News @ M-Media

Author: Ko Lay

  • လီဗာပူးလ်နှင့်ပွဲတွင် ၂ မှတ်ဆုံးရှုံးခဲ့သည်ဟု စပါးနည်းပြ ပြော

    လီဗာပူးလ်နှင့်ပွဲတွင် ၂ မှတ်ဆုံးရှုံးခဲ့သည်ဟု စပါးနည်းပြ ပြော

    ဧပြီ ၃၊ ၂၀၁၆
    M-Media

    spur 3

    – လီဗာပူးလ်အသင်းနှင့်ပွဲတွင် မိမိတို့မှာ ကစားပုံကောင်းခဲ့ပြီး အမှတ် ၂ မှတ် ဆုံးရှုံးခဲ့ရသည်ဟု စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်သည်။

    ယမန်နေ့ကကစားခဲ့သည့် အဆိုပါပွဲတွင် ဖိလစ်ကော်တင်ဟိုက လီဗာပူးလ်အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပြီး နောက်ပိုင်းတွင် ဟယ်ရီကိန်းက စပါးအတွက် ချေပဂိုး ပြန်သွင်းပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုသရေရလဒ်က ထိပ်ဆုံးမှ လက်စတာကို အမှီလိုက်နေသည့် စပါးအတွက် အထိနာခဲ့ပြီး လက်စတာက ယနေ့ကစားမည့် ဆောက်သက်တမ်နှင့်ပွဲတွင် အနိုင်ရပါက ၇ မှတ် ကွာဟမည်ဖြစ်သည်။

    ပိုချက်တီနိုကမူ ထိုရလဒ်အတွက် စိတ်ပျက်နေသည်။

    “ပွဲအပြီးမှာတော့ ကျွန်တော်တို့ ၂ မှတ် ဆုံးရှုံးခဲ့တယ်လို့ ခံစားရပါတယ်။ စွမ်းဆောင်ရည်နဲ့ပတ်သက်လို့တော့ ကျွန်တော် တော်တော်လေး ပျော်ရွှင်ကျေနပ်မိပါတယ်။ ပထမပိုင်းမှာ သူမသာကိုယ်မသာ ဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ကစားပုံက တော်တော်လေး ကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းတယ်။ အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ လီဗာပူးလ်လည်း အခွင့်အရေးတွေ ရပါတယ်။ ဒါပေမယ့် ကျွန်တော် ပျော်ပါတယ်။ တော်တော်ခက်ခဲတဲ့ပွဲပါ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ပြသခဲ့ပါတယ်” ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။

    Ref: Goal

  • နိုင်ငံသား အစ္စလာမ်ဘာသာဝင်များနှင့်ပတ်သက်၍ ၀န်ကြီး သူရဦးအောင်ကို၏ အငြင်းပွားဖွယ်မှတ်ချက်အတွက် စိတ်မကောင်းဖြစ်ရသည်ဟု NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြော

    နိုင်ငံသား အစ္စလာမ်ဘာသာဝင်များနှင့်ပတ်သက်၍ ၀န်ကြီး သူရဦးအောင်ကို၏ အငြင်းပွားဖွယ်မှတ်ချက်အတွက် စိတ်မကောင်းဖြစ်ရသည်ဟု NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြော

    ဧပြီ ၄၊ ၂၀၁၆
    M-Media

    ppt

    – ဧပြီလ ၂ ရက်နေ့က VOA နဲ့အင်တာဗျူးမှာ သမိုင်းအခိုင်အမာရှိနေတဲ့ မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေကို ဧည့်နိုင်ငံသားတွေအဖြစ် သတ်မှတ်ပြောဆိုသွားတဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုရဲ့ မှတ်ချက်အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ မင်္ဂလာတောင်ညွှန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုစားလှယ် ဒေါ်ဖြူဖြူသင်းက ပြောကြားခဲ့ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ရေတွင်းကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲနောင်သိန်းရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

    ရပ်ကွက်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ အောင်မြင်ပြီးမြောက်မှု ရှိ၊ မရှိ လာရောက်ကြည့်ရှုစဉ်မှာ ဒေါ်ဖြူဖြူသင်းက အခုလို ပြောကြားခဲ့တာဖြစ်ပြီး မိမိမြို့နယ်အတွင်းမှာ နေထိုင်ကြတဲ့ ဘာသာဝင်အသီးသီးရဲ့ အခြေအနေ အခက်အခဲတွေကို စာနာ လက်ခံ နားလည်ပေးနိုင်တယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။

    နောက်ပြီး သူရဦးအောင်ကိုရဲ့ အငြင်းပွားဖွယ်မှတ်ချက်အတွက် တင်ပြဆွေးနွေးသွားဖို့ စီစဉ်ဆောင်ရွက်ထားတယ်ဆိုတဲ့အကြောင်းလည်း ဒေါ်ဖြူဖြူသင်းက ရှင်းပြသွားတယ်လို့ ဦးရဲနောင်သိန်းရဲ့ Facebook စာမျက်မှာဖော်ပြထားပါတယ်။

  • အဇာဘိုင်ဂျန်-အာမေးနီးယားတို့၏ တိုက်ခိုက်မှု သေဆုံးသူ ၃၀ ရှိလာ

    အဇာဘိုင်ဂျန်-အာမေးနီးယားတို့၏ တိုက်ခိုက်မှု သေဆုံးသူ ၃၀ ရှိလာ

    ဧပြီ ၃၊ ၂၀၁၆
    M-Media

    armenia

    – ပိုင်နက်အငြင်းပွားမှုများ ရှိနေသည့် နာဂေါ်နို-ကာရာဘာ့ခ်ဒေသတွင် အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တပ်ဖွဲ့များ၏ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်သား အနည်းဆုံး ၃၀ သေဆုံးခဲ့ပြီး ထိုအဖြစ်အပျက်အတွက် အပြန်အလှန် အပြစ်တင်နေကြသည်။

    အဆိုပါတိုက်ခိုက်မှုမှာ သောကြာနေ့ကတည်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဇာဘိုင်ဂျန်က ယမန်နေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ အာမေးနီးယားတပ်ဖွဲ့များမှာ ၎င်းတို့၏စစ်သား ၁၂ ဦးကို သတ်ဖြတ်ခဲ့ကာ ရဟတ်ယာဉ်တစ်စင်းကို ပစ်ချခဲ့သည်ဟု ဖော်ပြထားသည်။

    အာမေးနီးယားသမ္မတ ဆာ့ဇ် ဆာကီစီယန်ကမူ မိမိတို့၏ စစ်သား ၁၈ ဦး သေဆုံးခဲ့ပြီး ၃၅ ဦး ဒဏ်ရာရရှိသည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ထိုသေဆုံးသွားသူများမှာ ကာရာဘာ့ခ်ဒေသရှိ ခွဲထွက်ရေးသမားများလား သို့မဟုတ် အာမေးနီးယားစစ်တပ်မှ ဖြစ်သည်လား ဆိုသည်ကို ဖော်ပြခဲ့ခြင်းမရှိချေ။

    တိုက်ခိုက်မှုများဖြစ်ပွားရခြင်းအတွက် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့က အပြန်အလှန်ပြစ်တင်နေကြပြီး ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်ကမူ နှစ်ဖက်စလုံး တိုက်ခိုက်မှုရပ်ရန် တိုက်တွန်းခဲ့သည်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖောက်မှုအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချသည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ နာဂေါ်နို-ကာရာဘာ့ခ်ဒေသမှာ အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့၏ စစ်ပွဲပြီးဆုံးသည့် ၁၉၉၄ ခုနှစ်ကတည်းက အာမေးနီးယားစစ်တပ်နှင့် ခွဲထွက်ရေးသမားများ၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့ပြီး ပိုင်နက်အငြင်းပွားမှုအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း ပြေလည်ခြင်းမရှိပေ။

    Ref : Aljazeera

  • ကနေဒါက ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ ထပ်မံ လက်ခံမည်

    ကနေဒါက ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ ထပ်မံ လက်ခံမည်

    ဧပြီ ၃၊ ၂၀၁၆
    M-Media

    canada

    – ကနေဒါရဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဂျွန် မက်ကော်လမ်က ပြီးခဲ့တဲ့လမှာ ဒုက္ခသည် ၂၅၀၀၀ ကျော် လက်ခံထားပြီးဖြစ်တဲ့ မိမိတို့နိုင်ငံဟာ နောက်ထပ် ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ ထပ်မံလက်ခံသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

    ကနေဒါ အသံလွှင့်ဌာနဖြစ်တဲ့ CBC ကို အခုရက်ပိုင်းအတွင်း ပြောကြားလိုက်တာဖြစ်ပြီး ဆီးရီးယားဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့ပေးချင်နေတဲ့ ကနေဒါအဖွဲ့အစည်းတွေရဲ့ ဝေဖန်မှုတွေကို တုန့်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

    “ဒုက္ခသည်တွေကို ကူညီထောက်ပံ့ချင်နေတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေရဲ့ဆန္ဒကို အလျင်မီအောင် ဖြည့်ဆည်းပေးဖို့ အစွမ်းကုန် ကြိုးစားပြီး လုပ်ဆောင်ပေးနေပါတယ်” လို့ မက်ကောလမ်က ဆိုပါတယ်။

    လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကနေဒါမှာ မတ်လ ၂၈ ရက်အထိ ဆီးရီးယား ဒုက္ခသည် စုစုပေါင်း ၂၆၂၀၀ ကို လက်ခံထားပြီး တရားဝင်ရောက်လာကြခြင်း မရှိသေးပေမယ့် နောက်ထပ် ၁၆၀၀၀ နီးပါးလောက် စီစစ်နေကာ တစ်ချို့ကို အပြီးသတ်ပြီးပြီလို့လည်း သိရပါတယ်။

    မက်ကောလမ်က ၎င်းအနေနဲ့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ချင်တဲ့ အဖွဲ့တွေရဲ့ လျှောက်လွှာတွေကို မတ်လ ၁ ရက်နောက်ဆုံးထား တင်သွင်းဖို့ သတ်မှတ်ထားရာကနေ မတ်လ ၃၁ ရက်နေ့အထိတိုးမြှင့်ပေးဖို့ အဆင့်ဆင့်ညွှန်ကြားထားပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • ရီးယဲလ်အရှုံးအတွက် ဆင်ခြေမပေးဟု ဘာကာနည်းပြ ပြော

    ရီးယဲလ်အရှုံးအတွက် ဆင်ခြေမပေးဟု ဘာကာနည်းပြ ပြော

    ဧပြီ ၃၊ ၂၀၁၆
    M-Media

    barca

    – ခါးသီးသောပြိုင်ဘက် ရီးယဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့မှုအတွက် မိမိအနေဖြင့် မည်သည့်ဆင်ခြေမှ ပေးမည်မဟုတ်ဟု ဘာစီလိုနာနည်းပြ လူးဝစ် အန်းရစ်က ပြောကြားလိုက်သည်။

    ယမန်နေ့က နျူးကမ့်တွင် ကစားခဲ့သည့် အဆိုပါပွဲတွင် ဘာစီလိုနာမှာ ပီကေး၏ဂိုးဖြင့် ဦးဆောင်ခဲ့သော်လည်း ဘန်ဇီမာနှင့် ရော်နယ်ဒိုတို့၏ ဂိုးများကို ခွင့်ပြုခဲ့ရကာ အရှုံးပေးခဲ့ရသည်။ ထိုပွဲတွင် ဘာကာတိုက်စစ်အတွဲဖြစ်သည့် မက်ဆီ၊ ဆွာရက်ဇ်၊ နေးမာတို့အတွဲမှာ ခြေစွမ်းကောင်းများ ပြသနိုင်ခြင်းမရှိဘဲ ၎င်းတို့၏ နိုင်ငံတကာပွဲပမ်းမှုကြောင့် ဖြစ်သည်ဟု ပြောကြားမှုများ ရှိနေသည်။

    သို့သော်လည်း အန်းရစ်ကမူ မိမိအနေဖြင့် အရှုံးအတွက် မည်သည့်အဆင်ခြေမှ မပေးချင်ဟု ဆိုသည်။

    “ရလဒ်မကောင်းတဲ့အခါ ကျွန်တော် ဆင်ခြေဆင်လက်တွေ မပေးချင်ပါဘူး။ ကျွန်တော်တို့မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ရှိနေပြီး သူတို့ဟာ နိုင်ငံတကာပွဲအတွက် ခရီးသွားခဲ့ရပါတယ်။ ဒါကို ကျွန်တော်တို့ လက်ခံရမှာပါ။ ကစားသမားတွေရဲ့ အားထုတ်မှုအတွက် ကျွန်တော် ကျေနပ်ပါတယ်။ ဒီပွဲမှာ အနိုင်၊ ဒါမှမဟုတ် သရေကျခဲ့ရမှာပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ မက်ဒရစ်ပိုပြီး ထိရောက်တဲ့အသင်း ဖြစ်ခဲ့ပါတယ်။ ရလဒ်အတွက်တော့ ကျွန်တော် စိတ်ချမ်းမသာပါဘူး” ဟု အန်းရစ်က ပြောကြားခဲ့သည်။

    Ref: Goal