News @ M-Media

Author: Ko Lay

  • မိမိမှာ မှော်ဆရာမဟုတ်ဟု လက်စတာနည်းပြ ဖွင့်ဟ

    မိမိမှာ မှော်ဆရာမဟုတ်ဟု လက်စတာနည်းပြ ဖွင့်ဟ

    ဧပြီ ၁၆၊ ၂၀၁၆
    M-Media

    leister

    – မိမိမှာ မှော်ဆရာမဟုတ်ဘဲ အလုပ်ကြိုးစားသူတစ်ဦးသာဖြစ်ကာ မီဒီယာများက မိမိအား အကောင်းဘက်မှ ဖော်ပြခဲ့ခြင်းအတွက် ၀မ်းမြောက်မိသည်ဟု လက်စတာနည်းပြ ရာနီယေးရီက ပြောကြားလိုက်သည်။

    ရာနီယေးရီ၏ လက်စတာမှာ လက်ရှိ ပရီးမီယားလိဂ်တွင် ဒုတိယမှနေရာမှ စပါးအသင်းအား ၇ မှတ်ဖြတ်ကာ ဦး ဆောင်ထားနိုင်ပြီး အမှတ်ပေးဖလား ဆွတ်ခူးနိုင်ရန် အခြေအနေကောင်းနေသည်။

    ရာနီယေးရီမှာ လွန်ခဲ့သည့် နှစ် ၃၀ အတွင်း ချယ်ဆီ၊ ဗလင်စီယာ၊ အက်သလက်တီကိုမက်ဒရစ်၊ ဂျူဗင်တပ်စ်၊ အင်တာနှင့် မိုနာကိုတို့အပါအ၀င် အသင်းပေါင်းများစွာကို ကိုင်တွယ်ခဲ့ဖူးသော်လည်း လက်စတာနှင့် ပရီးမီးယား လိဂ်ရရှိပါက ၎င်း၏ ပထမဆုံး အဓိကဆုဖလား ဖြစ်မည်ဖြစ်သည်။

    ရာနီယေးရီမှာ ယခင်က မီဒီယာများ၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပြီး ယခုတွင်မူ ၎င်းအား အပြုသဘောဆောင်သည့် ဖော်ပြမှုများက နေရာယူလာခဲ့သည်။ ထိုအတွက် ရာနီယေးရီက ကျေနပ်နေသည်။

    “ဒါက ကောင်းပါတယ်။ ဒါပေမယ့် အချိန်တော်တော်များများမှာ ကျွန်တော်က အီတလီနဲ့ ဂရိက သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းမှာ မကောင်းတဲ့အခြေအနေမျိုးနဲ့ပဲ ပါဝင်ခဲ့ပါတယ်။ အခုလည်း အဲဒီတုန်းကထက် ဘာမှ မပြောင်းလဲပါဘူး။ ဂရိအသင်းကို နည်းပြတုန်းကဆိုရင် လေးလအတွင်းမှာ ကစားသမားတွေနဲ့ ၁၅ ကြိမ်ပဲ ထိတွေ့ခဲ့ရပါတယ်။ ပွဲမတိုင်ခင် ၃ ရက်အလိုမှာ တွေ့ရတာပါ။ ခြေစမ်းပွဲလည်းမရှိဘူး။ ဘာမှ မရှိပါဘူး။ ကျွန်တော် ဘာမှ လုပ်လို့မရပါဘူး။ ကျွန်တော်က မှော်ဆရာမဟုတ်ဘူး။ အလုပ်ဖိလုပ်သူတစ်ဦးပါ” ဟု ရာနီယေးရီကပြောကြားခဲ့သည်။

    Ref: Goal

  • ဂျာမနီတွင် ဒုက္ခသည်ကလေးငယ် ၆၀၀၀ နီးပါး ပျောက်ဆုံးနေ

    ဂျာမနီတွင် ဒုက္ခသည်ကလေးငယ် ၆၀၀၀ နီးပါး ပျောက်ဆုံးနေ

    ဧပြီ ၁၆၊ ၂၀၁၆
    M-Media

    germany

    – ဂျာမနီကို ရှောက်ရှိလာတဲ့ ဒုက္ခသည်တွေထဲမှာ ပြီးခဲ့တဲ့နှစ်အတွင်း ကလေးငယ်နဲ့ ဆယ်ကျော်သက်လူငယ် ၆၀၀၀ နီးပါးလောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

    ပြည်ထဲရေးဝန်ကြီးဌာန ပြောဆိုခွင့်ရှိသူ ဂျိုဟန်နက်စ် ဒင်မ်ရော့သ်က ဒုက္ခသည်ကလေးငယ်နဲ့ ဆယ်ကျော်သက် ၅၈၃၅ ဦး ပျောက်ဆုံးနေတာကို အစိုးရက လွှတ်တော်ကို အကြောင်းကြားခဲ့တဲ့အကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

    “ပြည်နယ်အာဏာပိုင်တွေအနေနဲ့ ဒီကိစ္စတစ်ခုချင်းစီကို သေချာကိုင်တွယ်ပြီး ပက်သက်ရာ ပက်သက်ကြောင်း သတင်းတွေကို မျက်ခြေမပျက် လိုက်နေမယ်လို့ ကျွန်တော်တပ်အပ်ပြောရဲပါတယ်” လို့ သူက ဆိုပါတယ်။

    လွှတ်တော်ရဲ့မေးမြန်းမှုကို အစိုးရက ဖြေကြားချက်အရ မှတ်ပုံတင်ထားပြီး ပျောက်ဆုံးနေတဲ့ ဒုက္ခသည်ကလေးငယ်နဲ့ ဆယ်ကျော်သက် ၅၈၃၅ ယောက်ထဲက ၅၅၅ ယောက်ဟာ အသက် ၁၄ နှစ်အောက်ဖြစ်တယ်လို့ သိရပါတယ်။

    အာဏာပိုင်တွေအနေနဲ့ အဲ့ဒီထဲက တစ်ချို့ကို ဂျာမနီမှာရှိတဲ့ သို့မဟုတ် ဥရောပတစ်နေရာရာက သူတို့ရဲ့ဆွေမျိုးတွေ ပြန်ခေါ်သွားတာဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။ အဲ့လိုပြန်ခေါ်သွားပေမဲ့လည်း တာဝန်ရှိသူတွေဆီ သတင်းမပို့တာမျိုးကြောင့် စာရင်းဇယားတွေမှာလည်း ဒီအတိုင်းရှိနေခဲ့တယ်လို့ ဆိုပါတယ်။

    မိခင်နိုင်ငံတွေက မတည်ငြိမ်မှုတွေကြောင့် ဥရောပကို ရွှေ့ပြောင်းလာကြတဲ့ ဒုက္ခသည်တွေဟာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတာ၊ ငြှင်းပမ်းနှိပ်စက်ခံရတာမျိုးတွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း ယခင်က သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။

    Ref: IINA

  • စပါးကျော်တက်မည်ကို မစိုးရိမ်ဟု အာဆင်ဝင်းဂါးပြော

    စပါးကျော်တက်မည်ကို မစိုးရိမ်ဟု အာဆင်ဝင်းဂါးပြော

    ဧပြီ ၁၆၊၂၀၁၆
    M-Media

    winger 6

    – စပါးအသင်းအနေဖြင့် အမှတ်ပေးဇယားတွင် မိမိတို့အထက်ဖြင့် ရာသီသိမ်းမည်ကို မိမိအနေဖြင့် စိုးရိမ်မှုမရှိဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    စပါးမှာ အာဆင်နယ်၏ ခါးသီးသော မြို့ခံပြိုင်ဘက်ဖြစ်ပြီး လက်ရှိတွင် တစ်ပွဲပိုကစားကာ တတိယနေရာမှ အာဆင်နယ်အား ၆ မှတ်ဖြတ်၍ ဒုတိယနေရာတွင် ရှိနေသည်။ အာဆင်နယ်ကို ၀င်းဂါးကိုင်တွယ်လာသည့် နှစ် ၂၀ အတွင်း စပါးမှာ အာဆင်နယ်၏အထက်ဖြင့် တစ်ကြိမ်မှ ရာသီမသိမ်းနိုင်ခဲ့ပေ။

    သို့သော်လည်း လက်ရှိတွင် အာဆင်နယ်အား ကျော်ဖြတ်ရန် အခြေအနေကောင်းနေသည်။

    “စပါးအနောက်ကို ကျွန်တော်တို့ မရောက်သေးပါဘူး။ ဒါပေမယ့် စပါးကတော့ နှစ်ပေါင်းများစွာ ကျွန်တော်တို့ အနောက်မှာ ရှိနေခဲ့ပါတယ်။ ပြီးတော့ သူတို့ ရုန်းကန်ခဲ့ရပါတယ်။ တစ်ကယ့်အမှန်တရားကတော့ ဒါပါပဲ” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    ထို့ပြင် လာမည့်အပြောင်းအရွှေ့တွင် အသင်းက ငွေကြေးအမြောက်အများသုံးစွဲမည်ဟု ပရိတ်သတ်များအနေဖြင့် မျှော်လင့်မထားရန်လည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • မိုက်ခရိုချစ်ပ်ဖြင့် လေဖြတ်သည့်လူနာကို ပြန်လည်လှုပ်ရှားစေနိုင်

    မိုက်ခရိုချစ်ပ်ဖြင့် လေဖြတ်သည့်လူနာကို ပြန်လည်လှုပ်ရှားစေနိုင်

    ဧပြီ ၁၆၊ ၂၀၁၆
    M-Media

    nerve

    – အာရုံကြောဖြတ်လမ်းနည်းပညာလို့ သိထားကြတဲ့ နည်းလမ်းသစ်တစ်ခုကနေ လေဖြတ်နေတဲ့ လူနာတစ်ဦးကို ပြန်လည်လှုပ်ရှားနိုင်အောင် အမေရိကန် သိပ္ပံပညာရှင်တွေက ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

    အီယန် ဘူရ်ခါ့တ်လို့ခေါ်တဲ့ အဲဒီ လွန်ခဲ့တဲ့ ၅ နှစ်က ရေဆင်းကူးရာကနေ အာရုံကြောမကြီး ပျက်ဆီးပြီး ရင်ဘတ်အောက်ပိုင်း လုံးဝလှုပ်လို့ မရတော့တာပါ။ သိပ္ပံပပညာရှင်တွေကတော့ သူ့ရဲ့ ဦးနှောက်ထဲကို ချစ်ပ်ပြားလေး တစ်ခု ၂၀၁၄ ခုနှစ်ကတည်းက ချိတ်ဆက်ထားခဲ့ပြီး နှစ်နှစ်ကြာ လေ့ကျင့်ကာ အနည်းငယ်ချိန်ညှိပေးလိုက်ရာကနေ ကောင်းမွန်တဲ့ ဒီလိုရလဒ်မျိုးကို မြင်တွေ့လာရတာ ဖြစ်ပါတယ်။

    လူနာအနေနဲ့ လက်ကို လှုပ်ရှားချင်တဲ့အခါ ဘယ်ဦးနှောက်အစိတ်အပိုင်းကို အသုံးပြုရသလဲဆိုတာ အဲဒီ မိုက်ခရို ချစ်ပ်ပြားလေးကနေတစ်ဆင့် လေ့လာနိုင်ခဲ့တာပါ။

    လူနာရဲ့လက်မှာလဲ ကွန်ပျူတာနဲ့ ချိတ်ဆက်ထားတဲ့ လျှပ်စစ်ဆားကစ်တစ်ခုကို တပ်ဆင်ထားပြီး ဦးနှောက်က လက်ကို လှုပ်ချင်တယ်လို့ ခိုင်းစေတဲ့အခါ ဦးနှောက်ထဲက မိုက်ခရိုချစ်ပ်ပြားကနေတစ်ဆင့် ကွန်ပျူတာကို သတင်းပို့ကာ လက်ကို လှုပ်ရှားစေတာဖြစ်ပါတယ်။

    လေဖြတ်ဝေဒနာကို ခံစားရသူတစ်ဦး အခုလိုနည်းလမ်းနဲ့ ၎င်းရဲ့လက်ကို ပြန်လည်ထိန်းချုပ်လာနိုင်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ယခုအချိန်အထိတော့ ဓာတ်ခွဲခန်းမှာသာ စမ်းသပ်နိုင်ပါသေးတယ်။

    အဲဒီ လူနာဟာ အကြွေးဝယ်ကဒ်ထည့်သုံးတဲ့စက်ကို အသုံးပြုလာနိုင်တဲ့အပြင် ဂစ်တာတီးတဲ့ ကွန်ပြူတာဂိမ်းကိုပါ ကိုယ်တိုင် ကစားလာနိုင်ပြီ ဖြစ်ပါတယ်။ နောက်ပြီး ပုလင်းတွေ၊ ဖန်ခွက်တွေကို ကိုင်ကာ ကိုယ်တိုင် ငှဲ့ထည့်နိုင်တဲ့ အဆင့်ကိုလည်း ရောက်ရှိလာပြီဖြစ်ပါတယ်။

    Source: Al Jazeera

  • အသင်းမအောင်မြင်သော်လည်း ကစားသမားများ ထွက်ခွာမည်မဟုတ်ဟု ဗန်ဂါးလ်ပြော

    အသင်းမအောင်မြင်သော်လည်း ကစားသမားများ ထွက်ခွာမည်မဟုတ်ဟု ဗန်ဂါးလ်ပြော

    ဧပြီ ၁၆၊ ၂၀၁၆
    M-Media

    man u

    – မန်ယူအနေဖြင့် လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မရပါက အသင်းရှိ ကစားသမားများ အစုလိုက်အပြုံလိုက် ထွက်သွားမည်ဟု မိမိအနေဖြင့် မမျှော်လင့်ကြောင်း နည်းပြဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ်က အဆင့် ၄ ဖြင့် ရာသီသိမ်းခဲ့သည့် မန်ယူမှာ ကစားရန် ၆ ပွဲသာကျန်ရှိသည့် လက်ရှိအချိန်တွင် စတုတ္ထနေရာမှ မန်စီးတီးထက် ၄ မှတ်လျော့ကာ အဆင့် ၅ နေရာတွင် ရှိနေပြီး လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေးအတွက် ရုန်းကန်နေရသည်။

    ရာသီကုန်တွင် ဗန်ဂါးလ်နေရာ၌ မော်ရင်ဟိုဖြင့် အစားထိုးမည်ဟု သတင်းများထွက်ပေါ်နေပြီး မန်ယူအသင်းသမား အများအပြားမှာလည်း အသင်းမှ ထွက်ခွာချင်နေသည်ဟု သတင်းများက ဖော်ပြကြသည်။ သို့သော်လည်း ဗန်ဂါးလ်ကမူ ထိုကဲ့သို့ မယူဆပေ။

    “ဘယ်ကစားသမားကမှ အသင်းကနေ ထွက်မသွားချင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ မန်ယူရဲ့ လိုက်လျောမှုကို မကျေနပ်နိုင်တဲ့ နာမည်ကြီးကစားသမာတွေကို အခြားအသင်းက ကမ်းလှမ်းလာတာမျိုးဆိုရင်တော့ တစ်မျိုးပေါ့လေ။ ဒါပေမယ့် ဒါကလည်း ဘုတ်အဖွဲ့အပေါ်မှာ မူတည်ပါတယ်။ ဘယ်ကစားသမားက အသင်းကနေ ထွက်သွားရမလဲဆိုတာကို သူတို့ ဆုံးဖြတ်မှာပါ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    Ref: Goal