News @ M-Media

Author: Ko Lay

  • အသိပညာ အကယ်ဒမီ- ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၁၃)

    အသိပညာ အကယ်ဒမီ- ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၁၃)

    မတ် ၁၈၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    house of wisdom
    ယနေ့ခေတ် သိပ္ပံဆိုင်ရာ အကယ်ဒမီများ၏ ရှေ့ပြေးဖြစ်သည့် အလယ်ခေတ် မွတ်စလင်များ၏ House of Wisdom (ပညာ့ရိပ်မြုံ) မှ မြင်ကွင်းတစ်ခုကို သရုပ်ဖော်ထားပုံ

    – လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ လောက်က အစ္စလာမ်ကမ္ဘာရဲ့ အထွန်းကားဆုံးမြို့ဖြစ်ခဲ့တဲ့ အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့ဟာ ကမ္ဘာ့ထိပ်တန်းမြို့တစ်မြို့လည်း ဖြစ်ခဲ့ပါတယ်။ အသိပညာနဲ့ ယဉ်ကျေးမှုအဆီအနှစ်တွေ စုစည်းရာနေရာအဖြစ် နှစ်ပေါင်း ၅၀၀ လောက် ခေါင်းမော့ရင်ကော့နိုင်ခဲ့သလို၊ ခလီဖာ အလ်-ရရှစ်ဒ် (Al-Rashid)၊ အလ်-မာမွန် (Al-Mamun)နဲ့ အလ်-မွက်တာဖီ (Al-Muktafi) တို့ အုပ်စိုးစဉ်ကာလမှာ မြို့ရဲ့ ဂုဏ်သိက္ခာဟာ အလွန် ကြီးမားဝင့်ထည်ခဲ့ပါတယ်။

    ဘဂ္ဂဒတ်မြို့ ဒီလို ကမ္ဘာ့အထွပ်အထိပ်ကို ရောက်ရှိရတဲ့ အကြောင်းအရင်းကတော့ အုပ်စိုးသူ ဒီခလီဖာတွေဟာ ကမ္ဘာတစ်ဝှမ်းက ထူးခြားဆန်းပြားတဲ့ သိပ္ပံဆိုင်ရာ တီထွင်ကြံဆမှုတွေကို အာသာငမ်းငမ်း စုဆောင်းဖို့ စိတ်အားထက်သန်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ အဲဒီလို စာအုပ်စာပေတွေ၊ မွတ်စလင်ပညာရှင်တွေကို စုစည်းကာ ပညာ့ရိပ်မြုံ (House of Wisdom) လို့ခေါ်တဲ့ သမိုင်းတစ်လျှောက်မှာ အကြီးကျယ်ဆုံး အသိပညာအကယ်ဒမီတွေကို ဖန်တီးတည်ထောင်ခဲ့ပါတယ်။ အဲဒီပညာ့ရိပ်မြုံတွေဟာ အဂ္ဂဒတ်မြို့ရဲ့အင်အားကို နှစ်ဆတိုးစေခဲ့ပြီး ၀ိဇ္ဇာသိပ္ပံ၊ အနုပညာနဲ့ စာပေနယ်ပယ်တွေမှာလည်း ဌာနချုပ်ဖြစ်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ အနုပညာနဲ့ သိပ္ပံဆိုင်ရာ အသိပညာတွေ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြန့်နှံ့ရာမှာ ပါဝင်ခဲ့တဲ့ ဒီအကယ်မီတွေရဲ့ အခန်းကဏ္ဍဟာလည်း တော်တော်လေး ကြီးမားခဲ့ပါတယ်။

    အဲဒီပညာ့ရိပ်မြုံတွေရဲ့ အရွယ်အစားကိုလိုက်ပြီး အမည်နှစ်မျိုး ခေါ်ဆိုကြပါတယ်။ ဟာရွန် အလ်-ရရှစ်ဒ်ရဲ့ လက်ထက် ဟောခန်းတစ်ခုပုံစံ ရှိတဲ့အချိန်မှာ ခီဇာနသ် အလ်-ဟစ်ကမဟ် (Khizanat al-Hikmah) လို့ခေါ်ပြီး၊ အလ်-မာမွန်လက်ထက် ပညာရေးအကယ်ဒမီကြီးအဖြစ် ပေါ်ပေါက်လာတဲ့အခါမှာတော့ ဘိုက်သ် အလ်-ဟစ်ကမဟ် (Bayt al-Hikmah) လို့ ခေါ်တွင်ခဲ့ပါတယ်။ ခီဇာနသ် အလ် ဟစ်ကမဟ် က Library of Wisdom (ပညာ့ဘဏ်တိုက်) လို့ အမည်ရပြီး ဘိုက်သ် အလ်-ဟစ်ကမဟ်ကတော့ House of Wisdom (ပညာ့ရိပ်မြုံ) လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီပညာ့ရိပ်မြုံတွေဟာ ဘာသာပေါင်းစုံနဲ့ ရေးသားထားတဲ့ သိပ္ပံပညာရပ်စာအုပ်မျိုးစုံကို ထားရှိရာ သိပ္ပံဆိုင်ရာအကယ်ဒမီတွေ ဖြစ်လာပါတော့တယ်။

    ခလီဖဟ် မိုဟာမက် အလ်-မဟ်ဒီ (Mohammad al-Mahdi) လက်ထက် စစ်ပွဲကနေ ပြန်လာတိုင်းမှာ သူဟာ လက်ရေးမူစာအုပ်စာတမ်းတွေကို ယူဆောင်လာလေ့ရှိပြီး သူနောက်ပိုင်း သားဖြစ်သူ အလ်-ဟာဒီ (Al-Hadi) ထီးနန်ဆက်ခံတဲ့အခါမှာလည်း ဒီလို စာအုပ်စာပေစုဆောင်းမှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ အလ်-ဟာဒီရဲ့သားဖြစ်ပြီး သက္ကရာဇ် ၇၈၆ ကနေ ၈၀၉ အထိ နန်းစံခဲ့တဲ့ ခလီဖာ ဟာရွန် အလ်-ရရှစ်ဒ် လက်ထက်မှာတော့ သိပ္ပံစာအုပ်စာတမ်းတွေ စုစည်းထားတဲ့ ‘သိပ္ပံအကယ်ဒမီ’ တစ်ခုကို တည်ထောင်ခဲ့ပါတယ်။ သက္ကရာဇ် ၈၁၃ ကနေ နောက်ထပ် နှစ်ပေါင်း ၂၀ ကြာ အုပ်စိုးခဲ့တဲ့ အလ်-မာမွန်လက်ထက်မှာလည်း အဲဒီ ပညာ့ရိပ်မြုံကို တိုးချဲ့ခဲ့ပြီး သိပ္ပံပညာရပ်တစ်ခုချင်းစီအတွက် ဌာနခွဲတစ်ခုစီကို သီးခြား ဖွဲ့စည်းထားရှိခဲ့ပါတယ်။ ဒါ့ကြောင့် အဲဒီ ပညာ့ရိပ်မြုံတွေဟာ အိုလမာ လို့ခေါ်တဲ့ ပညာရှင်တွေ၊ အနုပညာရှင်တွေ၊ ထင်ရှားတဲ့ ဘာသာပြန်ဆရာတွေ၊ စာရေးဆရာတွေ၊ စာပေပညာရှင်တွေ၊ ကဗျာဆရာတွေ၊ လက်မှုပညာရှင်တွေ ပြွတ်သိပ်ကျပ်ညပ်ရာ နေရာတစ်ခု ဖြစ်လာခဲ့ပါတော့တယ်။

    အလယ်ခေတ်က အဲဒီလို က၀ိကျော်တွေ နေ့စဉ်လိုလိုတွေ့ဆုံမှုကနေ ပညာရပ်ပိုင်းဆိုင်ရာ စာအုပ်တွေကို ဘာသာပြန်ဆိုတာ၊ ဖတ်ရှုဆွေးနွေးတာ၊ အကျယ်တ၀င့်ရေးသားချက်တွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီ ပညာ့ရိပ်မြုံဟာ အာရဘီ၊ ဖာရစီ၊ ဟီဘရူး၊ ဆီရီအက်၊ အာမေနစ်၊ ဂရိ၊ လက်တင်နဲ့ ရှေးဟောင်း အိန္ဒိယ သင်္ချာလက်ရေးမူ ကျမ်းကြီးတွေကို ဘာသာပြန်ဆိုရာမှာ အသုံးပြုခဲ့တဲ့ သက္ကတဘာသာစကား စသဖြင့် ဘာသာစကားပေါင်းစုံကို တတ်ကျွမ်းကြတဲ့ ကမ္ဘာတစ်ဝှမ်းက အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေ စုဝေးရာနေရာလည်း ဖြစ်ပါတယ်။

    ပညာရပ်ပိုင်းဆိုင်ရာ စာအုပ်တွေကို ဘာသာပြန်ဆိုရာမှာ ထင်ရှားသူတစ်ဦးကတော့ ယူဟန်နာ အစ်ဗနေ့ အလ်-ဘီထရစ် အလ်-တာရ်ဂျူမန် (Yuhanna ibn al-Bitriq al-Turjuman) ဖြစ်ပြီး၊ ဘုန်းတော်ကြီးရဲ့သား ယူဟန်နာလို့ သိကြပါတယ်။ သူဟာ ဆေးပညာထက် ဒဿနပိုင်းမှာ ပိုမိုကျွမ်းကျင်ပြီး အရစ္စတိုတယ် (Aristotle) ရေးသားခဲ့ကာ အခန်း ၁၉ ခန်းပါဝင်တဲ့ The Book of Animals (သတ္တ၀ါများဆိုင်ရာကျမ်း) ကို လက်တင်ဘာသာကနေ ပြန်ဆိုခဲ့ပါတယ်။ ဂရိသမားတော်တွေဖြစ်တဲ့ ဟစ်ပိုကရေးတီး (Hippocrates) နဲ့ ဂါလန် (Galen) တို့ရဲ့ စာအုပ်တွေကို ဘာသာပြန်ဆိုရာမှာတော့ ဟူနျန် အစ်ဗနေ့ အစ္စဟာ့က် (Hunayn ibn Ishaq) က နာမည်ကျော်ပါတယ်။

    ခလီဖာ အလ်-မာမွန်ဟာ ဒဿနိကနဲ့ သိပ္ပံဆိုင်ရာ စာအုပ်စာတမ်း ပေါကြွယ်ဝတဲ့ စစ္စလီစာကြည့်တိုက် (Library of Sicily) က စာအုပ်တွေအားလုံးကို ပို့ပေးဖို့ စစ္စလီဘုရင်ကို တောင်းဆိုခဲ့ပြီး၊ ဘုရင်ကလည်း စာကြည့်တိုက်က စာအုပ်တော်တော်များများကို ပေးပို့ခဲ့တယ်လို့ ပြောစမှတ်စတစ်ခုလည်း ရှိနေပါတယ်။

    စာအုပ်တွေကို သယ်ယူပို့ဆောင်ရာမှာလည်း ယနေ့ခေတ်နဲ့ မတူညီပါဘူး။ လေယာဉ်ပျံတွေမရရှိတဲ့ အဲဒီအချိန်တုန်းက အလ်-မာမွန်ဟာ အီရန်နိုင်ငံ ခူရာဆန် (Khurasan) ကနေ ဘဂ္ဂဒတ်မြို့ကို လက်ရေးနဲ့ ရေးသားထားတဲ့စာအုပ်တွေ၊ လက်ရေးမူတွေကို ရာနဲ့ချီတဲ့ ကုလားအုပ်တွေနဲ့တင်ဆောင်ကာ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

    ဒါတင်မကသေးဘဲ အသုံးဝင်တဲ့ စာအုပ်တွေကို ဘာသာပြန်ဆိုဖို့အတွက် အလ်-မာမွန်ဟာ သူ့ဆီက သိပ္ပံပညာရှင်တွေကို စေလွှတ်ဖို့ ဘိုင်ဇန်တိုင်းအင်ပါယာ (Byzantine) ထံ ချဉ်းကပ်ခဲ့ပြီး သဘောတူညီချက် ရရှိခဲ့တာကြောင့် ဂရိတွေရဲ့ အသိပညာဆိုင်ရာ စာအုပ်၊ စာပေတွေကို ဆောင်ကျဉ်းနိုင်ခဲ့ပါတယ်။

    ခလီဖာ အလ်-မာမွန်ဟာ ပညာ့ရိပ်မြုံတည်ထောင်မှုကိုပဲ စီမံခဲ့တာမဟုတ်ပါဘူး။ သိပ္ပံပညာရှင်တွေနဲ့ တတ်သိပညာရှင်တွေရဲ့ ဆွေးနွေးပွဲတွေမှာလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ပါတယ်။ သူဟာ မာရ်ဆဒ် ဖာလာကီ (Marsad Falaki) လို့ခေါ်တဲ့ နက္ခတဗေဒစင်တာတစ်ခုကို တည်ဆောက်ခဲ့ပြီး၊ အဲဒီစင်တာကို အလ်-မာမွန်ရဲ့ သီးသန့် နက္ခတဗေဒပညာရှင်တွေဖြစ်တဲ့ ဂျူးလူမျိုး ဆနဒ် အစ်ဗနေ့ အလီ အလ်-ရဟူဒီ (Sanad ibn Ali al-Yahudi) နဲ့ မွတ်စလင်တစ်ဦးဖြစ်သူ ယဟ်ယာ အစ်ဗနေ့ အဘီ မန်ဆူရ် (Yahya ibn Abi Mansur) တို့က ကြီးကြပ်ကွပ်ကဲခဲ့ပါတယ်။

    အလ်-မာမွန်ဟာ သူ့ရဲ့ ဖခင်ဖြစ်သူထက်ပိုပြီး အဆင့်မြင့်ပညာဆိုင်ရာ ကျောင်းတွေ၊ စမ်းသပ်ခန်းတွေနဲ့ အထည်ချုပ်စက်ရုံတွေကို တည်ထောင်ခဲ့ပါတယ်။ သူရဲ့ နန်းစံသက်မှာ အဆင့်မြင့်ပညာသင်ကြားပေးတဲ့ နေရာတွေဟာ ၃၃၂ ခုအထိ ရှိလာခဲ့တယ်လို့ ရေးသားဖော်ပြခဲ့ကြပါတယ်။

    ဒါတင်မကသေးဘဲ ကမ္ဘာ့မြေပုံတစ်ခု ရေးဆွဲပေးဖို့အတွက်လည်း အလ်-မာမွန်က ပညာရှင်အုပ်စုတစ်ခုကို စေခိုင်းခဲ့ပြီး အဲဒီမြေပုံကို အလ်-မာမွန်မြေပုံ (al-Mamun’s Map) ဒါမှမဟုတ် အလ်-ဆူရာဟ် အလ်-မာမူနီယဟ် (Al-surah al-mamuniyah) လို့ ခေါ်တွင်ပါတယ်။ အဲဒီ မြေပုံဟာ တော်လမီ (Ptolemy)နဲ့ အခြားသော ဂရိပထ၀ီပညာရှင်တွေလက်ထက်က ရှိခဲ့တဲ့ မြေပုံတွေထက်ကို ပိုပြီး ကျယ်ပြန့် ပြည့်စုံခဲ့ပါတယ်။

    ပညာ့ရိပ်မြုံကနေ ထွန်းတောက်လာကြသူတွေထဲမှာ သင်္ချာပညာရှင်တွေဖြစ်ပြီး ဉာဏ်လှည့်စားကိရိယာတွေကို တီထွင်ခဲ့သူ မိုဟာမက်၊ အဟ်မဒ်နဲ့ အလ်-ဟာဆန်လို့ ခေါ်တဲ့ ဘနူမူဆာညီအစ်ကို၊ အလ်ဂျီဘရာရဲ့ဖခင်ကြီး အလ်-ခွာရစ်ဇ်မီ (Al-Khwarizmi)၊ ဂီတသင်္ကေတနဲ့ ဂီတသီအိုရီတွေကို တီထွင်ဖော်ထုတ်ခဲ့သူ အလ်-ကင်ဒီ (Al-Kindi)၊ ကျမ်းပြုသူဖြစ်တဲ့ ဆအစ်ဒ် အစ်ဗနေ့ ဟာရွန် အလ်-ကာသစ်ဘ် (Said ibn Harun al-Katib)၊ ၀ိဇ္ဇာသိပ္ပံဆိုင်ရာ စာအုပ်တွေကို ဘာသာပြန်ဆိုခဲ့ကြပြီး သမားတော်ကြီးတွေလည်းဖြစ်ကြတဲ့ ဟူနျန် အစ်ဗနေ့ အစ္စဟာက် အလ်-အီဘာဒီ (Hunayn ibn Ishaq al-Ibadi) နဲ့ ၎င်း၏သားဖြစ်သူ အစ္စဟာက် (Ishaq) တို့လည်း ပါဝင်ခဲ့ပါတယ်။ ဒီပုဂ္ဂိုလ်တစ်ဦးချင်းစီဟာ လက်တွေ့စမ်းသပ်မှုတွေကနေတစ်ဆင့် စူးစမ်း၊ လေ့လာ၊ ရှာဖွေဖော်ထုတ်ကာ ဒီနေ့ခေတ် ကျွန်တော်တို့ သိရှိနေကြတဲ့ ပညာရပ်တွေရဲ့အခြေခံ အသိပညာဗိမာန်ကြီးတွေကို တည်ဆောက်ခဲ့သူတွေဖြစ်တာကြောင့် အခုဖော်ပြနေတဲ့ “ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ” ကဏ္ဍမှာ သူတို့ရဲ့ အမည်တွေကို ထပ်ခါတစ်လဲလဲ တွေ့မြင်ရပါလိမ့်မယ်။

    ပညာ့ရိပ်မြုံ (House of Wisdom) ဆိုတဲ့နေရာမှာ အဘ္ဘာစစ်မင်းဆက် (Abbasid) လက်ထက်က တည်ဆောက်ခဲ့တဲ့ ပညာ့ရိပ်မြုံနဲ့ ဖာတီမိုက်မင်းဆက် (Fatimid) လက်ထက်က တည်ဆောက်ခဲ့တဲ့ ပညာ့ရိပ်မြုံ (ဒါရ် အလ်-ဟစ်ကမဟ်) တို့ဟာ မတူညီကြပါဘူး။ ဒါရ် အလ်-ဟစ်ကမဟ် (Dar al-Hikkmah) ကို ခလီဖာ အလ်-ဟာကင် (Al-Hakim) က သက္ကရာဇ် ၁၀၀၅ ခုနှစ်မှာ ကိုင်ရိုမြို့မှာ တည်ထောင်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၁၆၅ နှစ်လောက် တည်တံ့ခဲ့ပါတယ်။ အစ္စလာမ်ကမ္ဘာရဲ့အရှေ့ခြမ်း အခြားသော မြို့တွေ့မှာလည်း သိပ္ပံစင်တာ (Dar al-Ilm) တွေကို တည်ထောင်ခဲ့ကြပြီး၊ အသိပညာစင်တာ (House of Knoledge) လို့ ပိုပြီးပြောလို့ရတဲ့ အဲဒီစင်တာတွေဟာ ၉ ရာစုနဲ့ ၁၀ ရာစုအတွင်း ဘဂ္ဂဒတ်တစ်ဝှမ်းမှာ အလျှိုလျှိုပေါ်ထွက်လာခဲ့ပါတယ်။

    ပြိုင်ဘက်ကင်းစင်တာ

    house of wisdom 2
    House of Wisdom

    ယူကေက Guardian သတင်းစာရဲ့ အရှေ့အလယ်ပိုင်း အယ်ဒီတာဖြစ်တဲ့ ဘရိုင်ယန် ၀ီတိတ်ကာ (Brian Whitaker) က အလယ်ခေတ် မွတ်စလင်ကမ္ဘာရဲ့ ပညာ့ရိပ်မြုံတွေဟာ လူသားဝါဒနဲ့ သင်္ချာ၊ နက္ခတဗေဒ၊ ဆေးပညာ၊ ဓာတုဗေဒ၊ သက္ကတဗေဒ၊ ပထ၀ီအပါအ၀င် သိပ္ပံပညာရပ်နယ်ပယ်မှာ ပြိုင်ဘက်ကင်းတဲ့စင်တာတွေ ဖြစ်ခဲ့တယ်လို့ ၂၀၀၄ ခုနှစ် စက်တင်ဘာလမှာ ထုတ်ဝေတဲ့ Guardian သတင်းစာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီစင်တာတွေဟာ ပါရှား၊ အိန္ဒိယနဲ့  ဂရိတို့က ပညာရှင်တွေကို ဆွဲဆောင်နိုင်ခဲ့ကာ အရစ္စတိုတယ်၊ ပလေတို၊ ဟစ်ပိုကရေးတီး၊ ယူကလစ်၊ ပိုက်သာဂိုးရက်စ်နဲ့ အခြားသော ပညာရှင်ကြီးတွေ ရေးသားထားတဲ့ စာအုပ်စာပေတွေစုစည်းရာ၊ ကမ္ဘာတစ်ဝှမ်းက အသိပညာတွေစုဝေးရာ၊ ကိုယ်ပိုင်ရှာဖွေဖော်ထုတ်မှုတွေလုပ်ဆောင်ကာ ၀င့်ဝင့်ထည်ထည် ရပ်တည်ခဲ့ရာနေရာ ဖြစ်တယ်လို့လည်း သူက ထည့်သွင်းရေးသားခဲ့ပါတယ်။

    သိပ္ပံမြို့တော် ဘဂ္ဂဒတ်

    လွန်ခဲ့နှစ်ပေါင်းထောင်ချီအရင်က အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့ဟာ ကမ္ဘာ့အကြီးဆုံးနဲ့ အချမ်းသာဆုံး မြို့တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီမြို့ရဲ့ ကြွယ်ဝချမ်းသာမှုက ငွေကြေးသက်သက်တော့ မဟုတ်ခဲ့ပါဘူး။ နှစ်ပေါင်း ၂၀၀ လောက် ထိပ်တန်း သိပ္ပံအကယ်ဒမီ တည်ရှိရာနေရာ ဖြစ်ခဲ့ပြီး အဲဒီ အကယ်ဒမီကလည်း ကမ္ဘာတစ်ဝှမ်းက ပညာရှင်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ မွတ်စလင်လူ့အဖွဲ့အစည်းမှာ  သင်္ချာ၊ နက္ခဗေဒကနေ သတ္တဗေဒအထိ သုတေသနပြုလုပ်ရာ၊ တွေးခေါ်မျှော်မြင်ရာနဲ့ ဆွေးနွေးတိုင်ပင်ရာမှာလည်း အဓိကစင်တာအဖြစ် အသုံးတော်ခံခဲ့ပါသေးတယ်။

    ဒီအကယ်ဒမီက ပညာရှင်တွေဟာ သိပ္ပံ၊ ဆေးဘက်ဆိုင်နဲ့ ဒဿနိကဗဒေဆိုင်ရာ ကျမ်းကြီးကျမ်းငယ် အသွယ်သွယ်ကို ဖတ်ရှုတ်အသုံးချခဲ့ကြပါတယ်။ ပညာ့ရိပ်မြုံတွေကို တည်ဆောက်ခဲ့တဲ့ ခလီဖာတွေဟာလည်း ရှေးဟောင်းလူ့အဖွဲ့အစည်းတွေက ရေးသားမှုတွေ၊ ရှာဖွေတွေ့ရှိမှုတွေကို စုဆောင်းကာ ကမ္ဘာ့အဆင့် စာကြည့်တိုက်ကြီးတွေကိုလည်း တည်ဆောက်ပေးခဲ့ကြပါတယ်။ သက္ကရာဇ် ၇၈၆ ခုနှစ်မှာ နန်းစံခဲ့တဲ့ ခလီဖာ ဟာရွန် ရရှစ်ဒ်ဟာ သူ့ရဲ့ဖခင်နဲ့ အဖိုးဖြစ်သူတို့လက်ထက် စုဆောင်းပေးခဲ့တဲ့ လက်ရေးမူစာအုပ်တွေနဲ့ စာကြည့်တိုက်ကြီးတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ နောက်ပိုင်း ဆယ်စုနှစ်တွေ ကြာပြီးတဲ့အချိန်မှာတော့ သူ့ရဲ့သားဖြစ်သူ အလ်-မာမွန်က စာကြည့်တိုက်မှာ ပညာရပ်ဆိုင်ရာဌာနခွဲတွေကို တိုးချဲ့ထည့်သွင်းခဲ့ပြီး ပိုမိုကြီးကျယ်တဲ့ စာကြည့်တိုက်ကြီးတစ်ခု ဖြစ်စေခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း သူက ပညာရပ်တစ်ခုချင်းစီအတွက် လေ့လာရေးစင်တာတွေကို ထပ်ပေါင်းထည့်ခဲ့ပြီး ပညာရှင်တွေကို သုတေသန ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်စေနိုင်ခဲ့ကာ သက္ကရာဇ် ၈၂၉ ခုနှစ်မှာတော့ သုတေသနစင်တာတစ်တစ်ခုကို အလ်-မာမွန်က ထပ်မံတည်ဆောက်ခဲ့ပါတယ်။

    အဲဒီပညာ့ရိပ်မြုံကို ရောက်ရှိခဲ့တဲ့ ပညာရှင်တွေဟာ အာရဘီ၊ ပါရှန်၊ အာမေနစ်၊နဲ့ ဂရိ စတဲ့ ဘာသာစကားပေါင်းစုံကို ရေးသား၊ ပြောကြားကြပြီး၊ သက်ဆိုင်ရာပညာရှင်တွေ လေ့လာနိုင်ဖို့၊ ဆွေးနွေးနိုင်ဖို့နဲ့ ဒီအပေါ်မှာ ထပ်မံတိုးတက်အောင် ပြုလုပ်နိုင်ဖို့အတွက် ရှေးဟောင်းကျမ်းတွေကို အာရဘီဘာသာ ပြန်ဆိုတာကိုလည်း ကျွမ်းကျင်ပညာရှင်တွေက ပြုလုပ်ခဲ့ကြပါတယ်။ ဒီ ပညာ့ရိပ်မြုံက ထွန်းတောက်ခဲ့တဲ့ ပညာရှင်တွေထဲမှာ အရစ္စတိုတယ်ရဲ့ စာအုပ်တွေကို ဘာသာပြန်ခဲ့တဲ့ အလ်-ကင်ဒီ၊ ဟစ်ပိုကရေးတီးရဲ့ လက်ရာတွေကို ဘာသာပြန်ခဲ့တဲ့ ဟူနျန် အစ်ဗနေ့ အစ္စဟာက်တို့လည်း ပါဝင်ပါတယ်။ ခလီဖာ အလ်-မာမွန်ကတော့ ဘာသာပြန်ဆိုတဲ့ စာအုပ်အလေးအချိန်အတိုင်း ရွှေသားပေးမယ်ဆိုတဲ့ မက်လုံးနဲ့အတူ အဲဒီ ပညာ့ရိပ်မြုံက ပညာရှင်တွေ၊ ဘာသာပြန်တွေကို အားပေးမြှင့်တင်ပေးခဲ့ပါတယ်။

    အဲဒီ အောင်မြင်တဲ့ အသိပညာရွှေ့ပြောင်းရယူမှုစနစ်က နောက်ပိုင်း နှစ်အနည်းငယ်အကြာ ၁၂ ရာစု စပိန်နိုင်ငံမှာ ရောင်ပြန်ဟပ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက တိုလေဒို (Toledo) မြို့ဟာ အသိပညာတွေကို ဘာသာပြန်ဆိုရာမှာ အချက်အချာနေရာဖြစ်ခဲ့ပြီး ဒီအချိန်မှာတော့ အာရဘီကနေ လက်တင်ဘာသာစကားကို ဘာသာပြန်ဆိုတာဖြစ်ပါတယ်။ မွတ်စလင်ပညာရှင်တွေရဲ့ တွေ့ရှိချက်တွေ၊ ရှေးဟောင်းဂရိတွေရဲ့ အရေးပါတဲ့စာအုပ်တွေကို ဘာသာပြန်ဆိုထားတာတွေက သိပ္ပံပညာရပ်တွေရဲ့ အသက်သွေးကြောဖြစ်လာခဲ့ကာ ခရစ်ယာန်ပညာရှင်တွေ၊ ဂျူးပညာရှင်တွေနဲ့ မွတ်စလင်ပညာရှင်တွေဟာလည်း တိုလေဒိုကို လှိမ့်ဝင်လာခဲ့ကြပါတယ်။ သူတို့တွေဟာ အတူစုပေါင်းပြီး ရှေးဟောင်းဂရိတွေစာအုပ်တွေ၊ မူရင်းအာရဘီစာအုပ်တွေကို လက်တင်နဲ့ အခြားသော ဥရောပဘာသာစကားတွေဆီ ပြန်ဆိုခဲ့ကြပါတယ်။ တိုလေဒိုနဲ့ အခြား ဥရောပတောင်ပိုင်းဒေသတွေမှာ အရစ္စတိုတယ်ရဲ့ စာအုပ်တစ်ချို့ကို မီခေးလ် သည် စတော့ (Michael the Scot) က လက်တင်ဘာသာစကားကို ပြန်ဆိုခဲ့ပါတယ်။ ခရီမိုနာဒေသ (Cremona) က ဂျရတ် (Gerard) ကလည်း အလ်-ဇဟ်ရာဝီ (Al-Zahrawi) ရဲ့ ဆေးကျမ်းကြီးတွေ၊ အလ်-ရာဇီ (Al-Razi) ရဲ့ ဓာတုဗေဒကျမ်းကြီးတွေကို ဘာသာပြန်ခဲ့ပါတယ်။

    အလယ်ခေတ် မွတ်စလင်တွေ တည်ထောင်ခဲ့တဲ့ အဲဒီပညာ့ရိပ်မြုံက အကျိုးတရားတွေဟာ တိုးတက်တဲ့ ဒီနေ့ခေတ်အထိ ရိုက်ခတ်နေဆဲ ဖြစ်ပါတယ်။ ‘အလ်ဂျီဘရာ’ ဆိုတဲ့ အသုံးအနှုန်းဟာ အလ်-ခွာရစ်ဇ်မီ (Al-Khwarizmi) ရေးသားခဲ့တဲ့ အလ်-ဂျဘာရ် ၀ါလ် မူကာဘာလာဟ် (Al-Jabr wal Muqabalah) ဆိုတဲ့စာအုပ်ခေါင်းစဉ်ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ အလ်-ခွာရစ်ဇ်မီဟာ အလ်ဂျီဘရာ ဘာသာရပ်ကို ၉ ရာစုအစောပိုင်း ပညာ့ရိပ်မြုံမှာ အလုပ်လုပ်နေချိန် ဖော်ထုတ်ရေးသားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အလ်-ခွါရစ်ဇ်မီရဲ့ အလ်ဂျီဘရာအယူအဆတွေကို သူ့ကိုဆက်ခံတဲ့ အလ်-ကာရာဂျီ (Al-Karaji) က တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး နောက်ဆုံးမှာ ပြီးပြည်စုံခဲ့တဲ့ ဒီဘာသာရပ်ဟာ နှစ်ပေါင်းရာနဲ့ချီပြီး ရှင်သန်ခဲ့ပါတယ်။ အဲဒီ ပညာရှင်ကြီးတွေဟာ ယနေ့ကွန်ပျူတာခေတ်မှာ မီခိုနေရတဲ့ သင်္ချာပညာရပ်ရဲ့ အခြေခံသဘောတရားကို ဖော်ထုတ်နိုင်ခဲ့သူတွေလည်း ဖြစ်ပါတယ်။

    ခလီဖာ အလ်-မာမွန်နဲ့ သူချန်ရစ်ခဲ့တဲ့ အသိပညာအမွေအနှစ်တွေဟာ ထင်ရှားပြီး၊ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ လပေါ်က ချိုင့်ခွက်ကြီးတစ်ခုကိုလည်း အလ်မာနွန် (Almanon) လို့ အမည်ပေးထားပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

     

     

  • အာဆင်ဝင်းဂါး၏ ဇာတ်သိမ်းခန်း နီးလာပြီဟု အာဆင်နယ်တိုက်စစ်မှူးဟောင်း ပြော

    အာဆင်ဝင်းဂါး၏ ဇာတ်သိမ်းခန်း နီးလာပြီဟု အာဆင်နယ်တိုက်စစ်မှူးဟောင်း ပြော

    မတ် ၁၇၊ ၂၀၁၆
    M-Media

    winger 2

    – ချန်ပီယံလိဂ်မှ အာဆင်နယ်အသင်း ထွက်ခွာခဲ့ရပြီးနောက် အာဆင်ဝင်းဂါး၏ ဇာတ်သိမ်းခန်းမှာ နီးကပ်လာပြီဟု အာဆင်နယ်တိုက်စစ်မှူးဟောင်း အီယန် ရွိုက်က ပြောကြားလိုက်သည်။

    ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ အိမ်ကွင်းတွင် ဘာစီလိုနာအား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့် အာဆင်နယ်မှာ ယနေ့မနက်က ကစားခဲ့သည့် ဒုတိယအကျော့တွင်လည်း ၃ ဂိုး ၁ ဂိုးဖြင့် ထပ်ရှုံးခဲ့ပြီး FA ဖလားတွင် ၀က်ဖို့ဒ်အား ရှုံးနိမ့်ကာ ထွက်ခဲ့ရပြီးနောက်ပိုင်း တစ်ပတ်အတွင်း အဓိကပြိုင်ပွဲတစ်ခုမှ ထပ်မံ ထွက်ခွာခဲ့ရခြင်းလည်း ဖြစ်သည်။

    “တကယ်လို့များ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ကို မရဘူးဆိုရင် သူ (၀င်းဂါး) ဟာ နွေရာသီနောက်ပိုင်း အသင်းမှာ ဆက်ရှိနေမလားဆိုတာ ကျွန်တော် အသေအချာ မပြောနိုင်ပါဘူး။ အဆင့် ၃၊ အဆင့် ၄ နေရာနဲ့ ဆက်ပြီး ရာသီသိမ်းမယ်ဆိုရင် ဘာဖြစ်မလဲဆိုတာကို ကျွန်တော် မပြောတတ်ပါဘူး။ အထူးသဖြင့် လက်စတာနဲ့ စပါးတို့က အပေါ်ရောက်နေပြီး အာဆင်နယ်က ချန်ပီယံလိဂ်နဲ့ FA က ထွက်ရတဲ့ ဒီလိုအခြေအနေမျိုးမှာပေါ့ဗျာ။ အခုအချိန်မှာ အခြေအနေက ပြောင်းသွားပါပြီ။ သူ့ကို ရှိနေစေချင်တဲ့သူထက် ထွက်သွားစေချင်တဲ့သူက ပိုများနေပါတယ်” ဟု ရွိုက်က ပြောကြားခဲ့သည်။

    သို့သော်လည်း အသင်း၏မအောင်မြင်မှုအတွက် ၀င်းဂါးတစ်ဦးတည်းကိုသာ အပြစ်တင်၍ မရကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Goal

  • အလုပ်ချိန် သာမန်ထက် ပိုများခြင်းက နှလုံးရောဂါဖြစ်နိုင်ချေကို မြင့်တက်စေ

    အလုပ်ချိန် သာမန်ထက် ပိုများခြင်းက နှလုံးရောဂါဖြစ်နိုင်ချေကို မြင့်တက်စေ

    မတ် ၁၇၊ ၂၀၁၆
    M-Media

    – တစ်ပတ်မှာ အလုပ်ချိန် နာရီ ၃၀ ကနေ ၃၅ နာရီထက်ပိုပြီး လုပ်ကိုင်ခြင်းက ရင်ဘတ်အောင့်ခြင်း၊ နှလုံးအလုပ်မလုပ်ခြင်း၊ နှလုံးသွေးကြောရောဂါ စတဲ့ နှလုံးနဲ့ပက်သက်တဲ့ ရောဂါတွေဖြစ်မှု အလွန်များနိုင်တယ်လို့ အမေရိကန် သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

    အလုပ်လုပ်ချိန် ကြာမြင့်တာဟာ သွေးတိုးရောဂါနဲ့ လေဖြတ်တာမျိုးလည်း ဖြစ်နိုင်ချေများနိုင်ပြီး၊ အလုပ်ချိန်တိုးလာတိုင်းမှာ နှလုံးရောဂါဖြစ်နိုင်ချေကလည်း တစ်ရာခိုင်နှုန်း ပိုများလာနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ရေတိုမှာ မဟုတ်ဘဲ အနည်းဆုံး ၁၀ နှစ်နဲ့အထက် ရေရှည်လုပ်ဆောင်မှသာ တွေ့ရတာမျိုးဖြစ်ပါတယ်။

    တက္ကဆက်တက္ကသိုလ် ကျန်းမာရေးသိပ္ပံဌာနရဲ့ လေ့လာရေးအဖွဲ့က အလုပ်အကိုင်ပတ်ဝန်းကျင်နဲ့ အခြေအနေတွေအပေါ်လိုက်ပြီး လူ ၁၉၀၀ ရဲ့ ကျန်းမာရေးမှတ်တမ်းတွေကို ရေရှည် လေ့လာဆန်းစစ်ခဲ့ပါတယ်။ အစောပိုင်းက လေ့လာမှုတွေမှာလည်း အချိန်ပိုလုပ်ခြင်းနဲ့ စိတ်ဖိစီးတဲ့အခြေအနေအောက်မှာ အလုပ်လုပ်ခြင်းက ကျန်းမာရေးအခြေအနေတွေနဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။

    ပျှမ်းမျှအနေနဲ့ တစ်ပတ်လျှင် ၅၅ နာရီ အလုပ်လုပ်တဲ့သူတွေမှာ တစ်ပတ် ၄၅ နာရီသာ အလုပ်လုပ်တဲ့သူတွေထက် နှလုံးသွေးကြောရောဂါ ၁၆ ရာခိုင်နှုန်း ပိုများတာကို တွေ့ရပါတယ်။ တစ်ပတ်မှာ နာရီ ၆၀ လုပ်သူတွေကတော့ နှလုံးသွေးကြောရောဂါဖြစ်နိုင်ချေ ၃၅ ရာခိုင်နှုန်းပိုများလာပါတယ်။

    နှလုံးသွေးကြောရောဂါဖြစ်နိုင်ချေ အနည်းဆုံးသူတွေကတော့ တစ်ပတ်မှာ နာရီ ၃၀ ကြားလောက်ပဲ အလုပ်လုပ်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲပြောပြော တစ်ပတ်မှာ အလုပ်ချိန်တိုတဲ့သူတွေ (တစ်ပတ်လျှင် ၁၀ နာရီကနေ ၁၅ နာရီလောက်) မှာလည်း နှလုံးသွေးကြောအန္တရာယ်ပိုများတာချင်း တူတူပဲလို့ တွေ့ခဲ့ရပါတယ်။

    လေ့လာရေးအဖွဲ့ခေါင်းဆောင် ဆာဒီ ကွန်ဝေးက “ဒီလေ့လာမှုမှာ အလုပ်ချိန်ကြာမြင့်မှုနဲ့ နှလုံးသွေးကြောရောဂါကြား ဆက်စပ်နေတဲ့ အထောက်အထားတွေ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် နှလုံးသွေးကြောရောဂါကာကွယ်ရေးအားထုတ်မှုအနေနဲ့ အလုပ်ချိန်ကို စနစ်တကျ အကွက်ချတတ်မယ်ဆိုရင် အလုပ်လုပ်သူ အမေရိကန်သန်းပေါင်းများစွာအတွက် နှလုံးသွေးကြောအန္တရာယ်ကို လျှော့ချနိုင်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • IS စတင်ပေါ်ပေါက်လာမှုကို သိရှိသော်လည်း စီအိုင်အေက လစ်လျူရှုခဲ့

    IS စတင်ပေါ်ပေါက်လာမှုကို သိရှိသော်လည်း စီအိုင်အေက လစ်လျူရှုခဲ့

    မတ် ၁၇၊ ၂၀၁၆
    M-Media

    CIA

    – ဆီးရီးယားအတိုက်အခံအဖွဲ့ဖြစ်တဲ့ လွတ်လပ်သော ဆီးရီးယားတပ်မတော် (FSA) ရဲ့ ထောက်လှမ်းရေးခေါင်းဆောင်က ၎င်းရဲ့ထောက်လှမ်းရေးအဖွဲ့ဟာ IS တွေ ပေါ်စကတည်းက သတင်းအချက်အလက်တွေ ရှာဖွေစုဆောင်းပေးခဲ့ပေမယ့် အမေရိကန်ထောက်လှမ်းရေးအဖွဲ့ (CIA) ကတော့ အဲ့ဒီအကြမ်းဖက်သမားတွေကို ခေါင်းမထောင်နိုင်အောင်နှိမ်နင်းနိုင်မယ့် အဆိုပါ သတင်းအချက်အလက်တွေကို လုံးဝမျက်ကွယ်ပြုခဲ့တယ်လို့ ပြောလိုက်ပါတယ်။

    ကုဒ်နာမည် M လို့ပေးထားတဲ့ သူလျှိုခေါင်းဆောင်က Le Monde သတင်းစာကို ပြောကြားလိုက်တာဖြစ်ပြီး ၎င်းရဲ့အဖွဲ့သားတွေ ကွင်းဆင်းကောက်ယူထားတဲ့ IS အဖွဲ့နဲ့ပက်သက်တဲ့ အလွန်အသေးစိတ်တဲ့ သတင်းအချက်အလက်တွေကို CIA ဆီ ၂ နှစ်ကြာ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

    အီရတ်နဲ့ဆီရီးယားကိုတိုက်ခိုက်မယ့် IS ရဲ့အကြံအစည်တွေနဲ့ပက်သက်ပြီး သတင်းပေးခဲ့ရာမှာ GPS လမ်းညွှန်များ၊ မြေပုံများ၊ ဓာတ်ပုံများ၊ ဖုန်းနံပါတ်များနဲ့ အင်တာနက်လိပ်စာ (IP address) တောင် ပါခဲ့ပါသတဲ့။

    “IS အဖွဲ့ဝင်တွေ ၂၀ လောက်ရှိရာကနေ ၂၀,၀၀၀ လောက် ဖြစ်လာတဲ့အချိန်ထိ အကုန်လုံးကို အမေရိကန်တွေဆီ ကျွန်တော်တို့ ပို့ပေးခဲ့ပါတယ်။ သူတို့ကို ဒီသတင်းအချက်အလက်တွေနဲ့ ဘာလုပ်နေလဲလို့မေးရင်လည်း ဝေ့၀ိုက်ဖြေကြားပြီး ဒါက အထက်က ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တယ်လို့ပဲ အမြဲပြောပါတယ်”

    နိုင်ငံခြားမှာ လေ့ကျင့်ပေးထားတဲ့ အဲဒီ FSA ခေါင်းဆောင်ဟာ IS တွေထိန်းချုပ်ထားတဲ့မြို့တွေဖြစ်တဲ့ ရက္ကာ၊ အလ်ဘာ့ဘ်၊ တဲလ်အဘ်ယာ့ဒ်နဲ့ တခြားမြို့တွေမှာ ယုံကြည်စိတ်ချရတဲ့လူ ၃၀ လောက်ကို စုဆောင်းခဲ့ပြီး၊ စစ်ဆင်ရေးဆောင်ရွက်ဖို့ ဘဏ္ဍာရေးကိစ္စနဲ့ပက်သက်လို့ အမေရိကန်ဆီက တစ်လ ဒေါ်လာ ၃၀,၀၀၀ တောင်းဆိုထားပေမယ့် တကယ်တမ်းမှာ ဒေါ်လာ ၁၀,၀၀၀ ပဲရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    M ရဲ့ အားအကိုးရဆုံးသော အဖွဲ့သားတစ်ဦးဟာ တူရီကီနယ်စပ်အနီး မန်ဂျစ်ဘ်မြို့ IS တွေရဲ့ ဘဏ္ဍာရေးဌာနတစ်ခုမှာ သူလျှိုအဖြစ် ၀င်ရောက်နေတာဖြစ်ပါတယ်။ ၎င်းက ရဒ်ဝမ် ဟာဘစ်လို့ခေါ်တဲ့ လွှတ်တော်အမတ်ဟောင်းတစ်ဦး သူ့အကိုဖြစ်သူ IS အဖွဲ့ခွဲခေါင်းဆောင် အလီကို ဒေါ်လာ ၇၄၀၀၀ ပေးခဲ့တယ်လို့လည်း သတင်းပေးပို့ခဲ့ပါတယ်။

    FSA အဖွဲ့ဝင်တွေနဲ့ သတင်းပေးတွေဟာ အမျိုးမျိုးသော စစ်ဆင်ရေးတွေ တစ်ခါတရံမှာ သိပ်အန္တရယ်များတဲ့ ကိစ္စတွေပါ လုပ်ကိုင်ဆောင်ရွက်ရလေ့ ရှိပါတယ်။ M ပေးပို့တဲ့ဓာတ်ပုံတစ်ပုံမှာဆိုရင် ပြည်ပ IS တိုက်ခိုက်ရေးသမားတွေ အများဆုံးရှိတဲ့ လာတာကီယာပြည်နယ်မြောက်ပိုင်းရဲ့ လေ့ကျင့်ရေးစခန်းတစ်ခုကို ဖော်ပြထားပါတယ်။

    “ကျွန်တော် ဒီကိစ္စကို အနောက်ဘက်က အဆက်အသွယ်တွေဆီ GPS အမှတ်အသားနဲ့တကွ ပို့ပေးခဲ့ပါတယ်၊ ဒါပေမဲ့လည်း ဘာတုံ့ပြန်မှုမှ မရှိခဲ့ပါဘူး။ ကျွန်တော့်ရဲဘော်တွေက IS ခေါင်းဆောင်ပိုင်းတွေရဲ့ ဖုန်းနံပါတ်တွေ၊ ဂြိုဟ်တုအမှတ်စဉ်နံပါတ်တွေနဲ့ အင်တာနက်လိပ်စာတွေရဖို့ ကြိုးစားပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ဘယ်လိုမှ တုန့်ပြန်မလာပါဘူး” လို့ ၎င်းက ပြောပါတယ်။

    FSA အဖွဲ့ဟာ အမေရိကန်နဲ့ ဗြိတိန်တို့ဆီကနေ အထောက်အပံ့ အခိုင်အမာရထားတဲ့အဖွဲ့ဖြစ်ပါတယ်။ စီအိုင်အေဟာ ဆီးရီးယားပြည်တွင်းစစ် စဖြစ်ဖြစ်ခြင်းမှာ သူပုန်တွေကို လေ့ကျင့်သင်ကြားပေးတာတွေရှိခဲ့ပြီး အဲဒီအဖွဲ့ဝင်တွေဟာနောက်ပိုင်းမှာ IS အဖွဲ့ထဲ ရောက်သွားတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

    Reft: RT

  • ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် အမှုဆောင်ကော်မတီများ အကြိမ်ကြိမ်ခြစားခဲ့သည်ဟု ဖီဖာဝန်ခံ

    ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် အမှုဆောင်ကော်မတီများ အကြိမ်ကြိမ်ခြစားခဲ့သည်ဟု ဖီဖာဝန်ခံ

    မတ် ၁၇၊ ၂၀၁၆
    M-Media

    fifa

    – ဖီဖာအမှုဆောင်ကော်မတီအဖွဲ့ဝင်များမှာ ၎င်းတို့၏ မဲများကို ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် အကြိမ်ကြိမ် ရောင်းစားခဲ့သည်ဟု အမေရိကန်အာဏာပိုင်များသို့ တင်သွင်းသော ဖိုင်တွင် ဖီဖာက ၀န်ခံလိုက်သည်။

    ၂၂ မျက်နှာပါရှိပြီး ဗုဒ္ဓဟူးနေ့က တင်သွင်းခဲ့သော အဆိုပါဖိုင်တွင် ခြစားမှုပြဿနာတွင် အပြစ်ရှိကြောင်း ၀န်ခံခဲ့သည့် ဖီဖာ၏ ဘောလုံးနှင့် ဈေးကွက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိမ်းယူထားသော ကန်ဒေါ်လာ သန်း ၁၉၀ ကျော်မှ တစ်ချို့ တစ်ဝက်ကို ခြစားမှုအတွက် သားကောင်ဖြစ်ခဲ့သည့် ဖီဖာအတွက် နစ်နာကြေးပေးရန် တောင်းဆိုထားသည်ဟု ဖော်ပြခဲ့သည်။

    “ဖီဖာအမှုဆောင်ကော်မတီက အဖွဲ့ဝင်တော်တော်များများဟာ သူတို့ရဲ့ ရာထူးတွေကို အလွဲသုံးစားလုပ်ခဲ့ပြီး၊ သူတို့ရဲ့ မဲတွေကိုလည်း အကြိမ်ကြိမ် ရောင်းစားခဲ့ပါတယ်” ဟု အဆိုပါ ဖိုင်တွင် ဖော်ပြထားပြီး၊ ဘောလုံးလောကမှ ဒေါ်လာသန်းပေါင်းများစွာမှာ ခြစားမှု၊ လာဘ်ပေးမှုတို့မှတစ်ဆင့် လမ်းကြောင်းပြောင်းသွားခဲ့သည်ဟု ဆိုသည်။

    အဆိုပါ ခြစားမှုအတွက် တရားစွဲဆိုမှုတွင် အမေရိကန်တရားရေးဌာနမှ တရားစွဲဆိုခံထားရသည့် ယခင်အမှုဆောင်အဖွဲ့ဝင်များဖြစ်သော ချက် ဘလေဇာ၊ ဂျက်ဝါနာတို့အပါအ၀င် ဖီဖာတာဝန်ရှိသူဟောင်း ၄၁ ဦးထံမှ ငွေကြေးများ ပြန်လည်ရရှိရန်လည်း ပါဝင်သည်။

    “ကျူးလွန်ခဲ့တဲ့ တရားခံတွေဟာ ဖီဖာနဲ့ အခြားသော နိုင်ငံတကာအဖွဲ့အစည်းတွေမှာ သူတို့ရရှိခဲ့တဲ့ ရာထူးတွေအတွက် ယုံကြည်မှုကို အလွဲသုံးစားလုပ်ခဲ့ပြီး ဖီဖာ၊ အဖွဲ့ဝင်ဘောလုံးအဖွဲ့ချုပ်တွေနဲ့ ဘောလုံးအသိုင်းအ၀ိုင်းကို ဆိုးရွားပြီး ဖျောက်ဖျက်မရတဲ့ ထိခိုက်မှု ဖြစ်စေပါတယ်” ဟု ဖီဖာဥက္ကဌ ဂီယန်နီ အင်ဖန်တီနိုက ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    AP သတင်းဌာနကမူ ဖီဖာမှာ ပေးခဲ့ရသည့် လစားများအတွက် ကန်ဒေါ်လာ ၂၈.၂ သန်း၊ ၂၀၁၀ ကမ္ဘာ့ဖလားနှင့် ဆက်စပ်၍ ငွေကြေးခိုးယူမှုအတွက် ကန်ဒေါ်လာ ၁၀ သန်း၊ တရားစွဲဆိုမှုအတွက် ကုန်ကျငွေများ၊ အဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်သည့်အတွက် နစ်နာကြေးများ ရရှိရန် တောင်းဆိုထားသည်ဟု ဖော်ပြခဲ့သည်။

    Ref: Aljazeera