News @ M-Media

Author: Ko Lay

  • အက်သလက်တီကို ချန်ပီယံလိဂ်ရမည်ဟု ကွင်းလယ်လူဟောင်းပြော

    အက်သလက်တီကို ချန်ပီယံလိဂ်ရမည်ဟု ကွင်းလယ်လူဟောင်းပြော

    မေ ၂၇၊ ၂၀၁၆
    M-Media

    juninho

    – အက်သလက်တီကိုမက်ဒရစ်မှာ ရီးယဲလ်မက်ဒရစ်ထက် စိတ်ဓာတ်ခွန်အား ပိုကောင်းမှုကြောင့် ယခုတစ်ပတ်အဆုံးတွင် ကစားမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အက်သကလ်တီကို ဗိုလ်စွဲလိမ့်မည်ဟု ကွင်းလယ်လူဟောင်း ဂျူနင်ဟိုက ပြောကြားလိုက်သည်။

    မီလန်ရှိ ဆန်စီရိုတွင် ကစားမည့် အဆိုပါပွဲတွင် အက်သလက်တီကို အနိုင်ရပါက ၂၀၁၄ ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ် ရှုံးကြွေးကို ဆပ်နိုင်မည်ဖြစ်သည်။

    အက်သလက်တီကိုမှာ ယခုနှစ်ပြိုင်ပွဲတစ်လျှောက်တွင် လက်ရှိချန်ပီယံ ဘာစီလိုနာနှင့် ချန်ပီယံဟောင်း ဘိုင်ယန်မြူးနစ်တို့ကဲ့သို့ အသင်းကြီးများအား ဖြုတ်ချနိုင်ခဲ့ပြီး ၁၉၉၇ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ အက်လက်တီကိုကစားသမား ဖြစ်ခဲ့ဖူးသည့် ဂျူနင်ဟိုကမူ ၎င်း၏ အသင်းဟောင်းမှာ နှာတစ်ဖျား သာနေသည်ဟု ဆိုသည်။

    “တစ်ဦးချင်အမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ ရီးယဲလ်ဟာ အသလက်တီကိုထက် ပိုကောင်းတဲ့အသင်း ဖြစ်ပြီး၊ ပွဲအတွင်း ဘယ်လိုအချိန်မျိုးမှာမဆို ရလဒ်ပြောင်းအောင်လုပ်နိုင်တဲ့ ရော်နယ်ဒိုလို ကစားသမားတစ်ဦးလည်း ရှိနေပါတယ်။ ဒါပေမယ့် အသင်းအဖွဲ့လိုက်ကြည့်မယ်ဆိုရင် အက်သသလက်တီကို မက်ဒရစ်ဟာ ရီးယဲလ်ထပ် ပိုပြီး တောင့်တင်းပါတယ်။ အထူးသဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ဖြစ်ပါတယ်။ သူတို့ဟာ ကမ္ဘာ့အကောင်းဆုံးအသင်းတွေက ၂ သင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ကို ဖြုတ်ချနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်ကတော့ အက်သလက်တီကိုဟာ ရီးယဲလ်ထက် တွန်းအားပိုကောင်းစွာနဲ့ ဖိုင်နယ်ကိုသွားကာ ရီးယဲလ်ကို အနိုင်ယူနိုင်မယ်ထင်ပါတယ်” ဟု ဂျူနင်ဟိုက ပြောကြားခဲ့သည်။

    Ref: Goal

  • ဂါဇာအား အခြေအနေဆိုးမှ ကယ်တင်ရေး ကုလအရာရှိ တောင်းဆို

    ဂါဇာအား အခြေအနေဆိုးမှ ကယ်တင်ရေး ကုလအရာရှိ တောင်းဆို

    မေ ၂၇၊ ၂၀၁၆
    M-Media

    maldinov

    – အစ္စရေးက ပိတ်ဆို့ထားတဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောက်ဒေသမှာ နောက်ထပ် တိုက်ခိုက်မှုတွေ ဖြစ်မလာဖို့အတွက် ဂါဇာပြည်သူတွေရဲ့ ဒုက္ခသည်သုက္ခတွေကို ဖြေရှင်းရေး ကမ္ဘာလုံးဆိုင်ရာ အရေးယူဆောင်ရွက်မှု ပြုလုပ်ပေးဖို့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ကုလသမဂ္ဂ အထူးညှိနှိုင်းရေးမှူး နီကိုလေး မာလ်ဒီနော့ဗ်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

    ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဒီလို ပြောကြားလိုက်တာဖြစ်ပြီး ဂါဇာပြည်သူတွေဟာ အခြေအနေတွေ တိုးတက်လာခြင်းမရှိတာကြောင့် စိတ်ပျက်မှုတွေ တိုးလာနေကြောင်း၊ ဒါ့ကြောင့် တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တဲ့ အနေအထားရှိကြောင်း မာလ်ဒီနော့ဗ်က ဆိုပါတယ်။

    ပါလက်စတိုင်းပြည်သူ ၂၅၀၀ ကျော် သေဆုံးခဲ့ပြီး၊ အဆောက်အဦးတော်တော်များများ ပျက်ဆီးခဲ့တဲ့၂၀၁၄ ခုနှစ် အစ္စရေးရဲ့ ကျူးကျော်တိုက်ခိုက်မှုအပြီးမှာ ဂါဇာပြည်သူ ၁.၈ သန်းလောက်ဟာ အဲဒီ အခြေအနေဆိုးထဲက ရုန်းထွက်ဖို့ ရုန်းကန်နေရပါတယ်။

    ဒါ့ကြောင့် ဂါဇာ ပြန်လည်တည်ဆောက်ရေး၊ ကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပံ့ပိုးကူညီဖို့ကိုလည်း မာလ်ဒီနော့ဗ်က နိုင်ငံတကာက အလှူရှင်တွေကို တိုက်တွန်းခဲ့ပါတယ်။

    Ref: Presstv

  • ဘာကာတိုက်စစ်မှူး မက်ဆီကို အခွန်ရှောင်မှုဖြင့် စပိန်တရားရုံးက ဆင့်ခေါ်

    ဘာကာတိုက်စစ်မှူး မက်ဆီကို အခွန်ရှောင်မှုဖြင့် စပိန်တရားရုံးက ဆင့်ခေါ်

    မေ ၂၇၊ ၂၀၁၆
    M-Media

    messi

    – အခွန်ရှောင်မှုကိစ္စ တရားစွဲဆိုမှုတွင် လျှောက်လဲချက်ပေးရန်အတွက် ဇွန်လ ၂ ရက်နေ့တွင် လာရောက်ရန် စပိန်တရားရုံးက ဘာစီလိုနာတိုက်စစ်မှူး မက်ဆီအား ဆင့်ခေါ်ထားသည်ဟု သိရသည်။

    မက်ဆီနှင့် ၎င်း၏ ဖခင်တို့မှာ ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အကြား ယူရို ၄.၁ သန်းတန်ဖိုးရှိ အခွန်ရှောင်မှုကိစ္စ စွဲချက် ၃ ခုဖြင့် တရားစွဲဆိုခြင်း ခံထားရပြီး ထိုအတွက် ကြားနာမှုကို မေလ ၃၁ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်သည်။

    ထိုအခွန်ရှောင်မှုကိစ္စတွင် မက်ဆီ၏ ဖခင်ဖြစ်သူ ဂျော့ မက်ဆီတွင် လုံးဝ တာဝန်ရှိသောကြောင့် မက်ဆီကို တရားစွဲဆိုမှုမှ ကင်းလွတ်ခွင့်ပေးရန် ရှေ့နေများက လျှောက်လဲခဲ့ကြသော်လည်း ပြည်နယ်တရားရုံးက ထိုအကြံပြုချက်ကို ပယ်ချကာ ၎င်းတို့ သားအဖ နှစ်ဦးစလုံးကို တရားရုံးသို့ ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။

    ဖွန်လ ၅ ရက်နေ့တွင် အမေရိကန်၌ ကိုပါအမေရိကဖလား ဘောလုံးပြိုင်ပွဲကို စတင်မည်ဖြစ်ပြီး အာဂျင်တီးနားအသင်းမှာ ၆ ရက်နေ့တွင် ချီလီအသင်းနှင့် အဖွင့်ပွဲ စတင်ကစားရမည်ဖြစ်သည်။ အာဂျင်တီးနားနည်းပြ မာတီနိုကမူ ၎င်း၏အသင်းတွင် မက်ဆီပါဝင်မည်ဟု စောစောပိုင်းက ပြောကြားထားသည်။

    Ref: Goal

  • ရင်သားကင်ဆာရောဂါ ကုသရာတွင် အကျိုးရှိမည့် နည်းလမ်းသစ်တစ်ခု တွေ့ရှိ

    ရင်သားကင်ဆာရောဂါ ကုသရာတွင် အကျိုးရှိမည့် နည်းလမ်းသစ်တစ်ခု တွေ့ရှိ

    မေ ၂၇၊ ၂၀၁၆
    M-Media

    cancer

    – အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ်ရှိ Duke ကင်ဆာအသင်းက ကြွက်တွေနဲ့ပြုလုပ်တဲ့ လေ့လာမှုတစ်ခုအတွင်း ရင်သားကင်ဆာဆဲလ်တွေ ရိုးတွင်းခြင်ဆီထဲ ၀င်ရောက်ပုံးကွယ်နေခြင်းကို အောင်မြင်စွာ တားဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

    ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးတော်တော်များများ ခံစားရလေ့ရှိတဲ့ အဲဒီကင်ဆာရောဂါဟာ သိရှိမှုစောမယ်ဆိုရင် ပျောက်ကင်းအောင်ကုသနိုင်ပေမယ့် နောက်ပိုင်း နှစ်အတော်ကြာတဲ့အချိန် အရိုးထဲမှာပုန်းနေတဲ့ ကင်ဆာဆဲလ်တွေဟာ ပြန်လည် ပေါ်ထွက်လာတတ်တာကြောင့် ကုသမှုမှာ အခက်အခဲတွေ့ရှိရတဲ့ ရောဂါမျိုး ဖြစ်ပါတယ်။

    သေဆုံးမှုများတဲ့ အဲဒီကင်ဆာဆဲလ်ဟာ ရင်သားအပြင် အခြားအစိတ်အပိုင်းတွေမှာလည်း နေထိုင်နိုင်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ရင်သားကင်ဆာကို ကုသနေစဉ်အတွင်းမှာ ကင်ဆာဆဲလ်တွေဟာ အကာအကွယ်ယူတဲ့အနေနဲ့ ရိုးတွင်းခြင်ဆီထဲ ၀င်ရောက်ဖို့အသုံးပြုတဲ့ အချက်အခြာကျတဲ့ မော်လီကျူးသင်္ကေတတစ်ခုကို တွေ့ရှိခဲ့ပါတယ်။

    ဒါကြောင့် နှစ်အတော်ကြာ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး ရိုးတွင်းခြင်ဆီထဲဝင်ရောက်လာတဲ့ ကင်ဆာဆဲလ်တွေကို တားဆီးနိုင်မယ့်အပြင် အရိုးထဲမှာရှိနေတဲ့ ဆဲလ်တွေကို သွေးကြောမကြီးထဲ မောင်းထုတ်ပြီး အပြတ်ရှင်းပစ်နိုင်မယ့်နည်းလမ်းတစ်ခုကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။

    လတ်တလောမှာတော့ ကြွက်တွေမှာပဲ စမ်းသပ်ရသေးပေမယ့် မကြာခင်မှာတော့ လူသားအတွက်လည်း မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရဲ့မှတ်တမ်းအရ ရင်သားကင်ဆာဟာ ကမ္ဘာ့အဖြစ်များဆုံး ကင်ဆာရောဂါတစ်မျိုးဖြစ်ပြီး ၂၀၁၂ အတွင်းမှာပဲ အမျိုးသမီး ၅၂၁၀၀၀ ကို သေဆုံးစေခဲ့တယ်လို့ သိရပါတယ်။

    Ref: IINA

  • FA ပြန်ကန်ပွဲစဉ်များ ပယ်ဖျက်မှုကို အင်္ဂလန်နည်းပြ ချီးကျူး

    FA ပြန်ကန်ပွဲစဉ်များ ပယ်ဖျက်မှုကို အင်္ဂလန်နည်းပြ ချီးကျူး

    မေ ၂၇၊ ၂၀၁၆
    M-Media

    england 1

    – FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှ စ၍ ပြန်ကန်ပွဲစဉ်များအား အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ပယ်ဖျက်ခဲ့မှုအတွက် လက်ရွေးစင်အသင်းနည်းပြ ရွိုင် ဟဒ်ဆန်က ချီးကျူးလိုက်ပြီး ဆောင်းရာသီ အနားပေးမှု အလားအလာအတွက် ပထမခြေလှမ်းဖြစ်သည်ဟု ပြောကြားလိုက်သည်။

    ဘွန်ဒစ်လီဂါအပါအ၀င် အခြားသော ဥရောပလိဂ်များက ဆောင်းရာသီ အနားရချိန်တွင် ပရီးမီးလိဂ်အသင်းများမှာ ပြိုင်ပွဲများကို အဆက်မပြတ် ယှဉ်ပြိုင်နေရပြီး ထိုအတွက် ကစားသမားများနှင့် နည်းပြများက ဝေဖန်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြသည်။

    FA ကမူ FA ဖလား နောက်ဆုံး ၈ သင်းအဆင့်မှစ၍ ပြန်ကန်ပွဲစဉ်များကို ကစားရတာ့မည်မဟုတ်ဟု ယမန်နေ့တွင် ကြေငြာခဲ့သည်။

    “ဒါဟာ ဆောင်းရာသီအနားပေးမှု ဖြစ်နိုင်ချေအတွက် ဆောင်ရွက်လိုက်တာပါပဲ။ အဲဒီအနားပေးမှုဟာ တစ်ခြားမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ စိတ်တွေ လန်းဆန်းစေဖို့ပါ။ ဒီလိုဆောင်ရွက်မှုဟာ အပြုသဘောဆောင်တဲ့ ဆောင်ရွက်မှု ဖြစ်တယ်ဆိုတာ သံသယမရှိပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဒီပြန်ကန်ပွဲစဉ်တွေဟာ ကျွန်တော်တို့ ဆောင်းရာသီအနားမရအောင် ပိတ်ဆို့ထားတဲ့ အရာတွေထဲ တစ်ခု ဖြစ်လို့ပါပဲ” ဟု အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဟဒ်ဆန်က ပြောကြားခဲ့သည်။

    အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA မှာ ပြည်တွင်းလိဂ်ပြိုင်ပွဲများအတွက် ဆောင်းရာသီ အနာပေးရန် ကိစ္စကိုလည်း ဆွေးနွေးနေသည်ဟု သိရသည်။

    Ref: Goal