News @ M-Media

Author: Ko Lay

  • မြောက်ကိုရီးယားကုန်တင်သင်္ဘောကို ဖိလစ်ပိုင် ဖမ်းဆီးထိန်းသိမ်း

    မြောက်ကိုရီးယားကုန်တင်သင်္ဘောကို ဖိလစ်ပိုင် ဖမ်းဆီးထိန်းသိမ်း

    မတ် ၅၊ ၂၀၁၆
    M-Media

    philipine

    – ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် အသစ်ချမှတ်လိုက်သည့် ပိတ်ဆို့မှုအရ မိမိတို့အနေဖြင့် မြောက်ကိုရီးယား သင်္ဘောတစ်စီးကို ထိန်းသိမ်းလိုက်သည်ဟု ဖိလစ်ပိုင်နိုင်ငံက ယနေ့တွင် ကြေငြာလိုက်သည်။

    ကုန်တန်ချိန်ပေါင်း ၆၈၃၀ တင်ဆောင်နိုင်သည့် ကုန်တင်သင်္ဘော Jin Teng ဖြစ်ပြီး မြို့တော်မနီလာ အရှေ့မြောက်ပိုင်းရှိ Subic ဆိပ်ကမ်းမှ ထွက်ခွာခွင့် မပြုတော့ခြင်းဖြစ်သည်။ အဆိုပါသင်္ဘော ထိုဆိပ်ကမ်းတွင် ဒေါက်တင်ထားသည်မှာ ၃ ရက်တာ ကြာမြင့်နေပြီဖြစ်ပြီး သင်္ဘောပေါ်တွင် လိုက်ပါလာသည့် သင်္ဘောသားများကိုမူ နယ်နှင်ဒဏ်ပေးမည်ဟု သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ မာနိုလို ကွီဇန်က နိုင်ငံပိုင်ရေဒီယို Radyo ng Bayan သို့ ပြောကြားခဲ့သည်။

    ယခင်ပြုလုပ်ထားသည့် ပိတ်ဆို့မှုတွင် ပါဝင်သော တာဝေးပစ်ဒုံးကျည်ကို အသုံးပြု၍ မြောက်ကိုရီးယားက ပြီးခဲ့သည့် လအတွင်း ဂြိုဟ်တုလွှတ်ခဲ့သောကြောင့် ကုလသမဂ္ဂမှာ ကြာသာပတေးနေ့တွင် ပိတ်ဆို့မှုအသစ်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

    မြောက်ကိုရီးယားကလည်း ထိုပိတ်ဆို့မှုချမှတ်ပြီး ၁ ရက်အကြာ ယမန်နေ့တွင် စစ်တပ်နှင့် နျူလက်နက်များကို အဆင်သင့်ဖြစ်နေစေရန် အမိန့်ပေးခဲ့သည်။

    Ref: Channelnewsasia

  • အသင်းအနေဖြင့် စိတ်အားထက်သန်မှု ဆက်ရှိနေရန် လီဗာပူးလ်နည်းပြ တိုက်တွန်း

    အသင်းအနေဖြင့် စိတ်အားထက်သန်မှု ဆက်ရှိနေရန် လီဗာပူးလ်နည်းပြ တိုက်တွန်း

    မတ် ၅၊ ၂၀၁၆
    M-Media

    liverpool 1

    – ချန်ပီယံလိဂ်ဝင်ခွင့်နေရာ ရရှိအောင် ကြိုးစားနေသည့် အသင်းအနေဖြင့် စိတ်အားထက်သန်မှု ဆက်လက်ရှိနေစေရန် လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က တိုက်တွန်းပြောကြားလိုက်သည်။

    ဗုဒ္ဓဟူးနေ့က မန်စီးတီးအသင်းအား ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးလ်အသင်းမှာ အဆင့် ၄ နေရာနှင့် ၆ မှတ်အကွာဖြင့် အဆင့် ၈ နေရာတွင် ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရန် နီးစပ်လာခဲ့သည်။ မနက်ဖြန်တွင် လီဗာပူးလ်မှာ နိုဝင်ဘာလအတွင်းက ရှုံးနိမ့်ထားခဲ့သည့် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ကစားရမည်ဖြစ်ပြီး ကလော့ပ်ကမူ ထိုပွဲအား အနိုင်ရရှိရန် အကြောင်းအရင်းများစွာ ရှိနေသည်ဟု ပြောကြားခဲ့သည်။

    “အားကစားမှာ စိတ်အားထက်သန်မှုက အရေးကြီးပါတယ်။ ကျွန်တော်တို့ စိတ်အားထက်သန်မှုရှိဖို့ လိုအပ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ကျွန်တော်တို့နိုင်ဖို့ အကြောင်းအရင်းတစ်ခု ရှိပါတယ်။ အိမ်ကွင်းမှာ ကျွန်တော်တို့ မရှုံးသင့်ပေမယ့် ကျွန်တော်တို့ရှုံးခဲ့တယ်။ ဒါ့ကြောင့်ပါပဲ” ဟု ကလော့ပ်က ပြောကြားခဲ့သည်။

    ထို့ပြင် လီဗာပူးလ်အသင်း ထိပ်ဆုံး ၄ သင်းစာရင်း ၀င်ရန်မှာ မိမိတို့၏ အာရုံစူးစိုက်မှုနှင့် အခြားအသင်းများ၏ ခြေချော်မှုအပေါ်တွင်လည်း မူတည်သည်ဟု ကလော့ပ်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Goal

  • ဆိုရှယ်မီဒီယာကို အသုံးချကာ ဟီဂျဘ်ဝတ်ဆင်မှုဓလေ့ကို ကနေဒါအမျိုးသမီးတစ်ဦး မြှင့်တင်နေ

    ဆိုရှယ်မီဒီယာကို အသုံးချကာ ဟီဂျဘ်ဝတ်ဆင်မှုဓလေ့ကို ကနေဒါအမျိုးသမီးတစ်ဦး မြှင့်တင်နေ

    မတ် ၅၊ ၂၀၁၆
    M-Media

    hijab

    – မွတ်စလင်အမျိုးသမီးတွေအနေနဲ့ ဟီဂျဘ်ကို ဘယ်လို လုံလုံခြုံခြုံ၊ စတိုင်ကျကျ ၀တ်ဆင်နိုင်တယ်ဆိုတာနဲ့ ပတ်သက်လို့ ကနေဒါမွတ်စလင်အမျိုးသမီးတစ်ဦးက ဆိုရှယ်မီဒီယာတွေကို အသုံးပြုကာ မျှဝေမှုတွေ ပြုလုပ်နေပြီး အောင်မြင်မှုတွေလည်း ရရှိနေတယ်လို့ သိရပါတယ်။

    တိုရွန်တိုမြို့က ဆာမန် မူနီရ်လို့ခေါ်တဲ့ ကလေးသုံးယောက် မိခင်ဖြစ်ပြီး You Tube၊ Facebook နဲ့ Instagram တို့ကို အသုံးပြုကာ ၂၀၁၁ ခုနှစ်ကတည်းက ဟိဂျဘ်ဝတ်ဆင်ပုံ အမျိုးမျိုးကို လွှင့်တင်မျှဝေခဲ့တာ ဖြစ်ပါတယ်။ သူမကတော့ လုံခြုံ၊ လှပပြီး စတိုင်ကျတဲ့ ဟီဂျဘ်မျိုး ဘယ်လိုဝတ်ရမလဲဆိုတာ မွတ်စလင်အမျိုးသမီးတွေကို ပြသချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်မက ဖက်ရှင်တွေကို နှစ်သက်တယ်လေ။ ဆိုရှယ်မီဒီယာတွေကနေလည်း လူတော်တော်များများ အားကျလာအောင် လုပ်နိုင်ပါတယ်။ Dolce နဲ့ Gabbana ကုမ္ပဏီတွေက သူတို့ရဲ့ ဟီဂျဘ်ဖက်ရှင်ဒီဇိုင်းတွေကို မကြာသေးမီက ထုတ်ဖော်ပြသလိုက်တဲ့အချိန်မှာ ကျွန်မ သိပ်ပျော်ပြီး၊ သိပ်လည်း အထင်ကြီးခဲ့ပါတယ်။ နောက်ဆုံးမှာ တကယ့် ဒီဇိုင်နာတွေကလည်း မွတ်စလင်တွေအတွက် ဒီဇိုင်း ဖန်တီးပေးခဲ့ကြပါပြီ။ ဒါက ကျွန်မတို့ကို ဖက်ရှင်လောကထဲမှာ ပါဝင်စေလိုက်တာ ဖြစ်ပါတယ်” လို့ Malaysia Chronicle နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    သူမရဲ့ ဟီဂျဘ်ဖက်ရှင်မျှဝေမှု ဆိုရှယ်စာမျက်နှာမှာ ပရိတ်သတ်ပေါင်း သန်းဝက်လောက်ရှိပြီး သူမလုပ်နေတာတွေက ဟီဂျဘ်ဝတ်ဆင်တာကို လေးစားအားကျစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

    “ကျွန်မဟာ ဟီဂျဘ်ကို ၀တ်ရုံသက်သက်မဟုတ်ဘဲ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိလာစေဖို့နဲ့ သူများတွေ လေးစားအား ကျလာစေချင်တာကြောင့် ဒီလို လုပ်ဆောင်နေတာ ဖြစ်ပါတယ်”

    အဲဒီလို မျှဝေမှုတွေအတွင်းမှာ အဖျက်သဘောဆောင်တဲ့ မှတ်ချက်တွေ ရရှိတာမျိုးလည်း ရှိခဲ့တယ်လို့ သူမက ဖွင့်ဟခဲ့ပါတယ်။

    “ပထမတော့ တော်တော်လေး စိတ်ဆိုးမှာပေါ့။ ဒါပေမယ့် အသက်ပြင်းပြင်းတစ်ချက်ကို ရှုထုတ်ပြီး ကျောခိုင်းလိုက်တာ အကောင်းဆုံးပါပဲ။ ဒါမျိုးက တစ်ခါတစ်ရံမှာ မနာလိုဝန်တိုမှုကြောင့် ဒါမှမဟုတ် ဟီဂျဘ်ဝတ်ဆင်တာကို အရင်က အမြင်တစ်မျိုးနဲ့ မြင်ခဲ့တာကြောင့် ဖြစ်ပါလိမ့်မယ်” လို့ မူနီရ်က ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် အများစုကတော့ သူမရဲ့လုပ်ဆောင်ချက်တွေကို အကောင်းမြင်ခဲ့ပြီး၊ တစ်ချို့အမျိုးသမီးတွေဆိုရင် မူနီရ်ရဲ့ ဟီဂျဘ်ဒီဇိုင်းတွေ မျှဝေမှုကြောင့် သူတို့တွေအနေနဲ့ ဟီဂျဘ်ကို ယုံကြည်မှုရှိရှိ ၀တ်လာနိုင်ကြတယ်လို့ ဖွင့်ဟတာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

    “တစ်ခါတစ်လေမှာ မွတ်စလင်မဟုတ်သူတွေကတောင် ကျွန်မရဲ့ စတိုင်တွေကို အားကျပြီး၊ မက်ဆေ့ကနေ အားပေးတာမျိုးတွေ ရှိပါတယ်။ ကျွန်မ ဟီဂျဘ်ဝတ်ဆင်တဲ့စတိုင်မျိုးကို သူတို့ကြိုက်တယ်။ သူတို့လည်း ဒါမျိုး ၀တ်ချင်တယ် စသဖြင့်ပေါ့လေ”

    ၂၀၁၁ ခုနှစ်ကစတင်ကာ စတိုင်ကျကျ ဟီဂျဘ်ဒီဇိုင်းတွေကို ဆိုရှယ်မီဒီယာတွေကနေ မျှဝေတာဟာ အွန်လိုင်းပေါ်မှာ ဟီဂျဘ်စတိုင်နဲ့ပတ်သက်ပြီး ကြည့်ရှုစရာ များများစားစား မရှိတာကြောင့်ဖြစ်တယ်လို့လည်း သူမက ဆိုပါတယ်။

    “ဒီဇိုင်းဆန်းဆန်းလေးတွေများ တစ်ယောက်ယောက်က ပြကြမလားဆိုပြီး ၃ နှစ်လောက် စောင့်ခဲ့ပေမယ့် ဘာမှကို မတွေ့ပါဘူး။ ဟီဂျဘ်ဝတ်ဆင်တဲ့ပုံစံကို လိုက်ပြီး ရုပ်ကလည်း ပြောင်းလဲပါတယ်။ အဲဒီဟီဂျဘ်မှာ အဆင်တန်ဆာလေးတွေလည်း ထပ်ထည့်နိုင်ပါတယ်။ အရောင်စုံ၊ အသွေးစုံ ထည့်လိုက်တဲ့အခါ အံ့သြစရာ ဒီဇိုင်းဆန်းဆန်းလေးတွေ ဖြစ်သွားပါတယ်”

    အခုအချိန်မှာတော့ မူနီရ်ဟာ သူမရဲ့ ကိုယ်ပိုင်ဟီဂျဘ်ဒီဇိုင်းတွေကို ရောင်းချမှုတွေ ပြုလုပ်နေပြီး ကမ္ဘာတစ်ဝှမ်းကိုလည်း ဒီဇိုင်းပေါင်းများစွာ ဖြန့်ဝေနေပါတယ်။ သူမရဲ့ ပရိတ်သတ်တွေကတော့ အွန်လိုင်းမှာတင်မဟုတ်တော့ပါဘူး။

    “သမီးက – ‘သမီးလည်း အမေ့လိုဖြစ်ချင်လိုက်တာ’ လို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်မကတော့ သမီးနည်းနည်း အသက်ကြီးဖို့ လိုအပ်တယ်လို့ ပြန်ပြောခဲ့ပါတယ်”

    Ref: IINA

  • ကမ္ဘာ့ဖလား အသင်းအရေအတွက် တိုးမှုမှာ ဘောလုံးရာသီကို မထိခိုက်ဟု ဖီဖာဥက္ကဌသစ် ပြော

    ကမ္ဘာ့ဖလား အသင်းအရေအတွက် တိုးမှုမှာ ဘောလုံးရာသီကို မထိခိုက်ဟု ဖီဖာဥက္ကဌသစ် ပြော

    မတ် ၅၊ ၂၀၁၆
    M-Media

    fifa

    – ကမ္ဘာ့ဖလားတွင် ယှဉ်ပြိုင်ကစားမှုမှာ ဘောလုံးပြက္ခဒိန်ကို ထိခိုက်မှု ရှိမည်မဟုတ်ဟု ယုံကြည်ကြောင်း ဖီဖာ၏ ဥက္ကဌအသစ်ဖြစ်သူ ဂီယာနီ အင်ဖန်တီနိုက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်တစ်ပတ် သောကြာနေ့က ဖီဖာဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် အင်ဖန်တီနိုမှာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းအရေအတွက်အား ၃၂ သင်းမှ ၄၀ အထိ တိုးမြှင့်ရန် ဆန္ဒရှိသည်ဟု ယခင်က ပြောကြားခဲ့ဖူးသည်။

    သို့သော်လည်း ၎င်း၏အစီအစဉ်ကို ဥရောပ ကလပ်သအသင်းများ အစည်းအရုံးက ကန့်ကွက်ထားပြီး ထိုကဲ့သို့ အသင်းတိုးမြှင့်မှုမှာ ကစားသမားများအပေါ် ၀န်ထုတ်ဝန်ပိုး ဖြစ်စေမည်ဟု ပြောကြားခဲ့သည်။

    “ကမ္ဘာ့ဖလားကို အသင်း ၄၀ အထိ တိုးမြှင့်မယ့်အစီအစဉ်ကို ကျွန်တော် စဉ်းစားနေတယ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်ပါဘူး။ အသင်း ၄၀ ဆိုတာ ဖီဖာအဖွဲ့ဝင်တွေထဲက ၁၉ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒါ့ကြောင့် ၃၀ ရာခိုင်နှုန်းနဲ့ ၁၀၀ ရာခိုင်နှုန်းအကြား ပါဝင်တဲ့ တိုက်တစ်တိုက်ချင်းစီရဲ့ ပွဲတွေနဲ့တော့ နှိုင်းယှဉ်လို့တော့ မရပါဘူး။ ကမ္ဘာ့ဖလားပွဲမှာ ကျွန်တော်တို့ဟာ အသင်းသစ် ၈ သင်း ပေါင်းထည့်မှာပါ။ ဒါပေမယ့် အခြားနိုင်ငံ တော်တော်များများကလည်း ဒီပြိုင်ပွဲမှာပါဝင်ဖို့ အိပ်မက်တွေ ရှိနေကြပါတယ်။ ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားဖို့ဟာ ပြိုင်ပွဲမှာပါဝင်ဖို့ ခိုင်မာတဲ့ နည်းလမ်းပါပဲ” ဟု အင်ဖန်တီနိုက ပြောကြားခဲ့သည်။

    Ref: Goal

  • နျူလက်နက်များနှင့် စစ်တပ်ကို အသင့်ဖြစ်နေစေရန် မြောက်ကိုရီးယား အမိန့်ပေးထား

    နျူလက်နက်များနှင့် စစ်တပ်ကို အသင့်ဖြစ်နေစေရန် မြောက်ကိုရီးယား အမိန့်ပေးထား

    မတ် ၅၊ ၂၀၁၆
    M-Media

    north korea

    – မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်က ရန်သူတွေရဲ့ ခြိမ်းခြောက်မှု ကြီးထွားလာတဲ့အတွက် နျူကလီးယား လက်နက်တွေကို အချိန်မရွေး တိုက်ခိုက်နိုင်ဖို့၊ စစ်တပ်ကိုလည်း တိုက်ခိုက်ရန် အသင့်အနေအထားရှိနေဖို့ ယမန်နေ့မှာ အမိန့်ပေးလိုက်တယ်လို့ သိရပါတယ်။

    ကိုးရီးယားကျွန်းဆွယ်မှာ တင်းမာမှု မြင့်တက်လာတဲ့အတွက် မြောက်ကိုးရီးယားကို အပြင်းအထန်ဆုံး အရေးယူပိတ်ဆို့ဖို့ အမေရိကန်ရဲ့ တောင်းဆိုမှုကို ကုလသမဂ္ဂက အတည်ပြုလိုက်ပြီး နောက်တစ်ရက်မှာ အဆိုပါကြေငြာချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

    ဘယ်အချိန်မဆို ပစ်လွှတ်နိုင်ဖို့အတွက် နျူကလီးယားထိပ်ဖူးတွေကို အသင့်ပြင်ထားရမယ်လို့ ကင်က အမိန့်ပေးခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KNCA သတင်းဌာနက ယမန်နေ့မှာ ဖော်ပြခဲ့ပါတယ်။ အသစ်ထုတ်လုပ်လိုက်တဲ့ ဒုံးကျည်တွေ အသုံးပြုပြီး စစ်ရေးလေ့ကျင့်မှုကို ကြီးကြပ်နေချိန်မှာ မြောက်ကိုရီးယားခေါင်းဆောင်က ဒီလို အမိန့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

    အမေရိကန်နဲ့ တောင်ကိုးရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ပြီး မကြာခင်မှာပဲ အရေးယူပိတ်ဆို့မှုတွေ ထပ်မံပြဌာန်းလိုက်တာကြောင့် အန္တရာယ်အလွန်များလာတယ်လို့လည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အဲဒီ အရေးယူပိတ်ဆို့မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုးရီးယားကမ်းရိုးတန်းနဲ့ ၁၅၀ ကီလိုမီတာအကွာ (မိုင်၉၀ခန့်) ကို မြောက်ကိုးရီးယားက ကြာသာပတေးနေ့မှာ ဒုံးကျည်အမြောက်များ ပစ်လွှတ်ခဲ့ပါတယ်။

    “တကယ်လို့ မြောက်ကိုးရီးယားက ရန်စပစ်ခတ်မှုတွေ လုပ်လာမယ်ဆိုရင်တော့ ပြန်လည်ပေးဆပ်ရမယ်ဆိုတာ သိရှိစေဖို့ ပြင်းထန်တဲ့အနေအထားနဲ့ တုံ့ပြန်သွားမှာ ဖြစ်ပါတယ်၊ ကျွန်မတို့နိုင်ငံကို ကာကွယ်ဖို့အတွက် စိတ်ပိုင်းဖြတ်ထားပြီးသားပါ” လို့ တောင်ကိုးရီးယားသမ္မတ ပတ်ဂျုံဟေးက မြောက်ကိုရီးယားရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ယမန်နေ့မှာ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

    မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တုန့်ပြန်ဖို့ အဆင့်မြင့်အမေရိကန်ဒုံးကျည်စနစ် THAAD ကို တောင်ကိုရီးယားမှာ ဖြန့်ကျက်ချထားရေး တောင်ကိုးရီးယားနဲ့ အမေရိကန်တို့က ယမန်နေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါ THAAD စနစ်နဲ့အတူ ချထားမယ့် X-Band ရေဒါစနစ်က ကိုးရီးယားကို ကျော်ပြီး မိမိတို့နိုင်ငံထဲ ၀င်လာမှာကို စိုးရိမ်တယ်လို့ တရုတ်က ပြောကြားထားပါတယ်။

    Ref: Presstv