွင်း ကျွန်ပြုခံရသူအရေအတွက် အနိမ့်ဆုံးနိုင်ငံများဖြစ်သည်။

    Ref: Sea-globe

  • ရမ်ဇာန်ဥပုသ်လ အထိမ်းအမှတ်အဖြစ် UAE က အကျဉ်းသား တစ်ထောင်ကျော် လွှတ်ပေး

    ရမ်ဇာန်ဥပုသ်လ အထိမ်းအမှတ်အဖြစ် UAE က အကျဉ်းသား တစ်ထောင်ကျော် လွှတ်ပေး

    ဇွန် ၃၊ ၂၀၁၆
    M-Media

    uae 3

    – မကြာမီကျရောက်တော့မည့် ရမ်ဇာန်ဥပုသ်လ အထိမ်းအမှတ်အဖြစ် အာရပ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံက အကျဉ်းသား ၁၀၀၀ ကျော် လွှတ်ပေးခဲ့သည်ဟု သိရသည်။

    သမ္မတ ရှိခ် ခါလီဇာ အလ်-နဟ်ယန်၏ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး အကျဉ်းသားများ ဘ၀သစ်ပြန်စနိုင်ရန်နှင့် ၎င်းတို့၏မိသားစုအတွင်း တည်ငြိမ်မှု ရရှိစေရန် အခွင့်အလမ်း ဖော်ဆောင်ပေးမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ဆိုသည်။

    အစ္စလာမ့်ပြက္ခဒိန်၏ ၉ လမြောက်ဖြစ်သော ရမ်ဇာန်ဥပုသ်လမှာ လာမည့် သီတင်းပတ်အတွင်း ကျရောက်မည်ဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်သော အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်း ဥပုသ်သီလ ဆောက်တည်ရမည်ဖြစ်သည်။

    Ref: IINA

  • ယူရိုတွင် အီတလီကို အထင်မသေးရန် ဒီရော့စီ သတိပေး

    ယူရိုတွင် အီတလီကို အထင်မသေးရန် ဒီရော့စီ သတိပေး

    ဇွန် ၃၊ ၂၀၁၆
    M-Media

    rossi

    – ယူရို ၂၀၁၆ တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အီတလီအသင်းအား အထင်မသေးရန် ရိုးမားတိုက်စစ်မှူး ဒီရော့စီက သတိပေးလိုက်ပြီး မိမိတို့တွင် ပါရမီရှိသည့်ကစားသမား အများအပြားရှိနေသည်ဟု ပြောကြားလိုက်သည်။

    ယခုလအတွင်း ပြင်သစ်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ဗိုလ်စွဲရန် အိမ်ရှင် ပြင်သစ်၊ ကမ္ဘာ့ချန်ပီယံ ဂျာမနီနှင့် ၂ ကြိမ်ဆက်ချန်ပီယံ စပိန်တို့က ရေပန်းစားနေပြီး အီတလီမှာမူ ချန်ပီယံဘွဲ့အား ခြိမ်းခြောက်နိုင်သည့် အသင်းများစာရင်းတွင် မပါဝင်ပေ။

    ဒီရော့စီက မိမိတို့အသင်းမှာ အံ့အားသင့်ဖွယ်ဖြစ်အောင် ဆောင်ရွက်နိုင်စွမ်းရှိသည်ဟု ဆိုသည်။

    “ကျွန်တော်တို့ဟာ ရေပန်းစားတဲ့အသင်းတွေမှာတော့ မပါဝင်ပါဘူး။ ဒါကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ဂုဏ်ယူစရာကောင်းတဲ့ ကစားသမားတွေ ကျွန်တော်တို့မှာရှိနေပြီး ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်စွမ်းရှိပါတယ်။ ရိုးမားမှာကစားခဲ့တဲ့ နှစ်ပေါင်းများစွာမှာ ကျွန်တော် ဒီလိုအခြေအနေမျိုးကို ကြုံတွေ့ဖူးပါတယ်” ဟု ရော့စီက ပြောကြားခဲ့သည်။

    Ref: Goal

  • ၂၀၀၂ ပဋိပက္ခတွင် မွတ်စလင်များအား သတ်ဖြတ်သူများကို အပြစ်ရှိကြောင်း အိန္ဒိယဆုံးဖြတ်

    ၂၀၀၂ ပဋိပက္ခတွင် မွတ်စလင်များအား သတ်ဖြတ်သူများကို အပြစ်ရှိကြောင်း အိန္ဒိယဆုံးဖြတ်

    ဇွန် ၃၊ ၂၀၁၆
    M-Media

    india 2

    – ၂၀၀၂ ခုနှစ်က ဂူဂျာရတ်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ဘာသာရေးပဋိပက္ခတွင် မွတ်စလင် ၆၉ ဦးအား သတ်ဖြတ်မှုအတွက် လူ ၂၄ ဦးကို အိန္ဒိယတရားရုံးက ယမန်နေ့တွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

    ထိုပဋိပက္ခအတွင်း အဟ်မဒ်ဒါဘတ်မြို့ရှိ Gulbarg Society လူနေအိမ်ယာတွင် ခိုလှုံနေသည့် မွတ်စလင်များအား ဟိန္ဒူလူအုပ်စုကြီးက ၀င်ရောက်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မွတ်စလင် ၆၉ ဦးကို မီးရှို့၍လည်းကောင်း၊ ခေါင်းဖြတ်၍လည်းကောင်း သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

    ထိုအမှုတွင် ပါဝင်သူ ၂၄ ဦးကို ထိုကဲ့သို့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သော်လည်း အခြား ၃၆ ဦးကိုမူ သက်သေမခိုင်မာဟုဆိုကာ တရားသူကြီး ပီဘီ ဒီဆိုင်းက တရားသေလွှတ်ပေးခဲ့သည်။ အပြစ်ရှိသူများအား ဇွန်လ ၆ ရက်နေ့တွင် ပြစ်ဒဏ်ချမှတ်မည်ဖြစ်သည်။

    သတ်ဖြတ်ခံရသူများအတွက် လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေ တီစတာ စတာလ်ဗဒ်ကမူ ဆုံးဖြတ်ချက်တွင် ရှုပ်ထွေးမှုများ ရှိနေသည်ဟု ပြောကြားခဲ့သည်။

    “ထွက်လာတဲ့ ရလဒ်အတွက် ကျွန်မတို့ အပြည့်အ၀ မကျေနပ်ပါဘူး။ တိုက်ခိုက်သတ်ဖြတ်မှုမှာ အဓိကပါဝင်သူတွေကို တရားမစွဲခဲ့တဲ့အပြင် ရဲအရာရှိ ကေဂျီ အာရ်ဒါကိုလည်း တရားသေလွှတ်ပေးလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်အတွက် ကျွန်မတို့ သေချာပေါက် အယူခံဝင်သွားမှာပါ” ဟု စတာလ်ဗဒ်က ပြောကြားခဲ့သည်။

    ရဲအရာရှိ ကေဂျီ အာရ်ဒါမှာ ဟိန္ဒူလူအုပ်စုကြီး လူနေအိမ်ယာထဲသို့ ၀င်ရောက်မှုအား တားမြစ်ခဲ့ခြင်းမရှိဟု လွတ်မြောက်လာသူများက စွပ်စွဲထားပြီး တရားရုံးချုပ်မှ ဖွဲ့စည်းပေးခဲ့သည့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ၎င်းအား ၂၀၀၂ ခုနှစ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    တရားသေလွတ်မြောက်သွားသူများတွင် ထိုသတ်ဖြတ်မှုအတွင်း အဓိက ပါဝင်သူတစ်ဦးဖြစ်သူဟု ယူဆခံရသော BJP ပါတီဝင် စည်ပင်သာယာရေးအရာရှိ ဘီပင် ပါတေးလ်လည်း ပါဝင်သည်။ တရားလိုရှေ့နေများကမူ အပြစ်ရှိသူအားလုံးအား ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ရန် တောင်းဆိုထားသည်။

    Ref: Aljazeera