မေ ၁၆၊ ၂၀၁၆
M-Media
– အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လမှာ ဥပုသ်သီလဆောက်တည်သလို အစာရေစာကို အချိန်အတိုင်းအတာတစ်ခုအထိ ရှောင်ကျဉ်ခြင်းက လူခန္ဓာကိုယ်အပေါ်မှာ ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုရှိပြီး အထူးသဖြင့် တစ်ကမ္ဘာလုံးမှာ အဖြစ်များလေ့ရှိတဲ့ အသည်းအဆီဖုံးရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ ဂျာမန်သိပ္ပံပညာရှင်တွေ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ တွေ့ရှိခဲ့ရပါတယ်။
အဲဒီ လေ့လာမှုကို Helmholtz Zentrum München သုတေသနဌာနမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ခဏတာ အစာရေစာဖြတ်တောက်ထားခြင်းက အသည်းရဲ့ဇီဝရုပ်ဖြစ်စဉ်ကို ထိန်းညှိပေးတဲ့ ပရိုတိန်းတစ်ချို့ထွက်ရှိစေကြာင်း တွေ့ရှိခဲ့တာဖြစ်ကာ လေ့လာမှုရလဒ်ကိုတော့ EMBO Molecular Medicine ဆိုတဲ့ ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။
“ဥပုသ်စောင့်ထိန်းခြင်းက ကျွန်တော်တို့ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုအပေါ် ဘယ်လို လွှမ်းမိုးနိုင်စွမ်း ရှိလဲဆိုတာကို နားလည်လာတဲ့အခါ ဒီအကျိုးသက်ရောက်မှုကို ရောဂါကုထုံးဆိုင်ရာ လုပ်ငန်းတွေမှာ အကျိုးရှိရှိ အသုံးချနိုင်မှာ ဖြစ်ပါတယ်” လို့ ဌာနရဲ့ ဂျာမန်ကင်ဆာသုတေသနစင်တာမှာ တာဝန်ယူထားတဲ့ ဒေါက်တာ အဒမ် ဂျေ ရို့စ်က ပြောကြားခဲ့ပါတယ်။
မကြာခင်က ပြုလုပ်ခဲ့တဲ့ အဲဒီလေ့လာမှုမှာ သိပ္ပံပညာရှင်တွေဟာ ဥပုသ်စောင့်ခြင်းကြောင့် အသည်းမှာရှိတဲ့ ဆဲလ်တွေရဲ့ မျိုးရိုးဗီဇဆိုင်ရာလှုပ်ရှားမှု ခြားနားချက်ဖြစ်ပေါ်လာတာကို ဖော်ထုတ်နိုင်ခဲ့တာပါ။ ဆာလောင်မှုပြင်းထန်လာလေ အသည်းမှာ GADD45β ဆိုတဲ့ ပရိုတိန်းမော်လီကျူးများများ ပိုထွက်လာလေဖြစ်ပြီး ယင်းမော်လီကျူးဟာ DNA ပျက်စီးခြင်းနဲ့ ဆဲလ်သံသရာစက်ဝန်း ပျက်စီးခြင်းကို ပြန်လည်ပြုပြင်ပေးတယ်လို့လည်း တွေ့ရှိခဲ့ပါတယ်။
GADD45β ဟာ အသည်းမှာ အဆီကို စုပ်ယူမှုလုပ်ငန်းစဉ်ကို ထိန်းချုပ်ပေးတဲ့ တာဝန်ကိုလည်း ထမ်းဆောင်ပြီး ဒီမော်လီကျူးတွေ နည်းလာပြီဆိုရင်တော့ အသည်းမှာ အဆီဖုံးမှု ပိုမိုများပြားလာစေပါတယ်။ ဥပုသ်စောင့်ခြင်းဟာ GADD45β ပရိုတင်းကို ပိုမိုထွက်ရှိစေတာကြောင့် အသည်းအဆီဖုံးရောဂါဖြစ်ပွားမှု အန္တရာယ်ကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
Ref: IINA


Leave a Reply
You must be logged in to post a comment.