News @ M-Media

Author: Ko Lay

  • နည်းပြသစ်အနေဖြင့် လူငယ်များကို ယုံကြည်ရမည်ဟု မန်ယူနည်းပြပြော

    နည်းပြသစ်အနေဖြင့် လူငယ်များကို ယုံကြည်ရမည်ဟု မန်ယူနည်းပြပြော

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၆
    M-Media

    van gal

    – မန်ယူအသင်းသို့ နောက်ထပ်ရောက်ရှိလာမည့် နည်းပြသစ်အနေဖြင့် လူငယ်ကစားသမားများအပေါ် ယုံကြည်မှု ရှိရမည်ဖြစ်ပြီး သို့မဟုတ်ပါက အလွန်ခက်ခဲသည့်အခြေအနေကို ရင်ဆိုင်ရမည်ဟု နည်းပြဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ဗန်ဂါးလ်မှာ ယခုရာသီတွင် လူငယ်ကစားသမားများကို ယုံယုံကြည်ကြည် သုံးစွဲခဲ့ပြီး ၎င်းတို့အထဲတွင် ကင်မရွန်း ဘော့သ်ဝစ်-ဂျက်ဆန်နှင့် ဂျက်ဆီ လင်ဂါ့တ်တို့မှာ ထင်ရှားသည့် လူငယ်ကစားသမားများဖြစ်သည်။ ဗန်ဂါးလ်၏ မန်ယူနှင့်စာချုပ်မှာ ၂၀၁၇ ခုနှစ်မှ ကုန်ဆုံးမည်ဖြစ်သော်လည်း ချယ်ဆီးမှ ထုတ်ပယ်ခံလိုက်ရသည့် မော်ရင်ဟိုမှာ ၎င်း၏နေရာတွင် ရာသီကုန်၌ အစားဝင်မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။

    ဗန်ဂါးလ်ကလည်း ၎င်းနေရာကို ဆက်ခံမည့်သူအနေဖြင့် လူငယ်များကို နေရာပေးရန်လိုသည်ဟု ဆိုသည်။

    “နောက်ရောက်လာမယ့် နည်းပြအနေနဲ့ လူငယ်ကစားသမားတွေအပေါ်မှာ ယုံကြည်မှုရှိကြောင်း ပြသရပါမယ်။ တကယ်လို့များ ကျွန်တော်အနားယူသွားပြီးတဲ့နောက် ယူနိုက်တက်က နည်းပြတစ်ယောက် ခန့်အပ်ပြီး အဲဒီနည်းပြက လူငယ်ကစားသမားတွေရဲ့ သက်ရောက်မှုအပေါ်မှာ သံသယရှိမယ်ဆိုရင် တော်တော်လေး ခက်ခဲမှာပါ။ ပြီးတော့ မန်နေဂျာအသစ်ရဲ့ အချက်အလက်တွေကို မန်ယူဘုတ်အဖွဲ့က ကြည့်ရှုဖို့လည်း တော်တော်လေး အရေးကြီးပါတယ်” ဟု ဗန်ဂါးလ်က The Independent သို့ ပြောကြားခဲ့သည်။

    မန်ယူနှင့် မော်ရင်ဟိုတို့အကြား သဘောတူညီချက်ရခဲ့ပြီဟူသော သတင်းများနှင့်ပတ်သက်၍ “အသင်းနဲ့ စကားပြောပြီးပြီလို့ ကျွန်တော့်ကို အသိမပေးသေးပါဘူး။ ဒါပေမယ့် သူ (မော်ရင်ဟိုက) က ကျွန်တော့်သူငယ်ချင်းပါ။ ဒါ့ကြောင့် ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ မန်ယူက မော်ရင်ဟိုနဲ့ စကားပြောပြီးပြီလားဆိုတာကို ကျွန်တော် မသိပါဘူး” ဟု တုန့်ပြန်ပြောကြားခဲ့သည်။

    Ref: Goal

  • ဖက်ရှင်နှင့် စတိုင် – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၉)

    ဖက်ရှင်နှင့် စတိုင် – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၉)

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    fashion 2

    – ဖက်ရှင်ဆိုတာ ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်တတ်တဲ့ အရာမျိုးတွေပါ။ ဒါပေမယ့် မျက်စိကျစရာ ဖက်ရှင်ကောင်းကောင်းတစ်ခုဟာ ဘယ်တော့မှ ပျောက်ကွယ်သွားတတ်တဲ့အရာမျိုး မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီနေ့ခေတ် ဥရောပက ဖက်ရှင်ဒီဇိုင်းနဲ့ အယူအဆတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ အရင် စပိန်နိုင်ငံက အစ္စလာမ်ကမ္ဘာရဲ့အစိတ်အပိုင်း ဖြစ်ခဲ့တဲ့အချိန် မွတ်စလင်တွေဆီက ရောက်ရှိလာခဲ့တဲ့ ဒီဇိုင်းနဲ့ အယူအဆတွေလို့ဆိုရင် အံ့သြကြမှာ မဟုတ်ဘူးထင်ပါတယ်။

    ၉ ရာစုက စပိန်နိုင်ငံ ကော်ဒိုဘာမှာ ထင်ရှားကျော်ကြားတဲ့ မွတ်စလင် ဂီတနဲ့ လောက၀တ်ပညာရှင် ဇီရ်ယဘ် (Ziryab) ဟာ ဖက်ရှင်နဲ့ ဒီဇိုင်း ပါရမီရှင်တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

    “သူ(ဇီရ်ယဘ်)ဟာ ဖက်ရှင်ပညာရပ်အားလုံးကို ဆောင်ကျဉ်းလာသူပါ။ အဲဒီခေတ်အခါက ဘဂ္ဂတ်ဒတ်မြို့ဟာ ဒီနေ့ခေတ် ပဲရစ်နဲ့ နယူးယောက်တို့လို ဖက်ရှင်မြို့တော်ကြီး ဖြစ်ပါတယ်။ ဘဂ္ဂဒတ်ကနေ ကော်ဒိုဘာအထိ စိတ်ကူးစိတ်သန်းမျိုးစုံကို တွေ့ရတယ်။ သူဟာ သွားတိုက်ဆေး၊ ရေမွှေးနဲ့ ဆံပင်အတိုစတိုင် စတာတွေကို ဆောင်ကျဉ်းလာခဲ့တာဖြစ်ပြီး ကော်ဒိုဘာမှာ ထွန်းကားခဲ့တဲ့ လမ်းမီးစန်၊ ရေဆိုးစွန့်ပစ်မှုစနစ်နဲ့ ရေပေးဝေမှု စနစ်တွေကလည်း သူ့ရဲ့ အားထုတ်မှုကြောင့် ဖြစ်ပါတယ်” လို့ BBC ရဲ့ An Islamic History of Europe (ဥရောပ၏ အစ္စလာမ့်သမိုင်းကြောင်း) ဆိုတဲ့အစီအစဉ်မှာ ဇီရ်ယဘ်နဲ့ပတ်သက်လို့ စာရေးဆရာ ဂျေဆန် ၀ဘ်စတာ (Jason Webster) က ပြောကြားခဲ့ပါတယ်။

    အီရတ်နိုင်ငံက ဘဂ္ဂဒတ်မြို့ဟာ တစ်ချိန်က အစ္စလာမ်ကမ္ဘာရဲ့ ယဉ်ကျေးမှုနဲ့ အသိပညာ အချက်အချာနေရာကြီး ဖြစ်ခဲ့ပြီး ဇီရ်ယဘ်ဟာ အဲဒီကနေတစ်ဆင့် စားပွဲတင်အသုံးအဆောင်၊ အင်္ကျီချုပ်လုပ်မှုအတတ်ပညာနဲ့ ဖက်ရှင် စတာတွေအပါအ၀င် စစ်တုရင်ကစားနည်းနဲ့ ပိုလိုကစားနည်းတွေကိုပါ ဥရောပကို သယ်ဆောင်လာပေးခဲ့တာ ဖြစ်ပါတယ်။ ဗဟုသုတနှံ့စပ်မှု၊ အာဝဇ္ဇန်းကောင်းမှုနဲ့ ကျော့မော့လှပမှုကြောင့်လည်း ဇီရ်ယဘ်က နာမည်ကျော်ပါတယ်။ သူ့ရဲ့ သန့်ရှင်းသပ်ရပ်ပြီး၊ ပူပန်စရာမရှိတဲ့ ဘ၀အခြေအနေနဲ့အတူ ဘုရင့်နန်းတော်ကို ဇီရ်ယဘ်တစ်ယောက် စိတ်ကြိုက်ဆင်ယင်ချယ်သပြီး၊ သာမန် ကော်ဒိုဘာ ပြည်သူလူထုကတော့ သူ့ရဲ့ ဆံပင်အတိုပုံစံကို အတုခိုးခဲ့ကြကာ စပိန်ကို သူသယ်ဆောင်လာတဲ့ သားရေအသုံးပြု ပရိဘောဂပစ္စည်းတွေကလည်း လူကြိုက်များခဲ့ပါတယ်။

    နှစ်ပေါင်း ၁၂၀၀ ကျော် ကြာတဲ့အခါ ပြင်သစ်သမိုင်းပညာရှင်တစ်ဦးဖြစ်တဲ့ ဟင်နရီ တာရက်ဆီ (Henri Terrasse) က ဇီရ်ယဘ်နဲ့ပတ်သက်ပြီး ဒီလို ဖွင့်ဟခဲ့ပါတယ်။

    dBJ76RBFH9EL94W3NYVhP1TR
    ‘ဆူလ်တန် အဟ်မဒ် အလ်ဘမ်’ ဟု အမည်ရပြီး ကလန်ဒါပါရှာ (Kalandar Pasha) ရေးသားခဲ့သည့် ၁၇ ရာစု အစောပိုင်း ဖက်ရှင်စာအုပ်မှ ထိုခေတ်ထိုအခါ၏ ဖက်ရှင်ဒီဇိုင်များ

    “နွေရာသီဖက်ရှင်၊ ဆောင်းရာသီဖက်ရှင် စတဲ့ ရာသီအလိုက်ဖက်ရှင်တွေကို သူက စပြီး မိတ်ဆက်ပေးခဲ့တာပါ။ ဒီဖက်ရှင်တွေကို ဘယ်အချိန်တွေမှာ ၀တ်ဆင်ရမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း သူက အချိန်ကာလတွေကို သတ်မှတ်ပေးခဲ့ပါတယ်။ အရှေ့တိုင်းက အထက်တန်းစား ဖက်ရှင်တွေကိုလည်း ဇီရ်ယဘ်ကပဲ စပိန်မှာ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ သူလွှမ်းမိုးခဲ့တဲ့ ဖက်ရှင်လုပ်ငန်းမှာတော့ ရောင်စုံအစင်းကြောင်းပါတဲ့ ပိတ်စတွေ၊ ကုတ်အင်္ကျီတွေကို ထုတ်လုပ်နိုင်ခဲ့ပြီး အဲဒီဖက်ရှင်တွေကို မော်ရိုကိုနိုင်ငံမှာ ဒီနေ့အချိန်အထိ တွေ့မြင်နိုင်ပါတယ်။

    ဇီရ်ယဘ်ရဲ့အောင်မြင်မှုတွေဟာ နောက်ပိုင်းမျိုးဆက်တွေအထိ လေးစားအားကျမှုကို ခံခဲ့ရပြီး ဒီနေ့အချိန်အထိပဲ ဖြစ်ပါတယ်။ မွတ်စလင်ကမ္ဘာမှာ ဇီရ်ယဘ်ကို ဂုဏ်ပြုမှည့်ခေါ်ထားတဲ့ လမ်း၊ ဟိုတယ်၊ ကလပ် ဒါမှမဟုတ် ကော်ဖီဆိုင် စသဖြင့် တစ်ခုခုမရှိတဲ့ တိုင်းပြည်ဆိုတာ မရှိပါဘူး။ အနောက်နိုင်ငံမှာလည်း စာပေပညာရှင်တွေနဲ့ ဂီတပညာရှင်တွေဟာ အခုအချိန်အထိ သူ့ကို ချီးကျူးဂုဏ်ပြုနေကြတုန်းပါပဲ။

    မွတ်စလင်တွေ အထူးသဖြင့် အန်ဒါလူစီယာ (စပိန်မှဒေသတစ်ခု) က မွတ်စလင်တွေဟာ ကာလဒေသကိုလိုက်ပြီး အင်မတန်ဆန်းပြားကာ ခေတ်ရှေ့ပြေးတဲ့ လူနေမှုပုံစံတွေကို ဖန်တီးဖော်ဆောင်ပေးသူတွေ ဖြစ်ပါတယ်။ ရာသီနဲ့လိုက်ဖက်တဲ့ အစားအသောက်၊ အ၀တ်အစား၊ အသုံးအဆောင်ပစ္စည်းတွေကို စားသုံး၊ ၀တ်ဆင် အသုံးပြုတာဟာ သက်တောင့်သက်တာဖြစ်မှုနဲ့ သာယာချမ်းမြေ့မှုတွေ ရရှိဖို့မှာ အရေးပါတဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။ အန်ဒါလူစီယာက မွတ်စလင်တွေဟာ ဆောင်းရာသီဝတ်စုံလို့ခေါ်တဲ့ ၀တ်စုံတွေကို အဓိကအားဖြင့် သိုးမွှေးတွေ၊ ချည်ထည်တွေနဲ့ ပြုလုပ်ပြီး အခြေခံအရောင်ကတော့ အနက်ရောင်ဖြစ်ပါတယ်။ နွေရာသီဝတ်စုံတွေကိုတော့ ပိုး၊ ဂုန်လျှော်တို့လို ပေါ့ပါးတဲ့အရာတွေနဲ့ ပြုလုပ်တာဖြစ်ကာ ဒေသထွက် ဆိုးဆေးတွေနဲ့ အဲဒီအ၀တ်အထည်တွေကို ချယ်သကြပါတယ်။

    ဖက်ရှင်ကဏ္ဍမှာတင်မကဘဲ အန်ဒါလူစီယာက မွတ်စလင်တွေဟာ ရောမတွေ စတင်ခဲ့ပြီး ၀က်သစ်ချပင်ကို အခြေခံတဲ့ လုပ်ငန်းတွေ တော်တော်များများကိုလည်း အမွေဆက်ခံခဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းတွေထဲမှာ သားရေနဲ့လုပ်ကာ စွပ်ပြီးစီးရတဲ့ ဖိနပ်ထုတ်လုပ်မှုလည်း ပါဝင်ပါတယ်။ သူတို့ဟာ အဲဒီ ဖိနပ်ထုတ်လုပ်မှုနည်းလမ်းကို ပိုမိုတိုးတက်အောင်နဲ့ နည်းလမ်းအသစ်တွေ ရရှိအောင်လည်း ကြိုးပမ်းခဲ့ကြပါတယ်။ ဒါ့ကြောင့်ပဲ အန်ဒါလူစီယာက ထွက်ရှိတဲ့ သားရေဖိနပ်တွေဟာ အဲဒီခေတ်အခါက စပိန်နိုင်ငံတစ်ဝှမ်းမှာ တော်တော်လေး လူကြိုက်များခဲ့ကာ တိုင်းပြည်ရဲ့ အဓိကပို့ကုန်လည်း ဖြစ်ခဲ့ပါတယ်။ အဲဒီ သားရေဖိနပ် တစ်ရံတည်းကို ကွာ့က် (Qurq) လို့ခေါ်ပြီး ဖိနပ်အများအပြားကိုတော့ အက်ရက် (Aqraq) လို့ ခေါ်ပါတယ်။ ဒီအသုံးအနှုန်းက နောက်ပိုင်းမှာ ကက်စ်တီလီယံ (Castilian) ကို ရောက်သွားခဲ့ပြီး အလ်ကော်ကွီ (Alcorque) လို့ အမည်တွင်ခဲ့ပါတယ်။ ဖိနပ်ထုတ်လုပ်တဲ့သူကိုတော့ ကွာရက် (Qarraq) လို့ ခေါ်ပါတယ်။

    အဲဒီလို ဖိနပ်ထုတ်လုပ်မှု ကျွမ်းကျင်သူတွေထဲမှာ အဘ်ဒူလာ (Abdullah) လို့ခေါ်တဲ့ ကြိုးသိုင်းဖိနပ် ထုတ်လုပ်သူ ဆူဖီသူတော်စင်တစ်ပါး ရှိပြီး ဆီးဗီးလ် (Seville) မှာနေထိုင်တဲ့ သူ့ကို အစ်ဗနေ့ အာရာဘီ (Ibn Arabi) လို့ခေါ်တဲ့ မွတ်စလင်ပညာရှင်ကြီးက ရည်ညွှန်းဖော်ပြခဲ့ပါတယ်။ ဒေသတွင်း အဓိကထွက်ကုန်တစ်ခုဖြစ်တဲ့ ဒီသားရေဖိနပ် ထုတ်လုပ်သူတွေ နေထိုင်တဲ့နေရာကို ကွာရာကွင် (Qarraqin) လို့ခေါ်ဆိုပြီး အဲဒီအမည်နဲ့ ဒေသကို ဂရာနာဒါ (Granada) မြို့မှာ ယခုတိုင် တွေ့မြင်နိုင်ကာ ကာရာကွင် (Caraquin) လို့ အမည်တွင်နေပါတယ်။

    အလယ်ခေတ် မွတ်စလင်စာရေးဆရာတွေဖြစ်တဲ့ အလ်-ဆာကွာတီ (Al-Saqati) နဲ့ အစ်ဗနေ့ အဘ်ဒန် (Ibn Abdun) တို့ကလည်း အဲဒီသားရေဖိနပ် ထုတ်လုပ်မှု အသေးစိတ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ သူတို့ရဲ့ ရေးသားမှုတွေထဲမှာ ဖိနပ်တွေ တာရှည်ခံစေမယ့် နည်းလမ်းတွေ၊ ပုံစံတွေ ပါဝင်ခဲ့ပါတယ်။ တစ်ချို့ ဖိနပ်ထုတ်လုပ်သူတွေဟာ ဖိနပ်ခုံမြင့်အောင်လို့ တီထွင်ဖန်တီးကြတာတွေလည်း ရှိခဲ့ပါတယ်။ နောက်ပိုင်း ခရစ်ယာန်တွေ အန်ဒါလူစီယာကို အောင်နိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ မွတ်စလင် ဒီဇိုင်နာတွေ တီထွင်ခဲ့တဲ့ အဲဒီဖိနပ်တွေကို ပိုမိုဆန်းသစ်တဲ့ စတိုင်တွေ၊ နည်းလမ်းတွေနဲ့ ပြုပြင် မွမ်းမံခဲ့ကြပါတယ်။

    ဒါ့ကြောင့် သင်ဟာ နောက်တစ်ခါ ဖန်စီဒီဇိုင်းဆိုင်တွေကို သွားရောက်ပြီး နောက်ဆုံးပေါ် ဖက်ရှင်တွေအတွက်  ဈေးဝယ်ထွက်မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ထောင်ချီအရင်က ရှိခဲ့တဲ့ ဒေါက်မြင့်ဖိနပ်တွေကို သတိရပါ။ နွေရာသီ ဖက်ရှင်ပေါ့ပေါ့ပါးပါးလေး ၀တ်မယ်ဆိုရင်လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ အရင်က ပေါ်ထွက်ခဲ့တဲ့ ဖက်ရှင်ဂုရု ဇီရ်ယဘ်ကို သတိရပါ။ သူ့ကြောင့်ပဲ ဒီဖက်ရှင် အိုက်ဒီယာဆန်းဆန်းတွေဟာ စပိန်၊ စစ္စလီ၊ အရှေ့အလယ်ပိုင်းကနေ ဥရောပကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

    အပိုင်း(၁)-  ကော်ဖီ – ဖတ်ရန်

    အပိုင်း(၂) – အစားအသောက်ဓလေ့နှင့် ဖန်ထည်များ ဖတ်ရန်

    အပိုင်း(၃)- နာရီတို့၏ အစဖတ်ရန်

    အပိုင်း(၄) – ခေတ်ပေါ်စစ်တုရင်ကစားနည်းဖတ်ရန်

    အပိုင်း(၅) – ဂီတ၏ အရင်းမူလ – ဖတ်ရန် 

    အပိုင်း (၆) – တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် အလှအပ – ဖတ်ရန် 
    အပိုင်း (၇) – ဉာဏ်လှည့်စားကိရိယာများဖတ်ရန်

    အပိုင်း (၈) – အလင်းပညာရပ်နှင့် ကင်မရာ – ဖတ်ရန်

  • မြန်မာ့သစ်ဆွဲဆင်များ၏ ရင်လေးဖွယ် အနာဂတ်

    မြန်မာ့သစ်ဆွဲဆင်များ၏ ရင်လေးဖွယ် အနာဂတ်

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆

    M-Media
    elephant
    အလုပ်လက်မဲ့ဖြစ်နေသော မြန်မာသစ်ဆွဲဆင်များ

    – ပူလောင်အိုက်စပ်လှသည့် တောတောင်များရှိ မတ်စောက်တောင်ကုန်းများတွင် ဧရာမသစ်ပင်တို့အား စုန်ချည်ဆန်ချည် ဆွဲယူသယ်ပို့ရသောအလုပ်မှာ ကြမ်းတမ်းလွန်း၏။ သို့သော် မြန်မာနိုင်ငံမှ သစ်ဆွဲဆင်ပိုင်ရှင်များက အလုပ်မရှိတော့သဖြင့် တစ်စုံတစ်ရာမှားယွင်းနေပြီဟု ဆိုနေကြပေသည်။

    တောတောင်ဧရိယာကျုံ့လာခြင်း၊ သစ်ကုန်ကြမ်းများ ပြည်ပတင်ပို့ခြင်းကို တားမြစ်သည့်ဥပဒေ အသက်ဝင်မှု သုံးနှစ်ရှိလာခြင်းက မြန်မာနိုင်ငံအပေါ် အလုပ်လက်မဲ့ဆင်ပြဿနာတစ်ရပ် ထပ်မံပေါ်ပေါက်လာစေသည်။ ရာနှင့်ချီသောဆင်များမှာ လုပ်ငန်းခွင်ပြင်ပရောက်ကုန်ပြီး အများစုမှာ ကိုင်တွယ်ထိန်းကျောင်းရ ခက်ခဲလာသည်။

    “သူတို့ဟာ ဒေါသထွက်လွယ်လာကြတယ်။ အလုပ်မရှိတဲ့အတွက် (အဆီဝင်ပြီး) ၀ဖြိုးလာကြတယ်။ ဆင်ထီးအားလုံးကလည်း အချိန်တိုင်း မိတ်လိုက်ချင်စိတ် ပြင်းပြကုန်ပြီ” ဟု အသက် ၆၄ နှစ်အရွယ် သစ်ဆွဲဆင် ၈ ကောင်ပိုင်ရှင် ဦးချစ်စိန်က ဆိုသည်။ မြန်မာနိုင်ငံသည် ဆင်သတ္တ၀ါများနှင့်ပတ်သက်၍ အစွဲကြီးသည်။ ကမ္ဘာပေါ်တွင် ခိုင်းဆင် ပမာဏအများဆုံး တိုင်းပြည်လည်း ဖြစ်သည်။ ခေတ်မီစက်ကိရိယာများဖြင့်ပင် မထိုးဖောက်နိုင်သေးသော တောနက်များမှ အဖိုးတန်ကျွန်းသစ်နှင့် အခြားသစ်ကုန်ကြမ်းများ ထုတ်လုပ်ရေးကဏ္ဍ၌ နှစ်ရာပေါင်းများစွာကတည်းကပင် ၎င်းတို့ကို အသုံးပြုနေခဲ့ကြသည်။

    ယခုသော်ကား အရေပြားထူထည်းအားကောင်းသည့် ယဉ်ပါးဆင် ၅၅၀၀ ၏ အနာဂတ်ကို ကြီးကြပ်ကိုင်တွယ်ပေးမည့် အစိုးရအာဏာပိုင်များရှိဖို့ အထူးလိုအပ်လာပါသည်။

    လွန်ခဲ့သော ၂ နှစ်ကပင် အလုပ်လက်မဲ့ဖြစ်နေရသည့် သစ်ဆွဲဆင် ၆ ကောင် ပိုင်ဆိုင်သူ ဦးစောသာပြည့်က “အလုပ်မရှိတော့ ထိန်းကျောင်းကိုင်တွယ်ဖို့ တကယ်ခက်ခဲလာတယ်။ သစ်ပင်တွေ မရှိတော့လို့ သစ်ဆွဲလုပ်ငန်းလည်း မရှိတော့ဘူး” ဟူ၍ ပြောပြသည်။

    ယခုအချိန်တွင် အလုပ်လက်မဲ့ဆင်အကောင်ရေ ၂၅၀၀ ခန့်ရှိနေကြောင်း၊ ၎င်းတို့အနက်အများစုမှာ ထိုင်းနယ်စပ်နှင့် အချိန်နှစ်နာရီခွဲခရီးကွာဝေးသည့် မြန်မာနိုင်ငံအရှေ့ပိုင်း တောတောင်များထဲ၌ ရှိနေကြောင်း၊ ၎င်းပမာဏမှာ အလုပ်လက်မဲ့မြန်မာလူထု ၄ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်းအထိ ဖြစ်နေကြောင်း မြန်မာ့ဆင်အရေးကျွမ်းကျင်သူ ဒေါ်ခိုင်ဦးမာက သုံးသပ်တင်ပြထားသည်။

    “ဒီဆင်တွေအများစုဟာ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိကြတော့ဘူး။ သူတို့ကို ထိန်းသိမ်းတဲ့စားရိတ်ကြီးမားလွန်းတဲ့အတွက် ပိုင်ရှင်တွေအဖို့ တကယ့်ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေပါတယ်”။

    အရွယ်ရောက်ပြီးသောဆင်တိုင်းမှာ ခန္ဓာကိုယ်အလေးချိန်ပေါင် တစ်သောင်းဝန်းကျင် ရှိပြီး၊ နေ့စဉ် အစားအစာအလေးချိန် ပေါင် ၄၀၀ ခန့် စားသုံးကြသည်။ ဆပ်ကပ်များ၊ သစ်ဆွဲခြင်းများမှအပ ၎င်းတို့အတွက် အလုပ်အကိုင်အခွင့်အလမ်း များများစားစား မရှိကြ။

    သစ်ဆွဲခြင်းသည် ပင်ပန်းကြီးစွာ အားစိုက်ရသောအလုပ်ဖြစ်သည်။ သို့သော်လည်း မြန်မာ့ဆင်များအဖို့ ကြမ်းတမ်းသောအလုပ်က ၎င်းတို့အား ကျန်းမာသန်စွမ်းစေသော အကြောင်းခံဖြစ်နေပြန်သည်။ စည်းကမ်းတကျ ထိန်းကျောင်းပြီး လုပ်ငန်းခွင်ဝင်စေသော မြန်မာ့ဆင်များသည် ပျမ်းမျှသက်တမ်း ၄၂ နှစ်ရှိကြ၍၊ အနောက်တိုင်းတိရစ္ဆာန်ဥယျာဉ်များရှိ ဆင်တို့ထက် နှစ်ဆ၊ အခြားတိရစ္ဆာန်ဥယျာဉ်ရှိ သတ္တ၀ါများထက် ၁၉ နှစ် သက်တမ်းရှည်သည်ကိုတွေ့ကြောင်း ၂၀၀၈ ခုနှစ်လေ့လာချက်တစ်ရပ်က ဖော်ပြထားသည်။ အချို့သစ်ဆွဲဆင်တို့၏သက်တမ်းမှာ ထိုထက်ပင် ရှည်လျားကြ၏။

    “သစ်ဆွဲဆင်များဟာ ပုံမှန်အားဖြင့် နှစ် ၅၀ ကနေ နှစ် ၆၀ ကျော်အထိ အသက်ရှည်တယ်ဆိုတာ ခင်ဗျားတို့ သိရှိကြပါသလား။ အဲ့ဒါက အစာရေစာနဲ့ ကောင်းမွန်စွာထိန်းကျောင်းမှုကြောင့် ဖြစ်ပါတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် ဆင်ရေးရာကျွမ်းကျင်ပညာရှင် Joshua Plotnik က ရှင်းပြသည်။

    ဆင်များသည် လုပ်ငန်းခွင်အတွင်း ကျစ်လစ်သည့်စရိုက်လက္ခဏာရှိပြီး အလုပ်မရှိပါက အကျင့်ပျက်လေ့ရှိကြောင်း ကျွမ်းကျင်သူများထံမှ သိရသည်။ ထိုင်းနိုင်ငံရှိ ဆင်များထိန်းသိမ်းစောင့်ရှောက်ရေးစင်တာ Golden Traingle Asian Elephant Foundation ၏ ဒါရိုက်တာ John Edward Roberts က ဤသို့ဆိုသည်။
    “ကျွန်တော်ကတော့ (ဆင်တွေကို လူတွေအတိုင်း) ပုံသွင်းတာမျိုး မလိုလားဘူးဗျ။ ဒါပေမယ့် တကယ်လို့ သူတို့ဘ၀ထဲကနေ အဲ့ဒီအပိုင်းကို ဖယ်ထုတ်လိုက်ရင်လည်း ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာအရ ဒီအတိုင်းလွှတ်ထားဖို့ ခက်ခဲရပြန်တယ်”။

    မြန်မာလူထုအများစုအဖို့ သာလွန်ကောင်းမွန်သောအခွင့်အလမ်းများ ရှိနေကြသည်။ နှစ်ပေါင်းများစွာ ကြမ်းကြုတ်သောအာဏာရှင်အုပ်ချုပ်ရေးအလွန်တွင် စီးပွားရေးက ရုတ်ခြည်းခေါင်းထောင်လာပြီး ထူးသစ်သောလွတ်လပ်မှုများ ခံစားကြရသည်။ သို့ရာတွင် ဒီမိုကရေစီရောင်နီဦးက ဆင်များအဖို့ ပြောင်းပြန်အကျိုး ဖြစ်ထွန်းသွားစေသည်ဟု ဆိုရပေမည်။ မြန်မာလူထုတို့မှာ အာဏာရှင်အုပ်ချုပ်ရေးဒဏ်ခံရသည့် ဆယ်စုနှစ်များအတွင်း ဆင်များမှာမူ ထိုမျှလောက် ဘ၀မကြမ်းတမ်းခဲ့ချေ။

    စစ်အစိုးရက ဗြိတိသျှကိုလိုနီတို့ရေးဆွဲထားခဲ့သော စည်းမျဉ်းများအတိုင်း တင်းကြပ်စွာလိုက်နာ၍ ဆင်များကို တစ်ပတ်လျှင် ငါးရက်၊ တစ်ရက်လျှင် ၈ နာရီ အလုပ်လုပ်စေပြီး ၅၅ နှစ်အရွယ်တွင် အနားပေးစေခဲ့သည်။ သားဖွားခြင်း၊ နွေရာသီအားလပ်ရက်နှင့် ဆေးဝါးကုသစောင့်ရှောက်မှုများကို ခံယူစေသည်။ ယနေ့တိုင် အစိုးရလက်အောက်ရှိ ဆင်များအတွက် သားဖွားစခန်းများနှင့် အနားပေး ဘေးမဲ့ဆင်များ ရှိနေကြသေးသည်။ စစ်အာဏာရှင်များလက်အောက်တွင် လူမှုဖူလုံရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများ ပျက်ကွက်သော်လည်း လုပ်ငန်းခွင်သုံးဆင်များဆိုင်ရာ ဥပဒေကိုမူ ကရုတစိုက် ကျင့်သုံးခဲ့ကြသည်။ ဆင်များသည် လွန်ကဲစွာ အလုပ်ပန်းလျှင် အထူးအန္တရာယ်ကြီးမားတတ်ခြင်းကလည်း အကြောင်းတစ်ရပ်ဖြစ်ကြောင်း ကိုင်တွယ်သူများက ဆိုကြသည်။

    သစ်ဆွဲဆင်တိုင်း၌ ဆေးဝါးကုသမှုနှင့် လုပ်ငန်းခွင်ဆိုင်ရာ မှတ်တမ်းစာအုပ်ကိုယ်စီ ရှိကြ၏။ ၎င်းတို့ကို မြန်မာ့သစ်လုပ်ငန်း MTE မှ ကြီးကြပ်ကိုင်တွယ်ထားသည်။

    “ကျွန်မတွေ့ဖူးတဲ့ အခြားနိုင်ငံက ဆင်တွေထက်စာရင် MTE ရဲ့ဆင်တွေက ပိုပြီးကျန်းမာသန်စွမ်းလှပါတယ်။ အစာအာဟာရပြည့်ဝတယ်။ ကြွက်သားအားကောင်းတဲ့ ခန္ဓာအချိုးအစား ပိုင်ဆိုင်ကြတယ်။ ကောင်းမွန်တဲ့ ကိုယ်လက်လှုပ်ရှားမှု ရရှိကြတယ်” ဟု အမေရိကန်အခြေစိုက် lephant Care International ပရဟိတလုပ်ငန်း၏ တိရစ္ဆာန်ဆေးကုသရေးနှင့်သုတေသနဒါရိုက်တာ ဒေါက်တာ Susan Mikota က ဆိုသည်။

    တိရစ္ဆာန်ရုံများရှိဆင်တို့ သက်တမ်းပြည့်မနေရခြင်း၏ အဓိကအကြောင်းတစ်ခုမှာ အ၀လွန်ဆူဖြိုးခြင်းမှု ဖြစ်ကြောင်း ၂၀၀၈ ရေးရာစာအုပ်တွဲဖက်ရေးသားသူ Georgia Mason က သုံးသပ်ထားသည်။ နောက်ပိုင်းလေ့လာချက်တစ်ခုအရ တိရစ္ဆာန်ရုံထဲမွေးဖွားလာသော ဆင်ပေါက်များသည် သစ်ဆွဲစခန်းအတွင်းမွေးဖွားသည့်ဆင်များထက် ၁၅ ရာခိုင်နှုန်း ကိုယ်အလေးချိန်ပိုများကြောင်း သူမက ဆိုသည်။

    elephant 2
    သစ်တောစခန်းသို့ ဆင်စီးပြန်လာသူတစ်ဦး

    သစ်တောပြုန်းတီးမှု၊ သစ်ဆွဲလုပ်ငန်းနယ်ပယ်ကျဉ်းမြောင်းလာမှုကြောင့် အလုပ်လက်မဲ့ဆင်များ တိုးပွားလာခြင်းအပေါ် ဆင်တစ်ချို့ကို တောအတွင်းသို့ ဘေးမဲ့လွှတ်ခြင်းဖြင့် အစိုးရက နည်းလမ်းရှာကြည့်နေကြသည်။

    အမေရိကန်အခြေစိုက် တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Wildlife Conservation Society မှ ဆင်များရေးရာစီမံသူ Simon Hedges က အဆိုပါလုပ်ရပ်ကို “နှိုးဆွလိုက်သည့် လမ်းဖော်ချက်” ဟု ရှုမြင်သည်။ သို့သော် သူနှင့်အတူ အခြားကျွမ်းကျင်သူများက ယဉ်ပါးဆင်များမှတဆင့် တောနေလူထုသို့ ရောဂါကူးစက်နိုင်ခြင်း၊ အစာရေစာအတွက် ရွာများသို့ ၀င်ရောက်သောင်းကျန်းလာနိုင်ခြင်းနှင့်ပတ်သက်၍ စိုးရိမ်စွာသတိပေးခဲ့သည်။

    ယမန်နှစ်က မြန်မာနိုင်ငံတွင် မြန်မာအစိုးရမှ လက်ခံကျင်းပခဲ့သော ဆင်များ၏အနာဂတ်ရေးရာဆွေးနွေးပွဲတက်ရောက်ခဲ့သူ မစ္စတာ Hedges က “တစ်ယူသန်အဖွဲ့အစည်းတစ်ချို့က အဲ့ဒီသုံ့ပန်းဆင်အားလုံးကို တောနက်ထဲ ဘေးမဲ့လွှတ်လိုက်တာအကောင်းဆုံးလို့ ယုံကြည်နေကြတယ်။ ဒါက ပြောသလောက် မလွယ်ပါဘူး။ ဆင်တွေဟာ အကောင်ကြီးပြီး၊ အန္တရာယ်များတယ်။ လူတွေကိုလည်း ကြောက်လန့်စေတယ်။ လယ်ခင်းယာခင်းတွေကနေ သူတို့ကို မောင်းထုတ်ရခက်တယ်” ဟူ၍ ပြောပြခဲ့သည်။

    ဆင်ပိုင်ရှင်များသည် ဆင်တို့ကို တောနက်သို့ အစာရှာစားရန် ပုံမှန်လွှတ်ပေးတတ်သည်။ မကြာခဏဆိုသလိုပင် ကောက်ပဲသီးနှံများကို ၀ါးမြိုစားသောက်ကြသဖြင့် ရွာသူရွာသားများကို နစ်နာကြေးပေးနေရ၏။ “ဆင်တွေအတွက် တောထဲမှာ နေရာမကျန်သလောက် ဖြစ်နေပြီ” ဟု ဆင်ပိုင်ရှင် ဦးချစ်စိန်က ပြောပြသည်။

    ကုလသမဂ္ဂ FAO ၏ အဆိုအရ မြန်မာသစ်တောဧရိယာမှာ ၁၉၉၀ ခုနှစ်ကတည်းကစပြီး ၄၂ ရာခိုင်နှုန်းအထိ လျော့နည်းလာသည်။ အဖြေရှာနေရင်းနှင့် ဆင်ပိုင်ရှင်များသည်လည်း အလုပ်လက်မဲ့ဆင်များ၏ ၀န်ပိမှုကို ခံစားနေရသည်။

    ၎င်းတို့၏စားရိတ်အတွက် အချို့ကို ထိုင်းနိုင်ငံရှိလုပ်ငန်းရှင်တို့ထံ ရောင်းချခဲ့ရသည်။ ဆင်လိမ္မာပြပွဲများ၊ တောတွင်းဆင်စီးခရီးသွားခြင်းများ အပါအ၀င် ထိုင်းကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းစဉ်များ၌ ၎င်းတို့အား အသုံးချကြပေလိမ့်မည်။ ထိုင်းနိုင်ငံသို့ ဆင်များကို တင်ပို့ရောင်းချခြင်းမှာ အခြေခံအားဖြင့် ဥပဒေကြောင်းအရ တရားမ၀င်သော်လည်း ထိုသို့ဖြစ်စဉ်များ ပိုမိုများပြားလာနိုင်ဖွယ်ရှိသည်ဟု ဆင်ပိုင်ရှင်များက ဆိုသည်။

    အချို့ဆင်ပိုင်ရှင်များကမူ မိမိတို့၏ဆင်များကို ရောင်းပစ်ရန် လုံးဝ စဉ်းစားမည်မဟုတ်ကြောင်း ပြောကြလေသည်။

    “ကျွန်တော့်ဆင်တွေနဲ့ပတ်သက်ပြီး ဘာဆက်လုပ်ရမှန်း မသိတော့ပါဘူး။ ဒါပေမယ့် ကျွန်တော် သူတို့ကို တစ်ပါးသူဆီ ဘယ်တော့မှ ရောင်းထုတ်မှာမဟုတ်ဘူး။ သူတို့ကို ကျွန်တော် အရမ်းချစ်တာဗျ” ဟု စောသာပြည့်က ဆိုပါသည်။

    (The New York Times ၌ ဖော်ပြသော Thomas Fuller ၏ Unemployed, Myanmar’s Elephants Grow Antsy, and Heavier ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။)

  • အိန္ဒိယရှိ မျက်မမြင် မွတ်စလင်အမျိုးသမီးတစ်ဦး ကုရ်အာန်ကို မျက်မမြင်ဘာသာစကားဖြင့် အောင်မြင်စွာ ရေးသားနိုင်ခဲ့

    အိန္ဒိယရှိ မျက်မမြင် မွတ်စလင်အမျိုးသမီးတစ်ဦး ကုရ်အာန်ကို မျက်မမြင်ဘာသာစကားဖြင့် အောင်မြင်စွာ ရေးသားနိုင်ခဲ့

    ဖဖော်ဝါရီ ၁၁၊ ၂၀၁၆
    M-Media

    koran 2
    နာဖီစ် တာရင်

    – အိန္ဒိယနိုင်ငံ ဂျာ့ခ်ဟန်းပြည်နယ်မှ မျက်မမြင် ကျောင်းဆရာမတစ်ဦးမှာ ကုရ်အာန်ကျမ်းတော်မြတ် ဟင်ဒီ ဘာသာပြန်ကို မျက်မမြင်ဘာသာစကား(Braille) ဖြင့် အောင်မြင်စွာ ရေးသားနိုင်ခဲ့သည်ဟု သိရသည်။

    နာဖီစ် တာရင်ဆိုသည့် အမျိုးသမီးဖြစ်ပြီး တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရရှိပြီးကတည်းက ကုရ်အာန်ကျမ်းတော်မြတ်ကို သင်ယူလေ့လာရန် စိတ်ဝင်စားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူမမှာ မျက်မမြင်တစ်ဦးဖြစ်သောကြောင့် သင်ကြားပေးမည့်ဆရာကို ရှာဖွေရန် ခက်ခဲခဲ့သည်။

    နောက်ပိုင်းတွင် ဟာဖစ်ဇ် မိုဟာမက် တက်စ်လင်းမ်ဆိုသူ ဆရာတစ်ဦးက နာဖီစ်အား ကုရ်အာန်ကျမ်းတော်မြတ်ကို သင်ကြားပြသပေးခဲ့သည်။ ကုရ်အာန်ကျမ်းတော်မြတ်ကို သင်ယူလေ့လာနေစဉ်တွင် နာဖီစ်မှာ သူမနှင့် ဘ၀တူ မျက်မြင်များ ဖတ်ရှုရန်အတွက် မျက်မမြင်ဘာသာသို့ ပြန်ဆိုပေးရန် စိတ်အားထက်သန်ခဲ့ခြင်းဖြစ်သည်။

    koran
    နာဖီစ် တာရင် ရေးသားထားသည့် ကုရ်အာန် အစိတ်အပိုင်းတစ်ခု

    ထို့ကြောင့် ၂၀၀၅ ခုနှစ်မှစတင်ကာ ကုရ်အာန်ကျမ်းတော်မြတ် ဟင်ဒီဘာသာပြန်ကို နာဖီစ်က မျက်မမြင်ဘာသာစကားဖြင့် စတင်ရေးသားခဲ့ပြီး ၃ နှစ်အကြာ ၂၀၀၈ ခုနှစ်တွင် ပြီးဆုံးခဲ့သည်။ ထို့နောက် စစ်ဆေးကာ မှားယွင်းမှုများကို ထပ်မံ ပြင်ဆင်ခဲ့သည်။

    ဒေသတွင်းမွဖ်သီများကမူ နာဖီစ်၏ အဆိုပါအားထုတ်မှုကို ချီးကျူးခဲ့ပြီး သူမရေးသားထားသည့် မျက်မမြင်ဘာသာစကား ကုရ်အာန်ကျမ်းတော်မြတ်မှာ အမှားလုံးဝမရှိကြောင်း စစ်ဆေး အတည်ပြုပေးခဲ့သည်။ နာဖီစ်ကမူ မွတ်စလင်အဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များမှာ မျက်မမြင်ဘာသာစကားဖြင့် သူမရေးသားထားသည့် ကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ဝေပေးရန် မျှော်လင့်နေသည်။

    Ref: IINA

  • သီရိလင်္ကာ မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်သားထက်ဝက်ကျော်မှာ စစ်ဒဏ်ခံအမျိုးသမီးများဖြစ်နေ

    သီရိလင်္ကာ မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်သားထက်ဝက်ကျော်မှာ စစ်ဒဏ်ခံအမျိုးသမီးများဖြစ်နေ

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆

    M-Media
    thiri
    သီရိလင်္ကာ၏ အကြီးဆုံးမြေမြှုပ်မိုင်းကွင်းပြင်ကြီးတွင် နေပူကျဲတဲအောက် မိုင်းရှင်းလုပ်ငန်းလုပ်ဆောင်နေသူတစ်ဦး

    – တမီလ်လွတ်မြောက်ရေးကျားတပ်ဖွဲ့ LTTE – Liberation Tigers of Tamil Eelam နှင့် သီရိလင်္ကာတပ်မတော် SLA – Sri Lankan Army တို့အကြား ဖြစ်ပွားသော သီရိလင်္ကာနိုင်ငံ၏ ၂၆ နှစ်ကြာ ပြည်တွင်းစစ်ပွဲကြောင့် လူပေါင်းသိန်းချီ အိုးအိမ်နေရပ်စွန့်ခဲ့ကြရသည်။

    သီရိလင်္ကာ၏လူများစုသည် ဆင်ဟာလီ ဗုဒ္ဓဘာသာဝင်များဖြစ်သည်။ တမီလ်ကျားသူပုန်အဖွဲ့မှာ လူနည်းစုဝင် ဟိန္ဒူတမီလ်များအတွက် ကိုယ်ပိုင်နယ်မြေ ခွဲထွက်တည်ထောင်ရန် ကြိုးစားရာမှ အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ် ဖြစ်လာခဲ့သည်။ ထိုအဖွဲ့သည် အသေခံဗုံးခွဲသည့်လုပ်ရပ်ဖြင့် ပထမဦးဆုံး ကျော်ကြားပြီး၊ တမီလ်နှင့်ဟိန္ဒူ နှစ်ဖက်လုံးမှ ထင်ရှားသောခေါင်းဆောင်များကို လုပ်ကြံခဲ့သည့်အပြင် ကလေးစစ်သားအများအပြားကို မွေးထုတ်ပေးခဲ့ကြသည်။

    ကိုယ်ပိုင်လေယာဉ်များပိုင်ဆိုင်ခြင်း၊ ရေငုပ်သင်္ဘောများတည်ဆောက်ခြင်း၊ စက်ရုံတည်၍စစ်လက်နက်များထုတ်လုပ်ခြင်းတို့ဖြင့် ခေတ်သစ်ကမ္ဘာတွင် အင်အားအကောင်းဆုံးနှင့် စည်းကမ်းအတင်းကြပ်ဆုံးအဖွဲ့အစည်းဖြစ်ခဲ့ကြောင်း HALO Trust အပြည်ပြည်ဆိုင်ရာ မိုင်းများ ရှင်းလင်းရေးအေဂျင်စီ၏ ပရိုဂရမ်မန်နေဂျာ Damian O’Brien က ဆိုသည်။

    ၎င်းကျားသူပုန်တို့က နိုင်ငံ၏ မြောက်ပိုင်း Kilinochchi ခရိုင်ရှိ Muhamalai ဒေသတွင် ကိုယ်ပိုင်ကာကွယ်ရေးအတွက် ၁၂ စတုရန်းကီလိုမီတာအထိ ကျယ်ပြန့်သော မြေမြှုပ်မိုင်းကွင်းကို ပြုလုပ်ခဲ့ကြသည်။ ယင်းဒေသနှင့် Nagar Kovil ဒေသနှစ်ခု၌ ၂၀၀၀-၂၀၀၉ ခုနှစ်ကာလအတွင်း စစ်ပွဲတစ်လျှောက် အပြင်းထန်ဆုံးတိုက်ပွဲများဖြစ်ပွားခဲ့ကြသည်။ စစ်တပ်နှစ်ဖက်စလုံးက ယင်းနေရာများကို ရှေ့တန်းကာကွယ်ရေးစည်းအဖြစ် သတ်မှတ်ကြ၍ ဖြစ်သည်။ မြေမြှုပ်မိုင်းကြောမှာ Muhamalai နယ်အတွင်းမှ Jaffna isthmus နယ်ဖျားနှင့် Nagar Kovil တံငါရွာဟောင်းကို ဖြတ်သန်းပြီး နိုင်ငံအရှေ့ဖက် အိန္ဒိယသမုဒ္ဒရာကမ်းခြေရောက်သည်အထိ ရှည်လျားလှသည်။ ၎င်းဒေသများရှိ တောတောင်၊ ကျောက်ဆောင်၊ ရေပြင်မြေပြင်အနှံ့ ယနေ့ထက်တိုင် မပေါက်ကွဲသေးသော မိုင်းများ၊ ဗုံးများ ဖုံးကွယ်တည်ရှိနေဆဲဖြစ်သည်။ HALO အဖွဲ့၏ အကြီးတန်းကွင်းဆင်းအရာရှိက မိုင်းရှင်းလင်းရေးအတွက် နေ့စဉ် ၁၀ ကြိမ်ခန့် မိမိထံ ဆက်သွယ်အကူအညီတောင်းဆိုလျက်ရှိကြောင်း ပြောပြသည်။

    အစိုးရအဖွဲ့၏ National Min Action Centre – NMAC မှစာရင်းဇယားများအရ မိုင်းများ၊ ပေါက်ကွဲနိုင်သည့်ဗုံးလက်နက်များ အစရှိသည်တို့မှာ နိုင်ငံအနှံ့တွင် ၁.၃ မှ ၁.၅ သန်းအထိ အရေအတွက်အားဖြင့် ရှိနိုင်ကြောင်း ခန့်မှန်းထားပြီး၊ ၎င်းတို့အနက် မိုင်းပမာဏ ၆ သိန်းကျော်ကို ပြန်လည်ရှာဖွေရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း DASH မိုင်းရှင်းလင်းရေးအေဂျင်စီထံမှ သိရှိရ၏။ မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲပစ္စည်းများစောင့်ကြည့်ရေးအဖွဲ့၏အဆိုအရ မိုင်းရှင်းလင်းရေး၌ ထိခိုက်ဒဏ်ရာရသူများမှာ ၂၀၁၃ ခုနှစ်နှစ်ကုန်ပိုင်းအထိ SLA နှင့် LTTE တပ်ဖွဲ့ဝင်ဟောင်းများ၊ အရပ်သားများအပါအ၀င် လူပေါင်း ၂၂၁၅၀ ဦး ရှိခဲ့ပြီဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် မိုင်းဒဏ်သင့်၍ နောက်ထပ်အသက်ဆုံးရှုံးရသူ ၂၂ ဦး၊ ၂၀၁၄ ခုနှစ်တွင် ၁၆ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၆ ဦး ရှိခဲ့သည်ဟု UNICEF ၏ နောက်ဆုံးစာရင်းဇယားက ဖော်ပြထားသည်။

    ပြည်မခရိုင်ရှိ Kandy နှင့် မြောက်ပိုင်းရှိ Jaffna အား Muhamalai ကို ဖြတ်သန်းဆက်သွယ်ထားသော ရထားလမ်းကြောကို တစ်ဖက်တစ်ချက် မီတာ ၃၀၀ အကျယ်အ၀န်းအထိ HALO Trust မှ မိုင်းရှင်းလင်းဖယ်ရှားပြီးသည့်နောက် ၂၀၁၃ ခုနှစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။ အဆိုပါ မိုင်းကွင်းကြီး၏ ငါးရာခိုင်နှုန်းမျှသာရှိသော ယင်းလမ်းပိုင်းမှာပင် မိုင်းဗုံးများ ၈၀၀၀ အထိ တွေ့ရှိခဲ့ရသည်။

    စစ်ပွဲကာလအတွင်း စစ်တပ်အသုံးပြုသည့်မိုင်းများမှာ ပါကစ္စတန်၊ တရုတ် စသည့် ပြည်ပနိုင်ငံများမှ တင်သွင်းခြင်းဖြစ်သည်။ တမီလ်ကျားအဖွဲ့၏မိုင်းများမှာ ကိုယ်တိုင်တီထွင်မှုများဖြစ်သော်လည်း ရံဖန်ရံခါ နည်းပညာမြင့်မားသော ထုတ်ကုန်များဖြစ်နေသည်ကို တွေ့ကြရ၏။ မိုင်းဗုံးအရေအတွက် မည်မျှအထိ ဆင်ယင်အသုံးပြုခဲ့ကြသည့်အပေါ် မည်သူမျှ တိတိကျကျ မပြောနိုင်ကြ။ LTTE အဖွဲ့သည် ဝေဟင်ဗုံးများကဲ့သို့ နည်းပညာမြင့်လက်နက်များအထိ ထုတ်နိုင်အောင် ကြိုးစားမှုရှိခဲ့ကြောင်း O’Brien က ပြောကြားသည်။ ထို့အဖွဲ့က မိုင်းရှင်းလင်းရေးအေဂျင်စီများကို မည်သည့်မှတ်တမ်းမျှ မပေးခဲ့ကြောင်း၊ ပေးရန်မှတ်တမ်း မရှိ၍လည်းဖြစ်နိုင်ကြောင်း Chandrasiri ကဆိုသည်။

    NMAC ပြုစုရေးသားချက်မှတဆင့် DASH ၏မှတ်တမ်းများ၌ အန္တရာယ်ဖြစ်စေနိုင်သော မိုင်းများ ခန့်မှန်းခြေ ၁၅၆ သန်း ရှိသည့်အနက် ၈၈ သန်းခန့် ရှင်းလင်းနိုင်ခဲ့ပြီး ၆၄ သန်းကျော် ကျန်ရှိနေသေးသည်ဟု ဖွင့်ချဖော်ပြထားသည်။

    မိုင်းရှင်းလုပ်သားများသည် သီရိလင်္ကာမြောက်ပိုင်း အပူချိန် ၂၈ ဒီဂရီဆဲလ်ဆီးယပ်စ်အောက်တွင် ထူထဲသောဘောင်းဘီ၊ ရှပ်လက်ရှည်၊ လက်အိပ်၊ ဘွတ်ဖိနပ်ရှည်၊ သတ်မှတ်ယူနီဖောင်းအကာအကွယ်ဝတ်စုံတို့ဖြင့် ချွေးသံရွှဲနစ်နေသည်အထိ ရှင်းလင်းရေးလုပ်ငန်းများကို မငြီးမငြူ ဆောင်ရွက်နေကြသည်။ လစဉ်လတိုင်း အနည်းဆုံးနှစ်ဦးမျှ မြွေ၊ ကင်း ကိုက်သည့်ဒဏ်ရာဖြင့် ဆေးခန်းသို့ ပို့နေကြရ၏။ “ဒါဟာ ကျွန်မတို့လုပ်ပေးနိုင်တဲ့ အားလုံးအတွက် ကာကွယ်ရေးပါ” ဟု မိုင်းရှင်းလင်းရေးဝန်ထမ်းတစ်ဦးဖြစ်သူ ဂုဏမာလာ က ဆိုပါသည်။ ကလေးငယ်သုံးဦးမိခင် ဂုဏမာလာ၏ခင်ပွန်းမှာ ၁၃ နှစ်ကြာအိပ်ယာထဲလှဲနေရသည့် နာတာရှည်အသည်းရောဂါဝေဒနာရှင်ဖြစ်သည်။

    LTTE သည် အမျိုးသမီးစစ်သည်မွေးခြင်း၌ ကျော်ကြားခဲ့၏။ ယခုသော် ၎င်း၏ အမျိုးသား၊ အမျိုးသမီးတပ်ဖွဲ့ဟောင်းတို့မှာ မိုင်းရှင်းလင်းရေးအေဂျင်စီများ၏ အဖွဲ့အသီးသီး၌ တာဝန်ထမ်းဆောင်နေကြလေပြီ။ မိုင်းရှင်းလင်းရေးအမျိုးသမီးဝန်ထမ်းတို့၏ဘ၀မှာ ရပ်တည်မှုအရရော လုံခြုံမှုအရပါ ခက်ခဲကြမ်းတမ်းလှသည်။ ဂုဏမာလာက သူမသည် နေ့စဉ် နံနက် ၂ နာရီကတည်းက အိပ်ရာထ၍ ချက်ပြုတ်ခြင်းနှင့် အိမ်သန့်ရှင်းများ ပြုလုပ်ပြီး အလုပ်ထွက်လုပ်ကာ နေ့လည်ခင်းတွင်လည်း ပြန်လာ၍ ယင်းသို့ပြုလုပ်ရကြောင်း၊ ကြပ်တည်းဆင်းရဲသော်လည်း ၎င်းဝင်ငွေကိုပင် မှီခိုနေရကြောင်း၊ ယခင်မျိုးဆက်အမျိုးသမီးများမှာ အိမ်တွင်းမှုနှင့် ကလေးပြုစုပျိုးထောင်ရေးကိုသာ ပြုလုပ်ရသော်လည်း ယခုခေတ်အမျိုးသမီးများမှာမူ အရာရာတိုင်းကို တာဝန်ယူရဖွယ်ရှိနေကြောင်း ပြောပြသည်။

    ပြည်တွင်းစစ်မီးပြီးဆုံး၍ အဆိုပါဒေသများသို့ ပြန်လည်ရောက်ရှိလာသည့် ဒေသခံအများစုသည် မိရိုးဖလာ အုန်းခြံလုပ်ငန်းများကိုသာ ပြန်လည်လုပ်ကိုင်လိုကြ၏။ ထိုလုပ်ငန်းသည် ရင်းနှီးမြှုပ်နှံပြီး နှစ်ပေါင်းများစွာကြာမှ အကျိုးအမြတ်ခံစားရသည်။ လတ်တလောတွင် ကြက်ဘဲမွေးမြူရေးခြံလုပ်ငန်းအတွက် စီစဉ်နေသူတစ်ဦးက အစိုးရ၏အကူအညီ ရရှိမည်ဟု မျှော်လင့်ကြောင်း ဆိုသည်။ သို့သော် အာဏာပိုင်များကမူ အခြားဦးစားပေးလုပ်ငန်းများကိုသာ အလေးထားနေကြ၏။ စစ်ဒဏ်ခံမိုင်းရှင်းလုပ်သားတို့မှာ ၎င်းတို့၏ဆောင်ရွက်ချက်များအတွက် လုံလောက်သော အသိအမှတ်ပြုမှု မခံရကြောင်း သီရိလင်္ကာမိုင်းရှင်းလင်းရေးလုပ်ငန်းကို အဓိကဦးဆောင်သည့်အဖွဲ့ HALO Trust ၏ ပရိုဂရမ်မန်နေဂျာ အင်္ဂလိပ်လူမျိုး O’Brien က ပြောပြသည်။ HALO သည် ခေတ်မီရှာဖွေရေးကိရိယာများကို အသုံးချနေပြီး သီရိလင်္ကာမိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်အား ၄၀ ရာခိုင်နှုန်းအထက် တိုးမြှင့်နိုင်ခဲ့သည်။ Google မှ NGO အဖွဲ့အစည်းများသို့ အခမဲ့ကူညီထားသော Skybox ဂြိုဟ်တုပုံရိပ်လုပ်ဆောင်ချက်ဖြင့်လည်း စတင်ဆောင်ရွက်နေပြီဖြစ်သည်။

    သီရိလင်္ကာတွင် မိုင်းရှာဖွေရှင်းလင်းရေးအေဂျင်စီအများအပြားရှိနေသော်လည်း လုပ်ငန်းစဉ်အား ချောမွေ့လွယ်ကူအောင် ရှေ့တိုးဆောင်ရွက်ရန် မလွယ်လှချေ။ ယခင်သမ္မတဟောင်း Mahida Rajapakse ၏အစိုးရလက်ထက်တွင် NG0 အဖွဲ့များအပေါ် သံသယ၀င်အငြိုးထားပြီး နိုင်ငံတကာလုပ်သားများအားလုံး နိုင်ငံတွင်းမှထွက်ခွာသွားကြဖို့ စေခိုင်းခံရသည်။ သီရိလင်္ကာမိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဥရောပသမဂ္ဂ၊ ဂျပန်၊ သြစတေးလျ၊ အမေရိကန်နှင့် ဗြိတိန်တို့မှ အစဉ်တစိုက် ထောက်ပံ့ကူညီနေကြခြင်းဖြစ်သည်။ အခြားသောအေဂျင်စီများ လုပ်ငန်းပိတ်သိမ်းလိုက်ကြသော်လည်း အလှူရှင်များက HALO အား လူ ၇၀၀ ကိုသာလျှော့ချစေခဲ့သည်။

    သို့သော်၂၀၁၅ ခုနှစ်တွင် သမ္မတ Maithripala Sirisena ဦးဆောင်သောအစိုးရသစ် အာဏာရလာပြီး အဆိုပါဟန့်တားချက်များကို ရုပ်သိမ်း၍ သီရိလင်္ကာသည် ၂၀၂၀ မတိုင်မီ မိုင်းကင်းစင်ရေးနိုင်ငံဖြစ်ရမည်ဟု ဦးတည်ချက်ထားခဲ့သည်။ သို့တိုင် အစိုးရ၏ရည်မှန်းချက်အပေါ် မယုံစားရဲသေးသဖြင့် DASH ကမူ လုပ်ငန်းရပ်နားထားဆဲဖြစ်၏။ အမှန်တကယ် ကျန်ရှိနေသေးသော မိုင်းရှင်းရမည့်ဧရိယာသည် စာရင်းပြထားသည်ထက် လျော့နည်းနိုင်ဖွယ် ရှိပေမည်။

    ပြီးခဲ့သည့်ဒီဇင်ဘာလ နိုင်ငံတော်အဆင့် အပြည်ပြည်ဆိုင်ရာ မိုင်းတားဆီးရေးပဋိညာဉ်အစည်းအဝေး၌ ပြန်လည်နေရာချထားရေးအတွင်းဝန် MM Nayeemudeen က မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ် အထိုက်အလျောက် အရှိန်မြှင့်တင်နိုင်ရန်နှင့် ရံပုံငွေရရှိရေး ပိုမိုလမ်းပွင့်စေရန် သီရိလင်္ကာကို လက်မှတ်ထိုးနိုင်ငံဖြစ်လာစေဖို့ အပြင်းအထန်စဉ်းစားနေပါသည်ဟု ကြေငြာပြောဆိုသွားသည်။

    “မြေကြီးထဲက မိုင်းတွေ တစ်ခုမကျန် ထုတ်ယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်လောက်ပါဘူး၊ လူတွေ သူတို့ဘ၀ရှေ့ဆက်နိုင်ဖို့သာလျှင် အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ သူတို့တစ်တွေ အကြောက်အလန့်ကင်းစင်ဖို့တော့ လိုအပ်ပါလိမ့်မယ်”

    Ref : Al Jazeera