News @ M-Media

Author: Ko Lay

  • ဘာကာသို့ရောက်စဉ်က စိုးရိမ်မှုရှိခဲ့ကြောင်း ဆွာရက်ဇ်ဝန်ခံ

    ဘာကာသို့ရောက်စဉ်က စိုးရိမ်မှုရှိခဲ့ကြောင်း ဆွာရက်ဇ်ဝန်ခံ

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
    M-Media

    sua

    – ဘာစီလိုနာသို့ ရောက်ရှိလာခဲ့စဉ်က မိမိ၏ကစားပုံမှာ မက်ဆီ၊ နေးမာတို့နှင့် မတူညီသောကြောင့် အံဝင်ခွင်ကျ ဖြစ်မည်လားဆိုသည့် ကြောက်ရွံ့မှုများ ရှိခဲ့ကြောင်း ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်က ပြောကြားလိုက်သည်။

    ၂၀၁၄ ခုနှစ်တွင် လီဗာပူးလ်မှ ပြောင်းရွှေ့လာခဲ့သည့် ဆွာရက်ဇ်မှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပွဲထွက်ခွင့်နောက်ကျခဲ့သည်။ သို့သော်လည်း ကစားခွင့်ရသည့်အချိန်တွင်မူ ခြေစွမ်းကောင်းများကို ပြသနိုင်ခဲ့ပြီး ဘာစီလိုနာ ဖလား ၅ လုံးရခဲ့သည့် ၂၀၁၅ ဘောလုံးရာသီက အသင်းအတွက် အရေးပါသည့် ကစားသမားတစ်ဦး ဖြစ်ခဲ့ကာ ယခုနှစ်တွင်လည်း ပြိုင်ပွဲအားလုံး ၃၄ ပွဲကစားထားပြီးနောက် ၃၆ ဂိုး သွင်းယူထားနိုင်သည်။

    ၎င်းကမူ အစောပိုင်းတွင် တိုက်စစ်မှူး ၃ ဦး အလုပ်တွဲလုပ်နိုင်စွမ်းနှင့်ပတ်သက်၍ စိုးရိမ်မိခဲ့ကြောင်း ၀န်ခံခဲ့သည်။

    “ပထမတော့ ဘာကာရဲ့ကစားပုံနဲ့ ကျွန်တော်ဟာ အံဝင်မှာမဟုတ်ဘူးလို့ ထင်ခဲ့ပါတယ်။ tiki-taka ပုံစံ ကစားတာများပြီး နေရာလွတ်သိပ်မရှိဘူး၊ ကျွန်တော့်အတွက် ခက်ခဲမယ်ပေါ့လေ။ သောကရောက်ခဲ့တာပေါ့။ ဒါပေမယ့် အသင်းဖော်တွေရဲ့ ကူညီမှုနဲ့ နည်းပြ လူးဝစ်အန်းရစ်က ကျွန်တော့ကို နံပါတ် ၉ နေရာမှာ ဆက်မသုံးမှုတွေကြောင့် ကျွန်တော် ပိုပြီး သက်သောင့်သက်သာ ဖြစ်ခဲ့ပါတယ်” ဟု အဆွာရက်ဇက်က Daily Mail သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မက်ဆီ၊ နေးမာတို့နှင့် အလွန်ကောင်းမွန်သည့် ဆက်ဆံရေးကို ရရှိခဲ့ကြောင်း၊ ကွင်းပြင်ပ ဆက်ဆံရေးကောင်းမှုက ကွင်းအတွင်း ဆက်ဆံရေးကို လမ်းဖွင့်ပေးကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • ထောင်ဖောက်၍ အကြမ်းဖက်သမားများအား လွှတ်ပေးရန်ကြံစည်မှုကို ပါကစ္စတန် ဖြိုခွင်း

    ထောင်ဖောက်၍ အကြမ်းဖက်သမားများအား လွှတ်ပေးရန်ကြံစည်မှုကို ပါကစ္စတန် ဖြိုခွင်း

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
    M-Media

    paki 3

    – ထောင်ကျနေတဲ့အကြမ်းဖက်သမားတွေကို ထောင်ဖောက်ထုတ်ဖို့ ကြံစည်မှုတစ်ခုကို ပါကစ္စတန်က ဖြိုခွင်းလိုက်ပြီး အဲဒီစစ်ဆင်ရေးအတွင်းမှာ ကရာချီမြို့တောင်ပိုင်းက အလ်ကိုင်ဒါနဲ့ လရှ်ကာရ် အီ-ဂျန်ဂ်ဝီ (LeJ) အကြမ်းဖက်အဖွဲ့အစည်း တပ်မှူး ၃ ဦးအပါအ၀င် စစ်သွေးကြွ ၉၇ ယောက်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။

    ဖမ်းဆီးခံရသူတွေဟာ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်အတွင်း ပါကစ္စတန်လေတပ်စခန်းနှစ်ခု၊ ကရာချီလေဆိပ်၊ ဒေသဆိုင်ရာ ထောက်လှမ်းရေးဌာနချုပ်တွေ၊ ရဲဌာနတွေကို တိုက်ခိုက်မှုတွေမှာ ပါဝင်ပက်သက်နေတယ်လို့လည်း စွပ်စွဲခံထားရပါတယ်။

    အိန္ဒိယတိုက်ငယ် အလ်ကိုင်းဒါးအဖွဲ့ခွဲ (AQIS) ရဲ့ လက်ထောက်အကြီးအကဲ ဖာရွတ် ဘတ်တီအပါအ၀င် LeJ အဖွဲ့ဝင် နအီးမ်ဘိုခါရီနဲ့ ဆဘီးရ်ခန်းတို့ကိုလည်း ပါကစ္စတန်တပ်ဖွဲ့တွေက ဖမ်းဆီးလိုက်တယ်လို့ စစ်တပ်ရေးရာပြောဆိုခွင့်ရှိသူ ဗိုလ်ချုပ် အာဆင်း ဘဂ်ျဝါက ပြောခဲ့ပါတယ်။

    “အကျဉ်းချုပ်ပြောနိုင်တာကတော့ အကြမ်းဖက်အုပ်စုအားလုံးဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေပြုလုပ်ဖို့အတွက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပူးပေါင်းဆက်သွယ်ဖို့ ကြိုးစားနေတယ်ဆိုတာပါပဲ” လို့ ဘဂ်ျဝါက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

    LeJ နဲ့ AQIS တို့ဟာ ပါကစ္စတန်တာလီဘန်လို့ခေါ်တဲ့ တာရီခ်-တာလီဘန်ပါကစ္စတန် အဖွဲ့နဲ့ ပူးပေါင်းဆက်သွယ်ဖို့ လှုပ်ရှားနေတာပါ။ LeJ အဖွဲ့ဟာ အစ္စလာမ်အမည်ခံအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး သူတို့ရဲ့ ဘာသာရေးဆိုင်ရာအယူအဆတွေဟာ IS တွေနဲ့ တစ်ထပ်တည်းနီးပါး တူညီပါတယ်။ အဲဒီအဖွဲ့ဟာ ပါကစ္စတန်က လူနည်းစုရှီယိုက်တွေကို သတ်ပစ်ပြီး စွန္နီဂိုဏ်းတည်ထောင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

    ဘူခါရီအပါအ၀င် အကြမ်းဖက်သမားတွေကို ဟိုင်ဒရာဘတ် ဗဟိုအကျဉ်းထောင်ကို ဖောက်ဖို့ ကြိုးစားမှုစွဲချက်နဲ့ ဖမ်းဆီးထားတာဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်မှာ ဝေါစထရိဂျာနယ်သတင်းထောက် ဒန်နီယဲလ် ပါးလ်ကို ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့တဲ့ ခါလစ်ဒ် အိုမာရ်ရှိုက်ခ်ကို အဲဒီအကျဉ်းထောင်မှာပဲ ထိန်းသိမ်းထားတာဖြစ်ပြီး ထောင်ဖောက်မှုအတွင်း အကြမ်းဖက်သမားတွေက လွှတ်ပေးဖို့ စီစဉ်ထားတာပါ။

    တိုက်ခိုက်ဖို့ ကြံစည်နေသူတွေဟာ ဗန်ကားအပြည့် ဖောက်ခွဲရေးပစ္စည်းတွေ သိပ်ထည့်ထားပြီး အကျဉ်းထောင်ဝင်းကို ဖောက်ခွဲဖို့ လုပ်နေတာဖြစ်ကာ သူတို့သတ်ဖြစ်မယ့် ထောင်သား ၃၅ ယောက်ကိုလည်း စာရင်းပြုစုထားတယ်လို့ ပါကစ္စတန်စစ်တပ်က ဆိုပါတယ်။ ရှိုက်ခ်အပါအ၀င် ကယ်ထုတ်မယ့် အခြားသော အကျဉ်းသား ၁၀၀ ခန့်ရဲ့ စာရင်းလည်း သူတို့ဆီမှာ သီးခြား ရှိနေပါတယ်။

    ဖမ်းဆီးရမိခဲ့တဲ့ လက်နက်တွေထဲမှာ အရင်က ရဲတပ်ဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး ခိုးယူသွားတဲ့ ရိုင်ဖယ်သေနတ်တွေလည်း တွေ့ရတယ်လို့ ဘဂ်ျဝါကဆိုပြီး တိုက်ခိုက်မှုအတွက် ၉၀ ရာခိုင်နှုန်းလောက် အသင့်ဖြစ်နေတဲ့အချိန်မှာ ယခုလို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Arabnews

  • အန်ဆယ်လော့တီမှာ အကောင်းဆုံးနည်းပြဖြစ်သည်ဟု ရီးယဲလ်ကွင်းလယ်လူပြော

    အန်ဆယ်လော့တီမှာ အကောင်းဆုံးနည်းပြဖြစ်သည်ဟု ရီးယဲလ်ကွင်းလယ်လူပြော

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
    M-Media

    modric

    – မိမိအလုပ်လုပ်ခဲ့ဖူးသည့် နည်းပြများတွင် ကားလို့စ် အန်ဆယ်လော့တီမှာ အကောင်းဆုံးနည်းပြဖြစ်သည်ဟု ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ လူကာမိုဒရစ်က ဖွင့်ဟပြောကြားလိုက်သည်။

    အသက် ၃၀ အရွယ်ရှိပြီဖြစ်သည့် မိုဒရစ်မှာ ၂၀၁၂ ခုနှစ်တွင် ဘာနေဗျူးသို့ ရောက်ရှိလာခြင်းဖြစ်ပြီး အန်ဆယ်လော့တီ၊ မော်ရင်ဟို၊ ဘင်နီတက်ဇ်နှင့် ဇီဒိန်းတို့၏ လက်အောက်တွင် ကစားခဲ့ဖူးသည်။ မည်သည့်နည်းပြက ၎င်းအပေါ် လွှမ်းမိုးမှုရှိသနည်းဟု မေးမြန်းရာတွင် မိုဒရစ်မှာ အန်ဆယ်လော့တီအား ချွင်းချက်မရှိ ထောက်ပြခဲ့သည်။

    “ရီးယဲလ်မှာ ကျွန်တော်ကစားခဲ့ရတဲ့ နည်းပြလေးယောက်စလုံးနဲ့ ကျွန်တော်ဟာ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိပါတယ်။ ကျွန်တော်တိုးတက်ဖို့အတွက် သူတို့အားလုံးက ကူညီခဲ့ကြတယ်။ ဒါပေမယ့် အကောင်းဆုံးကို ရွေးရရင်တော့ အန်ဆယ်လော့တီကို ရွေးမှာပါ” ဟု မိုဒရစ်က ပြောကြားခဲ့သည်။

    ဇီဒိန်းလက်အောက်တွင် ရီးယဲလ်မှာ ပြန်လည်ဦးမော့လာသည်ဟု ပြောကြားမှုများ ရှိနေပြီး မိုဒရစ်ကလည်း ထိုပြောကြားမှုကို လက်ခံခဲ့သည်။

    “သူဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဆိုတာ လူတိုင်း သိကြပါတယ်။ သူ့ဆီက ကျွန်တော် အများကြီး သင်ယူနိုင်ခဲ့တယ။် အခုအချိန်အထိတော့ သူဟာ တော်တော်လေးကောင်းမွန်အောင် လုပ်နိုင်နေပါတယ်။ မန်နေဂျာတစ်ယောက်အဖြစ် အောင်မြင်မယ်လို့ ကျွန်တော် အသေအချာ ပြောရဲပါတယ်”

    Ref: Goal

  • လူမျိုးရေး ခွဲခြားစော်ကားခံရသူများအတွက် အကူအညီပေးရေးဖုန်းလိုင်းကို ယူကေမွတ်စလင်အဖွဲ့တစ်ခုက စီစဉ်နေ

    လူမျိုးရေး ခွဲခြားစော်ကားခံရသူများအတွက် အကူအညီပေးရေးဖုန်းလိုင်းကို ယူကေမွတ်စလင်အဖွဲ့တစ်ခုက စီစဉ်နေ

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
    M-Media

    uk anti

    – လူမျိုးရေးခွဲခြားခံရသူတွေ၊ ဘာသာရေးအရ စော်ကားခံရသူတွေအနေနဲ့ အကူအညီတောင်းခံနိုင်မယ့် ဖုန်းလိုင်းတစ်ခုကို အင်္ဂလန်က ဗလီဝတ်ကျောင်းတော်များ ကိုယ်စားပြုတဲ့ ပရဟိတအဖွဲ့တစ်ဖွဲ့က ရဲတပ်ဖွဲ့ရဲ့ အကူအညီနဲ့ စီစဉ်ပေးဖို့ ဆောင်ရွက်နေပါတယ်။

    လန်ကာရှိုင်းယားမွတ်စလင်များကောင်စီ (LCM) အဖွဲ့က စီစဉ်နေတာဖြစ်ပြီး ကောင်စီဥက္ကဌ အဘ်ဒူလ် ဟာမစ်ဒ် ကူရာရှီက လူတော်တော်များများဟာ ရဲဌာနရဲ့ လုပ်ရပ်တွေကို အယုံအကြည်မရှိတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ် ဇူလိုင်လကနေ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလအတွင်း အမုန်းရာဇ၀တ်မှု ၁၂၄ ခုလောက် ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ကူရာရှီကတော့ တကယ်လက်တွေ့ ဖြစ်ပွားနှုန်းဟာ ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။ ဒေသန္တရ ရာဇ၀တ်မှုဆိုင်ရာရဲမင်းကြီး ကလိုက်ဗ် ဂရန်းရှောကတော့ အမုန်းရာဇ၀တ်မှုတွေဟာ သူတို့ အဓိကထား ကိုင်တွယ်နေတဲ့ အမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အကြောင်းအမျိုးမျိုးကြောင့် မွတ်စလင်တွေဟာ ရဲတပ်ဖွဲ့ကို အယုံအကြည် သိပ်မရှိကြပါဘူး။ တစ်ခါတစ်ရံ အဖြစ်အပျက်တစ်ခုကို ရဲတိုင်တဲ့အခါ ရဲတွေက အရေးမပါတာတွေကိုပဲ မေးမြန်းကြပါတယ်၊ ဒါကြောင့် သူတို့ကို အားကိုးလို့ မရနိုင်ဘူးလို့ မှတ်ယူထားကြပါတယ်” လို့ ကူရာရှီက ဆိုပါတယ်။

    အစ္စလာမ်ကြောက်ရောဂါနဲ့ပက်သက်ပြီး ဂရန်းရှောက “လူတွေကို ပူးပေါင်းပါဝင်စေချင်ပါတယ်၊ အကူညီပေးလို့ရအောင်လို့ နှောင့်ယှက်ခံရသူတွေရဲ့ အသံတွေကို လွှင့်ထုတ်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်

    အခုအကူအညီပေးရေး ဖုန်းလိုင်းဟာ ပေါင် ၄၀၀၀ ခန့် ကုန်ကျခဲ့ပြီး ရဲတပ်ဖွဲ့က တစ်စိတ်တစ်ပိုင်း ထောက်ပံ့ ပေးထားကာ ဖေဖော်ဝါရီလ အဆုံးပိုင်းလောက်မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဲဒီဖုန်းလိုင်းဟာ အင်္ဂလန်မှာ မွတ်စလင်ကိုယ်စားပြုအဖွဲ့အစည်းတစ်ခုရဲ့ ပထမဆုံး အကူအညီပေးရေး ဖုန်းလိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

    အဲဒီဖုန်းလိုင်းကို ဗလီနဲ့ မဒရ်ဆာကျောင်း ပေါင်း၁၀၀ ကျော်မှာ အသုံးပြုနိုင်ဖို့ LCM က စီစဉ်နေပါတယ်။

    ရုံးဖွင့်ရက်တွေမှာ တစ်နေ့လေးနာရီခန့် လိုင်းဖွင့်ထားမှာ ဖြစ်ပြီး လူထုအနေနဲ့ နှုတ်နဲ့သော်လည်းကောင်း ကိုယ်ထိလက်ရောက်သော်လည်း မည်သည့်ပုံစံမျိုးနဲ့မဆို စော်ကားမှုတွေကို ရဲတပ်ဖွဲ့ရဲ့ သင်တန်းပေးလေ့ကျင့်ထားသူများထံ သတင်းပေးပို့ တိုင်ကြားနိုင်မှာ ဖြစ်ပါတယ်။

    ဖုန်းခေါ်ဆိုမှုတွေကို အမည်ဖော်ပြ၍ဖြစ်စေ၊ အမည်မဖော်ပြဘဲနဲ့ ဖြစ်စေ ခေါ်ဆိုနိုင်မှာဖြစ်ပြီး အခင်းဖြစ်ပွားမှုအသေးစိတ်ကို ခေါ်ဆိုသူရဲ့ ခွင့်ပြုချက်နဲ့ ရဲတပ်ဖွဲ့ကို ပေးပို့တိုင်ကြားသွားမှာ ဖြစ်ပါတယ်။

    Ref: IINA

  • ယခုနှစ်တွင် အာဆင်နယ် ဖလားမရပါက ကပ်ဆိုက်မှုဖြစ်မည်ဟု လက်စတာနည်းပြော

    ယခုနှစ်တွင် အာဆင်နယ် ဖလားမရပါက ကပ်ဆိုက်မှုဖြစ်မည်ဟု လက်စတာနည်းပြော

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
    M-Media

    leis 3

    – ယခုနှစ်တွင် အာဆင်နယ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်ဖလား မရရှိပါက ကပ်ဆိုက်မှု ဖြစ်လိမ့်မည်ဟု လက်စတာနည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။

    ယခုနှစ်တွင် ခြေစွမ်းကောင်းများပြသကာ ထိပ်ဆုံးနေရာကို ရယူထားသည့် လက်စတာနှင့် တတိယနေရာမှ အာဆင်နယ်မှာ ယခုတစ်ပတ် ပရီးမီးယားလိဂ်တွင် ထိပ်တိုက်တွေ့ဆုံမည်ဖြစ်သည်။ ရာနီယေးရီကမူ အာဆင်နယ်၏ အားနည်းချက်ကို ထိုးနှက်ခဲ့သည်။

    “ဒီပွဲက သူ့အတွက် အဓိကပွဲ ဖြစ်မှာဖြစ်ပြီး ကျွန်တော်တို့အတွက်တော့ မဟုတ်ပါဘူး။ အာဆင်နယ်မှာ ဖိအားရှိနေပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့အသင်းဟာ နှစ်စဉ် ငွေကြေးအမြောက်အများ သုံးစွဲထားပြီး ဖလားမရရင်တော့ ကပ်ဆိုက်မှုပဲဖြစ်မှာပါ။ လူတွေက အစတုန်းကတော့ “အေးလေ – လက်စတာဟာ သိပ်မကြာခင်မှာ အောက်ရောက်သွားမှာပါကွာ” လို့ ပြောကြပါတယ်။ အခုသော အချို့က လက်စတာဟာ ပရီးမီးယားလိဂ်ရနိုင်တယ်လို့ ထည့်တွက်လာကြပါပြီ။ ကျွန်တော်တို့အလုပ်က ပြီးသွားပြီဗျ။ ဒီထက်ပိုရရင်တော့ ပိုကောင်းတာပေါ့လေ” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။

    Ref: Goal