News @ M-Media
Author: Ko Lay
  • ယခုနှစ် ပထမ ၃ လပတ်အတွင်း အာဖဂန်တွင် တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရပ်သား ၆၀၀ ခန့်ရှိ
    ယခုနှစ် ပထမ ၃ လပတ်အတွင်း အာဖဂန်တွင် တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရပ်သား ၆၀၀ ခန့်ရှိ
    ဧပြီ ၁၈၊ ၂၀၁၆
    M-Meida
    afghan 3
    – ကုလသမဂ္ဂက နောက်ဆုံးအကြိမ်ထုတ်ပြန်လိုက်တဲ့ စာရင်းဇယားတွေအရ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တာလီဘန်စစ်သွေးကြွတွေအကြား တိုက်ခိုက်မှုတွေ ရှိနေသေးတဲ့ အာဖဂန်နစ္စတန်မှာ ယခုနှစ် ပထမသုံးလအတွင်း အကြမ်းဖက်မှုနဲ့ တိုက်ခိုက်မှုတွေမှုတွေကြောင့် အရပ်သား ၆၀၀ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
    အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂ အကူအညီပေးရေးကိုယ်စားလှယ်အဖွဲ့ (UNAMA) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၆ ဇန်န၀ါရီလ ၁ ရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့အထိ စုစုပေါင်း အာဖဂန်ပြည်သူ ၆၀၀ အသက်ဆုံးရှုံးခဲ့ရပြီး ၁၃၄၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
    မနှစ်က ဒီအချိန်ထက်စာရင် သေဆုံးမှုနှုန်း ၁၃ ရာခိုင်နှုန်းလောက် လျော့ကျခဲ့ပေမယ့် ဒဏ်ရာရရှိတဲ့နှုန်းကတော့ ၁၁ ရာခိုင်နှုန်း ပိုတိုးလာပါတယ်။ သေဆုံးသူ ကလေးငယ်ပေါင်း ၁၆၁ ယောက်နဲ့ ဒဏ်ရာရရှိသူ ၄၄၉ ယောက်ရှိတဲ့အတွက် အသက်ဆုံးရှုံးခဲ့တဲ့ အရပ်သားသုံးပုံတစ်ပုံခန့်ဟာ ကလေးငယ်တွေဖြစ်တယ်လို့ UNAMA က ထပ်လောင်းပြောကြားခဲ့ပါတယ်။
    “တကယ်လို့သာ ဖောက်ခွဲရေးလက်နက်တွေနဲ့တိုက်ခိုက်မှုတွေ အထူးသဖြင့် စက်သေနတ်တွေနဲ့ဗုံးထောင်မှုတွေဟာ စာသင်ကျောင်းတွေ၊ ကစားကွင်းတွေ၊ လူနေအိမ်တွေနဲ့ အသင်းအဖွဲ့တွေနားမှာပဲ ဆက်ဖြစ်နေအုံးမယ်ဆိုရင်တော့ ကလေးငယ်တွေရဲ့ သေဆုံးထိခိုက်ဒဏ်ရာရမှုအရေအတွက်တွေဟာ ဆက်လက်မြင့်မားနေအုံးမှာပါပဲ” လို့ UNAMA ရဲ့ လူ့အခွင့်အရေးဒါရိုက်တာဖြစ်သူ ဒန်နီယယ်ဘဲလ်က တနင်္ဂနွေနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
    Ref : Press tv
  • အမှတ်ပေးချန်ပီယံဖြစ်ပါက ကစားသမားတိုင်းကို ရုပ်ထုလုပ် ဂုဏ်ပြုရမည်ဟု စပါးနည်းပြပြော
    အမှတ်ပေးချန်ပီယံဖြစ်ပါက ကစားသမားတိုင်းကို ရုပ်ထုလုပ် ဂုဏ်ပြုရမည်ဟု စပါးနည်းပြပြော
    ဧပြီ ၁၈၊ ၂၀၁၆
    M-Media
    spur 2
    – စပါးအသင်းအနေဖြင့် ပရီးမီးယားလိဂ်ဖလားကို ရရှိပါက အသင်းသားများအား ရုပ်တုလုပ်၍ ဂုဏ်ပြုရမည်ဟု နည်းပြ ပိုချက်တီနိုက ပြောကြားလိုက်သည်။
    ထိပ်ဆုံးမှ လက်စတာမှာ ယမန်နေ့က ၀က်စ်ဟမ်းအား သရေကျသွားခဲ့သောကြာင့် ဒုတိယနေရာမှ စပါးနှင့် ၈ မှတ် ကွာဟနေပြီး ယနေ့ညတွင် ကစားမည့် စတုတ်စီးတီးအသင်းနှင့်ပွဲတွင် စပါးအနိုင်ရပါက အမှတ်ကွာဟမှုကို ၅ မှတ်အထိ လျှော့ချနိုင်မည်ဖြစ်သည်။
    ထို့ကြောင့် စပါးအသင်း၏ ပရီးမီးယားလိဂ် ဗိုလ်စွဲရေး မျှော်လင့်ချက်မှာ ပိုမိုရှင်သန်လာခဲ့ပြီး ပိုက်ချက်တီနိုကမူ ကစားသမားများအား ဂုဏ်ပြုချင်နေသည်။
    “တကယ်လို့ ကျွန်တော်တို့ ချန်ပီယံဖြစ်ရင် ကစားသမားတိုင်းဟာ ရုပ်တုလုပ်ပြီး ဂုဏ်ပြုတာမျိုးနဲ့ ထိုက်တန်ပါတယ်။ အမှတ်ကွာဟမှုက များနေတာကြောင့် စိန်ခေါ်မှုက ကြီးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခု တိုက်ပွဲဝင်နေသလိုမျိုး ဆက်သွားနိုင်မယ်ဆိုရင်တော့ အဆုံးမှာ ကျွန်တော်တို့ ချန်ပီယံဖြစ်မှာပါ။ လူတိုင်းက ကျွန်တော်တို့ရဲ့ တန်ဖိုးကို အသိအမှတ်ပြုကြလိမ့်မယ်။ ပြီးတော့ ကျွန်တော်တို့လည်း ပျော်ရွှင်မှာပါ” ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။
    Ref: Goal
  • လူတစ်ဦးအား အသက် ကယ်တင်ပေးခဲ့သည့် နိုင်ငံခြားသား အလုပ်သမားကို ဆော်ဒီက ဂုဏ်ပြုဆုငွေ ချီးမြှင့်
    လူတစ်ဦးအား အသက် ကယ်တင်ပေးခဲ့သည့် နိုင်ငံခြားသား အလုပ်သမားကို ဆော်ဒီက ဂုဏ်ပြုဆုငွေ ချီးမြှင့်
    ဧပြီ ၁၈၊ ၂၀၁၆
    M-Media
    apki
    – အဆီးရ်ဒေသတောင်ကြားတစ်ခုမှာ ရေနစ်နေတဲ့ ဆော်ဒီနိုင်ငံသားတစ်ဦးရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့ ပါကစ္စတန် အလုပ်သမားတစ်ဦးကို ဆုငွေချီးမြှင့်ဖို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် နအီးဖ်က သောကြာနေ့မှာ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။
    အဲဒီ ပါကစ္စတန်အလုပ်သမားဟာ ရှောင်ကသ် အေမင်ဆိုသူ ဖြစ်ပါတယ်။ ဆော်ဒီနိုင်ငံသား ဖာ့ဟ်ဒ် အလ်-ကာတာနီဟာ သဒ်လိဒ်တောင်ကြားမှာ မိုးအကြီးအကျယ် ရွာသွန်းမှုကြောင့် သူမောင်းနှင်လာတဲ့ ကားနဲ့အတူ ရေနစ်သေဆုံးမယ့် အန္တရာယ်နဲ့ ကြုံတွေ့နေရတာပါ။
    အလ်ကာတာနီက ၎င်းရဲ့ကားထိပ်ပိုင်းမှာ မတ်တပ်ရပ်ကာ အကူအညီတောင်းခံခဲ့ပြီး မျက်မြင်သက်သေတွေက အေမင်ရဲ့ သူရဲကောင်းဆန်ဆန်အပြုအမူကြောင့် ကာတာနီတစ်ယောက် အသက်ရှင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ဆော်ဒီ ပြည်သူ့ကာကွယ်ရေးအာဏာပိုင်တွေကတော့ အေမင်ရဲ့ရဲစွမ်းသတ္တိကို ချီးကျူးဂုဏ်ပြုခဲ့ပြီး အိမ်ရှေ့မင်းသားရဲ့အမိန့်နဲ့ ချီးမြင့်ခဲ့တဲ့ ဆုငွေပမာဏကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။
    ဆော်ဒီနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး မန်ဇူလ် အူလ် ဟက်ကတော့ မိမိတို့နိုင်ငံသားတစ်ယောက်ဟာ သေအံဆဲဆဲလူတစ်ယောက်ကို ဒီလိုကယ်တင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိတယ်လို့ ပြောကြားခဲ့ပြီး အေမင်ရဲ့ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုခဲ့တဲ့ အိမ်ရှေ့မင်းသားကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
    Ref; Arab News
  • လက်စတာ၊ အာဆင်နယ်တို့ အမှတ်ဆုံးရှုံးခဲ့ရပြီး အက်စတွန်ဗီလာ တန်းဆင်းသွားရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၄
    လက်စတာ၊ အာဆင်နယ်တို့ အမှတ်ဆုံးရှုံးခဲ့ရပြီး အက်စတွန်ဗီလာ တန်းဆင်းသွားရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၄
    ဧပြီ ၁၈၊ ၂၀၁၆
    M-Media
    epl 1
    – ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာတော့ ထိပ်ဆုံးကလက်စတာ၊ တတိယနေရာက အာဆင်နယ်တို့ အမှတ်တွေ ဆုံးရှုံးခဲ့ရပြီး မန်စီးတီးက ချယ်ဆီးကို ဂိုးပြတ်နှိပ်ကွပ်နိုင်ခဲ့ကာ မန်ယူကိုရှုံးတဲ့ အက်စတွန်ဗီလာကတော့ တန်းဆင်းသွားရပြီ ဖြစ်ပါတယ်။
    နောက်ဆုံး ၅ ပွဲဆက်တိုက် ပေးဂိုးမရှိဘဲ အနိုင်ရခဲ့တဲ့ လက်စတာ မနေ့က အိမ်ကွင်း ၀က်စ်ဟမ်းကို ရင်ဆိုင်ရာမှာ ဟန်ချက်မပျက်ခဲ့ဘဲ တန်ပြန်တိုက်စစ်ကနေတစ်ဆင့် ၁၈ မိနစ်မှာ ဗာဒီရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၅၅ မိနစ်မှာ ဗာဒီ နှစ်ဝါတစ်နဲ့ အထုတ်ခံရပြီးမှာတော့ လက်စတာတို့ သတိထားကစားခဲ့ရပြီး ၀က်စ်ဟမ်းကလည်း တင်ကစားခဲ့တာကြောင့် ၈၄ မိနစ်မှာ ပင်နယ်တီကနေ ချေပဂိုး၊ ၈၆ မိနစ်မှာ ဦးဆောင်းဂိုတွေကို ပေးလိုက်ရပါတယ်။ လက်စတာအတွက် ကံကောင်းတာက နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ ပင်နယ်တီရခဲ့တာဖြစ်ပြီး လီယိုနာဒို အူလိုအာက အမှားအယွင်းမရှိကန်သွင်းကာ အဖိုးတန်တစ်မှတ် ရယူပေးနိုင်ခဲ့ပါတယ်။
    epl 2
    အာဆင်နယ်ကလည်း အိမ်ကွင်းမှာ အခွင့်အရေးပေါင်းများစွာ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ခရစ္စတယ်ပဲလေ့စ်ကို ၁ မှတ်ခွဲပေးလိုက်ရပါတယ်။ ပွဲအစကတည်းက စိုးမိုးထားတဲ့ အာဆင်နယ်တို့ ဦးဆောင်ဂိုးကိုတော့ ပထမပိုင်း နာကျင်အချိန်ပိုမှာမှ ရရှိခဲ့တာဖြစ်ပြီး ဆန်းချက်ဇ်က သွင်းယူပေးခဲ့တာပါ။ နောက်ပိုင်း ဂိုးသွင်းခွင့်တော်တော်များများ ရခဲ့ပေမယ့် ဂိုးပေါက်ပျောက်ခဲ့ရပြီး ဘိုလာစီရဲ့ ၈၁ မိနစ်ဂိုးကိုလည်း ခွင့်ပြုခဲ့ရတာကြောင့် အာဆင်နယ် သရေတစ်မှတ်သာ ရရှိကာ ထိပ်ဆုံး ၃ သင်းစာရင်းဝင်ရေး မျှော်လင့်ချက် အားနည်းလာခဲ့ရပါတယ်။
    epl 3
    စတမ်းဖို့ဒ်ဘရစ်ခ်ျက ချယ်ဆီးနဲ့ မန်စီးတီးတို့ပွဲမှာတော့ မန်စီးတီးက အဂူရိုရဲ့ ဟက်ထရစ်နဲ့ ပြတ်ပြတ်သားသား ၃ မှတ်ယူနိုင်ခဲ့ပါတယ်။ မန်ယူကလည်း အက်စတွန်ဗီလာကို အိမ်ကွင်းမှာ လူငယ်ကစားသမား မားကက်စ် ရက်ရှ်ဖို့ဒ်ရဲ့ ပထမပိုင်းသွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲအရှုံးကြောင့် အက်စတွန်ဗီလာက ၁၉၈၈ နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ရပါတယ်။
    တန်းဆင်းဇုန်က နယူးကာဆယ်က အိမ်ကွင်းမှာ ဆွမ်ဆီးကို ၃ ဂိုးပြတ်နဲ့ အနိုင်ကစားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ တင်ကျန်ရေးမျှော်လင့်ချက်ကို အသက်ဆက်နိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ ဘင်နီတက်ဇ် နယူးကာဆယ်ကို ကိုင်တွယ်ပြီးနောက်ပိုင်း ပထမဆုံးနိုင်ပွဲလည်းဖြစ်ပါတယ်။
    epl 4ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    နော်ဝစ်ခ်ျ ၀-၃ ဆန်းဒါးလန်း
    အဲဗာတန် ၁-၁ ဆောက်သက်တမ်
    မန်ယူ ၁-၀ အက်စတွန်ဗီလာ
    နယူးကာဆယ် ၃-၀ ဆွမ်ဆီး
    ချယ်ဆီး ၀-၃ မန်စီးတီး
    ဘုန်းမောက် ၁-၂ လီဗာပူးလ်
    လက်စတာ ၂-၂ ၀က်စ်ဟမ်း
    အာဆင်နယ် ၁-၁ ခရစ်တယ်ပဲလေ့စ်
  • စီးပွားရေးနှင့် နိုင်ငံရေးကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေး အီရန်နဲ့ အီးယူ အဆင်သင့်ဖြစ်နေ
    စီးပွားရေးနှင့် နိုင်ငံရေးကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေး အီရန်နဲ့ အီးယူ အဆင်သင့်ဖြစ်နေ
    ဧပြီ ၁၇၊ ၂၀၁၆
    M-Media
    iran 9
    – မိမိတို့ဟာ ကဏ္ဍအသီးသီးမှာ အထူးသဖြင့် စီးပွားရေးနဲ့ နိုင်ငံတကာအရေးကြီးကိစ္စတွေမှာ နှစ်နိုင်ငံပူးတွဲဆောင်ရွက်ဖို့ ဆုံးဖြတ်ချက် ချထားပြီးဖြစ်တယ်လို့ အီရန်နဲ့ ဥရောပသမဂ္ဂတို့က ပြောကြားလိုက်ပါတယ်။
    အီရန်နိုင်ငံကိုရောက်ရှိနေတဲ့ အီးယူ နိုင်ငံခြားရေးရာအကြီးအကဲ ဖက်ဒရီကာ မို့ဂ်ဟီရီနီနဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်တို့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာဖြစ်ပြီး ဇာရစ်ဇ်ကတော့ မို့ဂ်ဟီရီနီ လာရောက်လည်ပတ်ခြင်းဟာ အီရန်နဲ့ အီးယူတို့အကြား ဆက်ဆံရေးအတွက် ‘နိဒါန်းသစ်’ ဖြစ်တယ်လို့ ဆိုပါတယ်။
    အီးယူနိုင်ငံခြားရေးရာအကြီးအကဲရဲ့ ဒီခရီးစဉ်မှာ စီးပွားရေးနဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ အီရန်မှာ အီးယူရဲ့အမြဲတမ်းရုံးခန်းတစ်ခု ဖွင့်လှစ်ရေးတို့ကိုလည်း ဆွေးနွေးကြမှာဖြစ်ပြီး နောက်ပိုင်းမှာ ကြေညာချက်လေးစောင်ကို ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။
    ဇူလိုင်လက အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်တို့အကြား ချုပ်ဆိုခဲ့တဲ့ နျူသဘောတူညီချက်အရ ကျန်ရှိနေတဲ့ အခက်အခဲတွေကို ပြေလည်စေဖို့အတွက် အီရန်နဲ့ အီးယူတို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဇာရစ်ဖ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
    အီးယူအာဏာပိုင်တွေဟာ အီရန်ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ် (WTO) နဲ့ ဆယ်သွယ်နိုင်အောင်လည်း ကူညီပေးဖို့ ရှိနေပါတယ်။
    Ref: Presstv