News @ M-Media

Author: Ko Lay

  • ဘာသာပေါင်းစုံ ချစ်ကြည်ရေး အတွက် ကမ္ဘာတစ်ဝှမ်းမှ လှုပ်ရှားသူများကို ဂျော်ဒန် ဘုရင်က ရွေးချယ်ကာ ဆုချီးမြှင့်

    ဘာသာပေါင်းစုံ ချစ်ကြည်ရေး အတွက် ကမ္ဘာတစ်ဝှမ်းမှ လှုပ်ရှားသူများကို ဂျော်ဒန် ဘုရင်က ရွေးချယ်ကာ ဆုချီးမြှင့်

    ဧပြီ ၂၀၊ ၂၀၁၆
    M-Media

    jordan

    – ၂၀၁၆ ခုနှစ် ကမ္ဘာ့ဘာသာပေါင်းစုံညီညွတ်ရေးသီတင်းပတ် (WIHW) အတွင်း လှုပ်ရှားမှုတွေမှာ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့သူတွေကို ဂျော်ဒန်ဘုရင် အဘ်ဒူလာက ရွေးချယ်ပြီး ဂုဏ်ပြုဆုချီးမြှင့်တဲ့အခမ်းအနားကို အလ်ဟူစိန်နီယာနန်းတော်မှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တယ်လို့ သိရပါတယ်။

    အဲဒီလို ဆုရွေးချယ်ချီးမြှင့်မယ့် အစီအစဉ်ဟာ ၆၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဂျော်ဒန်ဘုရင်က စတင်ခဲ့တဲ့ စီမံကိန်းတစ်ခုနဲ့ ဆက်နွယ်နေပြီး၊ နိုင်ငံတကာမှာ အမျိုးမျိုးသော လှုပ်ရှားဆောင်ရွက်မှုတွေ ပြုလုပ်ကာ ဘာသာပေါင်းစုံလူ့အဖွဲ့အစည်းတွေအကြား နားလည်မှု၊ အသိပညာတိုးပွားမှု ပြန့်နှံ့အောင် ရည်ရွယ်တာဖြစ်ပါတယ်။

    ဘာသာပေါင်းစုံညီညွတ်ရေး သီတင်းပတ်မှာ ပြုလုပ်ခဲ့တဲ့ တစ်ဦးချင်းလှုပ်ရှားမှုအတွက် ပထမဆုကိုတော့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ယူရီကာမြို့ စိန့်အင်နိုးဆန့်အော်သိုဒေါ့ ခရစ်ယာန်ဘုရားကျောင်းတော်က ဘုန်းတော်ကြီး လောရင့် ကလီနီဝါ့က်က ရရှိခဲ့တာဖြစ်ပြီး ဆုရရှိသူများကိုယ်စား ဘုန်းတော်ကြီးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

    အဖွဲ့လိုက်မှာတော့ အနောက်အာဖရိက က ဂမ်ဘီယာနိုင်ငံမှာ အခြေစိုက်တဲ့ Euclid တက္ကသိုလ်က ရရှိခဲ့ပါတယ်။ အဲဒီတက္ကသိုလ်ဟာ ဗဟိုအာဖရိက၊ အီသီယိုးပီးယား၊ ဂမ်ဘီယာ၊ ထရီနီဒတ်နှင့် တိုဘာဂို၊ အမေရိကန် စတဲ့နိုင်ငံတွေမှာ ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးမှုတွေကို ပြုလုပ်ပေးနေတာဖြစ်ပါတယ်။

    ဒုတိယဆုကိုတော့ အဖွဲ့ပေါင်း ၂၃ ဖွဲ့နဲ့ လူထောင်ပေါင်းများစွာပါဝင်ကာ တက်ကြွလှုပ်ရှားမှုပေါင်း ၂၀ ကျော် ဆောင်ရွက်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံက မနီလာမြို့က Uni-Harmony Partners အဖွဲ့က ရရှိခဲ့ပါတယ်။

    ကနေဒါအခြေစိုက် Interfaith Harmony Halifax အဖွဲ့က တတိယဆုကို ရရှိခဲ့ပြီး ဒီအဖွဲ့ဟာ ဟာလီဖက်စ်မြို့မှာ ကြော်ငြာတွေကနေတဆင့် ဘာသာပေါင်းစုံ အသိပညာတိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ အပြန်အလှန် ရင်းနှီးမှုရရှိရေး အချက်အလက်မျှဝေတာမျိုးတွေကို လုပ်ဆောင်ခဲ့တာကြောင့် ဘုရင်အဘ်ဒူလာက ချီးမြှင့်တဲ့ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

    ဒီဆုကို ဂျော်ဒန် အစ္စလာမ့်အတွေးအခေါ်ဆိုင်ရာ တက္ကသိုလ်တစ်ခုဖြစ်တဲ့ Royal Aal al-Bayt က ချီးမြှင့်တာဖြစ်ပြီး ဘာသာပေါင်းစုံ ချစ်ကျည်ညီညွတ်ရေးကို အထောက်အကူဖြစ်စေတဲ့ လှုပ်ရှားမှု ဒါမှမဟုတ် စာအုပ်စာတမ်းထုတ်ဝေမှု ၃ ခုကို ရွေးချယ်ချီးမြှင့်တာ ဖြစ်ပါတယ်။

    Ref: IINA

  • ဖလား ၃ လုံးအိပ်မက် ရှင်သန်လာမှုအတွက် ဘိုင်ယန်နည်းပြ ကျေနပ်နေ

    ဖလား ၃ လုံးအိပ်မက် ရှင်သန်လာမှုအတွက် ဘိုင်ယန်နည်းပြ ကျေနပ်နေ

    ဧပြီ ၂၀၊ ၂၀၁၆
    M-Media

    uga

    – ပြည်တွင်းရှုံးထွက်ဖလား DFB-Pockal တွင် နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီး ဖလား ၃ လုံးအိပ်မက် ရှင်သန်လာခဲ့သည့်အတွက် မိမိအနေဖြင့် ကျေနပ်မိသည်ဟု ဘိုင်ယန်နည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် ၀ါဒါဘရီမင်နှင့် ဆီမီးဖိုင်နယ်ပွဲတွင် ဘိုင်ယန်မှာ ၂ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဘိုင်ယန်မှာ ဘွန်ဒစ်လီဂါတွင် ရာသီပြီးဆုံးရန် ၄ ပွဲသာလိုတော့သည့်အချိန် ဒုတိယနေရာမှ ဒေါ့မွန်အား ၇ မှတ်ဖြတ်ထားကာ လက်ကျန် ၂ ပွဲ အနိုင်ရရုံဖြင့် ချန်ပီယံဖြစ်မည်ဖြစ်သည်။

    ထို့ပြင် ချန်ပီယံလိဂ်တွင်လည်း ဆီမီးဖိုင်နယ်သို့ ရောက်ရှိနေပြီး ဖလား ၃ လုံးအိပ်မက်နှင့် လက်တစ်ကမ်းအကွာတွင် ရှိနေသည်။

    “တကယ့်ကို ကျေနပ်ပါတယ်ဗျာ။ ဘာလင်က (ရှုံထွက်ဖလား) ဖိုင်နယ်ပွဲဟာ ကြီးကျယ်တဲ့ပွဲ ဖြစ်လာမှာပါ။ ဘရီမင်က မိုချန်ဂလာဘတ်ခ်ျနဲ့ လေဗာကူဆင်တို့ကို အနိုင်ယူခဲ့ပါတယ်။ သူရသတ္တိနဲ့ ပြည်စုံတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ရမယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ်” ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ဂွါဒီယိုလာမှာ ရာသီကုန်တွင် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့မည်ဟု ကြေငြာထားသူဖြစ်သည်။

    Ref: Goal

  • ဂျေရုစလင်ရှိ အလ်-အက်ဆွာကို ပါလက်စတိုင်းပိုင်အဖြစ် ယူနက်စကိုက အသိအမှတ်ပြု

    ဂျေရုစလင်ရှိ အလ်-အက်ဆွာကို ပါလက်စတိုင်းပိုင်အဖြစ် ယူနက်စကိုက အသိအမှတ်ပြု

    ဧပြီ ၂၀၊ ၂၀၁၆
    M-Media

    al aqsa

    – ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ချုပ် (UNESCO) က ဂျေရုစလင်မှာ အစ္စရေးက ထိန်းချုပ်ထားတဲ့ သမိုင်းဝင်ဗလီဝတ်ကျောင်းတော်အတွက် အစ္စရေးအသုံးအနှုန်းဖြစ်တဲ့ Temple Mount စကားလုံးကို ပယ်ချခဲ့ပြီး “အလ်-အက်ဆွာဗလီဝတ်ကျောင်းတော်” ဆိုတဲ့ အာရဗီစကားလုံးကိုသာ သုံးစွဲဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

    အစ္စလာမ်ဘာသာရဲ့တတိယအမြင့်မြတ်ဆုံး သာသနိကအဆောက်အအုံတစ်ခုဖြစ်တဲ့ အလ်-အက်ဆွာ ဒါမှမဟုတ် အလ်ဟရာမ်အလ်ရှရီးဖ် ဗလီဝတ်ကျောင်းတော်ကို အာရဗီအမည်နဲ့သာခေါ်ဝေါ်ဖို့ ပြီးခဲ့တဲ့တစ်ပတ်က မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံသူ ၃၃ ယောက်၊ ကန့်ကွက်သူ ၆ ယောက်နဲ့ မဲမပေးသူ ၁၇ ယောက် ရှိခဲ့ပါတယ်။

    ယူနက်စကိုက ထုတ်ပြန်တဲ့ အဲဒီဆုံးဖြတ်ချက်တစ်ခုလုံးမှာ အစ္စရေးကို “ကျူးကျော်သိမ်းပိုက်သူ” အဖြစ် တောက်လျှောက် သုံးနှုန်းသွားခဲ့ပြီး၊ အလ်-အက်ဆွာဗလီအတွက် အစ္စရေးအသုံးအနှုန်း Temple Mount ကို လုံးဝမသုံးခဲ့ဘဲ အာရဗီစကားလုံး အလ်အက်ဆွာလို့သာ ရည်ညွှန်းသုံးစွဲခဲ့ပါတယ်။

    အဲဒီဝန်းကျင်က ပလာဇာတစ်ခုကိုလည်း အစ္စရေးအသုံးဖြစ်တဲ့ အနောက်တံတိုင်းပလာဇာ (Western Wall Plaza) ဆိုတဲ့စကားရပ်အစား အာရဗီစကားလုံးဖြစ်တဲ့ အလ်-ဘိုရာက်ပလာဇာ လို့သာ သုံးနှုန်းခေါ်ဝေါ်ခဲ့ပါတယ်။

    နောက်ပြီး ပါလက်စတိုင်းပိုက်နက်ထဲက မွတ်စလင်သုဿာန်တွေထဲမှာ ဂျူးအုတ်ဂူအတုတွေကို အစ္စရေးက ဖန်းတီးထားတာ အစ္စလာမ့်ရေးရာ နေရာတွေနဲ့ ဘိုင်ဇန်တိုင်းလက်ထက်က နေရာတွေကို ဂျူရိုးရာရေချိုးခန်းတွေ၊ ဂျူးဝတ်ပြုခန်းတွေအဖြစ် ပြောင်းလဲပစ်ထားကိုလည်း ယူနက်စကိုရဲ့ အဲဒီဆုံးဖြတ်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

    ဒါတင်မက မွတ်စလင်တွေရဲ့ နေ့ထူးနေ့မြတ်တွေမှာ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို ၀င်ရောက် ၀တ်ပြုခွင့်ကို အစ္စရေးက ကန့်သတ်ထားတာနဲ့ပတ်သက်ပြီးတော့လည်း ယူနက်စကိုက ရှုတ်ချခဲ့ပါတယ်။

    ယူနက်စကိုရဲ့ ပါလက်စတိုင်းဆိုင်ရာ အမျိုးသားရေးကော်မရှင် အတွင်းရေးမှူးချုပ် မူရက်ဒ် အလ်-ဆူဒါနီက ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာကျင့်သုံးရေး အစ္စရေးကို ဖိအားပေးဖို့ အာရပ်နိုင်ငံတွေကိုရော၊ ကုလသမဂ္ဂကိုပါ တိုက်တွန်းပြောကြားခဲ့ပါတယ်။

    Ref : IINA

  • အရှေ့တောင်အာရှမှ မှောင်ခို ငါးဖမ်းလုပ်ငန်းများနှင့် ကျွန်ပြုခံလုပ်သားများအကြောင်း ဖော်ထုတ်မှုအတွက် AP သတင်းဌာန ပူလစ်ဇာဆု ရရှိ

    အရှေ့တောင်အာရှမှ မှောင်ခို ငါးဖမ်းလုပ်ငန်းများနှင့် ကျွန်ပြုခံလုပ်သားများအကြောင်း ဖော်ထုတ်မှုအတွက် AP သတင်းဌာန ပူလစ်ဇာဆု ရရှိ

    ဧပြီ ၁၉၊ ၂၀၁၆
    M-Media

    ap
    AP သတင်းဌာန၏ ဖော်ထုတ်မှုကြောင့် ကျွန်ပြုခံဘ၀မှ လွတ်မြောက်လာသူ မြန်မာနိုင်ငံသားတစ်ဦး မိခင်နှင့် ပြန်လည်တွေ့ဆုံနေစဉ်

    – ဂျယ်နယ်လစ်ဇင်နယ်ပယ်တွင် ဂုဏ်သိက္ခာကြီးမားသည့် ဆုတစ်ခုဖြစ်သော ပူလစ်ဇာဆုကို AP သတင်းဌာနက ရရှိခဲ့သည်ဟု သိရသည်။

    ဆုရရှိသူကို ယနေ့တွင် ကြေငြာခဲ့ခြင်းဖြစ်ပြီး AP သတင်းဌာနက အရှေ့တောင်အာရှ ငါးဖမ်းလုပ်ငန်းတွင် မသမာမှုများ၊ ကျွန်ပြုလုပ်သားများအကြောင်း စုံစမ်းဖော်ထုတ်ခဲ့မှုအတွက် ထိုဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

    AP ဂျာနယ်လစ်များဖြစ်သော အက်စ်သာ ထူးစံ၊ မာဂီ မာဆန်၊ ရိုဘင် မက်ဒိုဝဲလ်နှင့် မာသာ မန်ဒိုဇာ၏ ထိုကဲ့သို့ ဖော်ထုတ်မှုကြောင့် မြန်မာနိုင်ငံသားများအပါအ၀င် ကျွန်ပြုခံလုပ်သား ၂၀၀၀ ကျော် လွတ်မြောက်ခဲ့ပြီး တာဝန်ရှိသူ တစ်ဒါဇင်ခန့်ကို ဖမ်းဆီးရမိခဲ့သည်။

    ထို့ပြင် ကန်ဒေါ်လာ သန်းချီတန်ဖိုးရှိ မှောင်ခိုငါးဖမ်းနေသာ စက်လှေများစွာကိုလည်း သိမ်းဆည်းနိုင်ခဲ့ပြီး၊ အမေရိကန်ကလည်း နိုင်ငံအတွင်းရှိ အစားအစာလုပ်ငန်းများအား ကုန်ကြမ်းထောက်ပံ့ပေးမှုအတွင်း ပိုမို ထင်သာမြင်သာရှိစေရေး ဆောင်ရွက်ရန် ဥပဒေတစ်ခုကို ပြဌာန်းခဲ့သည်။

    “AP ဂျာနယ်လစ်တွေဟာ အခြားသူတွေကို လွတ်မြောက်စေတဲ့ ရည်မှန်းချက်နှစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ သူတို့ဟာ ကျွန်းပြုခံနေရသူတွေကို ဖော်ထုတ်နိုင်ခဲ့ပြီး၊ ငါးဖမ်းလုပ်ငန်းတွေကို တိုင်းကြားနိုင်ခဲ့ကာ ပြဿနာတွေကို ပြေလည်စေခဲ့ပါတယ်။ ပြီးတော့ သူတို့ဟာ ကျွန်ပြုခံလုပ်သားတွေ ဖမ်းဆီးပေးတဲ့ ငါးတွေကို ၀ယ်ယူနေတဲ့ လုပ်ငန်းတွေနဲ့ သိုလှောင်ရုံတွေကို ကွင်းဆက်လိုက်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် အဲဒီကုမ္ပဏီတွေက သူတို့မှာ အပြစ်မရှိဘူးလို့ ငြင်းလို့ မရတော့ပါဘူး” ဟု AP သတင်းဌာန၏ ဒုတိယဥက္ကဌနှင့် အမှုဆောင်ဒါရိုက်တာဖြစ်သူ ကက်သလင်း ကားရိုးလ်က ပြောကြားခဲ့သည်။

    Ref: AP

  • ပရဟိတလုပ်ငန်းများ၌ အချိန်ပေးရန် အစ္စလာမ့်မစ် ကူညီကယ်ဆယ်ရေးအဖွဲ့က လူငယ်များကို တိုက်တွန်း

    ပရဟိတလုပ်ငန်းများ၌ အချိန်ပေးရန် အစ္စလာမ့်မစ် ကူညီကယ်ဆယ်ရေးအဖွဲ့က လူငယ်များကို တိုက်တွန်း

    ဧပြီ ၁၉၊ ၂၀၁၆
    M-Media

    iiro

    – လူငယ်တွေအနေနဲ့ လူ့အဖွဲ့အစည်းကို အလုပ်အကျွေးပြုဖို့အတွက် အားထုတ်ကြိုးပမ်း လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ နိုင်ငံတကာ အစ္စလာမ့်မစ် ကူညီကယ်ဆယ်ရေးအဖွဲ့ချုပ် (IIRO) ရဲ့ အတွင်းရေးမှူးချုပ် အဟ်ဆန် ဘင် ဆွာလေ တွိုင်ယစ်ဘ်က ပြောကြားခဲ့ပြီး လူသားချင်းစာနာမှုလုပ်ငန်းတွေမှာ ကန့်သတ်ထားမှုတွေ မရှိဘူးလို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်အတွင်း မက္ကာမြို့ ကုန်သည်ကြီးများအသင်းက ပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုမှာ တွိုင်ယစ်ဘ်က ဒီလို ပြောကြားလိုက်တာဖြစ်ပြီး ၎င်းရဲ့အတွေ့အကြုံနဲ့ လူငယ်စွန့်ဦးတီထွင်သူတွေ၊ စီးပွားရေးသမားတွေ၊ အလှူအတန်းရက်ရောလှတဲ့ သူဌေးကြီးတွေနဲ့ ထင်ရှားတဲ့ အမျိုးသမီးတွေအကြောင်းလည်း သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    နောက်ပြီး မိမိအနေနဲ့ လူသားချင်းစာနာမှုလုပ်ငန်းတွေဆိုတာ ကန့်သတ်ချက်မရှိဘဲ လူတိုင်းပါဝင်ဆောင်ရွက်သင့်တယ်လို့ ယုံကြည်ထားကြောင်း၊ လူမှုရေးလုပ်ငန်းတွေကို အစိုးရရဲ့ ကြိုးနစ်စနစ်တွေကလည်း လွှမ်းမိုးနိုင်စရာမရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “အနည်းငယ်သော အကူအညီတွေဟာ လူ့အဖွဲ့အစည်းမှာ ကောင်းမွန်တဲ့ တိုးတက်ပြောင်းလဲမှု ဖော်ဆောင်နိုင်ဖို့ ကူညီပေးပါတယ်” လို့ တွိုင်ယစ်က ပြောကြားခဲ့ပါတယ်။

    နောက်ပြီး လူငယ်တွေအနေနဲ့ ပရဟိတလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ကြဖို့လည်း သူက ထည့်သွင်းတိုက်တွန်းခဲ့ပါတယ်။

    Ref: IINA