News @ M-Media

Author: Ko Lay

  • လီကွမ်ယုဈာပနတွင် ပစ်ဖောက်ခဲ့သည့် အမြောက်ခွံများကို စင်ကာပူက ဝေငှမည်

    လီကွမ်ယုဈာပနတွင် ပစ်ဖောက်ခဲ့သည့် အမြောက်ခွံများကို စင်ကာပူက ဝေငှမည်

    မတ် ၁၇၊ ၂၀၁၆
    M-Media

    singapore

    – စင်ကာပူနိုင်ငံကို တည်ထောင်သူဖြစ်ပြီး ၀န်ကြီးချုပ်ဟောင်းလည်းဖြစ်သူ လီကွမ်ယု၏ ဈာပနအခမ်းအနားတွင် ဂုဏ်ပြုပစ်ဖောက်ခဲ့သည့် အမြောက်ခွံများကို ၎င်းနှင့်နီးနီးကပ်ကပ်ရှိခဲ့သည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ပေးအပ်သွားမည်ဟု စင်ကာပူဝန်ကြီးချုပ်ရုံးက ယနေ့တွင် ကြေငြာလိုက်သည်။

    ပြီးခဲ့သည့်နှစ် မတ်လ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါ နိုင်ငံတော်ဈာပနတွင် စင်ကာပူအမြောက်တပ် အမှတ် ၂၁ တပ်ရင်းက ၂၅ ပေါင်ဒါ အမြောက်ငယ်ဖြင့် ၂၁ ချက် ပစ်ဖောက်ခဲ့ခြင်းဖြစ်သည်။ ဈာပနပြီးနောက် ၀န်ကြီးချုပ် လီရှန်လွန်းမှာ ထိုအမြောက်ဆံများအား သိမ်းဆည်းကာ လီကွမ်ယုနှင့် နီးစပ်သည့် လူပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များကို ပေးအပ်ရန် ညွှန်ကြားခဲ့သည်။

    အဆိုပါ အမြှောက်ခွံများကို လက်ခံရရှိမည့် အသင်းအဖွဲ့များတွင် စင်ကာပူစစ်တပ်၊ စင်ကာပူရဲတပ်ဖွဲ့၊ ပါလီမန်၊ ခြစားမှုစုံစမ်းစစ်ဆေးရေးဗျူရို၊ အိမ်ယာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့၊ အမျိုးသားပန်းခြံများဆိုင်ရာ ဘုတ်အဖွဲ့၊ PUB၊ အမျိုးသားကုန်သွယ်ရေးသမဂ္ဂ ကွန်ဂရက်၊ Temasek Polytechnic နှင့် Tanjong Pagar Community Club တို့ ပါဝင်မည်ဖြစ်သည်။

    “ကျွန်တော့်အဖေရဲ့ဘ၀မှာ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍအတွက်၊ တိုင်းပြည်အပေါ် ပေးဆပ်ကူညီမှုတွေအတွက် သူတို့အားလုံးကို ကျွန်တော့်ရဲ့ ရင်ထဲအသည်းထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်” ဟု ၀န်ကြီးချုပ် လီရှန်လွန်းက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

    Ref: Channelnewsasia

  • ဂျူဗင်တပ်စ်နှင့်ပွဲတွင် ဘိုင်ယန်၏ စွမ်းဆောင်ရည်ကို နည်းပြ ဂွါဒီယိုလာ ချီးကျူး

    ဂျူဗင်တပ်စ်နှင့်ပွဲတွင် ဘိုင်ယန်၏ စွမ်းဆောင်ရည်ကို နည်းပြ ဂွါဒီယိုလာ ချီးကျူး

    မတ် ၁၇၊ ၂၀၁၆
    M-Media

    gua

    – ဂျူဗင်တပ်စ်အသင်းအား နောက်မှလိုက်ကစားကာ ချန်ပီယံလိဂ် ကွတားဖိုင်နယ်သို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် အသင်းအား ဘိုင်ယန်နည်းပြ ဂွါဒီယိုလာက ချီးကျူးလိုက်သည်။

    ပထမအကျော့ တူရင်တွင် ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် ယနေ့မနက်က ကစားခဲ့သည့် ဒုတိယအကျော့တွင် ဂျူဗင်တပ်စ်မှာ ပေါ့ဘာ၏ ပွဲအစ ၅ မိနစ်ဂိုး၊ ကူအာဒရာဒို၏ ၂၈ မိနစ်ဂိုးများဖြင့် မိနစ် ၇၀ ကျော်အထိ ဦးဆောင်နေခဲ့ပြီး လီဝန်ဒေါ့စကီးက ၇၃ မိနစ်တွင်လည်းကောင်း၊ သောမတ်စ်မူလာက နာကျင်အချိန်ပိုတွင်လည်းကောင်း ၁ ဂိုးစီသွင်းယူခဲ့သောကြောင့် သရေကျကာ အချိန်ပို ဆက်ကစားခဲ့ရသည်။

    အချိန်ပိုတွင် အလ်ကန်တာရာနှင့် ကိုမန်တို့က ဘိုင်ယန်အတွက် ၂ ဂိုး ထပ်မံသွင်းယူနိုင်ခဲ့သောကြောင့် နှစ်ကျော့ပေါင်း ၆ ဂိုး ၄ ဂိုးဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ ဂွါဒီယိုလာကမူ အသင်း၏စွမ်းဆောင်ရည်ကို ချီးကျူးခဲ့သည်။

    “ဒီပွဲဟာ ပရိတ်သတ်တွေအတွက် ကြီးကျယ်တဲ့ ပွဲတစ်ခုပါပဲ။ မနှစ်ကဒုတိယရတဲ့အသင်းနဲ့ ကျွန်တော်တို့ ကစားခဲ့ရပြီး သူတို့ဟာ အသင်းကောင်းတစ်သင်းဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ အသင်းကိုတော့ တော့်တော့်ကို ချီးကျူးရမှာပါ။ အီတလီအသင်းတစ်သင်းကို ၂ ဂိုးပြတ်နဲ့အရှုံးကနေ ပြန်နိုင်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စပါ” ဟု ဂွာဒီယိုလာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • မွတ်စလင်အုပ်ချုပ်တဲ့နိုင်ငံမှာ ဘာတွေက အရေးကြီးတယ်လို့ တမန်တော်မုဟမ္မဒ်က သတ်မှတ်ခဲ့သလဲ။

    မွတ်စလင်အုပ်ချုပ်တဲ့နိုင်ငံမှာ ဘာတွေက အရေးကြီးတယ်လို့ တမန်တော်မုဟမ္မဒ်က သတ်မှတ်ခဲ့သလဲ။

    မတ် ၁၆၊ ၂၀၁၆
    M-Media

    covenant
    ခရစ်ယာန်များ၏ ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံပေးထားပြီး၊ ခရစ်ယာန်လူနည်းစုများအား မွတ်စလင်များက ကာကွယ်စောင့်ရှောက်ပေးမည်ဟု ကတိပြုထားသည့် တမန်တော်မုဟမ္မဒ်သခင်၏ ပဋိဉာဏ်စာတမ်းတစ်ခု

    – မွတ်စလင်နိုင်ငံတစ်ခု တည်ထောင်ရာမှာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ နိုင်ငံသားအခွင့်အရေးတွေဟာ အဓိက အရေးပါတဲ့ အရာတွေဖြစ်တယ်လို့ တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) က ယုံကြည်လက်ခံ ကျင့်သုံးခဲ့တယ်လို့ ခရစ်ယာန်တွေဆီ ပေးပို့ခဲ့တဲ့ တမန်တော်ရဲ့ ပဋိဉာဏ်စာတမ်းတွေကို လေ့လာခဲ့တဲ့ သုတေသနပညာရှင်တစ်ယောက်က ပြောကြားလိုက်ပါတယ်။

    လေ့လာခဲ့သူကတော့ တက္ကဆက်ပြည်နယ် ရိုက်စ်တက္ကသိုလ် (Rice University) ရဲ့ လူမှုသိပ္ပံဌာနက ခရေ့ဂ်ျ ကွန်စီဒိုင်းဖြစ်ပြီး တမန်တော်မုဟမ္မဒ်သခင်ရဲ့ ခရစ်ယာန်တွေဆီပေးပို့တဲ့ ပဋိပဉာဏ်စာတမ်းတွေမှာ မွတ်စလင်လူ့အဖွဲ့အစည်းနဲ့အတူ နေထိုင်တဲ့ ခရစ်ယာန်တွေအတွက် ဘာသာရေးလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ ဖော်ပြထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

    နောက်ပြီး အဲဒီပဋိဉာဏ်တွေက အချက်အလက်တွေကို အစ္စလာမ်ကမ္ဘာမှာရော၊ အခြား ဘယ်နေရာမှာမဆို မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေအကြား ပိုမိုခိုင်မာတဲ့ ဒီမိုကရေစီနည်းကျ မိတ်ဖက်ဆက်ဆံရေးတစ်ခု ဖော်ဆောင်ဖို့အတွက် အသုံးပြုနိုင်တယ်လို့လည်း ကွန်စီဒိုင်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “ဒီပဋိဉာဏ်တွေဟာ ငြိမ်းချမ်းစွာနေထိုင်တဲ့ ခရစ်ယာန်လူ့အဖွဲ့အည်းတွေကို မထိခိုက်စေဖို့၊ ကာကွယ်ပေးဖို့အတွက် ရေးသားခဲ့တာဖြစ်ပြီး၊ သူတို့ကို တိုက်ခိုက်ဖို့ မဟုတ်ပါဘူး။ ခရစ်ယာန်တွေအပေါ် မမျှတမှု၊ ခွဲခြားဆက်ဆံမှုတွေရှိနေတဲ့ လက်ရှိ အစ္စလာမ့်မစ်နိုင်ငံတွေဟာ တမန်တော် မုဟမ္မဒ်ရဲ့ ဒီပဋိဉာဏ်တွေနဲ့ ဘယ်လိုမှ ကိုက်ညီခြင်း မရှိပါဘူး”

    သင်တို့ကို ကာကွယ်ပေးမည်

    အဲဒီပဋိဉာဏ်စာတမ်းတွေကို သက္ကရာဇ် ၆၂၂ နဲ့ ၆၃၂ ကြားထဲမှာ ရေးသားခဲ့တာဖြစ်ပြီး ကွန်စီဒိုင်းကတော့ တမန်တော်ဟာ သူ့ရဲ့ လူ့အဖွဲ့အစည်းအသစ်ကို အားကောင်းစေဖို့ မဟာမိတ်ဖွဲ့လိုတဲ့ ရည်ရွယ်ချက်၊ ခရစ်ယာန်သာသနာဝင်တွေနဲ့ အပြုသဘောဆောင်တဲ့ဆက်ဆံရေးဖြစ်လာဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေကြောင့် ရေးသားခဲ့တယ်လို့ ယူဆရကြောင်း ပြောကြားခဲ့ပါတယ်။

    ကွန်စီဒိုင်းရဲ့ လေ့လာမှုတွေထဲမှာ ဆိုင်းနိုင်းတောင်က ခရစ်ယာန်ဘုန်းကြီးတွေ၊ နဂ်ျရန်ဒေသက ခရစ်ယာန်ဘာသာဝင်တွေ၊ ပါရှားဒေသက ခရစ်ယာန်ဘာသာဝင်တွေ၊ တစ်ကမ္ဘာလုံးက ခရစ်ယာန်ဘာသာဝင်တွေနဲ့ ပြုလုပ်ခဲ့တဲ့ မုဟမ္မဒ်သခင်ရဲ့ ပဋိဉာဏ်စာတမ်းတွေ ပါဝင်ခဲ့ပါတယ်။

    “ပါရှားပြည်မှ ခရစ်ယာန်များနှင့် တမန်တော် မုဟမ္မဒ်တို့၏ ပဋိဉာဏ်စာတမ်း” မှာ မုဟမ္မဒ်သခင်က ပြည့်ဝတဲ့ ဘာသာရေးလွပ်လပ်ခွင့် ပေးအပ်ရေးနဲ့ပတ်သက်ပြီး အောက်ပါအတိုင်း အလေးအနက် ရေးသားဖော်ပြခဲ့ပါတယ်။

    “မိမိအား ဂုဏ်ပေးလေးစားသည့် တစ်ချိန်တည်းမှာပဲ မွတ်စလင်များအနေဖြင့် ၎င်းတို့အား မိမိတို့ ကာကွယ်မှုအောက်တွင် ရှိနေသူများအဖြစ် စောင့်ရှောက်ပေးရမည်။ ၎င်းတို့ မည်သည့် သောကမျိုး၊ ဒုက္ခမျိုး ကြုံတွေ့လာရသည်ဖြစ်စေ ၎င်းတို့အား ကူညီရန်၊ စောင့်ရှောက်ရန်မှာ မွတ်စလင်များ၏ တာဝန်ဖြစ်သည်။ ၎င်းတို့မှာ ကျွန်ုပ်၏နိုင်ငံအတွင်း နေထိုင်ကြသူများဖြစ်သောကြောင့် ၎င်းတို့၏ စကားကို နားထောင်ရမည်။ ၎င်းတို့ကို ကူညီရမည်။ ၎င်းတို့အား ပျက်ဆီးစေရန်အတွက် ရည်ရွယ်သော ဆန့်ကျင်မှု၊ သောကရောက်စေမှုနှင့် ဖိနှိပ်မှု စသဖြင့် မည်သည်မဆို ကြုံလာတိုင်း ၎င်းတို့ ကျေနပ်စေရန်၊ ၎င်းတို့အား ကာကွယ်ပေးရန် အကူအညီပေးရန်မှာ ကျွန်ုပ်၏ တာဝန်ဖြစ်သည်”

    ကွန်စီဒိုင်းက အခြားသော ပဋိဉာဏ်စာချုပ် ၃ ခုမှာလည်း ဒီလိုသဘောသဘာဝနဲ့ တူညီတဲ့ စာပိုဒ်မျိုးတွေကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။

    “မွတ်စလင်နိုင်ငံတစ်ခုမှာနေထိုင်တဲ့ ခရစ်ယာန်တွေအတွက် ဘာသာရေးလွတ်လပ်ခွင့်ဟာ မွေးရာပါအခွင့်အရေးဆိုတာကို တမန်တော် မုဟမ္မဒ်က ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပါတယ်။ ခရစ်ယာန်တွေကို သူ့ရဲ့ လှိုက်လှိုက်လှဲလှဲ ဆက်ဆံမှုဟာ နိုင်ငံရေးအရ အကျိုးရှိဖို့ ဒါမှမဟုတ် တစ်ကိုယ်ရေ ဂုဏ်သိက္ခာတက်ဖို့ စတာတွေကြောင့်မဟုတ်ဘဲ ခရစ်ယာန်တွေဟာ သူတို့ရဲ့ စိတ်ဆန္ဒအတိုင်း သူတို့ယုံကြည်ရာကို လွတ်လပ်စွာ လက်တွေ့လိုက်နာကျင့်သုံးနိုင်ရမယ်ဆိုတဲ့ သူ့ရဲ့ ယုံကြည်မှုကနေ ပေါ်ထွက်လာတဲ့ရလဒ် ဖြစ်ပါတယ်။ ပါရှန်ခရစ်ယာန်တွေဟာ သူတို့ အစ္စလာမ်ကို လက်ခံသည်ဖြစ်စေ၊ ငြင်းပယ်သည်ဖြစ်စေ ဘယ်လို အတင်းအဓမ္မပြုခြင်းမှ မခံခဲ့ရပါဘူး”

    ကွန်စီဒိုင်းက ဒါ့အပြင် မွတ်စလင်နိုင်ငံတခုဟာ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေရဲ့ လူ့အခွင့်အရေးကိုလည်း ပေးအပ်ရမယ်လို့ တမန်တော် မုဟမ္မဒ်က ယုံကြည်ခဲ့ပြီး အဲဒီအကြောင်းအရာနဲ့ပတ်သက်လို့ “ကမ္ဘာ့ခရစ်ယာန်များနှင့် တမန်တော်မုဟမ္မဒ်တို့၏ ပဋိဉာဏ်စာတမ်း” မှာ အောက်ပါအတိုင်း ဖော်ပြထားတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

    “အလ္လာဟ်အရှင်မြတ်ရဲ့ ပဋိဉာဏ်က ကျွန်ုပ်ဟာ ကျွန်ုပ်၏ စွမ်းအား၊ မြင်းများ၊ စစ်သားများ၊ ကျွန်ုပ်၏ခွန်အား၊ ကျွန်ုပ်၏ မွတ်စလက်နောက်လိုက်တွေအားဖြင့် နီးနီး၊ ဝေးဝေး ဘယ်လိုဒေသမျိုးမှာမဆို ရှိနေတဲ့ ခရစ်ယာန်တွေရဲ့ ဒေသ၊ သူတို့ရဲ့ ဘုန်းကြီးကျောင်းတွေကို ကာကွယ်ပေးရမယ်၊ သူတို့ စီးပွားရေးတွေကို ကာကွယ်ပေးရမယ်ဆိုတာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ လုံခြုံမှု၊ သူတို့ရဲ့ ဘုရားကျောင်းတွေ၊ စီးပွားရေးတွေ၊ ၀တ်ပြုရာနေရာတွေ၊ ရဟန်းတွေ သီတင်းသုံးရာနေရာတွေ၊ အထွဋ်အမြတ်ထား ဖူးမျှော်ရတဲ့နေရာတွေနဲ့ သူတို့နဲ့သက်ဆိုင်သမျှအရာအားလုံးရဲ့ လုံခြုံရေးအတွက် ကျွန်ုပ်က အာမခံပါတယ်”

    “တမန်တော်မုဟမ္မဒ်ဟာ ခရစ်ယာန်တွေ ဘေးအန္တရာယ်ကျရောက်တာမျိုး၊ သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် ဒါမှမဟုတ် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ နှောက်ယှက်ခံရတာမျိုး၊ သိမ်းပိုက်ခံရတာမျိုးကို မလိုချင်ပါဘူး။ နိုင်ငံတစ်နိုင်ငံအနေနဲ့ အုပ်စုတစ်ခု၊ ဒါမှမဟုတ် ဒီထက်ပိုတဲ့ အုပ်စုတွေကို မျက်နှာသာပိုပေးတာဟာ နိုင်ငံသားတွေကို လူမျိုး၊ ဒါမှမဟုတ် ယဉ်ကျေးမှုနောက်ခံကိုကြည့်ပြီး နှိမ့်ချဆက်ဆံတာမျိုး ဖြစ်ပါတယ်” လို့ ကွန်စီဒိုင်းက ဆိုပါတယ်။

    မှေးမှိန်နေသည့် ပဋိဉာဏ်များ

    ဘာသာအယူ မတူသူတွေကို ဘာသာရေးလွတ်လပ်ခွင့်ပေးဖို့၊ ကာကွယ်ပေးဖို့ တမန်တော်မုဟမ္မဒ်သခင်က ကတိပြု၊ အာမခံပေးထားတဲ့ ဒီ ပဋိဉာဏ်စာတမ်းတွေဟာ ကမ္ဘာတစ်ဝှမ်းက နာမည်မကျော်တဲ့ ဘုန်းကြီးကျောင်းတွေမှာ ရှိနေပြီး၊ အဲဒါနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ ထွက်မလာတာဟာလည်း ရာစုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီလို့ ကွန်စီဒိုင်းက ပြောကြားခဲ့ပါတယ်။

    “တစ်ချို့နေရာတွေမှာဆိုရင် ဒီစာတမ်းကို ဘာသာပြန်တာမျိုး၊ လူများများသိအောင် ဖြန့်ချီတာမျိုးတွေတောင် မလုပ်ခဲ့ကြပါဘူ။ အီရတ်နဲ့ ဆီးရီးယားလိုနေရာမျိုးတွေမှာ ခရစ်ယာန်တွေဟာ အကြမ်းဖက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ခံစားနေရတာကြောင့် ပညာရှင်တွေနဲ့ မွတ်စလင်တွေဟာ ဒါတွေကို ပြန်လည်ဖော်ထုတ်နေကြပါတယ်”

    ဒီလို မှေးမှိန်နေတဲ့ ပဋိဉာဏ်စာတမ်းတွေ ပြန်တွေ့လာတာဟာ အစ္စလာမ်သာသနာကို ပြန်လည်ရှင်သန်စေပြီး၊ အစ္စလာမ့်အဆုံးအမတွေရဲ့ အနှစ်သာရတွေကို ပြန်လည် ပေါ်ထွက်လာစေမယ့် အခွင့်အလမ်းတစ်ခု ဖြစ်တယ်လို့ ကွန်စီဒိုင်းက မှတ်ချက်ပြုခဲ့ပါတယ်။

    နောက်ပြီး ဒီလို တွေ့ရှိချက်တွေဟာ ဒီနေ့ခေတ်လူ့အဖွဲ့အစည်းအတွင်းမှာ မွတ်စလင်တွေရဲ့ သဘောထားတွေအပေါ် အပေါင်းလက္ခဏာဆောင်တဲ့ ရိုက်ခတ်မှုတွေ ရှိမှာဖြစ်ပြီး၊ မွတ်စလင်ဆန့်ကျင်ရေး သဘောထားတွေကိုလည်း တိုက်ဖျက်နိုင်မယ်လို့ သူက မျှော်လင့်နေပါတယ်။

    Ref : Futurity.org

    (RELIGIOUS FREEDOM WAS KEY TO MUHAMMAD’S ‘MUSLIM NATION’ ဆောင်းပါးကို လေးမောင်မှ ဆီလျော်
    အောင် ဘာသာပြန်ဆိုသည်)

  • IS မှာ လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှုကျုးလွန်နေသည်ဟု ကန်အောက်လွှတ်တော်ပြော

    IS မှာ လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှုကျုးလွန်နေသည်ဟု ကန်အောက်လွှတ်တော်ပြော

    မတ် ၁၆၊ ၂၀၁၆
    M-Media

    us

    – IS တွေဟာ အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ ဘာသာရေးလူနည်းစုတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကျုးလွန်ခဲ့တယ်ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခု ထုတ်ပြန်ဖို့အတွက် အမေရိကန် အောက်လွှတ်တော်အမတ်များက မဲပေးခဲ့တယ်လို့ သိရပါတယ်။

    တနင်္လာနေ့က မဲပေးခဲ့တာဖြစ်ပြီး ခရစ်ယာန်တွေ၊ အီဇာဒီ ကာ့ဒ်လူမျိုးစုနဲ့ တခြားလူနည်းစုတွေအပေါ် ကျူလွန်တဲ့ ရက်စက်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှုတွေနဲ့၊ မျိုးသုဉ်းသတ်ဖြတ်မှုတွေကို ဆန့်ကျင်ကြောင်း ကြေငြာဖို့ အိုဘားမားအစိုးရကိုလည်း တိုက်တွန်းခဲ့ပါတယ်။

    ဆီးရီးယားအစိုးရကို ပြိုကွဲစေဖို့ ၂၀၁၂ က ဂျော်ဒန်မှာ စီအိုင်အေ (CIA) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ IS အကြမ်းဖက်သမားတွေဟာ အခုအချိန်မှာတော့ အီရတ်နဲ့ ဆီးရီးယားမှာ နယ်မြေအစိတ်အပိုင်း အတော်များများကို ထိန်းချုပ်ထားလျက်ရှိပါတယ်။

    သူတို့ ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ ရှီအာနဲ့ စွန်နီ မွတ်စလင်တွေအပါအ၀င် အီဇာဒီ ကာ့ဒ်လူမျိုးစုတွေ၊ ခရစ်ယာန်တွေကို လူပုံအလယ်ခေါင်းဖြတ်သတ်ခြင်း၊ အစုလိုက်အပြုံလိုက်သတ်ပစ်ခြင်းတွေ စတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အကြမ်းဖက်မှုတွေကို လုပ်ဆောင်လျက် ရှိနေပါတယ်။

    အမေရိကန်အောက်လွှတ်တော်ကတော့ အဲဒီအကြမ်းဖက်အဖွဲ့ကို လူမျိုးသုဉ်းသတ်ဖြတ်တဲ့အဖွဲ့အဖြစ် သတ်မှတ်သင့်၊ မသင့်ကို အမေရိကန်အစိုးရအနေနဲ့ မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး တရားဝင်ဆုံးဖြတ်ဖို့ သတ်မှတ်ပေးထားပါတယ်။ ပြန်ကြားရေးဝန်ကြီး ဂျွန် ကီရ်ဘီကတော့ အစိုးရအဖွဲ့အနေနဲ့ မကြာခင်မှာ ဆုံးဖြတ်ချက်ချနိုင်မယ်လို့ ပြောပါတယ်။

    အောက်လွှတ်တော်ရဲ့ နိုင်ငံခြားရေးရာကော်မတီဥက္ကဌ ရီပတ်ဘလီကန်အမတ် အဒ် ရွိုက်စ်ကလည်း အိုဘားမားအစိုးရကို အချိန်မဆွဲဖို့ ပြောဆိုခဲ့ပြီး၊ IS အဖွဲ့ဟာ လူအစုလိုက်အပြုံလိုက်သတ်ခြင်း၊ ခေါင်းဖြတ်ခြင်း၊ ရက်ရက်စက်စက်သတ် ခြင်း၊ မုဒိန်းကျင့်ခြင်း၊ ဖျက်ဆီးခြင်း၊ ကျွန်ပြုနှိပ်စက်ခြင်း၊ ဘာသာရေးလူနည်းစုတွေကို သုတ်သင်ရှင်းလင်းပြီး ၎င်းတို့ရဲ့သမိုင်းကိုပါ ဖျောက်ဖျက်ပစ်ခြင်း စတာတွေလုပ်ခဲ့တဲ့အတွက် လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) အတွက် အပြစ်ရှိနေပြီလို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ၂၀၁၁ မတ်လကတည်းက အမေရိကန်နဲ့ ၎င်းရဲ့ ဒေသတွင်းမဟာမိတ်တွေ အထူးသဖြင့် ဆော်ဒီအာရေဗျ၊ ကာတာနဲ့ တူရကီတို့ဟာ ဆီးရီးယားစစ်ပွဲမှာ ပါဝင်ခဲ့ကြပါတယ်။

    ဆီးရီးယားမူဝါဒသုတေသနဌာနရဲ့ ဖေဖော်ဝါရီလ အစီရင်ခံစာအရ ၅ နှစ်ရှိပြီဖြစ်တဲ့ ဆီးရီးယားပြည်သူစစ်မှာ လူပေါင်း ၄၇၀,၀၀၀ လောက်သေဆုံးခဲ့ပြီး၊ ၁.၉ သန်းခန့် ဒဏ်ရာရရှိကာ စစ်မတိုင်ခင်လူဦးရေ ၂၃သန်းရဲ့ ထက်ဝက်နီးပါးလောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

    Ref: Presstv

  • စပျစ်သီးစားသုံးခြင်းဖြင့် မျက်စိကွယ်ခြင်းကို လျှော့ချပေးနိုင်

    စပျစ်သီးစားသုံးခြင်းဖြင့် မျက်စိကွယ်ခြင်းကို လျှော့ချပေးနိုင်

    မတ် ၁၆၊ ၂၀၁၆
    M-Media

    grape

    – စပျစ်သီးစားခြင်းဟာ မျက်လုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့အပြင် အသက်ကြီးပိုင်းမှာ အမြင်အာရုံဆုံးရှုံးခြင်း မဖြစ်အောင် လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။

    မျက်ကြည်လွှာထဲကို ဖရီးရယ်ဒီကယ်ဆိုတဲ့ အန္တရာယ်ရှိတဲ့ မော်လီကျူးတွေ ထုတ်ပေးနိုင်တဲ့ oxidative stress ခေါ်တဲ့ ဓာတုဖြစ်စဉ်တစ်မျိုး ဖြစ်ခြင်းကနေ စပျစ်သီးက ကာကွယ်ပေးပြီး၊ မျိုးဗီဇဆဲလ် (DNA) မထိခိုက်အောင် ကျန်းမာတဲ့ဆဲလ်တွေကို ကာကွယ်ပေးမယ့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းလည်း ကြွယ်ဝစွာ ပါရှိပါတယ်။ ဒီဒြပ်ပေါင်းတွေဟာ အမြင်အာရုံကို အကျိုးဖြစ်ထွန်းစေတယ်လို့ ယုံကြည်ရပါတယ်။

    “စပျစ်သီး နေ့စဉ်စားသုံးခြင်းက oxdiative stress ကြောင့် မျက်ကြည်လွှာကျန်းမာရေး ထိခိုက်မှုကနေ ကာကွယ်ပေးပါတယ်” လို့ အမေရိကန်နိုင်ငံ မိုင်ယာမီတက္ကသိုလ်ရဲ့ ပါမောက္ခ အဘီဂေးလ် ဟက်ကမ်က ပြောကြားခဲ့ပါတယ်။

    ဓာတ်တိုးဖိအားမြင့်တက်လာမှုနဲ့ မျက်ကြည်လွှာပျက်စီးခြင်းဟာ လုံးဝ ဆက်စပ်လျက်ရှိနေပါတယ်။ ဒါ့ကြောင့် ကြွက်တွေကို လူတွေ တစ်နေ့သုံးကြိမ်စားတာနဲ့ ညီမျှတဲ့ စပျစ်သီးအမှုန့်တွေ စားသုံးစေပြီး ထွက်ပေါ်လာတဲ့ရလဒ်အရ စပျစ်သီးကြွယ်ဝစွာစားသုံးတဲ့ အုပ်စုမှာ မျက်ကြည်လွှာဆိုင်ရာ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းစဉ် နှစ်ခုလုံးကို ကောင်းကောင်းလုပ်ဆောင်တာကို တွေ့ရပါတယ်။

    စပျစ်သီးစားတဲ့ ကြွက်တွေမှာ ဓာတ်တိုးဖိအား များလာပေမယ့်လည်း ၎င်းတို့ရဲ့မျက်ကြည်လွှာအထူကို ထိန်းသိမ်းထားနိုင်တာ တွေ့ရပါတယ်။ စပျစ်သီးမစားတဲ့ အုပ်စုမှာတော့ မျက်ကြည်လွှာပျက်စီးပြီး အပေါက်တွေ၊ ဒဏ်ရာတွေ တွေ့ရကာ မျက်ကြည်လွှာဟာလည်း သိသိသာသာ ပါးလာပါတယ်။

    အမြင်အာရုံခံပစ္စည်း ၄၀ ရာခိုင်နှုန်းလောက် လျော့ကျသွားခဲ့ပြီး အမြင်အာရုံလုပ်ဆောင်ချက်လည်း သိသိသာသာ ဆုံးရှုံးခဲ့ပါတယ်။ စပျစ်သီးတွေမှာ ဗီတာမင် စီ၊ ပိုတက်ဆီယမ်နဲ့ ဘီတာကယ်ရိုတင်း ကြွယ်ဝစွာပါဝင်ပြီး ဆဲလ်ပျက်စီးမှုကိုဖြစ်စေတဲ့ ဖရီးရယ်ဒီကယ်များကို တားဆီးပေးနိုင်တဲ့ အထူးစားစရာတစ်မျိုးအဖြစ် လူအတော်များများ သိထားကြပါတယ်။

    အရင်က လေ့လာတွေ့ရှိမှုတွေမှာလည်း စပျစ်သီးဖျော်ရည် သောက်သုံးခြင်းဟာ နှလုံးရောဂါ၊ ကင်ဆာနဲ့ အယ်ဇိုင်းမား ရောဂါဖြစ်မှုကို လျှော့ချပေးနိုင်တယ်လို့ သိခဲ့ရပါတယ်။ နောက်ထပ်လေ့လာမှုတစ်ခုမှာလည်း စပျစ်သီးဟာ ခန္ဓာကိုယ်အလေးချိန်လျော့ကျစေနိုင်တယ်လို့လည်း ဆိုထားပါတယ်။

    Ref: IINA