News @ M-Media

Author: Ko Lay

  • ရုရှားတွင်ပျက်ကျသည့် ဒူဘိုင်းလေယာဉ်တွင် လိုက်ပါသူအားလုံး သေဆုံး

    ရုရှားတွင်ပျက်ကျသည့် ဒူဘိုင်းလေယာဉ်တွင် လိုက်ပါသူအားလုံး သေဆုံး

    မတ် ၁၉၊ ၂၀၁၆
    M-Media

    russia 1

    – ယနေ့မနက်ပိုင်းက ရုရှားနိုင်ငံ ရို့စ်တော့ဗ် အွန် ဒွန်မြို့သို့ ဆင်းသက်ရန်ကြိုးစားစဉ် ပျက်ကျသွားခဲ့သည့် ဒူဘိုင်းလေယာဉ်တွင် လိုက်ပါသွားသူအားလုံး သေဆုံးခဲ့သည်ဟု ရုရှားအားဏာပိုင်များက ပြောကြားလိုက်သည်။

    လိုက်ပါသွားသူများမှာ ခရီးသည် ၅၅ ဦးနှင့် လေယာဉ်အမှုထမ်း ၇ ဦး အနည်းဆုံး ၆၂ ဦးရှိပြီး၊ လေယာဉ်မှာ တစ်စစီ ကျိုးပဲ့ပျက်ဆီးသွားခဲ့သည်။

    ဒူဘိုင်းမီဒီယာရုံးမှ Twitter စာမျက်နှာ၌ ထုတ်ပြန်မှုတွင် ခရီးသည်များ၏ ၄၄ ဦးမှာ ရုရှားနိုင်ငံသားများဖြစ်ကြပြီး၊ ယူကရိန်းနိုင်ငံသား ၈ ဦး၊ အိန္ဒိယနိုင်ငံသား ၂ ဦးနှင့် ဥဇဘက်ကစ္စတန်မှ ၁ ဦးတို့ ဖြစ်ကြသည်ဟု ဖော်ပြထားသည်။ ဘိုးအင်း ၇၃၇ အမျိုးအစားဟု ယူဆရသည့် အဆိုပါ လေယာဉ်မှာ ၂၀၀၉ ခုနှစ်က စတင်ပြေးဆွဲခဲ့သည့် ဒူဘိုင်း လေကြောင်းလိုင်း FlyDubai မှ ဖြစ်သည်။

    လေယာဉ်ပျက်ကျရသည့်အကြောင်းအရင်းကို မသိရှိရသေးသော်လည်း ရာသီဥတုဆိုးဝါးမှုက ပျက်ကြရသည့် အကြောင်းအရင်းတစ်ခု ဖြစ်နိုင်သည်ဟု သတင်းဌာနအချို့က ဖော်ပြကြသည်။

    Ref: Aljazeera

  • နာရွက်နှင့် နှာခေါင်းများထုတ်လုပ်နိုင်သည့် ဇီဝပရင်တာကို ဆွီဒင်ပညာရှင်များ တီထွင်

    နာရွက်နှင့် နှာခေါင်းများထုတ်လုပ်နိုင်သည့် ဇီဝပရင်တာကို ဆွီဒင်ပညာရှင်များ တီထွင်

    မတ် ၁၉၊ ၂၀၁၆
    M-Media

    bio

    – လူသား၏ တစ်ရှူးပါဝင်သော မင်ရည်ကို အသုံးပြု၍ အရိုးနုလေးများကို ထုတ်လုပ်ပေးနိုင်သည့် ဇီဝါ 3D ပရင်တာတစ်လုံးကို တီထွင်နိုင်ခဲ့ပြီဟု ဆွီဒင်နိုင်ငံရှိ Wallenberg Wood သိပ္ပံစင်တာမှ သိပ္ပံပညာရှင်များက ယခုတစ်ပတ်အတွင်း ကြေငြာလိုက်သည်။

    နှာခေါင်း၊ နားရွက်နှင့် အဆစ်အမြစ်များတွင် တွေ့ရလေ့ရှိသည့် အဆိုပါ အရိုးနုများမှာ ရောဂါ သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိ၍ ပျက်ဆီးပါက ဒဏ်ရာမပျောက်တော့ဘဲ အစားထိုးလဲလှယ်ရသည့် အစိတ်အပိုင်းဖြစ်သည်။ ထို့ကြောင့် ယခုတီထွင်လိုက်သည့် ဇီဝ 3D ပရင်တာမှာ အဆိုပါ အင်္ဂါအစိတ်အပိုင်းများကို မြန်မြန်ဆန်ဆန် ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။

    ယခင်က ထိုကဲ့သို့ ဇီဝ ပရင်တာများကို ထုတ်လုပ်ရန် ကြိုးစားခဲ့သော်လည်း ထွက်လာသည့် ပစ္စည်းများ၏ တည်ဆောက်ပုံမှာ ကြာကြာမခံခဲ့ပေ။ သို့သော်လည်း ယခု ပရင်တာတွင် အသုံးပြုသည့် ဇီဝမင်ရည်က လူ့အရိုးနုတွင်ပါဝင်သော ဆဲလ်ဖြစ်သည့် chondrocytes နှင့် ပေါင်းစပ် ထုတ်လုပ်ထားခြင်းဖြစ်ပြီး နှာခေါင်း၊ နားရွက်နှင့် အဆစ်အမြစ်များကို ထုတ်လုပ်ပြီးပါက ပုံပန်းသဏ္ဍာန်မှာ တာရှည်ခံမည်ဖြစ်သည်။

    “သုံးဖက်မြင် ဇီဝ ပရင်တာနည်းပညာဟာ အင်မတန်အကျိုးများတဲ့ နည်းပညာပါပဲ။ ပြီးတော့ တစ်ရှူးထုတ်လုပ်မှု နည်းပညာနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း ပြန်လည်ရှင်သန်စေမှု ဆေးပညာကို တော်လှန်ပြောင်းလဲပစ်လိုက်ပါတယ်။ ကျွန်တော်တို့အဖွဲ့ရဲ့ ရည်ရွယ်ချက်က ထိခိုက်မှုတွေ၊ ကင်ဆာတွေကြောင့် ဖျက်ဆီးသွားတဲ့ အစိတ်အပိုင်းတွေကို ပလက်စတစ် ဆာဂျရီနည်းပညာထက် အရိုးနုကိုအသုံးပြုပြီး ဖန်တီးနိုင်ရေးအတွက်ပါပဲ” ဟု ထိုတီထွင်မှုကို ဦးဆောင်ခဲ့သည့် သုတေသနပညာရှင် ပေါလ် ဂါတန်ဟုမ်းက ပြောကြားခဲ့သည်။

    အဆိုပါ ဇီဝပရင်တာမှ ထုတ်လုပ်ပေးသော အစိတ်အပိုင်းအချို့ကို ကြွက်များတွင် အောင်မြင်စွာ အစားထိုးနိုင်ခဲ့ပြီး၊ ထပ်မံစမ်းသပ်မှုများ ပြုလုပ်ပြီးပါက လူသားတွင် အစားထိုးရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

    Ref: IINA

  • ဗန်ဂါးလ်မှာ ကြုံနေရသည့် အခြေအနေဆိုးကို ကျော်လွှားနိုင်မည်ဟု ပယ်လီဂရီနီပြော

    ဗန်ဂါးလ်မှာ ကြုံနေရသည့် အခြေအနေဆိုးကို ကျော်လွှားနိုင်မည်ဟု ပယ်လီဂရီနီပြော

    မတ် ၁၉၊ ၂၀၁၆
    M-Media

    van

    – မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်မှာ လက်ရှိတွင် အခြေအနေဆိုးကို ရင်ဆိုင်နေရသော်လည်း ၎င်း၏အတွေ့အကြုံဖြင့် ကျာ်လွှားနိုင်လိမ့်မည်ဟု မန်စီးတီးနည်းပြ မန်နျူယဲလ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် ကြာသာပတေးနေ့က ယူရိုပါလိဂ်တွင် လီဗာပူးလ်အား ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရပြီးနောက် ဗန်ဂါးလ်အား အသင်းမှနှုတ်ထွက်ရန် ဆော်သြမှုများမှာ မြင့်တက်လာခဲ့သည်။ ဗန်ဂါးလ်ကလည်း ၎င်း၏စိတ်ပျက်မှုကို ယခင်က ၎င်း၏ မိတ်ဆွေများ၊ မိသားစုများကို ဖွင့်ဟပြောကြားခဲ့ဖူးပြီး ပယ်လီဂရီနီကမူ ထိပ်တန်းအသင်းများမှ နည်းပြများမှာ ရလဒ်ဆိုးများအတွက် ဝေဖန်မှုဒဏ်ကို ခံနိုင်ရမည်ဟု ဆိုသည်။

    “လူးဝစ်ဗန်ဂါးလ်ဟာ အတွေ့အကြုံ တော်တော်များများရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ အသင်းကြီးတွေကို နည်းပြတဲ့အခါ ပွဲမနိုင်တဲ့အချိန် ဝေဖန်မှုခံရမှာကို ကြိုတွက်ထားရမှာပါ။ ဒီအခြေအနေကို စီမံနိုင်ဖို့ သူ့မှာ အတွေ့အကြုံရှိပါတယ်” ဟု ပယ်လီဂရီနီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    မန်စီးတီးနှင့် မန်ယူတို့မှာ မနက်ဖြန်တွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

    Ref: Goal

  • မလေးရှားတွင် နိုင်ငံခြားအလုပ်သမားများအတွက် Levy ကြေးများ တိုးမြှင့်

    မလေးရှားတွင် နိုင်ငံခြားအလုပ်သမားများအတွက် Levy ကြေးများ တိုးမြှင့်

    မတ် ၁၉၊ ၂၀၁၆
    M-Media

    malay

    – မလေးရှားအစိုးရမှာ နိုင်ငံခြားသားအလုပ်သမားများအတွက် အခွန် (Levy) ကို တိုးမြှင့်ရန် ဆုံးဖြတ်လိုက်သည်ဟု သိရသည်။

    ဆောက်လုပ်ရေးလုပ်သားများနှင့် စက်ရုံလုပ်သားများအတွက် Levy မှာ ယခင်က တစ်နှစ်လျှင် ၁၂၅၀ သတ်မှတ်ထားရာမှ ယခုတွင် ၁၈၅၀ အထိ တိုးမြှင့်လိုက်ပြီး လယ်ယာစိုက်ပျိုးရေးနှင့် သစ်ပင်ပန်းမံ စိုက်ပျိုးရေးလုပ်သားများ၏ Levy ကို ယခင် ၄၁၀ နှင့် ၅၉၀ မှ ၆၄၀ အထိ တိုးမြှင့်လိုက်သည်။ ၀န်ဆောင်မှုလုပ်သားများအတွက်မူ တိုးမြှင့်ခြင်းမရှိဘဲ ယခင်သတ်မှတ်ချက်ဖြစ်သော ၁၈၅၀ အတိုင်းသာ ဆက်လက်ထားရှိသည်။

    Levy ကြေးအတွက် ကနဦးအဆိုပြုချက်တွင် ဆောက်လုပ်ရေးနှင့် စက်ရုံလုပ်သားများအတွက် ၂၅၀၀၊ လယ်ယာစိုက်ပျိုးရေးနှင့် သစ်ပင်ပန်းမံ စိုက်ပျိုးရေးအတွက် ၁၅၀၀၊ ၀န်ဆောင်မှုလုပ်ငန်းအတွက်၂၅၀၀ သတ်မှတ်ခဲ့သော်လည်း နိုင်ငံအတွင်းရှိ လုပ်ငန်းရှင်များက ဝေဖန်ခဲ့သောကြောင့် ကက်ဘိနတ်က ယခုကဲ့သို့ ပြင်ဆင်ပေးခဲ့ခြင်းဖြစ်သည်။

    အဆိုပါ Levy ကြေး ပြောင်းလဲမှုမှာ မတ်လ ၁၈ ရက်နေ့မှစတင်ကာ အသက်ဝင်မည်ဖြစ်သည်။ ပြည်ထဲရေးဝန်ကြီးမှ ထုတ်ပြန်သော ကြေငြာချက်တွင် မိမိတို့အစိုးရက ဖန်တီးပေးထားသော အခြေခံအဆောက်အအုံးများ၊ လိုအပ်ချက်များမှာ ကောင်းမွန်သောကြောင့် ယခုကဲ့သို့ အခွန်မြင့်တက်လိုက်ခြင်းမှာ မျှတသည်ဟု ဖော်ပြထားသည်။

    ထို့ပြင် မတ်လ ၁၂ ရက်နေ့က ကြေငြာထားသည့် နိုင်ငံခြားအလုပ်သမားများ ခေါ်ယူမှု ရပ်တန့်ထားခြင်းမှာ ဆက်လက်တည်ရှိနေပြီဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့ နောက်ပိုင်းမှ ထိုရပ်တန့်မှု ပျက်ပြယ်မည်ဟု ထည့်သွင်းဖော်ပြထားသည်။

    ပြည်ထဲရေးဝန်ကြီးဌာနမှာ အလုပ်ရှင်များအနေဖြင့် နိုင်ငံသားများကို ဦးစားပေး အလုပ်ခန့်ထားရန်နှင့် နိုင်ငံခြားသားများ ခေါ်ယူခြင်းကို နောက်ဆုံးရွေးချယ်မှုအဖြစ် ထားရှိရန် ပြည်တွင်းလုပ်ငန်းရှင်များကို အသိပေးထားသည်။

    Ref: The Star

  • ငွေကြေးကူညီခဲ့ရဖူးသည့် လက်စတာ၏ လက်ရှိအခြေအနေအား ဟက်စကီးချီးကျူး

    ငွေကြေးကူညီခဲ့ရဖူးသည့် လက်စတာ၏ လက်ရှိအခြေအနေအား ဟက်စကီးချီးကျူး

    မတ် ၁၉၊ ၂၀၁၆
    M-Media

    hes

    – တစ်ချိန်က ဘဏ္ဍာရေးအခက်ခဲကြောင့် မိမိ ငွေကြေးအကူအညီပေးခဲ့ရသည့် လက်စတာအသင်း ပရီးမီးယားလိဂ်ဖလားအား စိန်ခေါ်နိုင်သည့်အဆင့်သို့ ရောက်ရှိလာသည်ကို ချီးကျူးမိသည်ဟု လီဗာပူးလ်တိုက်စစ်မှူးဟောင်း အီမီလီ ဟက်စကီးက ပြောကြားလိုက်သည်။

    ဟက်စကီးမှာ လက်စတာ၏ အိမ်ကွင်းအဟောင်းဖြစ်သော Filbert Street တွင် ကစားခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် လီဗာပူးလ်သို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ လက်စတာမှာ ရာသီပြီးဆုံးရန် ၈ ပွဲသာလိုတော့ချိန်တွင် ဒုတိယနေရာမှ စပါးအသင်းအား ၅ မှတ်ဖြတ်ကာ ဇယားကို ဦးဆောင်ထားနိုင်သည်။

    ဟက်စကီးကမူ လက်စတာအသင်း အကြွေးနွံနစ်နေသည့်အချိန်တွင် ပေါင် တစ်သိန်း ကူညီခဲ့မှုကို ပြန်ပြောင်းပြောပြခဲ့သည်။

    “(ဒီလို ကူညီတာဟာ) ကျွန်တော် လုပ်ရမယ့် အလုပ်ပဲ၊ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ပဲလို့ ခံစားခဲ့ရပါတယ်။ တစ်ခြားသူတွေလည်း ကျွန်တော့်လိုမျိုး ကူညီကောင်းကူညီကြမှာဖြစ်ပေမယ့် ကျွန်တော့်လို့တော့ နှစ်နှစ်ကာကာ ရှိမှာမဟုတ်ပါဘူး။ အသင်းကိုချစ်တဲ့အတွက်ကြောင့် ဘာမျှော်လင့်ချက်မှမထားပဲ ကျွန်တော် ကူညီခဲ့တယ်။ အဲဒီတုန်းက သူတို့ တော်တော်လေး ဆိုးဆိုးဝါးဝါးဖြစ်နေပြီး၊ မျှော်လင့်ချက်မဲ့နေတဲ့အချိန်ပါ။ ကျွန်တော် ကစားခဲ့ဖူးတဲ့အသင်းက ဒီလိုဖြစ်နေတာကို မြင်ရတာ ၀မ်းနည်းဖို့ကောင်းပါတယ်” ဟု ဟက်စကီးက ပြောကြားခဲ့သည်။

    သို့သော်လည်း ယခုအချိန်တွင် တစ်မြို့လုံးမှာ ဆူညံနေကြပြီး ၎င်းတို့အသင်းမှာ ပျော်ရွှင်စရာကောင်းသည့် အခြေအနေမျိုးဖြင့် အဆုံးသတ်မည်ဟု ယုံကြည်နေကြကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal