News @ M-Media
Author: Ko Lay
  • အကြမ်းဖက်ဆန့်ကျင်ရေး ပညာပေးဇာတ်လမ်းတိုတစ်ခု ဆော်ဒီထုတ်ပြန်
    အကြမ်းဖက်ဆန့်ကျင်ရေး ပညာပေးဇာတ်လမ်းတိုတစ်ခု ဆော်ဒီထုတ်ပြန်
    မတ် ၁၆၊ ၂၀၁၆
    M-Media
    saudi
    – IS အဖွဲ့ကပြုလုပ်ပြီး လူအမြောက်အများသေဆုံး၊ ထိခိုက်ဒဏ်ရာရစေခဲ့တဲ့ ဆော်ဒီနိုင်ငံအတွင်းက ဗလီဝတ်ကျောင်းတော် ငါလုံး တိုက်ခိုက်မှုကို မီးမောင်းထိုးပြတဲ့ ဇာတ်လမ်းတိုလေးတစ်ခု ဆော်ဒီက ထုတ်လုပ်ဖြန့်ချီလိုက်ပါတယ်။
    “Raana Alaa Goloubhem” သို့မဟုတ် “အရောင်ဆိုးခံ နှလုံးသားများ” လို့ ခေါင်းစဉ်ရတဲ့ လေးမိနစ်စာ အဲဒီဇာတ်လမ်းတိုကို ဒါရိုက်တာ ရာကန် အလ်-ဟာဘီက ရိုက်ကူးခဲ့တာဖြစ်ပြီး ဒေါ်လာ ၁၁၀၀ ခန့်သာ ကုန်ကျခဲ့တာ ဖြစ်ပါတယ်။
    ပြတိုက်တစ်ခုမှာ အသေခံဗုံးခွဲသမားတွေရဲ့ ခန္ဓာကိုယ်များကို အထူးပြသထားတဲ့ ပြကွက်နဲ့ ဇာတ်လမ်းကို စတင်ထားပါတယ်။ လည်ပတ်သူတစ်ဦး ရောက်လာတဲ့အခါ ပြတိုက်ကြီးကြပ်ရေးမှူးက လိုက်လံပြသပြီး ဘယ်သူက ဘယ်အစုလိုက်အပြုံလိုက် သေစေမှုကို ကျူးလွန်ခဲ့တာဆိုတာကို ရှင်းပြနေတဲ့ပုံစံကို ပုံဖော်ထားတာပါ။
    နောက်တစ်ကွက်ကတော့ အဲဒီလည်ပတ်သူဟာ တိုက်ခိုက်မှုဖြစ်တဲ့အချိန်ကို ရောက်သွားကာ ဗုံးခွဲမယ့်သူနဲ့ စကားပြောတဲ့အခန်း ဖြစ်ပါတယ်။ ပထမတော့ အဲဒီတိုက်ခိုက်သူဟာ သူရဲ့ဆုံးဖြတ်ချက်နဲ့ပက်သက်ပြီး ယုံကြည်ချက်ခိုင်မာနေရာကနေ ဗုံးပေါက်ခါနီးလေ ထိတ်လန့်လာလေဖြစ်ပြီး ဗုံးခွဲပြီးတဲ့နောက်မှာတော့ အကြီးအကျယ်ဝမ်းနည်းပူဆွေးနေတာကို ဖော်ပြထားပါတယ်။
    အလ်-ဟာဘီက ၎င်းအနေနဲ့ တိုက်ခိုက်မှုတွေရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ သဘာဝကို ကြည့်ရှုသူတွေဆီ ပို့ဆောင်ပေးချင်တဲ့အတွက် ဒီနည်းလမ်းကို အသုံးပြုရတာဖြစ်ပြီး၊ တွေ့မြင်ရသူတွေကလည်း သေဆုံးသွားသူတွေအပေါ် စာနာနိုင်ဖို့ ရည်ရွယ်တယ်လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    “ဇာတ်လမ်းကိုတော့ လေးမိနစ်နဲ့ပဲ ချုံ့ထားပါတယ်၊ ဘာလို့လဲဆိုတော့ ပေးချင်တဲ့အသိတစ်ခုကို ထိထိရောက်ရောက်ဖြစ်စေဖို့ပါ။ မိနစ် ၂၀ လောက်အထိ ချဲ့လို့တော့ရပါတယ်၊ ဒါပေမယ့် တကယ်တမ်း ခင်ဗျားတို့လိုအပ်တာ ၃ မိနစ်ကနေ ၇ မိနစ်လောက်အထိပါပဲ၊ ကျန်တာကတော့ အပိုသက်သက်ပါပဲ” လို့ ၎င်းက ဆိုပါတယ်။
    IS အကြမ်းဖက်အဖွဲ့တွေနဲ့ပက်သက်တဲ့ ဇာတ်လမ်းတွေ ပင်လယ်ကွေ့အာရပ်နိုင်ငံတွေမှာ အများကြီးရှိတယ်လို့လည်း အလ်-ဟာဘီက ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့ဇာတ်လမ်းဟာ အသိပေးပုံချင်း မတူညီတဲ့အတွက် ခြားနားမှုရှိတယ်လို့ ဆိုပါတယ်။
    ယခုရုပ်ရှင်ကို မဂျစ် အလ်-ဆာလင်ရေးတဲ့ အဖြစ်အပျက်တစ်ခုပေါ်မှာ အခြေခံထားတာဖြစ်ပြီး ဆော်ဒီအာရေဗျ ယဉ်ကျေးမှုနဲ့အနုပညာဆိုင်ရာ အစည်းအရုံးက ကြီးမှူးကျင်းပတဲ့ ပြိုင်ပွဲတစ်ခုမှာ အခြားသော ဇာတ်လမ်းပေါင်း ၇၀ နဲ့အတူဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
    Ref: Aran news
  • မန်စီးတီးမှာ အသင်းကြီးအဖြစ် တိုးတက်နေသည်ဟု နည်းပြပြော
    မန်စီးတီးမှာ အသင်းကြီးအဖြစ် တိုးတက်နေသည်ဟု နည်းပြပြော
    မတ် ၁၆၊ ၂၀၁၆
    M-Media
    man city
    – ဒိုင်နမိုကိဗ်အား ဖြုတ်ချကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခြင်းမှာ အသင်းအတွက် အရေးပါသော အောင်မြင်မှုဖြစ်ပြီး အသင်းမှာလည်း အသင်းကြီးတစ်သင်းအဖြစ် ဆက်လက် တိုးတက်နေသည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။
    ယနေ့မနက်က ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ အိမ်ကွင်းတွင် မန်စီးတီးအသင်းမှာ ဂိုးမရှိသရေ ကျခဲ့သော်လည်း ပထမအကျော့က ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိထားသောကြောင့် နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ကာ အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို ပထမဆုံးအကြိမ် ရောက်ရှိခြင်းလည်းဖြစ်သည်။
    ရာသီကုန်တွင် ဂွာဒီယိုလာလက်သို့ လွှဲပေးရတော့မည့် ပယ်လီဂရီနီကမူ အသင်း၏အောင်မြင်မှုအတွက် ကျေနပ်နေသည်။
    “ဒါဟာ အသင်းအတွက် အင်မတန်အရေးပါတဲ့ အောင်မြင်မှုပါပဲ။ အသင်းဟာ အသင်းကြီးတစ်သင်းအဖြစ် ဆက်လက်တိုးတက်ဖွံ့ဖြိုးနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
    ထိုပွဲတွင် နောက်ခံလူများဖြစ်သည့် အသင်းခေါင်းဆောင် ဗင်းဆင့်ကွန်ပနီနှင့် နီကိုလက်စ် အိုတာမန်ဒီတို့မှာ ဒဏ်ရာရရှိခဲ့ပြီး ကွန်ပနီမှာ အနည်းဆုံး ၁ လခန့်အနားယူရဖွယ်ရှိနေသည်။
    Ref: Channelnewsasia
  • ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲ အရှိန်မြင့်လာ
    ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲ အရှိန်မြင့်လာ
    မတ် ၁၆၊ ၂၀၁၆
    M-Media
    syria
    – ရုရှားက ဆီးရီးယားရှိ ၎င်း၏တပ်များ ဆုတ်ခွာမှုမှာ ထင်ရှားသည့် တိုးတက်မှုဖြစ်သည်ဟု ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ် စတာဖန် ဒီ မစ်တူရာက ပြောကြားလိုက်ပြီး ဂျီနီဗာတွင် ပြုလုပ်လျက်ရှိနေသည့် ဆွေးနွေးပွဲများကို အရှိန်မြှင့်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။
    ယမန်နေ့က ပြောကြားခဲ့ခြင်းဖြစ်ပြီး လက်ရှိ ဥရောပက ရင်ဆိုင်နေရသည့် ဒုက္ခသည်ပြဿနာ၊ IS အကြမ်းဖက်အဖွဲ့အား တိုက်ခိုက်နေရမှုတို့က ဆီးရီးယားအစိုးရနှင့် သူပုန်တို့အကြား ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုကို အလျင်အမြန်ဆောင်ရွက်ရန် တွန်းအားပေးနေသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    ဂျနီဗာတွင် ပြုလုပ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အမေရိကန်နှင့် ရုရှားတို့လည်း ပါဝင်နေပြီး အတိုက်အခံဘက်မှ ညှိနှိုင်းဆွေးနွေးသူနှင့် ညှိနှိုင်းဆွေးနွေးရေးကော်မရှင် အဖွဲ့ဝင်ဖြစ်သူ ဘက်စ်မာ ကော့ဒ်မာနီက မိမိတို့၏ လုပ်ငန်းစဉ်မှာ အပြုသဘောဆောင်မှု ရှိနေသည်ဟု ဆိုသည်။
    သို့သော်လည်း ဒီမစ်တူရာကမူ ဆီးရီးယားအစိုးရ အကျဉ်းထောင်များတွင် ဖမ်းဆီးထားသည့် အတိုက်အခံများအား လွှတ်ပေးခြင်းနှင့် ဒမတ်စကတ်အပြင်ဘက်ရှိ ဒါရာယာဒေသတွင် နေထိုင်သော ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအများ ပေးအပ်ခြင်းတို့အပါအ၀င် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အတားအဆီး ဖြစ်စေနိုင်သော ကိစ္စရပ်များ ရှိနေသည်ဟု ပြောကြားခဲ့သည်။
    ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ယခုအချိန်အထိ မည်သည့်ရလဒ်မှ မထွက်သေးချေ။
    Ref: Aljazeera
  • မိမိမရှိပါက အာဆင်နယ်မှာ ယခုအခြေအနေမျိုးတွင် မရှိနိုင်ဟု အာဆင်ဝင်းဂါးပြော
    မိမိမရှိပါက အာဆင်နယ်မှာ ယခုအခြေအနေမျိုးတွင် မရှိနိုင်ဟု အာဆင်ဝင်းဂါးပြော
    မတ် ၁၆၊ ၂၀၁၆
    M-Media
    winger
    – အာဆင်နယ်အသင်းကို မည်သည့် အကူအညီ၊ မည်သည့်ငွေကြေးထောက်ပံ့မှုမှ မရှိဘဲ တည်ဆောက်လာခဲ့ခြင်းဖြစ်ပြီး မိမိမရှိပါက ယနေ့အခြေအနေသို့ ရောက်ရှိနိုင်မည်မဟုတ်ဟု နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    တနင်္ဂနွေနေ့က ၀က်ဖို့ဒ်အသင်းအား အိမ်ကွင်း၌ရှုံးနိမ့်ကာ FA ဖလားမှ ထွက်ခွာခဲ့ရပြီးနောက်ပိုင်တွင် ၀င်းဂါးအပေါ် ဖိအားများ မြင့်တက်လာခဲ့ပြီး နှုတ်ထွက်ရန် တောင်းဆိုမှုများလည်း ရှိလာခဲ့သည်။ အာဆင်နယ်မှာ ယနေ့ညတွင် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့အဖြစ် အဝေးကွင်းတွင် ဘာစီလိုနာနှင့် သွာရောက်ကစားရမည်ဖြစ်ပြီး နောက်တစ်ဆင့်တက်ရေးအတွက် အနည်းဆုံး ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိရမည်ဖြစ်သည်။
    “ကျွန်တော်နဲ့ပတ်သက်တဲ့ သတင်းတွေအတွက် ကျွန်တော့်မှာ ဘာသံသယမှ မရှိပါဘူး။ ဒီအသင်းကို အပြင်က ဘယ်လို ရင်းမြစ်မျိုးမှမရှိဘဲ ကြိုးစားပမ်းစားနဲ့ ကျွန်တော် တည်ဆောက်ခဲ့တာပါ။ ကျွန်တော် စရောက်တဲ့အချိန်က အခြေအနေနဲ့ လက်ရှိအခြေအနေကို နှိုင်းယှဉ်ကြည့်ရင် အသင်းဟာ တိုးတက်တယ်ဆိုတာကို တွေ့မြင်ရမှာပါ။ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ အကူအညီမှ မပါဘဲနဲ့ပေါ့။ ဘယ်သူကမှလည်း တစ်ပြားတစ်ချပ် ထောက်ပံ့ခဲ့တာ မရှိပါဘူး။ အခုအချိန်မှာ ကျွန်တော် စရောက်ကာစထက်ပိုပြီး လှုံ့ဆော်မှုတွေ ရှိနေပါတယ်။ ကျွန်တော့်ကတော့ ဖိအားတွေ၊ တာဝန်တွေက အသင်း ရှေ့ဆက်တိုးတက်စေဖို့အတွက်ပဲဖြစ်တယ်လို့ ခံယူပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    Ref: Goal
  • အနောက်ဖက်ကမ်းရှိ ပါလက်စတိုင်းပိုင်နက်များကို အစ္စရေးက ထပ်မံ ကျူးကျော် သိမ်းပိုက်
    အနောက်ဖက်ကမ်းရှိ ပါလက်စတိုင်းပိုင်နက်များကို အစ္စရေးက ထပ်မံ ကျူးကျော် သိမ်းပိုက်
    မတ် ၁၆၊ ၂၀၁၆
    M-Media
    pales
    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ မြေဧက ၂၃၄ ဟက်တာကို အစ္စရေးက သိမ်းယူလိုက်ပြီး ပါလက်စတိုင်းပိုင်နက်များအား ကျူကျော်သိမ်းပိုက်မှုတွင် အကြီးမားဆုံး ပမာဏလည်း ဖြစ်ခဲ့သည်။
    ဂျီရီချိုဒေသ တောင်ပိုင်းတွင် မတ်လ ၁၀ ရက်နေ့က သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု အစ္စရေး၏ တရားမ၀င်အိမ်ယာများ ဆောက်လုပ်မှုကို ဆန့်ကျင်သည့် အန်ဂျီအို Peace Now က ယမန်နေ့တွင် ပြောကြားခဲ့သည်။
    ထို့ပြင် သိမ်းယူသောဒေသအနီးရှိ ပါလက်စတိုင်းနယ်မြေများတွင် တရားမ၀င် ဂျူးအခြေချအိမ်ယာများ တိုးချဲ့ရန်၊ ခရီးသွားလာရေးနှင့် စီးပွားရေးဆိုင်ရာ အဆောက်အဦးများ ဆောက်လုပ်ရန်လည်း အစ္စရေးက စီစဉ်နေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    “အခြေအနေတည်ငြိမ်စေရမယ့်အစား၊ အစ္စရေးအစိုးရဟာ မီးလောင်ရာလေပင့်နေပြီး၊ ငြိမ်းချမ်းရေးနဲ့ နှစ်နိုင်ငံတည်ရှိရေး ဆောင်ရွက်ဖို့သဘောထား လုံးဝမရှိဘူးဆိုတာ ပါလက်စတိုင်းပြည်သူတွေနဲ့ အစ္စရေးပြည်သူတွေကို ပြသလိုက်တာပါပဲ” ဟု Peace Now က ဖော်ပြခဲ့သည်။
    ထိုမြေယာ သိမ်းယူရေးနှင့်ပတ်သက်၍ အနောက်ဖက်ကမ်းတွင် ကပ်ထားသော အစ္စရေး၏ သတိပေးချက်တွင် အဆိုပါ မြေများမှာ အနောက်ဖက်ကမ်းရှိ အစိုးရပိုင်မြေနှင့် စွန့်ပစ်မြေများဖြစ်သည်ဟု ဖော်ပြထားသည်။
    ထိုကဲ့သို့ ပါလက်စတိုင်းပိုင်နက်များကို အစ္စရေးက သိမ်းယူခြင်းမှာ ၂၀၁၄ ခုနှစ် သြဂုတ်လနောက်ပိုင်း အကြီးမားဆုံး သိမ်းယူမှုဖြစ်ပြီး၊ ပင်လယ်သေနားတွင် အစိုးရပိုင်မြေအဖြစ် သတ်မှတ်မည်ဟု ဇန်န၀ါရီလက ကြေငြာထားသည့် ပမာဏထက်လည်း ကျယ်ပြန့်သည်။ ထိုကဲ့သို့ ကြေငြာစဉ်ကလည်း နိုင်ငံတကာအသိုင်းအ၀ိုင်းက အစ္စရေးအား ပြစ်တင်ရှုတ်ချခဲ့သည်။
    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် အစ္စရေးကဆောက်လုပ်ထားသော ဂျူးအခြေချအိမ်ယာများမှာ တရားမ၀င်ဟု နိုင်ငံတကအ၀ိုင်းအ၀ိုင်းက သတ်မှတ်ထားသော်လည်း အစ္စရေးအစိုးရက လိုက်နာခြင်းမရှိပေ။ အစ္စရေး၏ ထိုတရားမ၀င်အိမ်ယာများမှာ ငြိမ်းချမ်းရေးကြိုးပမ်းအားထုတ်မှုအတွက် အဓိက အတားအဆီးဖြစ်နေသည်။
    Ref: Aljazeera