News @ M-Media

Author: Ko Lay

  • ဂျူးအစွန်းရောက်များ၏ နေအိမ်မီးရှို့မှုကြောင့် မိသားစုတစ်ခုလုံး ဆုံးရှုံးခဲ့ရသည့် ပါလက်စတိုင်းကလေးငယ်ကို ရော်နယ်ဒို တွေ့ဆုံနှစ်သိမ့်

    ဂျူးအစွန်းရောက်များ၏ နေအိမ်မီးရှို့မှုကြောင့် မိသားစုတစ်ခုလုံး ဆုံးရှုံးခဲ့ရသည့် ပါလက်စတိုင်းကလေးငယ်ကို ရော်နယ်ဒို တွေ့ဆုံနှစ်သိမ့်

    မတ် ၁၉၊ ၂၀၁၆
    M-Media

    rnld

    – ပြီးခဲ့သည့်နှစ်က ဂျူးအစွန်းရောက်များ၏ နေအိမ်မီးရှို့မှုကြောင့် မိသားစုတစ်ခုလုံးကို ဆုံးရှုံးခဲ့ရသည့် ပါလက်စတိုင်းကလေးငယ် အဟ်မဒ် ဒါဝဘ်ရှာ၏ ၎င်းအားတွေ့ချင်သည့် အိပ်မက်ကို ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ဖြည့်ဆည်းပေးခဲ့သည်ဟု သိရသည်။

    မတ်လ ၁၇ ရက်နေ့က ရီးယဲလ်မက်ဒရစ်ကွင်းတွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး အသက် ၅ နှစ်အရွယ် အဟ်မဒ်မှာ ရော်နယ်ဒို၊ ဘေးလ်၊ မာဆယ်လို ဗီယာရာတို့နှင့် ဓာတ်ပုံအတူ တွဲရိုက်ခဲ့ကာ ၎င်းတို့၏ လက်မှတ်များထိုးထားပြီး အဟ်မဒ်၏ အမည်ရေးထိုးထားသည့် ရီးယဲလ်မက်ဒရစ် အင်္ကျီတစ်ထည်ကိုလည်း ရရှိခဲ့သည်။

    ထိုသို့တွေ့ဆုံရန် ရီးယဲလ်မက်ဒရစ်အသင်းက မတ်လ ၅ ရက်နေ့တွင် ပါလက်စတိုင်းဘောလုံးအဖွဲ့ချုပ်ထံ အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ထိုကလေးငယ်အား မက်ဒရစ်သို့ ခေါ်ဆောင်လာရန် ဖိတ်ကြားခဲ့သည်။

    “ဒီလိုဖိတ်ကြားမှုဟာ ရီးယဲလ်နဲ့ ရော်နယ်ဒိုတို့ဘက်က သဘောထားကြီးမှု လက္ခဏာပါပဲ။ ဒါပေမယ့် ဒီလည်ပတ်မှုမှာ ကူညီပေးခဲ့သူ သူရဲကောင်း ဇီနဒင်း ဇီဒိန်းကိုလည်း ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ဒီလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်မှုက မိသားစုတစ်ခုလုံး ဆုံးရှုံးခဲ့ရတဲ့ ဒီကလေးကို အကူအညီဖြစ်စေလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ပါလက်စတိုင်း ဘောလုံးအဖွဲ့ချုပ် အကြီးအကဲဖြစ်သူ ဂျီဘရီလ် ရာဂျွဘ်က ပြောကြားခဲ့သည်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း နဘ်လုစ်မြို့အနီး ဒူမားရွာရှိ အဟ်မဒ်လေး၏ မိသားစုနေအိမ်ကို အစ္စရေး၏ တရားမ၀င်အိမ်ယာများတွင် နေထိုင်သော ဂျူးအစွန်းရောက်များက ရေနံဆီဗုံးဖြင့် ပစ်ပေါက်ကာ မီးရှို့ခဲ့ခြင်းကြောင့် အဟ်မဒ်၏ မိဘနှစ်ပါးနှင့် အသက် ၁ နှစ်ခွဲအရွယ် ညီငယ်လေးမှာ မီးလောင်ဒဏ်ရာများကို အပြင်းအထန် ခံစားခဲ့ရကာ သေဆုံးခဲ့သည်။ အဟ်မဒ် ကိုယ်တိုင်မှာလည်း ခန္ဓာကိုယ်၏ ၉၀ ရာခိုင်နှုန်း မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ၈ လတိုင်တိုင် ဆေးကုသမှု ခံယူခဲ့ရသည်။

    Ref: Middleeastmonitor

  • ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုအတွက် သံသယရှိသူတစ်ဦးကို ဘလ်ဂျီယံတွင် ဖမ်းမိ

    ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုအတွက် သံသယရှိသူတစ်ဦးကို ဘလ်ဂျီယံတွင် ဖမ်းမိ

    မတ် ၁၉၊ ၂၀၁၆
    M-Media

    paris

    – နိုဝင်ဘာ ၁၃ ရက်နေ့က ပဲရစ်မြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ပါဝင်သည်ဟု သံသယရှိပြီး ထွက်ပြေးတိမ်းရှောင်နေသူကို ဘလ်ဂျီယံမြို့တော် ဘရပ်ဆဲလ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

    ဆာလာဟ် အဘ်ဒဲလ်ဆလမ်ဖြစ်ပြီး ယမန်နေ့က လက်နက်အပြည့်အစုံ တပ်ထားသည့် ရဲများနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ ပြင်သစ်သမ္မတကလည်း ထိုသတင်းကို အတည်ပြုခဲ့သည်။ သို့သော်လည်း ယခုဖမ်းဆီးမှုမှာ နောက်ဆုံးမဟုတ်ဘဲ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကာ ဘလ်ဂျီယံ၊ ပြင်သစ်နှင့် အခြားသောနိုင်ငံများတွင် ရှိနေသည့် အကြမ်းဖက်ကွန်ယက်များကို မိမိတို့က သိရှိနေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ဘလ်ဂျီယံ ဖက်ဒရယ်တရားသူကြီး အဲရစ် ဗန် ဒါ ဆိုက်ပ်က အဘ်ဒဲလ်ဆလမ်နှင့်အတူ ၎င်းအား ခိုလှုံခွင့်ပေးထားသည့် မိသားစုဝင် ၃ ဦးကိုလည်း ဖမ်းဆီးခဲ့သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အဘ်ဒဲဆလမ်မှာ ဖမ်းဆီးမှုအတွင်း အနည်းငယ် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟုလည်း ၎င်းက အတည်ပြုခဲ့သည်။

    လူပေါင်း ၁၃၀ သေဆုံးခဲ့သည့် ပဲရစ်တိုက်ခိုက်မှုတွင် အလ်ဒဲလ်ဆလမ်မှာ တိုက်ရိုက် ပါဝင်ပတ်သက်သည်ဟု ရဲတပ်ဖွဲ့က ယုံကြည်ထားပြီး လူပေါင်း ၈၀ ကျော် သေဆုံးခဲ့သည့် Bataclan ကဇာတ်ရုံတွင် ၀င်ရောက်ပစ်ခတ်သော တိုက်ခိုက်ရေးသမားများအား သယ်ဆောင်လာသည့်ကားကို ငှားပေးခဲ့သည်ဟု သံသယရှိသူဖြစ်သည်။

    IS မှပြုလုပ်သည်ဟု ကြေငြာခဲ့သော အဆိုပါတိုက်ခိုက်မှုပြီးနောက် အဘ်ဒဲလ်ဆလမ်မှာ ပဲရစ်မြို့မှ ထွက်ခွာခဲ့ပြီး ပြင်သစ်-ဘလ်ဂျီယံနယ်စပ်တွင် ရဲတပ်ဖွဲ့က ၎င်းအား စစ်ဆေးမေးမြန်းခဲ့သော်လည်း သွားခွင့်ပြုခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

  • ဒူဘိုင်းလေယာဉ်တစ်စင်း ရုရှားတွင်ပျက်ကျ

    ဒူဘိုင်းလေယာဉ်တစ်စင်း ရုရှားတွင်ပျက်ကျ

    မတ် ၁၉၊ ၂၀၁၆
    M-Media

    dubai
    flydubai လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး

    – ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှ အနည်းဆုံး ခရီးသည် ၅၀ ကို သယ်ဆောင်လာသည့် လေယာဉ်တစ်စင်းမှာ ရုရှားနိုင်ငံ ရို့စ်တော့ဗ် အွန် ဒွန်မြို့လေဆိပ်သို့ ဆင်းသက်စဉ် ယနေ့မနက်ပိုင်းက ပျက်ကျခဲ့သည်ဟု သိရသည်။

    အဆိုပါလေယာဉ်မှာ flydubai လေကြောင်းလိုင်းမှ ဘိုးအင်း ၇၃၇ လေယာဉ်ဖြစ်ပြီး ရုရှနိုင်ငံပိုင်သတင်းဌာန RT က လေယာဉ်မှ ကြီးမားသည့်ပေါက်ပွဲမှုပုံကို လွှင့်တင်ခဲ့သည်။

    “ဒူဘိုင်းကနေ ရို့စ်တော့ဗ် အွန် ဒွန် မြို့ကို ပျံသန်းသွားတဲ့ ကျွန်တော်တို့ရဲ့ လေယာဉ်အမှတ် FZ981 ကိစ္စအကြောင်း ကျွန်တော်တို့ သိထားပါတယ်။ အသေးစိတ်သိရအောင် ကျွန်တော်တို့ စုံစမ်းနေပါတယ် ပြီးတော့ သတင်းအချက်အလက်ရတာနဲ့ ထုတ်ပြန်သွားမှာပါ” ဟု flydubai မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ဘိုအင်းကုမ္ပဏီကလည်း မိမိတို့အနေဖြင့် အချက်အလက်များကို စုဆောင်းနေသည်ဟု Twitter စာမျက်နှာတွင် ဖော်ပြခဲ့သည်။

    Ref: Aljazeera

  • အစ္စလာမ်မှာ အစွန်းရောက်မှုကို လက်မခံဟု နိုက်ဂျီးရီးယားသမ္မတ ပြော

    အစ္စလာမ်မှာ အစွန်းရောက်မှုကို လက်မခံဟု နိုက်ဂျီးရီးယားသမ္မတ ပြော

    မတ် ၁၈၊ ၂၀၁၆
    M-Media

    buhari

    – အစ္စလာမ်သာသနာမှာ မင်းမဲ့စရိုက်ဆန်ဆန် ပြုမူမှုကို တားမြစ်ထားပြီး သာမန် ၀တ်ပြုဆုတောင်းမှုမှာပင် အယူသီးမှုကို လက်မခံဟု နိုက်ဂျီးယားသမ္မတ မူဟာမာဒူ ဘူဟာရီက ပြောကြားလိုက်သည်။

    မြို့တော်အဘူဂျာတွင် ကြာသာပတေးနေ့က ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အစ္စလာမ့်ညီလာခံ အဖွင့်မိန့်ခွန်းတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ထိုသွန်သင်ချက်နှင့် ဆန့်ကျင်ကာ ပြောဆိုသော မည်သည့်အဖွဲ့အစည်းမဆို အစ္စလာမ်နှင့် မညီညွတ်ဘဲ လက်မခံနိုင်စရာဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် သူပုန်များကို လှုံ့ဆော်ပေးနေသည့် ဆိုးရွားသော အတွေးအခေါ်များကို တန်ပြန်ချေမှုန်းနိုင်ရေးအတွက် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များအနေဖြင့် အစ္စလာမ်၏ စစ်မှန်သော သင်ကြားမှုများကို ပိုမိုဖြန့်ဖြူးပေးရန်လည်း သမ္မတက တိုက်တွန်းခဲ့သည်။

    “ကမ္ဘာတစ်ဝှမ်း သူပုန်အဖွဲ့အမျိုးမျိုးကနေ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေဟာ မွတ်စလင်အမည်ခံတွေရဲ့လက်ချက်ပါ။ ဒါပေမယ့် သားကောင်ဖြစ်ရသူတွေ၊ သေကြေပျက်ဆီးရသူ အများစုကတော့ မွတ်စလင်တွေပါပဲ။ သူတို့ရဲ့ရက်စက်မှု၊ ဘုရားမဲ့မှုကို ထင်ရှားစေဖို့အတွက် သူတို့ဟာ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေလို လူ့အဖွဲ့အစည်းအတွင်းက အားနွဲ့သူအများစုကို ပစ်မှတ်ထားကြပါတယ်။ လူသားထုအပေါ်ကျူးလွန်တဲ့ ဒီလို စက်ဆုပ်ဖွယ်ရာ ရာဇ၀တ်မှုတွေကို ဘယ်ဘာသာတရားမှ ခွင့်မပြုပါဘူး။ နိုက်ဂျီးရီးယားပြည်သူအများစု ယုံကြည်ကြတဲ့ အစ္စလာမ်နဲ့ ခရစ်ယာန်ကလည်း ဒီလိုပါပဲ” ဟု ဘူဟာရီက ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ကိုယ်ကျင့်တရားပျက်ပြားမှုများနှင့် မည်သည့်ရာဇ၀တ်မှုမျိုးကို မဆို နောက်လိုက်များက ရှောင်ကျဉ်ရေး ဘာသာရေး၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံရေးခေါင်းဆောင်များက လှုံ့ဆောင်ပေးရန်၊ ပြည်သူများအနေဖြင့်လည်း တစ်ဦးနှင့် တစ်ဦး သည်းခံခွင့်လွှတ်ကြရန်၊ တစ်ဦး၏အခွင့်အရေးကို တစ်ဦးက အသိအမှတ်ပြုကြရန်လည်း သမ္မတက တိုက်တွန်းပြောကြားခဲ့သည်။

    Ref: Allafrica.com

  • ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်များကို မဲခွဲ

    ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်များကို မဲခွဲ

    မတ် ၁၈၊ ၂၀၁၆
    M-Media

    champ

    – ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်များကို ယနေ့ နေ့လည်ပိုင်းတွင် မဲခွဲခဲ့ပြီး ချန်ပီယံဖြစ်မည်ဟု ရေပန်းစားနေသည့် ဘာစီလိုနာမှာ ပြည်တွင်းပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်အသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    ဂွါဒီယိုလာ၏ ဘိုင်ယန်မြူးနစ်မှာ ဘင်ဖီကာနှင့်တွေ့ခဲ့ပြီး နောက်တစ်ဆင့်တက်ရန် အခြေအနေကောင်းနေသည်။ ဘိုင်ယန်မှာ ဘင်ဖီကာနှင့် နောက်ဆုံးတွ့ဆုံခဲ့သည့် ၆ ကြိမ်တွင် ရှုံးပွဲမရှိဘဲ ၄ ပွဲနိုင်ထားကာ ၂ ပွဲသရေကျခဲ့သည်။

    ရီးယဲလ်မှာ တစ်ကြိမ်မှမတွေ့ဆုံဘူးသည့် ဂျာမန်ကလပ် ၀ုလ်ဖ်ဘာ့ဂ်နှင့် တွေ့ဆုံရမည်ဖြစ်သည်။ ချယ်ဆီးအား ဖြုတ်ချကာ ကွာတားဖိုင်နယ်သို့ တက်လာခဲ့သည့် ပီအက်စ်ဂျီမှာ မန်စီးတီးနှင့် တွေ့ဆုံရမည်ဖြစ်သည်။ ၎င်းတို့နှစ်သင်းမှာ ၂၀၀၈-၀၉ ယူအီးအက်ဖ်အေဖလား အုပ်စုအဆင့်တွင် တွေ့ဆုံခဲ့ပြီး မန်စီးတီးကွင်းတွင် ဂိုးမရှိသရေကျခဲ့သည်။

    ဘာစီလိုနာမှာ အက်သလက်တီကိုနှင့် ပြိုင်ပွဲအားလုံး နောက်ဆုံးတွေ့ဆုံမှု ၆ ကြိမ်တွင် ပွဲအားလုံးကို အနိုင်ကစားထားနိုင်သည်။ မက်ဆီမှာ အက်သလက်တီကိုနှင့် တွေ့ဆုံခဲ့သည့် ၂၇ ကြိမ်တွင် ဟက်ထရက် ၃ ကြိမ်အပါအ၀င် ၂၅ ဂိုး သွင်းယူပေးထားနိုင်သည်။

    ကွာတားဖိုင်နယ်ပွဲစဉ်များကို ဧပြီလ ၅၊ ၆၊ ၁၂၊ ၁၃ ရက်များတွင် ကစားသွားမည်ဖြစ်သည်။

    Ref: UEFA.com