News @ M-Media

Author: Ko Lay

  • အာဖဂန်တွင် ၄ နှစ်အတွင်း အိုးအိမ်စွန့်ခွာရသူ ၂ ဆတိုးလာ

    အာဖဂန်တွင် ၄ နှစ်အတွင်း အိုးအိမ်စွန့်ခွာရသူ ၂ ဆတိုးလာ

    ဇွန် ၂၊ ၂၀၁၆
    M-Media

    afghan

    – အာဖဂန်နစ္စတန်မှာ စစ်ဘေးစစ်ဒဏ်တွေကြောင့် နိုင်ငံအတွင်း အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူ အရေအတွက်ဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း ၂ ဆ တိုးလာခဲ့ပြီး ၁.၂ သန်းအထိ ရှိလာခဲ့တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Amnesty International က ပြောကြားလိုက်ပြီး အဲဒီဒုက္ခသည်တွေကို အစိုးရကိုယ်တိုင်က လျစ်လျူရှုထားတဲ့အပြင် နိုင်ငံတကာက စိတ်ဝင်စားမှုလည်း ကင်းမဲ့နေတယ်လို့ ဆိုပါတယ်။

    My children will die this winter: Afghanistan’s broken promise to the displaced ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဒီလိုဖော်ပြလိုက်တာဖြစ်ပြီး အခြေခံဝန်ဆောင်မှုတွေ မပေးနိုင်မှုကြောင့် သူတို့တွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတာဖြစ်ပြီး အသက်ရှင်ရပ်တည်ရေး အာမ, မခံနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

    “အာဖဂန်နစ္စတန်ကို နိုင်ငံတကာက လှည့်မကြည့်တော့တဲ့နောက်ပိုင်း ပဋိပက္ခတွေရဲ့နောက်ကွယ်မှာ ကျန်နေတဲ့သူတွေရဲ့ အခက်အခဲတွေကို မေ့လျော့နေမှုဟာ စိုးရိမ်ရတဲ့အခြေအနေ ရောက်နေပါပြီ” လို့ Amnesty International အဖွဲ့ရဲ့ တောင်အာရှဒါရိုက်တာတစ်ဦးဖြစ်သူ ချမ်ပါ ပတေးလ်က ပြောကြားခဲ့ပါတယ်။

    “ကိုယ့်အိမ်ကနေ ဘေးကင်းရာကို ထွက်ပြေးပုန်းရှောင်ပြီးတဲ့နောက်မှာတောင် ကိုယ့်တိုင်းပြည်ထဲမှာတင် အင်မတန်ဆိုးရွားတဲ့အခြေအနေတွေနဲ့ ကြောင့်ကြနေရတဲ့ အာဖဂန်ပြည်သူတွေရဲ့ အရေအတွက်ဟာ တဖြည်းဖြည်းများပြားလာပြီး ကမ်းမမြင်လမ်းမမြင်ဘ၀နဲ့ အသက်ရှင်နိုင်ဖို့အရေး ရုန်းကန်နေရပါတယ်”

    အစီရင်ခံစာ အဆုံးပိုင်းမှာတော့ နိုင်ငံအတွင်းက စစ်ဘေးရှောင်တွေရဲ့ အကြပ်အတည်းတွေကို သိပ်မနောက်ကျသွားခင်မှာ အဆုံးသတ်ပေးဖို့ အာဖဂန်နစ္စတန်နဲ့ ကမ္ဘာကြီးက အခုချက်ချင်း ဆောင်ရွက်ပေးရမယ်လို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

    Ref: Channel News Asia

  • ဇီကာတိုက်ဖျက်ရေးအတွက် ရန်ပုံငွေ မလုံလောက်ဖြစ်နေဟု WHO ပြော

    ဇီကာတိုက်ဖျက်ရေးအတွက် ရန်ပုံငွေ မလုံလောက်ဖြစ်နေဟု WHO ပြော

    ဇွန် ၂၊ ၂၀၁၆
    M-Media

    zika 2

    – ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ဇီကာဗိုင်းရပ်စ်ပျံ့ပွားမှုကို တုန့်ပြန်ဖို့အတွက် အမှန်တကယ်လိုအပ်တဲ့ ငွေကြေးရဲ့ ၁၃ ရာခိုင်နှုန်းသာ မိမိတို့ လက်ခံရရှိထားတယ်လို့ အခုတစ်ပတ်အစောပိုင်းမှာ ကြေငြာလိုက်ပါတယ်။

    ဇီကာဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့အတွက် WHO အပါအ၀င် အခြားသော ကုလသမဂ္ဂအဖွဲ့အစည်းတွေကလည်း ဒေါ်လာ ၅၆ သန်းကျော် တောင်းဆိုထားကြတာဖြစ်ပေမယ့် ထောက်ပံ့မယ်လို့ အတည်ပြုထားတာကတော့ ၁၇.၇ သန်းသာရှိနေသေးကာ အဲဒီအထဲမှာမှ ၂.၃ သန်းသာ ရရှိတာ ဖြစ်ပါတယ်။

    WHO ကတော့ ဒါဟာ တော်တော်လေးကို နည်းနေတာကြောင့် ငွေကြေးသုံးစွဲမယ့် အစီအစဉ်ကို ပြန်လည်အသစ်ရေးဆွဲပြီး လိုအပ်ချက်အရှိဆုံးနေရာတွေမှာသာ အလှူငွေတွေကို ကန့်သတ်သုံးစွဲသွားဖို့ ဦးစားပေးအစီအစဉ် ချမှတ်ခဲ့ပါတယ်။

    အဆိုပါဗိုင်းရပ်စ်ကို လေ့လာဖို့၊ ပျံ့နှံ့မှုကိုတားဆီးဖို့အတွက် နည်းလမ်းရှာဖို့၊ ဆေးဝါးတွေထုတ်လုပ်ဖို့ စတဲ့ စီမံကိန်းတွေအတွက် WHO က နိုင်ငံတကာမှာ သိပ္ပံနည်းကျ သုတေသနတွေ ပူးပေါင်းလုပ်ဆောင်လျက်ရှိနေတယ်လို့ သိရပါတယ်။

    Ref: IINA

  • ငြိမ်းစီစု ဥပဒေကြမ်းတွင် လူအချင်းချင်း နှိမ့်ချမှုကို တားမြစ်သည့်အချက် ပါဝင်လာ

    ငြိမ်းစီစု ဥပဒေကြမ်းတွင် လူအချင်းချင်း နှိမ့်ချမှုကို တားမြစ်သည့်အချက် ပါဝင်လာ

    ဇွန် ၁၊ ၂၀၁၆
    M-Media

    nss
    မြန်မာစစ်တပ်က ဖမ်းဆီးခဲ့သည့် ဘင်္ဂလားဒေ့ရှ် လှေစီးဒုက္ခသည်များအား ဆန့်ကျင်သည့် ဆန္ဒပြပွဲမှ ပုံရိပ်တစ်ခု

    – ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပေဒကြမ်းကို ပြင်ဆင် ဖြည့်စွက်ချက်များဖြင့် အမျိုးသားလွှတ်တော်က ယမန်နေ့တွင် အတည်ပြုခဲ့ပြီး ထိုဖြည့်စွက်ချက်များတွင် လူအချင်းချင်း ခွဲခြားနှိမ့်ချခြင်း၊ ဂုဏ်သိက္ခာ ညှိုးနွမ်းစေခြင်းတို့ကို ရည်ရွယ်သည့် အပြောအဆို အပြုအမူများကို မပြုလုပ်ရဟူသည့် အပိုဒ်လည်း ပါဝင်ခဲ့သည်။

    အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက မေလ ၆ ရက်နေ့တွင် တင်သွင်းသည့် အဆိုပါ ဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေး အစီရင်ခံစာရအရ ပြင်ဆင်၊ ဖြည့်စွက်မှုများ ပြုလုပ်ကာ အပိုဒ်တစ်ပိုဒ်စီနှင့် ဥပဒေကြမ်းတစ်ခုလုံးကို အမျိုးသားလွှတ်တော်က မေ ၃၁ ရက်နေ့တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

    ဥပဒေကြမ်း၏ လိုက်နာရမည့် စည်းကမ်းချက်များတွင် အပိုဒ် ၃ ပိုဒ်ကို ဖြည့်စွက်ခဲ့ပြီး အပိုဒ် (ဇ) တွင် လူသားအချင်းချင်း မတူကွဲပြားမှုကြောင့် ခွဲခြားနှိမ့်ချခြင်း၊ ဂုဏ်သိက္ခာညှိုးနွမ်းစေခြင်းတို့ကို ရည်ရွယ်သော အပြောအဆို အပြုအမူတို့ကို မပြုလုပ်ရဟု လည်းကောင်း၊ အပိုဒ် (ဈ) တွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းတို့ ပြုလုပ်ရာတွင် ပါဝင်သူတစ်ဦးဦးအား ငွေကြေး သို့မဟုတ် ပစ္စည်းတစ်စုံတစ်ရာပေး၍ ပါဝင်စေခြင်း၊ ငွေကြေး သို့မဟုတ် ပစ္စည်းတစ်စုံတစ်ရာ လက်ခံ၍ ပါဝင်စေခြင်းတို့ မပြုလုပ်ရဟု လည်းကောင်း ဖော်ပြထားသည်။

    အပိုဒ် (ည) တွင်မူ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းတို့ ပြုလုပ်ရာတွင် တစ်ဦးဦးအား ပါဝင်စေရန် ခြိမ်းခြောက်ခြင်း၊ အတင်းအကျပ်ပြုခြင်း၊ အနိုင့်အထက်ပြုခြင်း၊ မလျော်သြဇာသုံးခြင်း မပြုလုပ်ရဟုလည်း ဖြည့်စွက်ဖော်ပြထားသည်။

    ထို့ပြင် ဥပဒေကြမ်းအား စကားရပ်ပြင်ဆင်ခြင်း၊ အပိုဒ်များ ပြောင်းလဲခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ပြီး အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ကာ ပြည်သူ့လွှတ်တော်သို့ ဆက်လက် ပေးပို့ရမည်ဖြစ်သည်။

    Ref : Democracy Today

  • အိန္ဒိယက ဖမ်းဆီးထားသည့် မြန်မာငါးဖမ်းသမားများ ပြန်လည်လွတ်မြောက်လာ

    အိန္ဒိယက ဖမ်းဆီးထားသည့် မြန်မာငါးဖမ်းသမားများ ပြန်လည်လွတ်မြောက်လာ

    ဇွန် ၁၊ ၂၀၁၆
    M-Media

    fisherman

    – အိန္ဒိယရေပိုင်နက်တွင် တရားမ၀င် ငါးခိုးဖမ်းမှုကြောင့် ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသား ၂၄၉ ဦးမှ ထောင်ဒဏ်ကျခံနေရသည့် ၁၂၉ ဦး ပြန်လည်လွှတ်ပေးခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ပြီဟု တာဝန်ရှိသူများက ယနေ့တွင် ပြောကြားလိုက်သည်။

    Open Distress Camp of India စခန်းတွင် ထိန်းသိမ်းထားသည့် အဆိုပါ မြန်မာနိုင်ငံသားများအား ပြန်လည်လွှတ်ပေးရေးအတွက် အိန္ဒိယနှင့် မြန်မာအာဏာပိုင်များမှာ အကြိမ်များစွာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရသည်ဟု Xinhua သတင်းဌာနက ဖော်ပြထားသည်။

    ပထမအသုတ်အဖြစ် ၎င်းတို့မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယမန်နေ့ည နှောင်းပိုင်းတွင် ရောက်ရှိလာခဲ့ပြီး ကျန်ရှိနေသူများမှာ ကြာသာပတေးနေ့တွင် ရောက်ရှိမည်ဟု ဆိုသည်။

    အဆိုပါ မြန်မာငါးဖမ်းသမားများမှာ မုန်တိုင်းနှင့် အင်ဂျင်ပျက်ဆီးမှုကြောင့် အိန္ဒိယရေပိုင်နက်အတွင်း မျောပါခဲ့ပြီးနောက် အိန္ဒိယရေတပ်၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်သည်။

    Ref: firstpost

  • နည်းပြဇီဒိန်းအား ရီးယဲလ်ဥက္ကဌချီးကျူး

    နည်းပြဇီဒိန်းအား ရီးယဲလ်ဥက္ကဌချီးကျူး

    ဇွန် ၁၊ ၂၀၁၆
    M-Media

    zidane 2

    – ရီးယဲလ်မက်ဒရစ်တွင် သမိုင်းသစ်ရေးထိုးနိုင်ခဲ့သည့် နည်းပြဇီဒိန်းအား အသင်းဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က ချီးကျူးပြောဆိုလိုက်သည်။

    ဇန်န၀ါရီလက ရာဖေးလ်ဘင်နီတက်ဇ်၏နေရာကို အစားဝင်လာခဲ့သည့် ဇီဒိန်းမှာ ရီးယဲလ်အား ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်နိုင်အောင် နည်းပြနိုင်ခဲ့သည်။

    ထို့ကြောင့် ဇီဒိန်းမှာ ရီးယဲလ်တွင် ၂၀၀၂ ခုနှစ်က ကစားသမားဘ၀ဖြင့်လည်းကောင်း၊ ၂၀၁၄ ခုနှစ်က လက်ထောက်နည်းပြ ဘ၀ဖြင့်လည်းကောင်း၊ ယခုနှစ်တွင် နည်းပြဘ၀ဖြင့်လည်းကောင်း ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်သည့် သမိုင်းကို ရရှိခဲ့သည်။

    နည်းပြများကို ခန့်အပ်ထုတ်ပယ်ရာတွင် နာမည်ကျော်သည့် ဥက္ကဌ ပီရက်ဇ်ကမူ ဇီဒိန်းကို ချီးကျူးခဲ့သည်။

    “ဇီဒိန်းက အခရာကျသူတစ်ဦးပါ။ သူဟာ ရီးယဲလ်ရဲ့ သိပ်မကြာသေးခင်က သမိုင်းကို ပြောင်းလဲပစ်လိုက်ပါတယ်။ ၂၀၀၁ ခုနှစ်ကတည်းက သူဟာ ဘောလုံးရဲ့ သဘောသဘာဝကို နားလည်ဖို့ လမ်းကြောင်းတစ်ခု ဖောက်ခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ဒီလို ဥရောပဖလားရအောင် ကျွန်တော်တို့ကို ကူညီနိုင်တာပါ” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် နည်းပြအဖြစ် တာဝန်စယူစဉ်ကလည်း အသင်းအား အောင်မြင်အောင် စွမ်းဆောင်သွားမည်ဟု ဇီဒိန်းက ကတိပေးခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref : Goal