News @ M-Media
Author: Ko Lay
  • ဂီနီနိုင်ငံတွင် တစ်ကျော့ပြန်အီဘိုလာကြောင့် သေဆုံးသူ ၄ ဦးရှိပြီ
    ဂီနီနိုင်ငံတွင် တစ်ကျော့ပြန်အီဘိုလာကြောင့် သေဆုံးသူ ၄ ဦးရှိပြီ
    မတ် ၂၀၊ ၂၀၁၆
    M-Media
    ebola
    – အာဖရိကတိုက်ရှိ ဂီနီနိုင်ငံတွင် အီဘိုလာရောဂါ တစ်ကျော့ပြန်ဖြစ်ပွားနေပြီး သေဆုံးသူမှာ ၄ ဦးအထိ ရှိလာပြီဟု သိရသည်။
    အဆိုပါ တစ်ကျော့ပြန်အီဘိုလာမှာ ဂီနီနိုင်ငံတွင် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးသေဆုံးခဲ့သူမှာ အမျိုးသမီငယ်တစ်ဦးဖြစ်သည်။ မိသားစုဝင်များအပါအ၀င် ထိုအမျိုးသမီးငယ်နှင့် ထိတွေ့ဆက်ဆံဖူးသူများကို ခြေရာခံရန် ကြိုးစားနေသည်ဟု ကျန်းမာရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    ၂၀၁၃ ခုနှစ်ကတည်းက စတင်ခဲ့သည့် အီဘိုလာ ကပ်ရောဂါကြောင့် ဂီနီနိုင်ငံတွင် လူပါင်း ၂၅၀၀ ခန့် သေဆုံးခဲ့ပြီး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် ထပ်မံကူးစက်မှု မရှိတော့ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေငြာခဲ့သည်။ သို့သော်လည်း အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်သည်ဟု သတိပေးထားသည်။
    အီဘိုလာကူးစက်ပြန့်နှံ့မှု အများဆုံးဖြစ်ပွားခဲ့သော နိုင်ငံများမှာ ဂီနီ၊ ဆီရာလီယွန်နီနှင့် လိုက်ဘေးရီးယားတို့ ဖြစ်ကြပြီး စုစုပေါင်း ၁၁၃၀၀ ကျော် သေဆုံးခဲ့သည်။
    Ref : Channelnewsasia
  • အာဆင်ဝင်းဂါးအား တပည့်ဟောင်းပီတစ်က ပြင်းပြင်းထန်ထန်ဝေဖန်
    အာဆင်ဝင်းဂါးအား တပည့်ဟောင်းပီတစ်က ပြင်းပြင်းထန်ထန်ဝေဖန်
    မတ် ၂၀၊ ၂၀၁၆
    M-Media
    winger 3
    – အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးမှာ ယခုနှစ်တွင် အသင်းရှိသူ အားလုံးကို စိတ်ပျက်အောင် လုပ်ဆောင်ခဲ့သည်ဟု တိုက်စစ်မှူးဟောင်း အီမန်နျူယဲလ် ပီတစ်က ပြောကြားလိုက်သည်။
    ရာသီအစတွင် အခြေအနေကောင်းများဖြင့် စတင်ခဲ့သော်လည်း အာဆင်နယ်မှာ လက်ရှိအချိန်တွင် ချန်ပီယံလိဂ်နှင့် FA ဖလားတို့မှ ထွက်ခဲ့ရကာ ပရီးမီးယားလိဂ်တွင်လည်း ထိပ်ဆုံးမှ လက်စတာနှင့် ၁၁ မှတ်ကွာဟနေပြီး ဖလားလက်မဲ့ရာသီကို ဖြတ်သန်းရမည့် အနေအထားတွင် ရှိနေသည်။
    “ဒီရာသီက ကျွန်တော်တို့အတွက် ဖြစ်ရမှာဖြစ်ပေမယ့် ခင်ဗျားက ပရိတ်သတ်တွေနဲ့ အသင်းကို စိတ်ပျက်အောင်လုပ်ခဲ့တယ်။ နောက်နှစ်မှာ ချယ်ဆီး၊ လီဗာပူးလ်၊ မန်စီးနဲ့ မန်ယူတို့ ဒီအတိုင်းသွားမယ်လို့ ခင်ဗျားထင်နေသလား။ မေ့လိုက်စမ်းပါ။ သူတို့ တောင့်တောင့်တင်းတင်းနဲ့ ပြန်လာလိမ့်မယ်။ စပါးနဲ့ လက်စတာကိုတော့ ကျွန်တော်လေးစားပါတယ်။ ဒါပေမယ့် သူတို့ကို မယှဉ်နိုင်ဘူးဆိုရင်တော့ ခင်ဗျားအနေနဲ့ တစ်ခြားအားကစားသာ ပြောင်းလိုက်ပါဗျာ” ဟု ၀င်းဂါးကို ရည်ညွှန်း၍ ပီတစ်က Sky Sport သို့ ပြာကြားခဲ့သည်။
    Ref: Goal
  • အမေရိကန် သမ္မတလောင်းဖြစ်မည်ဟု ရေပန်းစားသူ ထရမ့်ကို ဆန့်ကျင်မှုများ မြင့်တက်လာ
    အမေရိကန် သမ္မတလောင်းဖြစ်မည်ဟု ရေပန်းစားသူ ထရမ့်ကို ဆန့်ကျင်မှုများ မြင့်တက်လာ
    မတ် ၂၀၊ ၂၀၁၆
    M-Media
    trump 1
    – အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန်ပါတီ၏ သမ္မတလောင်းဖြစ်မည်ဟု ရေပန်းစားနေသည့် ဘီလျံနာ ဒေါ်နယ်ထရမ့်အား ဆန့်ကျင်ဆန္ဒပြမှုကို အမေရိကန်ပြည်သူများက နယူးယောက်နှင့် အရီဇိုးနားပြည်နယ်များတွင် ယမန်နေ့က ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
    အရီဇိုးနားပြည်နယ် ဖောင်တိန် ဟေးလ်စ်တွင် ဒေါ်နယ်ထရမ့်အား ထောက်ခံမည့် ချီတက်လမ်းလျှောက်မှု ပြုလုပ်ရန် စီစဉ်ထားသော လမ်းကြောင်းကို ဆန္ဒပြသူ ရာပေါင်းများစွာက ပိတ်ဆို့ခဲ့ကြသည်။ ထို့ပြင် ထရမ့်အား ဆန့်ကျင်သည့် ကျွေးကြော်သံများ၊ ဆိုင်းဘုတ်များနှင့် အလံများကို ကိုင်ဆောင်ခဲ့ကြပြီး မည်သည့် ရုန်းရင်းဆန်ခတ်မှုမှ မရှိခဲ့ပေ။
    နယူးယောက်မြို့ ဆန္ဒပြမှုကို မြို့လယ်ကောင် မန်ဟက်တန်ရှိ ကိုလံဘတ်စ်အ၀ိုင်းတွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ပြည်သူရာပေါင်းများစွာ ပါဝင်ခဲ့သည်။
    “လူမျိုးရေးခွဲခြားသူ၊ တဏှာရူး၊ လိင်တူချစ်သူ ဆန့်ကျင်သူ ဒေါ်နယ်ထရမ့် ထွက်သွား” ဟု ဆန္ဒပြသူများက ဟစ်အော်ခဲ့ကြသည်။ ထို့ပြင် “ထရမ့်ကိုနှင်ထုတ်” “ထရမ့်ကိုထောင်ချထား” “ငါတို့ရဲ့ အခြေခံဥပဒေကို အယူသည်းအောင် ထရမ့်ကို လုပ်ခွင့်မပေးနဲ့” စသည့် ဆိုင်းဘုတ်များကိုလည်း ကိုင်ဆောင် ဆန္ဒပြခဲ့ကြသည်။
    ထရမ့်မှာ ၎င်း၏ မဲဆွယ်မှုများတွင် လူမည်းများ၊ မက္ကဆီကန်များ၊ မသန်စွမ်းသူများနှင့် မွတ်စလင်များကို ခွဲခြားစော်ကားမှုများ ပြုလုပ်ခဲ့သူဖြစ်ပြီး ယခုနောက်ပိုင်းတွင် ၎င်းအား ဆန္ဒပြမှုများမှာ အမေရိကန်နိုင်ငံတစ်ဝှမ်း မြင့်တက်လာခဲ့သည်။
    Ref: Press TV
  • လက်စတာ၏ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ခွင့်ကို နည်းပြရာနီယေးရီ ပထမဆုံးဝန်ခံ
    လက်စတာ၏ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ခွင့်ကို နည်းပြရာနီယေးရီ ပထမဆုံးဝန်ခံ
    မတ် ၂၀၊ ၂၀၁၆
    M-Media
    Leicester 3
    – ခရစ္စတယ်ပဲလေ့စ်အား အနိုင်ရရှိခဲ့ပြီးနောက် မိမိတို့အသင်းမှာ ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်သည်ဟု လက်စတာနည်းပြ ကလော်ဒီယို ရာနီယေးရီက ၀န်ခံပြောကြားလိုက်သည်။
    ယမန်နေ့က ကစားခဲ့သည့် ထိုပွဲတွင် လက်စတာမှာ မဟ်ရက်ဇ်၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယနေရာမှ စပါးအသင်းအား တစ်ပွဲပို ၈ မှတ်ဖြတ်ကာ ဇယားကို ဆက်လက်ဦးဆောင်နေသည်။ ရာသီတစ်လျှောက်လုံး ခြေစွမ်းကောင်းများ ပြသခဲ့သော်လည်း ဖလားရနိုင်မည့် အခွင့်အရေးနှင့်ပတ်သက်၍ အမြဲတမ်းပယ်ချခဲ့သည့် ရာနီယေးရီကမူ အသင်း၏ ဖလားရနိုင်ချေအား ပထမဆုံး ၀န်ခံခဲ့သည်။
    လက်စတာအနေဖြင့် စပါးထက်အရင် ကစားခဲ့ရခြင်းက အားသာချက်ရှိခဲ့လားဟု မေးမြန်းရာ “ဒါက အရေးကြီးလား မကြီးဘူးလားဆိုတာ ကျွန်တော် မသိပါဘူး။ အရာအားလုံး ကျွန်တော်တို့လက်ထဲမှာပါ။ ကျွန်တော်တို့ ဆက်လက် တွန်းအားပေးသွားရပါမယ်။ အခြားအရာတွေကတော့ အရေးမကြီးပါဘူး။ ဘယ်သူမှ ကျွန်တော်တို့ကို မကူညီကြပါဘူး။ ကျွန်တော်တို့ ကိုယ့်အလုပ် ကိုယ်လုပ်ရမယ်။ တစ်သင်းသင်းက ကျွန်တော်တို့ကို ကျော်တက်သွားလည်း ကိစ္စမရှိပါဘူး။ သူတို့က ချန်ပီယံပဲပေါ့။ ကျွန်တော်တို့က ဆက်လက်တိုက်ပွဲဝင်သွားမှာပါ။ (ဖလားမရလည်း) ကျွန်တော်တို့ ဒီရာသီအတွက် ကျေနပ်ပါတယ်။ ရာသီအစကို ကျွန်တော်မှတ်မိပါတယ်” ဟု ရာနီယေးရီက ပွဲအပြီးတွင် ပြန်လည်ဖြေကြားခဲ့သည်။
    Ref: Goal
  • တူရကီရှိ အစ္စတန်ဘူလ်မြို့တွင် အသေခံဗုံးပေါက်ကွဲမှု ဖြစ်ပွား
    တူရကီရှိ အစ္စတန်ဘူလ်မြို့တွင် အသေခံဗုံးပေါက်ကွဲမှု ဖြစ်ပွား
    မတ် ၁၉၊ ၂၀၁၆
    M-Media
    turkey
    – တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့လယ်ကောင် တက်ဆင်မ်ရင်ပြင်ရှိ အစ်တစ်က်လာလ် လမ်းမအနီးတွင် အသေခံဗုံးဖောက်ခွဲမှုဟု ယုံကြည်ရသည့် ပေါက်ကွဲမှုတစ်ခု ယနေ့မနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
    တူရကီအစိုးရအဖွဲ့ကမူ ထိုပေါက်ကွဲမှုအတွင်း အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ပြီး ၃၆ ဦး ဒဏ်ရာရရှိခဲ့ကာ ၇ ယောက်မှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသည်ဟု ပြောကြားခဲ့သည်။ ဒဏ်ရာရသူများတွင် အစ္စရေးနိုင်ငံသားများ အပါအ၀င် နိုင်ငံခြားသား ၇ ဦး ပါဝင်ကာ အသေခံဗုံးခွဲသူမှာလည်း တစ်ပါတည်း သေဆုံးခဲ့သည်ဟု ယုံကြည်ရသည်။
    ပေါက်ကွဲသည့်အချိန်တွင် အစ်တစ်က်လာလ် လမ်းမ၌ လူစည်ကားသည့်အချိန်ဖြစ်ပြီး ထိုပေါက်ကွဲမှုအတွက် မည်သူကမှ တာဝန်ယူခြင်း မရှိသေးပေ။ ပြီးခဲ့သည့်ရက်ပိုင်းကလည်း မြို့တော်အန်ကာရာတွင် အသေခံဗုံးပေါက်ကွဲမှု ၂ ခု ဖြစ်ပွားခဲ့ပြီး ထိုတိုက်ခိုက်မှုကို ကာ့ဒ်အုပ်စုက ၎င်းတို့ပြုလုပ်သည်ဟု ကြေငြာခဲ့သည်။
    တူရကီမှာ အမေရိကန်ဦးဆောင်သည့် မဟာမိတ်အဖွဲ့ဖြင့် အီရတ်နှင့် ဆီးရီးယားရှိ IS အဖွဲ့ကို တိုက်ခိုက်နေရပြီး၊ နိုင်ငံအရှေ့တောင်ပိုင်းတွင်လည်း ကာ့ဒ်အဖွဲ့ကို တိုက်ခိုက်နေသည်။
    Ref: Aljazeera