မေ ၁၆၊ ၂၀၁၆
M-Media
– ဘိုကိုဟာရမ်အဖွဲ့ရဲ့ ခြိမ်းခြောက်မှုတွေနဲ့ပက်သက်ပြီး အာဖရိကဒေသတွင်းနဲ့ အနောက်နိုင်ငံတွေက ခေါင်းဆောင်တွေဟာ နိုင်ဂျီးရီးယားနိုင်ငံ မြို့တော်အဘူဂျာမှာ စနေနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဒီအကြမ်းဖက်အဖွဲ့ကို ချဒ်ရေကန်ကြီး ပတ်ဝန်းကျင်ကနေ မောင်းထုတ်ပစ်ရမယ်လို့ သဘောတူညီခဲ့ကြပါတယ်။
ဒါပေမယ့် အဲဒီ အကြမ်းဖက်အုပ်စုကို မောင်းထုတ်ဖို့ ဘဏ္ဍာရေးအကူအညီနဲ့ စစ်ရေးအကူအညီတွေ များများပေးဖို့နဲ့ ဒီအဖွဲ့ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ဆိုးဆိုးဝါးဝါးခံစားနေရတဲ့ သူတွေကို ကူညီပေးဖို့လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့ပါတယ်။
ပြင်သစ်သမ္မတ ဖရန်စစ္စကို အော်လွန်းကတော့ ဘိုကိုဟာရမ်အဖွဲ့အပေါ် အကြီးစားစစ်ရေးအောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် ခြိမ်းခြောက်မှုတွေတော့ ရှိနေဆဲလို့ ဒီဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
ဆွေးနွေးပွဲအဆုံးမှာတော့ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဲဒီကြေငြာချက်မှာ ဘိုကိုဟရမ်အဖွဲ့ကို နှိမ်နှင်းဖို့ဟာ စစ်ရေးဆိုင်ရာ တစ်ခုတည်းအပေါ်မှာ မူတည်နေတာမဟုတ်ဘဲ အခြေခံအကြောင်းအရင်းတွေကို ဖြေရှင်းဖို့ အစိုးရရဲ့ အားထုတ်ကြိုးပမ်းမှုတွေ ပိုမို လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။
ဘိုကိုဟာရမ်ကြောင့် ၂၀၀၉ ခုနှစ်ကတည်းက အနောက်အာဖရိကတစ်ဝှမ်းမှာ လူပေါင်း ၂၀၀၀၀ လောက် သေဆုံးခဲ့ပြီး ၂.၆ သန်းဟာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ဒီအဖွဲ့ကိုတိုက်ထုတ်ဖို့ နိုက်ဂျီးရီးယားနဲ့ အိမ်နီးချင်းနိုင်ငံတွေက တပ်ဖွဲ့ဝင် ၈၅၀၀ လောက်ချထားဖို့ အစီအစဉ်ဟာ နှောင့်နှေးကြန့်ကြာနေပြီး ဒီကိစ္စကိုလည်း အဘူဂျာအစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။
Ref: IINA
Leave a Reply
You must be logged in to post a comment.