News @ M-Media

Author: Ko Lay

  • အသင်းတန်းမဆင်းအောင် မိမိတို့ ဆောင်ရွက်နိုင်မည်ဟု နယူးကာဆယ်ကွင်းလယ်လူ ပြော

    အသင်းတန်းမဆင်းအောင် မိမိတို့ ဆောင်ရွက်နိုင်မည်ဟု နယူးကာဆယ်ကွင်းလယ်လူ ပြော

    ဧပြီ ၁၉၊ ၂၀၁၆
    M-Media

    new

    – မိမိတို့အသင်းမှာ တန်းမဆင်းရအောင် ကြိုးစားနိုင်လိမ့်မည်ဟု နည်းပြဘင်နီတက်ဇ်နှင့် ကစားသမားအားလုံးက ယုံကြည်နေသည်ဟု နယူးကာဆယ် ကွင်းလယ်လူ မူဆာ ဆစ်ဆိုကိုက ပြောကြားလိုက်သည်။

    တန်းဆင်းဇုန်ထဲရောက်နေသည့် နယူးကာဆယ်မှာ ယခုတစ်ပတ်တွက် ဆွမ်ဆီးအသင်းအား ၃ ဂိုး ပြတ်ဖြင့် အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်တွင်တင်ကျန်ရေး မျှော်လင့်ချက်မှာ ရှင်သန်လာခဲ့သည်။ နယူးကာဆယ်မှာ လက်ကျန်ပွဲများကို မန်စီးတီး၊ လီဗာပူးလ်၊ ခရစ္စတယ်ပဲလေ့စ်၊ အက်စတွန်ဗီလာနှင့် စပါးတို့ဖြင့် ကစားရမည်ဖြစ်သောကြောင့် တန်းဆင်းဇုန်အတွင်းရှိ အခြားအသင်းများထက်ပို၍ ပွဲကြပ်နေသည်။

    သို့သော်လည်း ဆစ်ဆိုကိုကမူ နည်းပြဘင်နီတက်ဇ်က အသင်းတန်းမဆင်းရရေး မျှော်လင့်ချက်အသစ်ကို ဆောင်ကျဉ်းလာခဲ့သည်ဟု ဆိုသည်။

    “ယုံကြည်ချက် ပြန်ရနေပါပြီ။ ကျွန်တော်တို့ တန်းဆင်းဇုန်က လွတ်နိုင်မှာပါ။ တကယ်လို့ မန်စီးတီးကိုနိုင်ရင် နော်ဝစ်ခ်ျနဲ့ ကျွန်တော်တို့ အမှတ်တူသွားပါပြီ။ လွယ်တော့ မလွယ်ဘူးပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်တို့ ရေကုန်ရေခန်း ကစားသွားရမှာပါ။ ကျွန်တော်တို့ လုပ်နိုင်စွမ်းရှိတဲ့အတွက်ကြောင့် ယုံကြည်ချက်လည်း ရှိရပါလိမ့်မယ်။ အရင်ကလည်း အသင်းကြီးတွေကို ကျွန်တော်တို့ နိုင်ဖူးတယ်။ ဒီရာသီမှာလည်း လီဗာပူးလ်နဲ့ စပါးတို့ကို ကျွန်တော်တို့ နိုင်ထားပါတယ်” ဟု န ဆစ်ဆိုကိုက ပြောကြားခဲ့သည်။

    Ref: Goal

  • အမေရိကန်ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးကို FBI က ဂုဏ်ပြုဆုပေးအပ်

    အမေရိကန်ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးကို FBI က ဂုဏ်ပြုဆုပေးအပ်

    ဧပြီ ၁၉၊ ၂၀၁၆
    M-Media

    Sterling mosque

    – အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်မြောက်ပိုင်း စတာလင်မြို့က ဗလီဝတ်ကျောင်းတော်တစ်ခုကို အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေးဗျူရို FBI က “လူ့အဖွဲ့အစည်း ခေါင်းဆောင်မှုဆု” ကို ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

    All Dulles Area Muslim Society (ADAMS) ဗလီဝတ်ကျောင်းတော်ကို သောကြာနေ့က ချီးမြှင့်ခဲ့တာဖြစ်ပြီး တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းနဲ့ မွတ်စလင်လူအဖွဲ့အစည်းတို့ကြား ရင်းနှီးမှုတည်ဆောက်ရေး ထိထိရောက်ရောက် ကြိုးပမ်းအားထုတ်ခဲ့တာကြောင့်ဖြစ်ပါတယ်။

    အင်တာနက်ကနေတစ်ဆင့် လူငယ်တွေကို အစွန်းရောက်အတွေးအခေါ်တွေနဲ့ စည်းရုံးနေတာကို တားဆီးရေး၊ အကြမ်းဖက်ဝါဒကို တန်ပြန်တွန်းလှန်ရေး စတဲ့ဦးတည်ချက်နဲ့ အဲဒီဗလီဝတ်ကျောင်းတော်နဲ့ ရှေ့ဆောင်အီမာမ်ဖြစ်သူမိုဟာမက် မာဂျစ်တို့ဟာ စီမံကိန်းအမြောက်အများကို ဖော်ဆောင်နိုင်ခဲ့ပြီး၊ ဥပဒေစိုးမိုးရေး အဖွဲ့က အကြီးတန်းအရာရှိတွေနဲ့ ဗလီထဲမှာပဲ လူထုတွေ့ဆုံမှုပုံစံတစ်ခုကိုလည်း ကျင်းပခဲ့ပါတယ်။

    “ADAMS ဗလီဝတ်ကျောင်းတော်ဟာ နှစ်ပေါင်းများစွာတိုင်အောင် ကျွန်တော်တို့ FBI၊ ဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့အတူ ဒေသခံအသိုင်းအ၀ိုင်းရဲ့ စိုးရိမ်ပူပန်နေရတဲ့ကိစ္စတွေနဲ့ သူတို့ရဲ့အမြင်တွေကို မျှဝေနိုင်အောင် မမောနိုင်မပန်းနိုင် လက်တွဲအလုပ်လုပ်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့နိုင်ငံသားတွေ လုံခြုံဘေးကင်းစေဖို့ အကောင်းဆုံးတာဝန်ကျေပွန်တဲ့အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုတုန့်ပြန်လိုက်တာဖြစ်ပါတယ်” လို့ FBI လက်ထောက်ညွှန်ကြားရေးမှူး ပေါလ် အမ် အက်ဘိတ်က ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့ပန်းတိုင်က လူ့အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုအကြားမှာ ယုံကြည်မှုတည်ဆောက်နိုင်ဖို့ပါပဲ။ ကျွန်တော်တို့အတူတကွပူးပေါင်းပြီး ပြည်သူလူထုကို ဥပေဒစိုးမိုးရေးအကြောင်း၊ အကြမ်းဖက်ဝါဒနဲ့ အမုန်းရာဇ၀တ်မှုတွေကို ကာကွယ်ဖို့အကြောင်း ပညာပေးလုပ်ငန်းတွေ ဆက်လုပ်သွားပါမယ်။ ဒါမှသာ ကျွန်တော်တို့ မိသားစုဝင်တွေနဲ့ အဖွဲ့အစည်းတွေအတွက် လုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်တစ်ခု တည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်”

    Ref: IINA

  • ၃ ပွဲဆက်အရှုံးနဲ့ ချန်ပီယံဖြစ်ရေး ဖိအားဝင်လာတဲ့ ဘာကာ

    ၃ ပွဲဆက်အရှုံးနဲ့ ချန်ပီယံဖြစ်ရေး ဖိအားဝင်လာတဲ့ ဘာကာ

    ဧပြီ ၁၉၊ ၂၀၁၆
    M-Media

    laliga

    – ဒီတစ်ပတ်လာလီဂါမှာတော့ ဘာစီလိုနာက ၃ ပွဲဆက်အရှုံးကို ကြုံတွေ့ခဲ့ရပြီး ချန်ပီယံဖြစ်ရေး အိမ်မက်တွေ မှေးမှိန်လာခဲ့ရပါတယ်။

    ရီးယဲလ်နဲ့ ဆိုစီဒက်တို့ကို ၂ ပွဲဆက် ရှုံးထားတာ၊ ချန်ပီယံလိဂ်မှာ အက်သလက်တီကိုကိုရှုံးပြီး ထွက်ခဲ့ရတာတွေကြောင့် ဘာစီလိုနာဟာ အိမ်ကွင်းမှာ ပွဲအစကတည်းက ဖွင့်ကစားခဲ့ပြီး ဗလင်စီယာဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် တစ်ကယ်တမ်းဂိုးရသွားတာကတော့ ဧည့်သည်အသင်းဖြစ်ပြီး ၂၆ မိနစ်မှာ ရာကီတစ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းရဲ့ နောက်ဆုံးမိနစ်တွေမှာ ဘာစီလိုနာဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့တဲ့ ဗလင်စီယာ ဒုတိယဂိုး ထပ်ရခဲ့ပြီး ဆန်တီမီနာက သွင်းယူပေးခဲ့တာပါ။

    ဒုတိယပိုင်းမှာလည်း တောက်လျှောက်ဖိအားပေးကစားခဲ့တဲ့ ဘာကာတို့ ၆၃ မိနစ်မှာ မက်ဆီရဲ့ ၁ ဂိုးသာ ရခဲ့တဲ့အတွက် အိမ်ကွင်းမှာ အရှုံးနဲ့ရင်ဆိုင်ခဲ့ရပြီး လာလီဂါချန်ပီယံဖြစ်ရေး အခွင့်အလမ်းက မရေရာ ဖြစ်လာခဲ့ရပါပြီ။

    ဒုတိယနေရာက အက်သလက်တီကိုကတော့ တန်းဆင်းဇုန်နားရှိနေတဲ့ ဂရာနာဒါကို ၃ ဂိုးပြတ်နဲ့အနိုင်ယူပြီး ဘာကာနဲ့ အမှတ်တူ ဂိုးကွာခြားချက်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ ရီးယဲလ်ကလည်း အဝေးကွင်းမှာ အောက်ဆုံးက ဂီတာဖေးကို ၅ ဂိုး ၁ ဂိုးနဲ့ နိုင်အောင်ကစားနိုင်ခဲ့လို့ ထိပ်ဆုံး ၂ သင်းနဲ့ ၁ မှတ်သာ ကွာတော့ကာ ချန်ပီယံဖြစ်ရေး မျှော်လင့်လာနိုင်ပြီဖြစ်ပါတယ်။

    laliga 2ဒီတစ်ပတ် လာလီဂါ ပွဲစဉ် ၃၃ ရလဒ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    လီဗန်တေး ၂-၁ အက်စပန်ညို
    ဂီတာဖေး ၁-၅ ရီးယဲလ်
    လက်စ်ပါးလ်မက်စ် ၁-၁ စပို့တင်းဂီဂျွန်
    အိုက်ဘာ ၂-၁ ရီးယဲလ်ဆိုစီဒက်
    ဆဲလ်တာဗီဂို ၁-၁ ရီးယဲလ်ဘက်တစ်
    မာလာဂါ ၀-၁ ဘီဘာလ်အို
    ဆီဗီးလား ၁-၁ ဒီပို့တီဗို
    အက်သလက်တီကို ၃-၀ မာလာဂါ
    ဗယ်လက်ကာနို ၂-၁ ဗီလာရီးယဲလ်
    ဘာစီလိုနာ ၁-၂ ဗလင်စီယာ

  • တောင်းတင်းသည့်စစ်အင်အားက အီရန်ကို လုံခြုံစေသည်ဟု သမ္မတ ရူဟာနီ ပြော

    တောင်းတင်းသည့်စစ်အင်အားက အီရန်ကို လုံခြုံစေသည်ဟု သမ္မတ ရူဟာနီ ပြော

    ဧပြီ ၁၈၊ ၂၀၁၆
    M-Media

    iran 11

    – အီရန်သမ္မတ ရူဟာနီက တောင့်တင်းတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဟာ အီရန်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား၊ ပထ၀ီဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာနဲ့ ယဉ်ကျေးမှုဆိုင်ရာ စည်းတွေကို လုံခြုံအောင် ကာကွယ်စောင့်ရှောက်မှုပေးနေတယ်လို့ မနေ့က တီဟီရန်မြို့မှာ ကျင်းပခဲ့တဲ့ အီရန်ရဲ့ တပ်မတော်နေ့ အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။

    “နိုင်ငံရဲ့ တောင့်တင်းတဲ့ စစ်အင်အားကြောင့် ဒေသတွင်းမှာ သိပ်အစွမ်းထက်လှပါတယ်ဆိုပြီး စိတ်ကြီးဝင်နေတဲ့ နိုင်ငံတွေနဲ့ သူတို့ရဲ့ အပေါင်းအပါတွေက အီရန်အပေါ် မျက်စောင်းတောင်မထိုးရဲပါဘူး”

    နောက်ပြီး ဒေသအတွင်းမှာ အီရန်ဟာ တည်ငြိမ်အေးချမ်းနေတာကလည်း အဲဒီ စစ်အင်အားကြောင့်ဖြစ်ကြောင်း၊ အီရန်နိုင်ငံရဲ့ စွမ်းပကားတွေဟာ ကာကွယ်ရေးရည်ရွယ်ချက်အတွက်သာ ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ မွတ်စလင်ကမ္ဘာက နိုင်ငံတွေကို ဘယ်တော့မှ ပစ်မှတ်ထားမှာမဟုတ်ကြောင်း ရူဟာနီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    အီရန်နိုင်ငံဟာ အမျိုးသားအကျိုးစီးပွားတွေကို ထိန်းသိမ်းကာကွယ်ဖို့ သံတမန်နည်းလည်းနဲ့လည်း လုပ်ဆောင်နေပြီး၊ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ နျူကလီးယားညှိနှိုင်းမှုတွေ ဆွေးနွေးစဉ်အတွင်းမှာလည်း အီရန်သံတမန်တွေဟာ နိုင်ငံရဲ့စစ်အင်အား ကောင်းမွန်တိုးတက်အောင် ရည်ရွယ်ခဲ့တယ်လို့ ဆိုပါတယ်။

    ယမန်နေ့က ကျရောက်တဲ့ အီရန်တပ်မတော်နေ့အခမ်းအနားကို နိုင်ငံ့ဦးသျှောင်ကြီးတစ်ဦး ဖြစ်ခဲ့တဲ့ အီမာမ်ခိုမေနီရဲ့ ရုပ်ကလပ်မြှုပ်နှံထားရာ ပရဝုဏ်အတွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး၊ နိုင်ငံရဲ့ နောက်ဆုံးထုတ်လုပ်ထားတဲ့ လက်နက်တွေကိုလည်း ပြသခဲ့ပါတယ်။

    Ref: Presstv

  • ဖာဂူဆန်ကဲ့သို့ နည်းပြမျိုး နှစ် ၁၀၀ တွင် တစ်ယောက်မရှိဟု ဟာနန်ဒက်ဇ်ပြော

    ဖာဂူဆန်ကဲ့သို့ နည်းပြမျိုး နှစ် ၁၀၀ တွင် တစ်ယောက်မရှိဟု ဟာနန်ဒက်ဇ်ပြော

    ဧပြီ ၁၈၊ ၂၀၁၆
    M-Media

    harnendaz

    – မန်ချက်စတာယူနိုက်တက်အသင်းမှာ ဖာဂူဆန်၏နေရာကို အစားထိုးနိုင်မည့် နည်းပြမျိုးကို လာမည့်နှစ် ၁၀၀ အတွင်း ရှာမတွေ့နိုင်ဟု တိုက်စစ်မှူးဟောင်း ဂျာဗီယာ ဟာနန်ဒက်ဇ်က ပြောကြားလိုက်သည်။

    လက်ရှိတွင် မန်ယူမှာ အဆင့် ၄ နေရာနှင့် ၅ မှတ်အကွာ အဆင့် ၅ နေရာတွင် ရှိနေပြီး နည်းပြဗန်ဂါးလ်၏ အနာဂတ်မှာလည်း မရေရာတော့ဟု သတင်းများထွက်ပေါ်နေသည်။ ဗန်ဂါးလ်နေရာကို အစားထိုးရန် ရွိုင်ယန်ဂစ်နှင့် မော်ရင်ဟိုတို့က တစ်ပြေးနေသည်။

    ဖာဂူဆန်ထွက်သွားပြီးနောက်ပိုင်း မန်ယူသို့ ရောက်ရှိလာခဲ့သည့် နည်းပြ မိုယက်စ်နှင့် ဗန်ဂါးလ်တို့မှာ ဖာဂူဆန်၏ ခြေရာကို နင်းနိုင်ခြင်း မရှိပေ။

    “ရိုးရိုးသားသားပြောရရင် ဗန်ဂါးလ်ဟာ နည်းပြကောင်းတစ်ယောက်ပါ။ ကမ္ဘာပေါ်က နည်းပြတွေလိုမျိုး သူ့မှာ ကိုယ်ပိုင် နည်းစနစ်တွေ ရှိပါတယ်။ ဖာဂူဆန်လို ပုဂ္ဂိုလ်မျိုးကို နောက်ထပ် နှစ် ၅၀၊ ၁၀၀ လောက်နေရင်လည်း ရှာတွေ့မှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ သူဟာ တစ်မူထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ ဗန်ဂါးလ်က လုပ်နိုင်စွမ်းရှိသူတစ်ယောက်ပါ။ ဒါပေမယ့် ဘောလုံးမှာ အချိန်နဲ့ရလဒ်တွေက စကားပြောပါတယ်” ဟု ဟာနန်ဒက်ဇ်က ပြောကြားခဲ့သည်။

    ဟာနန်ဒက်ဇ်မှာ ယခုနှစ်ဘောလုံးရာသီအစက မန်ယူမှ လေဗာကူဆင်သို့ ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်။

    Ref: Goal