News @ M-Media

Author: Ko Lay

  • ပျော်ရွှင်ခြင်းက နှလုံးကို ထိခိုက်စေနိုင်

    ပျော်ရွှင်ခြင်းက နှလုံးကို ထိခိုက်စေနိုင်

    မတ် ၆၊ ၂၀၁၆
    M-Media

    – ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်တက္ကသိုလ်ဆေးရုံရဲ့ လေ့လာမှုတစ်ရပ်အရ ရှားရှားပါးပါးဖြစ်ရပ်တွေမှာ အလွန်အမင်း ပျော်ရွှင်မှုတွေကြောင့် နှလုံးကို ထိခိုက်ပျက်ဆီးစေတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

    အရင်ကတွေ့ရှိခဲ့တဲ့ လေ့လာမှုတွေအရ ၀မ်းနည်းပူဆွေးခြင်း၊ ဒေါသထွက်ခြင်း၊ ကြောက်ရွံ့ခြင်း စတဲ့ ပြင်းထန်တဲ့စိတ်လှုပ်ရှားမှုမျိုးတွေမှာ ရင်ဘတ်အောင့် အသက်ရှုကြပ်တာမျိုး၊ နှလုံးရောဂါနဲ့ တစ်ခါတစ်ရံမှာ အသက်သေစေနိုင်တဲ့ အထိ ဖြစ်စေနိုင်တာကို တွေ့ရပါတယ်။

    ပျော်ရွှင်မှုကြောင့် နှလုံးထိခိုက်တယ်ဆိုတဲ့ အခြေအနေမျိုးဟာ အတွေ့ရရှားလေ့ရှိပြီး ကျွမ်းကျင်သူတွေကတော့ နှလုံးပျက်စီးခြင်းရောဂါ takotsubo syndrome လို့ သတ်မှတ်ထားပါတယ်။ ဒီလိုဖြစ်ရတာဟာ နှလုံးရဲ့ အဓိကသွေးလွှတ်ခန်းကနေ ကောင်းစွာ သွေးမလွှတ်ပေးနိုင်တော့ဘဲ နှလုံးကြွက်သားတွေ ခဏတာ အားနည်းသွားတာမျိုး ရုတ်တရက် ဖြစ်သွားစေလို့ပဲ ဖြစ်ပါတယ်။

    ပျော်ရွှင်မှုကို ခံစားပြီးတဲ့နောက်ပိုင်းမှာ ဒီရောဂါ ဖြစ်တတ်သလားဆိုတာကို ပထမဆုံး စမ်းသပ်မှုအတွင်း ဒီလို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ သုတေသနပညာရှင်တွေကတော့ ဒီရောဂါကို “ပျော်ရွှင်သော နှလုံးရောဂါ” လို့ နာမည်ပြောင် ပေးထားပါတယ်။

    “ပျော်စရာကောင်းတဲ့အဖြစ်အပျက်တွေနဲ့ ၀မ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တွေမှာ အလားတူရောဂါမျိုး ဖြစ်စေနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်” လို့ လေ့လာမှုမှာ ပါဝင်ခဲ့သူ သုတေသီ ဂျလီနာ ဂါဒရီက ပြောကြားခဲ့ပါတယ်။

    စိတ်ခံစားမှုကြောင့် ဝေဒနာဖြစ်သူပေါင်း ၄၈၅ ယောက်ကို စမ်းသပ်ခဲ့ရာမှာ အယောက် ၂၀ ခန့်ဟာ မွေးနေ့ပွဲ၊ မင်္ဂလာပွဲ၊ စုံညီပွဲ၊ အားကစားပွဲ စတဲ့ ပျော်ပွဲရွှင်မှုတစ်ခုခုကြောင့် အဲဒီလိုရောဂါမျိုး ဖြစ်ပေါ်နေတာကို တွေ့ရှိခဲ့ပါတယ်။ အများစုဖြစ်တဲ့ ၄၆၅ ယောက်ကတော့ အသုဘအခမ်းအနား တက်ရောက်အပြီး သို့မဟုတ် လူမှုရေးအဆင်မပြေတာ တစ်ခုခု စတဲ့ ၀မ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုခုကြောင့် ဖြစ်တာကို တွေ့ရပါတယ်။

    လေ့လာမှုရလဒ်တွေအရ ယင်းကဲ့သို့သော ရောဂါမျိုး အများဆုံး တွေ့ရလေ့ရှိသူတွေဟာ သွေးဆုံးပြီး အမျိုးသမီးတွေမှာ ဖြစ်ပါတယ်။ ပျော်ရွှင်မှုနဲ့ နှလုံးပျက်စီးမှု နှစ်ခုလုံးရဲ့ နောက်ကွယ်က အသေးစိတ်ဖြစ်စဉ်တွေကို ထပ်မံလေ့လာဖို့လိုသေးတယ်လို့ ဂါဒရီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: IINA

  • ဇီကာဗိုင်းရပ်စ်ကူးစက်မှု လာအိုတွင်ဖြစ်ပေါ်

    ဇီကာဗိုင်းရပ်စ်ကူးစက်မှု လာအိုတွင်ဖြစ်ပေါ်

    မတ် ၆၊ ၂၀၁၆
    M-Media

    zika 13

    – လာအိုနိုင်ငံအတွင်း ဇီကာဗိုင်းရပ်စ် ပြန့်နှံ့ကူးစက်မှု ရှိနေသည်ဟု ကမ္ဘာ့ကျန်မာရေးအဖွဲ့ WHO က ပြောကြားလိုက်ပြီး မွေးကင်းစကလေးငယ်များ ဥာဏ်ရည်မပြည့်စုံခြင်းကို ဖြစ်စေသာ အဆိုပါဇီကာဗိုင်းရပ်စ်နှင့်ပတ်သက်၍ စိုးရိမ်ရမှုများ မြင့်တက်လာခဲ့သည်။

    ကူးစက်မှုမှာ တစ်ခုသာဖြစ်ပြီး လာအိုမှာ နိုင်ငံအတွင်း ဇီကာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသော ၄၁ နိုင်ငံမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။ ဇီကာမှာ လက်တင်အမေရိကနိုင်ငံများအတွင် အများဆုံး ဖြစ်ပွားနေပြီး ကုလသမဂ္ဂက ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအထိ ကြေငြာခဲ့ရသည်။

    လာအိုအာဏာပိုင်များကမူ ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့် သတင်းထုတ်ပြန်မှုမှ မပြုလုပ်သေးပေ။ လာအိုနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် လအတွင်းက အသက် ၂၂ နှစ်အရွယ် ပြည်သူတစ်ဦး ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု သတင်းထွက်ခဲ့ပြီး နောက်ပိုင်းတွင် ပြန်လည်ကောင်းမွန်လာခဲ့သည်။

    ထိုင်းနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှစ၍ ဇီကာဗိုင်းကူးစက်သူမှာ တစ်နှစ်လျှင် ၅ ဦးခန့် ရှိခဲ့သော်လည်း ကပ်ရောဂါအဖြစ် ဖြစ်ပေါ်ခဲ့ခြင်းမရှိချေ။ လက်ရှိအချိတွင် ဇီကာကို ကာကွယ်ကုသနိုင်သည့် ဆေးဝါးများ မရှိသေးချေ။

    Ref: Channelnewsasia

  • လက်စတာ၏ လက်ကျန်ပွဲများက တိုက်ပွဲဖြစ်သည်ဟု နည်းပြ ရာနီယေးရီ ပြော

    လက်စတာ၏ လက်ကျန်ပွဲများက တိုက်ပွဲဖြစ်သည်ဟု နည်းပြ ရာနီယေးရီ ပြော

    မတ် ၆၊ ၂၀၁၆
    M-Media

    leis 4

    – ပရီးမီးယားလိဂ်ဖလားအား စိန်ခေါ်နိုင်ရန်အတွက် လက်စတာအသင်း၏ လက်ကျန် ၉ ပွဲမှာ တိုက်ပွဲတစ်ခု ဖြစ်မည်ဟု နည်းပြ ရာနီယေးရီက ပြောကြားလိုက်သည်။

    ယမန်နေ့က ၀က်ဖို့ဒ်နှင့်ကစားခဲ့သည့်ပွဲတွင် လက်စတာမှာ မဟ်ရက်ဇ်၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယနေရာမှ စပါးနှင့် တတိယနေရာမှ အာဆင်နယ်တို့၏ပွဲမှာ သရေကျသွားခဲ့သောကြောင့် ဇယားထိပ်တွင် ၅ မှတ်ဖြတ်၍ ဦးဆောင်နိုင်ခဲ့သည်။

    လက်စတာမှာ ပရီးမီးယားလိဂ်ဖလားကို တစ်ကြိမ်မှ မရရှိဘူးသေးဘဲ လက်ရှိအချိန်မှာ သမိုင်းတွင်မည့် အောင်ပွဲနှင့် လက်တစ်ကမ်းအကွာတွင် ရှိနေပြီဖြစ်သည်။ ရာနီယေးရီကမူ မည်သည်ကိုမှ ကံသေကံမ ပြော၍မရဟု ဆိုသည်။

    “ကျွန်တော်တို့အတွက် အကောင်းဆုံးအချိန်ဖြစ်နေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ၉ ပွဲကျန်နေပါသေးတယ်။ ပွဲတိုင်းဟာ ခက်ခဲမှာပါ။ အဲဒီတိုက်ပွဲဟာ ကျွန်တော်တို့အတွက်သာ မဟုတ်ဘဲ ကျန်တဲ့ ပရီးမီးယားလိဂ်အသင်း အားလုံးအတွက်ပါ။ ကျွန်တော်တို့နောက်မှာ ဘယ်သူရှိလဲဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော် မြန်မြန်ဆန်ဆန် ပြေးချင်ပါတယ်။ အမှတ် ဘယ်လောက်လိုအပ်တယ်ဆိုတာကို ကျွန်တော် မသိပါဘူး။ ရာသီအစတုန်းက ကျွန်တော်တို့ဟာ ၃၉ မှတ်ကျော် လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ တော်တော်ထူးခြားတဲ့အခြေအနေကို ကြုံတွေ့နေရတာပါ” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။

    ထို့ပြင် အနိုင်ဂိုးရှင် မဟ်ရက်ဇ်ကိုလည်း ၎င်းက ထည့်သွင်းချီးကျူးခဲ့ပြီး တောင်ပံတွင်ကစားသည့် မဟ်ရက်ဇ်မှာ ပြိုင်ဘက်အသင်းအတွက် အလွန်အန္တရာယ်ရှိကာ အသင်းဖော်များအတွက် အကူအညီဖြစ်စေသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • ထောင်ဖောက်ပြေးခဲ့သည့် မက္ကဆီကိုမူးယစ်ရာဇာ အမေရိကန်သို့ နှစ်ကြိမ်သွားရောက်ခဲ့

    ထောင်ဖောက်ပြေးခဲ့သည့် မက္ကဆီကိုမူးယစ်ရာဇာ အမေရိကန်သို့ နှစ်ကြိမ်သွားရောက်ခဲ့

    မတ် ၅၊ ၂၀၁၆
    M-Media

    mexico 1

    – မက္ကဆီကိုရှိ လုံခြုံရေးမြင့်မားသည့် အကျဉ်းထောင်မှ လွတ်မြောက်သွားခဲ့သော မက္ကဆီကို မူးယစ်ရာဇာ အလ် ချာပို ဂူဇ်မန်မှာ ၀ရမ်းပြေးဘ၀တွင် အမေရိကန်သို့ ၂ ကြိမ်တိုင်တိုင် သွားရောက်လည်ပတ်ခဲ့သည်ဟု ၎င်း၏ သမီးတစ်ဦးဖြစ်သူ ရိုဇာ အီစီလာ ဂူဇ်မန် အော်ရ်တစ်ဇ်က ပြောကြားလိုက်သည်။

    သူမမှာ ကယ်လီဖိုးနီးယားတွင် နေထိုင်သူဖြစ်ပြီး အသက် ၅၈ နှစ်အရွယ် ၎င်း၏ဖခင်မှာ ထောင်ဖောက်ထွက်ပြေးပြီးနောက် အောက်တိုဘာလက အမေရိကန်မင်းသား ရှန်ပင်းနှင့် တွေ့ဆုံပြီး သိပ်မကြာခင် အမေရိကန်သို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    ရက်အတိအကျကို ဖော်ပြခဲ့ခြင်း မရှိသော်လည်း အမေရိကန်သို့ ဂူဇ်မန် ၀င်ရောက်ခဲ့ခြင်းမှာ ဆွေမျိုးများကို တွေ့ဆုံရန်၊ သူမနှင့် သူမ၏ ကလေးငယ်လေးဦးအတွက် ၎င်းကိုယ်တိုင် ၀ယ်ပေးထားသည့် အိပ်ခန်း ၅ ခန်းပါ အိမ်ကြီးကို ကြည့်ရှုရန်ဖြစ်သည်ဟု British Daily သို့ ပြောကြားခဲ့သည်။

    သို့သော်လည်း ကမ္ဘာ့အလိုအရှိဆုံး မူးယစ်ဘုရင် အမေရိကန်သို့ မည်ကဲ့သို့ ၀င်ရောက်လာသည်ကို ပြောကြားရန် ငြင်းဆိုခဲ့သည်။

    “ကျွန်မလည်း အဖေ့ကို အဲဒါ မေးခဲ့ပါတယ်။ (မပြောပါဘူး) ယုံပါ” ဟု အော်ရ်တစ်ဇ်က ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်း၏အဖေမှာ အကြီးတန်းနိုင်ငံရေးသမားများထံသို့ ကိုယ်စားလှယ်များစေလွှတ်ကာ အမြင့်ဆုံး ကာကွယ်မှုကို ငွေဖြင့် ရယူခဲ့သည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

    ဂူဇ်မန်မှာ မြေအောက်လှိုင်းခေါင်းဖောက်ကာ ပြီးခဲ့သည့် ဇူလိုင်လက အလ်တစ်ပလာနို အကျဉ်းထောင်မှ လွတ်မြောက်ခဲ့ခြင်းဖြစ်ပြီး၊ ၂၀၀၁ ခုနှစ်ကလည်း တစ်ကြိမ်လွတ်မြောက်ခဲ့ကာ ၂၀၁၁ ခုနှစ်တွင် ပြန်လည်ဖမ်းမိခဲ့သည်။

    ဖခင်ဖြစ်သူ၏ ဒုတိယအကြိမ်လွတ်မြောက်မှုမှာ အကျဉ်းထောင် အကြီးတန်းတာဝန်ရှိသူများ၏ ကူညီမှုကြောင့် ဖြစ်သည်ဟု အော်ရ်တစ်ဇ်က ပြောကြားခဲ့ပြီး အမည်ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။

    “ကျွန်မအဖေ လွတ်မြောက်မှုမှာ သဘောတူညီချက်ရှိပါတယ်”

    ဂူဇ်မန်လွတ်မြောက်သွားမှုကြောင့် အလ်တစ်ပလာနို ထောင်မှူးနှင့် မက္ကဆီကို အကျဉ်းထောင်ရေးရာ အကြီးအကဲတို့ အပါအ၀င် ၀န်ထမ်း ၃၀ ကျော် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ ဂူဇ်မန်ကို ဇန်န၀ါရီ ၈ ရက်နေ့တွင် ပြန်လည်ဖမ်းဆီးရမိခဲ့သည်။

    Ref: Channelnewsasia

  • ရန်ကုန်လေဆိပ်တွင် ဂိတ်ပေါက်သစ်တစ်ခုကို လာမည့်သီတင်းပတ်၌ ဖွင့်လှစ်မည်

    ရန်ကုန်လေဆိပ်တွင် ဂိတ်ပေါက်သစ်တစ်ခုကို လာမည့်သီတင်းပတ်၌ ဖွင့်လှစ်မည်

    မတ် ၅၊ ၂၀၁၆
    M-Media

    myanmar air

    – ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ဂိတ်ပေါက်သစ်တစ်ခုကို လာမည့်သီတင်းပတ်အတွင်း ဖွင့်လှစ်ရန်ရှိနေပြီး တစ်နှစ်လျှင် ခရီးသည် ပမာဏမှာ ၆ သန်းအထိ ၀န်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။

    မတ်လ ၁၂ ရက်နေ့တွင် ဖွင့်လှစ်မည်ဟု အေးရှားဝေါလ်ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားမှုကို မြန်မာ့တိုင်းမ်စ်သတင်းစာ ဖော်ပြခဲ့သည်။ အေးရှားဝေါလ်မှာ အဆိုပါ ဂိတ်ပေါက်သစ် ဆောက်လုပ်ရေးကို ၂၀၁၃ ခုနှစ်တွင် တင်ဒါ ရရှိခဲ့ခြင်းဖြစ်သည်။

    မြန်မာအစိုးရမှာ ၂၀၂၀ ခုနှစ်အရောက်တွင် တစ်နှစ်လျှင် ခရီးသည် ၇.၅ သန်း လာရောက်လည်ပတ်ရန် ပစ်မှတ်ထားနေပြီး ၂၀၂၂ ခုနှစ်၌ ပဲခူးတိုင်းဒေသကြီးတွင် လေဆိပ်သစ်ကြီးတစ်ခု ဖွင့်လှစ်ရန်လည်း ရှိနေသည်။ တစ်နှစ်လည် ခရီးသည် ၁၂ သန်းကို ၀န်ဆောင်ပေးနိုင်မည့် အဆိုပါ လေဆိပ်သစ် ဆောက်လုပ်မှုကို မကြာခင် စတင်မည်ဖြစ်သည်။

    Ref: yangoon.coconuts