News @ M-Media

Author: Ko Lay

  • လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေ ဆိုးရွားလာတဲ့ အီရတ်

    လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေ ဆိုးရွားလာတဲ့ အီရတ်

    မေ ၁၂၊ ၂၀၁၆
    M-Media

    iraq

    – နိုင်ငံအနောက်ပိုင်း မြို့များဖြစ်သည့် ဖာလူဂျာနှင့် ရာမာဒီတို့ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများမှာ အလွန်အမင်း စိုးရိမ်နေရသည်ဟု အီရတ်ပြည်သူများနှင့် အာဏာပိုင်များက ပြောကြားခဲ့သည်။

    “အခြေအနေက နေ့တိုင်း ဆိုးရွားနေပါတယ်။ အစားအသောက်ပြတ်လပ်မှုကလည်း ပိုဆိုးလာပါတယ်။ IS တိုက်ခိုက်ရေးသမားတွေက မြို့ထဲ (ဖာလူဂျာ) ကိုဝင်လာမယ့် အကူအညီအားလုံးကို ပိတ်ထားပါတယ်” ဟု အန်ဘာရ်ပြည်နယ် လုံခြုံရေးကော်မတီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ရာဂျာဟ် ဘရကသ်က ပြောကြားခဲ့သည်။

    ဖာလူဂျာမြို့မှာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလက IS လက်သို့ ပထမဆုံး ကျရောက်ခဲ့သည့် မြို့ဖြစ်ပြီး ထိုအချိန်မှာစ၍ ၂ နှစ်တာ ကြာမြင့်သည့် အခုအချိန်အထိ ၀န်းရံပိတ်ဆို့မှုကို ခံစားနေရသည်။

    အီရတ်စစ်တပ်က မြို့အား လုံးဝနီးနီး ပိတ်ဆို့ထားပြီး IS အဖွဲ့ကတော့ မြို့တွင်းမှလူများကို လုံးဝ ထွက်ခွင့်မပေး။ ၀င်ထွက်သွားလာနိုင်သည့် လမ်းကြောင်းအနည်းငယ်သာရှိပြီး စားနပ်ရိက္ခာပြတ်လပ်မှု၊ ဆေးဝါးနှင့် လောင်စာဆီ ပြတ်လပ်မှုတို့ကို ပြည်သူများက ဆိုးဆိုးရွားရွား ခံစားနေရသည်။

    ဖာလူဂျာတွင် နေထိုင်သူ ၅၀၀၀၀ နီးပါးမှာ အငတ်ဘေးနှင့် ရင်ဆိုင်ရနိုင်သည့်အန္တရာယ် ရှိနေလေသည်။

    အီရတ်နိုင်ငံတွင် ကြုံတွေ့နေရသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာမှာ ကမ္ဘာပေါ်တွင် “အဆိုးရွားဆုံးထဲမှ တစ်ခု” ဟု ကုလသမဂ္ဂမှ မကြာသေးမီက ကြေငြာခဲ့သည်။ နိုင်ငံလူဦးရေ၏ ၃ ပုံ ၁ ပုံဖြစ်သော လူ ၁၀ သန်းမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီကို ချက်ချင်းလိုအပ်နေပြီး ပြီးခဲ့သည့်နှစ်တွင် ထိုအရေအတွက်က ၂ ဆ ဖြစ်လာခဲ့သည်။

    ကုလသမဂ္ဂဆိုင်ရာ အီရတ်သံအမတ် ဂျန် ကူဘစ်က ကုလ လုံခြုံရေးကောင်စီသို့ တင်သွင်းသည့် အစီရင်ခံစာ၌ လာမည့်လများအတွင်း အီရတ်ပြည်သူ နောက်ထပ် ၂ သန်းမှာ အစုလိုက်အပြုံလိုက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရမည့် အလားအလာရှိနေသည်ဟု သတိပေးထားသည်။ စိုးရိမ်စရာ အခြေအနေသို့ ရောက်ရှိနေသည့် ဖာလူဂျာရှိ ပြည်သူများအား အကူအညီများပေးပို့ရန်လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ၎င်းက တောင်းဆိုခဲ့သည်။

    “အထူးသဖြင့် IS ရဲ့ ထိန်းချုပ်မှုအောက်မှာရှိပြီး ၀န်းရံ ပိတ်ဆို့ခံထားရတဲ့ ဖာလူဂျာမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေအတွက် ကုလက အလွန်အမင်း စိုးရိမ်သောက ဖြစ်မိပါတယ်။ အစားအသောက်ဈေးတွေက ခေါင်ခိုက်နေပြီး ဆိုင်တွေ၊ အိမ်တွေမှာ ပစ္စည်းတွေကလည်း ပြတ်နေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ဝေးလံခေါင်ဖျားဒေသ စားနပ်ရိက္ခာဖူလှုံရေး စောင့်ကြည့်အဖွဲ့ရဲ့ ပြောကြားမှုအရ သိရပါတယ်” ဟု ကူဘစ်က ပြောကြားခဲ့သည်။

    IS ကို ဆန့်ကျင်တိုက်ခိုက်သည့် စစ်ပွဲကြောင့် လူပေါင်း ၂.၄ သန်းကျော် ပြည်တွင်း၌ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အများစုမှာ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု၊ ရေ၊ အ၀တ်အစားတို့ မရရှိသည့် ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသည်ဟု ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် ဖော်ဝါရီက ရာမာဒီမြို့အား အီရတ်စစ်တပ်နှင့် အမေရိကန်ဦးဆောင်သည့် မဟာမိတ်အဖွဲ့တို့က အပြည့်အ၀ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် ထိုမြို့တွင်လည်း အကူအညီများစွာ လိုအပ်လျက်ရှိနေသည်။ မြို့တွင်းရှိ နေအိမ်အများစုမှာ ဖျက်ဆီးခံခဲ့ရသည်ဟု မြို့ခံများက ပြောကြားခဲ့သည်။

    သို့သော်လည်း ရာမာဒီရှိ အခြေအနေက ဖာလူဂျာထက်ပို၍ စီမံခန့်ခွဲနိုင်သည့် အခြေအနမျိုးဖြစ်သည်ဟု ဒေသခံပြည်သူများက ဆိုသည်။ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၊ ဆေးဘက်ဆိုင်ရာ အဆောက်အုံးများ မရှိမှုနှင့် မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်းအန္တရာယ်များအတွက် စိုးရိမ်ပူပန်ရမှုများတော့ ရှိနေသေးသည်။

    “ကျွန်တော်တို့ သန့်ရှင်းတဲ့ သောက်သုံးရေ မရပါဘူး။ တစ်ကယ်တော့ ရေကို လုံးဝ မရတာပါ။ စစ်တပ်က မြို့ကို ပြန်သိမ်း ပြီးပြီးချင်းပဲ ကျွန်တော်တို့ ကိုယ့်အိမ်ကိုယ် ပြန်သွားကြပါတယ်။ ရာမာဒီကို ပြန်ဖို့ ကျွန်တော်တို့ အများကြီး မစောင့်နိုင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အိုးအိမ်စွန့်ခွာပြီး၊ ဒုက္ခသည်စခန်းတွေမှာ နေရတဲ့ဘ၀ကို မလိုချင်တော့လို့ပါ” ဟု ရာမာဒီမြို့ခံတစ်ဦးဖြစ်သော ဖာလာဟ် ခါလီဖာက ပြောကြားခဲ့သည်။

    အခြားမြို့ခံတစ်ဦးဖြစ်သူ မိုဟာမက် ဖာရာဂျက်တော့ အခြေအနေဆိုးရွားမှုအတွက် အီရတ်အစိုးရကို အပြစ်တင်ခဲ့ပြီး အစိုးရမှာ ပြည်သူများပြန်လာကာ အခြေကျရန်အတွက် လုံလုံလောက်လောက် ကူညီခြင်းမရှိဟု ပြောကြားခဲ့သည်။

    IS အဖွဲ့အား ရာမာဒီမြို့မှ မောင်းထုတ်သည့်အချိန်တွင် မြေမြှုပ်မိုင်းများ၊ မပေါက်ကွဲသေးသော လက်နက်ခဲယမ်းများစွာ ကျန်ရစ်ခဲ့ပြီး ထိုအတွက် ပြည်သူများက အလွန်အမင်း စိုးရိမ်သောက ရောက်နေကြသည်။

    “မြို့ထဲက မပေါက်ကွဲသေးတဲ့ လက်နက်ခဲယမ်းတွေကြောင့် အခုအချိန်အထိ စစ်သားနဲ့ ပြည်သူ့စစ် ၁၅၀ လောက် အသက်ဆုံးရှုံးခဲ့ရပါတယ်” ဟု ရာမာဒီမြို့တော်ဝန် အီဘရာဟ်မ် အလ်-အောင်ဆဂ်ျက ပြောကြားခဲ့သည်။

    မကြာသေးမီက ထွက်ပေါ်လာသည့် အစီရင်ခံစာအရ ရာမာဒီမြို့တွင်း ပျက်ဆီးမှုမှာ တုန်လှုပ်ဖွယ်ရာဖြစ်ပြီး IS က ထိန်းချုပ်ထားသည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ ၂၀၁၅ ခုနှစ် မေလအတွင်း အဆောက်အဦး ၃၀၀၀ ကျော်နှင့် လမ်းပေါင်း ၄၀၀ ကျော် ပျက်ဆီးခဲ့လေသည်။

    IS က ထိန်းချုပ်ထားသည့် ဒေသများအတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားသည့် နေရာပေါင်း ၅၀ ကျော် တွေ့ရှိခဲ့သည်ဟု ကုလ၏ ထုတ်ပြန်ချက်အရ သိရသည်။ ရာမာဒီတစ်ခုတည်းတွင်ပင် လူပေါင်း ၄၀ အထိ မြှုပ်နှံထားသောနေရာ ၃ ခုကို ဘောလုံးကွင်းတစ်ခုအတွင်း တွေ့ရှိခဲ့ရသည်။

    ကုလ၏ ထုတ်ပြန်ချက်တွင် IS က နိုင်ငံရှိ ပိုင်နက်အများအပြားကို စတင်သိမ်းယူနိုင်ခဲ့သည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလကတည်းက အီရတ်ပြည်သူ ၂.၆ သန်းမှာ နိုင်ငံအား စွန့်ခွာထွက်ပြေးခဲ့ရသည်ဟု ဖော်ပြထားသည်။

    ၂၀၀၃ ခုနှစ်တွင် အမေရိကန်က ကျူးကျော်တိုက်ခိုက်မှုနောက်ပိုင်း ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း ဂိုဏ်းဂန တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသော အီရတ်ပြည်သူအရေအတွက်မှာ ၁ သန်းကျော် ရှိနေသည်။

    အမေရိကန်ဦးဆောင်သည့် မဟာမိတ်များ၏ လေကြောင်းတိုက်ခိုက်မှု၊ အကြံပေးများဖြင့် ကျားကန်ထားသော အီရတ်အစိုးရ တပ်ဖွဲ့များမှာ IS လက်ထဲမှ နယ်မြေအချို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်။ သို့သော်လည်း နိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်းရှိ နယ်မြေများကိုမူ IS အဖွဲ့က ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သည်။

    (Al Jazeera မှ Iraq humanitarian crisis ‘one of the world’s worst’ ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

  • ကမ္ဘာတစ်ဝှမ်း လာဘ်ပေးလာဘ်ယူမှုပမာဏမှာ နှစ်စဉ် ကန်ဒေါ်လာ ၂ ထရီလီယံနီးပါးရှိနေ

    ကမ္ဘာတစ်ဝှမ်း လာဘ်ပေးလာဘ်ယူမှုပမာဏမှာ နှစ်စဉ် ကန်ဒေါ်လာ ၂ ထရီလီယံနီးပါးရှိနေ

    မေ ၁၂၊ ၂၀၁၆
    M-Media

    – ကမ္ဘာတစ်ဝှမ်းတွင် လာဘ်ငွေအဖြစ် နှစ်စဉ် အပေးအယူပြုလုပ်နေသည့် တန်ဖိုးမှာ ကန်ဒေါ်လာ ၁.၅ ထရီလီယံမှ ၂ ထရီလီယံအထိ ရှိနေသည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ၏ ဥက္ကဌ ခရစ္စတိုင်း လာဂါဒီက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    အဆိုပါပမာဏမှာ ကမ္ဘာ့စီးပွားရေးတွင် သုံးစွဲနေသည့် ငွေကြေးပမာဏ၏ ၂ ရာခိုင်နှုန်း ရှိနေပြီး လာဂါဒီကမူ မကြာသေးမီက ပြုလုပ်ခဲ့သော IMF ၏ သုတေသနကို ကိုးကား၍ ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ လာဘ်ပေးမှုပမာဏမှာ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် နှစ်စဉ်အပေးအယူပြုလုပ်နေသည့် စုစုပေါင်းကို ခန်မှန်းတွက်ချက်ထားခြင်း ဖြစ်သည်။

    လာဂါဒီကမူ ထိုကဲ့သို့ လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်းမှာ အစိုးရအပေါ် ယုံကြည်မှု ပျက်ပြားစေပြီး ပြည်သူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တကို ပျက်ဆီးစေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အကျင့်ပျက်ခြစားမှုကြောင့် စီးပွားရေးကို တိုက်ရိုက်ထိခိုက်မှုမှာ ထင်သာမြင်သာရှိသော်လည်း သွယ်ဝိုက်ထိခိုက်မှုမှာ ပိုမိုကြီးမားဆိုးရွားကာ တိုးတက်မှု နှေးကွေးခြင်းနှင့် ၀င်ငွေမညီမျှမှု ကြီးမားခြင်းတို့ ဖြစ်စေနိုင်သည်ဟုလည်း သူမက သတိပေးခဲ့သည်။

    Ref: IINA

  • ယခုလအတွင်း အော်ရီဒူးက 4G ကွန်ယက်ကို မိတ်ဆက်သွားမည်

    ယခုလအတွင်း အော်ရီဒူးက 4G ကွန်ယက်ကို မိတ်ဆက်သွားမည်

    မေ ၁၂၊ ၂၀၁၆
    M-Media

    orredo

    – မြန်မာနိုင်ငံရှိ တယ်လီဖုန်းအော်ပရေတာ တစ်ခုဖြစ်သော အော်ရီဒူးမှာ ယခုလအတွင်း 4G ကွန်ယက်ကို စတင်မိတ်ဆက်ပေးသွားရန် ရှိနေပြီး နိုင်ငံအတွင်း 4G ကွန်ယက် ၀န်ဆောင်မှုပေးသော ပထမဆုံး အော်ပရေတာ ဖြစ်လာမည်ဖြစ်သည်။

    သုံးစွဲသူများအား ပိုမိုမြန်ဆန်သော အင်တာနက်မြန်နှုန်းကို ရရှိစေနိုင်မည့် အဆိုပါ 4G ကွန်ယက်စနစ် မိတ်ဆက်မည့် နေ့ရက်အတိအကျကို ထုတ်ပြန်ခြင်းမရှိသေးဘဲ ကနဦးပိုင်းတွင် ရန်ကုန်နှင့် မန္တလေးတို့တွင်သာ ရရှိမည်ဖြစ်သည်။

    အော်ရီဒူး၏ လက်ရှိ ဆင်းကဒ်များမှာ 4G ကွန်ယက်နှင့် အဆင်ပြေသောကြောင့် သုံးစွဲသူများမှာ ဆင်းကဒ်အသစ် လဲစရာမလိုဘဲ အင်တာနက်အသုံးပြုနိုင်မည့် ဈေးနှုန်းများမှာလည်း ယခင် 3G ကွန်ယက်တွင် သတ်မှတ်ပေးထားသည့် Package ၃ မျိုးအတိုင်း သွားမည်ဟု အော်ရီဒူးက ယခုတစ်ပတ်အတွင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

    Ref: yangon-coconut

  • ၂၀၁၅ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်း စစ်ဘေးကြောင့် အိုးအိမ်စွန့်ခွာရသူ သန်း ၄၀ ရှိ

    ၂၀၁၅ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်း စစ်ဘေးကြောင့် အိုးအိမ်စွန့်ခွာရသူ သန်း ၄၀ ရှိ

    မေ ၁၂၊ ၂၀၁၆
    M-Media

    displaced

    – ကမ္ဘာတစ်ဝှမ်းလုံးမှာ စစ်ဘေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်းမှာ ၄၀.၈ သန်း ရှိခဲ့တယ်လို့ ဂျီနီဗာအခြေစိုက် အိုးအိမ်စွန့်ခွာထွက်ပြေးရသူများ စောင့်ကြည့်အဖွဲ့ IDMC က ယမန်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    “ဒါဟာ မှတ်တမ်းဝင်သမျှထဲက အများဆုံး အရေအတွက်ပြီး ကမ္ဘာတစ်ဝှမ်း ဒုက္ခသည်အရေအတွက်ရဲ့ ၂ ဆ လောက် ရှိနေပါတယ်” လို့ အစီရင်ခံစာရေးသားမှုမှာ ပါဝင်ခဲ့တဲ့ နော်ဝေဒုက္ခသည်ကောင်စီ (NRC) ဥက္ကဌ ဂျန်အီဂျီလန်က ပြောပါတယ်။

    ၂၀၁၅ ခုနှစ်အတွင်းမှာ စစ်ပွဲကြောင့် ပြည်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူအရေအတွက်ဟာ ၈.၆ သန်း ရှိခဲ့ပြီး အဲဒီအထဲမှာ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကက ၄.၈ သန်း ပါဝင်ပါတယ်။

    “အိမ်ယာစွန့်ခွာမှုတွေဟာ ၂၀၁၀ခုနှစ်က အာရပ်နွေဦးတော်လှန်ရေးနဲ့ IS အဖွဲ့ ပေါ်ထွန်းလာပြီးနောက် အဆမတန် များပြားလာခဲ့ပါတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    အရှေ့အလယ်ပိုင်းက မဟုတ်ဘဲ အိမ်ယာစွန့်ခွာရသူအရေအတွက် အများဆုံးနိုင်ငံတွေက အာဖဂန်နစ္စတန်၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ကိုလံဘီယာနိုင်ငံ၊ ကွန်ဂိုသမ္မတနိုင်ငံ၊ နိုင်ဂျီရီးယား၊ တောင်ဆူဒန်နဲ့ ယူကရိန်းတို့ပဲ ဖြစ်ပါတယ်။

    Ref; IINA

  • တန်းဆင်းသွားရသည့်အတွက် ပရိတ်သတ်များကို နယူးကာဆယ် တောင်းပန်

    တန်းဆင်းသွားရသည့်အတွက် ပရိတ်သတ်များကို နယူးကာဆယ် တောင်းပန်

    မေ ၁၂၊ ၂၀၁၆
    M-Media

    new

    – နယူးကာဆယ်အသင်း၏ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ လီ ချန်လေက အသင်း တန်းဆင်းသွားရခြင်းအတွက် ပရိတ်သတ်များကို တောင်းပန်လိုက်သည်။

    ယနေ့မနက်က ဆန်းဒါးလန်းအသင်းမှာ အဲဗာတန်အား ၃ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီးနောက် နယူးကာဆယ်မှာ နော်ဝစ်ခ်ျ၊ အက်စတွန်ဗီလာတို့နှင့်အတူ တန်းဆင်းသွားရပြီဖြစ်သည်။ ထို့ကြောင့် နည်းပြ ဘင်နီတက်ဇ်၏ အနာဂတ်မှာလည်း မရေရာမသေချာ ဖြစ်လာခဲ့သည်။

    ချန်လေကမူ အသင်းတန်းဆင်းသွားရသည့်အတွက် ကြေကွဲဝမ်းနည်းရသည်ဟု ဆိုသည်။

    “ဒီညမှာတော့ အသင်း ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားရတဲ့အတွက် ကျွန်တော်တို့ ကြေကွဲဝမ်နည်းရပါတယ်။ ဒီအသင်းနဲ့ သက်ဆိုင်သူအားလုံးလည်း ဒီလိုပဲခံစားရမယ်ဆိုတာ ကျွန်တော်သိပါတယ်။ စိတ်ပျက်စရာ၊ အောင်မြင်မှုနဲ့ ဝေးကွာနေတာတွေရှိနေပေမယ့် အသင်းကို အားပေးခဲ့ကြတဲ့ ပရိတ်သတ်တွေအားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ပရိတ်သတ်တွေနဲ့ ထိုက်တန်တဲ့ ရလဒ်မျိုး ရယူမပေးနိုင်တဲ့အတွက် ‘အနူးအညွတ် တောင်းပန်ပါတယ်’ ဆိုတာကလွဲလို့ ကျွန်တော်တို့မှာ ပြောစရာစကား မရှိပါဘူး” ဟု ချန်လေက ပရိတ်သတ်များအား တောင်းပန်ခဲ့သည်။

    Ref : Goal