News @ M-Media

Author: Ko Lay

  • အပြေးလေ့ကျင့်ခန်းက ဦးနှောက်စွမ်းရည်ကို မြင့်တက်စေနိုင်

    အပြေးလေ့ကျင့်ခန်းက ဦးနှောက်စွမ်းရည်ကို မြင့်တက်စေနိုင်

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆
    M-Media

    head

    – အပြေးလေ့ကျင့်တာဟာ ကျန်းမာရေးအတွက် ကောင်းမွန်စေရုံသာမကဘဲ ဦးနှောက်စွမ်းရည်ကိုလည်း မြှင့်တက်စေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

    အေရိုးဘစ်လေ့ကျင့်ခန်းတွေဟာ သင်ယူလေ့လာမှုနဲ့သက်ဆိုင်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ hippocampus ရဲ့ လုပ်ဆောင်မှုကို ပိုမိုတိုးတက်စေတယ်လို့ လေ့လာမှုအသစ်တစ်ရပ်အရ သိရတာပါ။ နောက်ပြီး အပြေးလေ့ကျင့်ခန်းတွေလိုမျိုး ကိုယ်လက်လှုပ်ရှားမှုတွေဟာ hippocampus ထဲမှာရှိတဲ့ အရန်အာရုံကြောစွမ်းအားတွေကို အပြင်းအထန်လှုပ်ရှားမှုဖြစ်စေတယ်လို့ ဆိုထားပါတယ်။

    အဆိုပါလေ့လာစမ်းသပ်မှုကို ဖင်လန်နိုင်ငံ Jyvaskyla တက္ကသိုလ်က ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှု ဇီဝဗေဒဌာနနဲ့ စိတ်ပညာဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

    “အပြေးလို လေ့ကျင့်ခန်းတွေဟာ ဦးနှောက်ရဲ့ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းဆောင်တာတွေအပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်၊ ဥပမာ – သင်ယူလေ့လာမှုအတွက် အရေးပါတဲ့ ဦးနှောက်ပစ္စည်း hippocampus ထဲမှာရှိတဲ့ အာရုံကြောတွေကို ကျန်းမာသန်စွမ်းစေပါတယ်” လို့ သုတေသနကို ဦးဆောင်ပြုလုပ်ခဲ့တဲ့ ပါမောက္ခ Heikki Kainulainen က ပြောကြားခဲ့ပါတယ်။

    အဲဒီ သုတေသီအဖွဲ့ဟာ ပြေးလွှားသွားလာနေတဲ့ ကြွက်တွေမှာ စမ်းသပ်စောင့်ကြည့်ခဲ့တာပါ။ ပါမောက္ခ Heikki Kainulainen က “အကွာအဝေးများများပြေးတဲ့ ကြွက်တွေမှာ hippocampus နဲ့ဆိုင်တဲ့ အာရုံကြောအသစ် အမြောက်အများ ဖြစ်ပေါ်လာတယ်လို့ ရလဒ်တွေက ဖော်ပြနေပါတယ်” လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။

    စမ်းသပ်ခဲ့တဲ့ ကြွက်တွေထဲမှာ အေရိုးဘစ်လေ့ကျင့်ခန်းအပေါ် မျိုးရိုးဗီဇအရ တုံ့ပြန်မှုအားကောင်းတဲ့ ကြွက်တွေရော၊ အားနည်းတဲ့ကြွက်တွေပါ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

    “ရလဒ်တွေက အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ သုတေသနပြုချက်တွေအရ အသစ်ထွက်လာတဲ့ hippocampus ဆိုင်တဲ့ အာရုံကြောတွေဟာ သင်ယူလေ့လာမှုတွေနဲ့ ရှုပ်ထွေးတဲ့တာဝန်တွေ လုပ်ဆောင်ဖို့အတွက် မရှိမဖြစ် လိုအပ်လို့ပါပဲ။ အေရိုးဘစ်လေ့ကျင့်ခန်း များများလုပ်ခြင်းဖြင့် အာရုံကြောအသစ်တွေ ထွက်ရှိလာအောင် လှုံ့ဆော်နိုင်ပါတယ်၊ hippocampus မှာရှိတဲ့ အရံအာရုံကြောတွေဟာ တိုးလာနိုင်တဲ့အပြင် လူသားတွေရဲ့ သင်ယူလေ့လာနိုင်စွမ်းကို ကောင်းလာစေပါတယ်” လို့ ပါမောက္ခ Heikki Kainulainen က ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • ရေနံဈေးကျဆင်းမှုအတွက် အိုပက်နိုင်ငံများနှင့် ဆွေးနွေးရန် အသင့်ဟု အီရန်ပြော

    ရေနံဈေးကျဆင်းမှုအတွက် အိုပက်နိုင်ငံများနှင့် ဆွေးနွေးရန် အသင့်ဟု အီရန်ပြော

    ဖဖော်ဝါရီ ၁၀၊ ၂၀၁၆
    M-Media

    iran 2

    – နိုင်ငံတကာ ရေနံဈေးကွက်များတွင် ဆိုးရွားသော အခြေအနေများနှင့်ပတ်သက်၍ ဆော်ဒီအာရေဗျ အပါအ၀င် အခြားသော အိုပက်နိုင်ငံများနှင့် ဆွေးနွေးရန် အီရန်က အသင့်ဖြစ်နေသည်ဟု အီရန်ရေနံဝန်ကြီး ဘီဂျန် ဇန်ဂျီနာဟ်က ပြောကြားလိုက်သည်။

    နျူအရေးနှင့်ပတ်သက်၍ သဘောတူညီချက်ကို အကောင်အထည်ဖော်ခဲ့သည့်အတွက် အနောက်နိုင်ငံများက စီးပွားပိတ်ဆို့မှုများ ဖယ်ရှားခဲ့ပြီးနောက်ပိုင်း အီရန်နိုင်ငံမှာ ရေနံတင်ပို့မှုကို မကြာသေးမီက ပြန်လည်စတင်ခဲ့ပြီး၊ တစ်နေ့လျှင် ရေနံစည် ၅ သိန်း ထုတ်လုပ်ရန် စီစဉ်နေသည်ဟု ကြေငြာခဲ့သည်။

    ထိုကဲ့သို့ အီရန်က ဈေးကွက်အတွင်း ၀င်ရောက်လာမှုကြောင့် ရောင်းလိုအား ပိုလျှံမှုမှာ မြင့်တက်လာခဲ့ပြီး ကျဆင်းနေသော ရေနံဈေးအပေါ် ဖိအားဖြစ်စေခဲ့သည်။ အိုပက်အဖွဲ့ကလည်း ရေနံထုတ်လုပ်မှုကို လျှော့ချရန် ငြင်းဆိုထားသည်။

    “ဆော်ဒီအာရေဗျအပါအ၀င် အိုပက်နိုင်ငံတွေနဲ့ ဘယ်လို ဆွေးနွေးမှုမျိုး၊ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုမျိုးကိုမဆို ကျွန်တော်တို့က အားပေးထောက်ခံပါတယ်” ဟု ဇန်ဂျီနာဟ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    အီရန်မှာ ယခင်ကလည်း ရေနံဈေးနှုန်းကျဆင်းမှုနှင့် ပတ်သက်၍ စိတ်မချမ်းမြေ့ကြောင်း၊ ထိုသို့ ကျဆင်းမှုများကြောင့် ရေနံထုတ်လုပ်သည့်နိုင်ငံများမှာ ရေရှည်တွင် ထိခိုက်မည်ဖြစ်ကြောင်း ပြောထားထားဖူးသည်။

    Ref: Aljazeera

  • ရာသီကုန်တွင် မိမိမှာ မန်ယူနည်းပြဖြစ်မည်ဟု မော်ရင်ဟိုက မိတ်ဆွေများကို ပြောကြားထား

    ရာသီကုန်တွင် မိမိမှာ မန်ယူနည်းပြဖြစ်မည်ဟု မော်ရင်ဟိုက မိတ်ဆွေများကို ပြောကြားထား

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆
    M-Media

    vangal 3

    – မိမိမှာ ရာသီကုန်တွင် မန်ယူနည်းပြ ဗန်ဂါးလ်၏ နေရာကို အစားဝင်မည်ဖြစ်ကြောင်း မော်ရင်ဟိုက ၎င်း၏ မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက်များအား ပြောကြားခဲ့သည်ဟု ဗြိတိန်သတင်းစာများ ယနေ့တွင် ဖော်ပြခဲ့ကြသည်။

    အိုးထရက်ဖို့ဒ်တွင် မိမိဝင်ရောက်လုပ်ကိုင်ရမည်မှာ သဘောတူညီပြီးသား ကိစ္စဖြစ်သည်ဟု အသက် ၅၃ နှစ်အရွယ်ရှိ မော်ရင်ဟိုက ပြောကြားခဲ့ကြောင်း ၎င်းနှင့် နီးစပ်သည့် အမည်မဖော်လိုသော ရင်းမြစ်တစ်ခု၏ ပြောကြားမှုကို ကိုးကား၍ Daily Mail၊ Daily Star၊ Daily Mirror နှင့် Daily Telegraph စသည့် အင်္ဂလိပ်သတင်းစာများက ဖော်ပြခဲ့ကြခြင်းဖြစ်သည်။

    ဒီဇင်ဘာလက ချယ်ဆီးမှ ထုတ်ပယ်ခံလိုက်ရသည့် မော်ရင်ဟိုမှာ မန်ယူနည်းပြဖြစ်မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး၊ ပြီးခဲ့သည့်တစ်ပတ်က အင်တာဗျူးတွင်လည်း မော်ရင်ဟိုက မကြာမီ အင်္ဂလန်တွင် နည်းပြအဖြစ် ပြန်လည် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    ဗန်ဂါးလ်ကမူ မန်ယူနှင့် မော်ရင်ဟိုတို့အကြား ဆွေးနွေးနေသည်ဆိုသော သတင်းများမှာ မီဒီယာများ၏ ဖန်တီးမှုဖြစ်သည်ဟု တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • မြောက်ကိုရီးယား၏ ဂြိုဟ်တုလွှတ်တင်မှုအတွက် ဂျပန်က ပိတ်ဆို့မှုအသစ်များ ပြုလုပ်

    မြောက်ကိုရီးယား၏ ဂြိုဟ်တုလွှတ်တင်မှုအတွက် ဂျပန်က ပိတ်ဆို့မှုအသစ်များ ပြုလုပ်

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆
    M-Media

    japan 2

    – တားမြစ်ထားသော တာဝေးပစ်ဒုံးကျည်သုံးကာ မြောက်ကိုရီးယားက ဂြိုဟ်တုလွှတ်တင်ခဲ့မှုနှင့်ပတ်သက်၍ ဂျပန်နိုင်ငံက ယနေ့တွင် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုအသစ်များ ထပ်မံ ပြုလုပ်လိုက်သည်ဟု သိရသည်။

    တနင်္ဂနွေနေ့က လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများက မြောက်ကိုရီးယားမှာ တိုက်ချင်းပစ်ဒုံးကျည် ထုတ်လုပ်မှုကို ဂြိုဟ်တုဖြင့် ကာကွယ်ခြင်းဖြစ်သည်ဟု ရှုမြင်ကြသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ထိုကဲ့သို့ လွှတ်တင်မှုကို ရှုတ်ချခဲ့သည်။

    ဂျပန်မှာ မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများအတွက် ယခင်ကလည်း ပိတ်ဆို့မှုများ ပြုလုပ်ထားပြီး ယခုပိတ်ဆို့မှုမှာ ထပ်မံ၍ ပြုလုပ်ခြင်းဖြစ်သည်။ တောင်ကိုရီးယားကလည်း ထိုလုပ်ရပ်ကြောင့် မြောက်ကိုရီးယားအား ဒဏ်ခတ်ခြင်းအဖြစ် မြောက်ကိုရီးယားရှိ ကေဆွန်စက်မှုဇုန်တွင် ပူးပေါင်းဆောင်ရွက်မှုများအားလုံးကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။

    မြောက်ကိုရီးယားမှ လွှတ်တင်ခဲ့သည့် အဆိုပါ ဂြိုဟ်တုမှာ ကမ္ဘာပတ်လမ်းကြောင်းတွင် တည်ငြိမ်စွာ လည်ပတ်နေပြီဖြစ်သော်လည်း ကမ္ဘာမြေပြင်သို့ အချက်အလက်များ ပေးပို့မှုမရှိသေးဟု အမေရိကန်က ယနေ့တွင် ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • ဇီဒိန်းလက်အောက်တွင် ရီးယဲလ်မှာ အိပ်မက်များ ပြန်မက်လာနိုင်ပြီဟု ရာအူးလ်ပြော

    ဇီဒိန်းလက်အောက်တွင် ရီးယဲလ်မှာ အိပ်မက်များ ပြန်မက်လာနိုင်ပြီဟု ရာအူးလ်ပြော

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆
    M-Mdia

    raul

    – နည်းပြသစ် ဇီနဒင်း ဇီဒိန်း၏ လက်အောက်တွင် ရီးယဲလ်မက်ဒရစ်အသင်း၏ ရုန်းကန်နေရမှုများမှာ အဆုံးသတ်သွားလိမ့်မည်ဟု အသင်းဖော်ဟောင်း ရာအူးလ်က ပြောကြားခဲ့သည်။

    ဇီဒိန်းမှာ ရာဖေးလ် ဘင်နီတက်ဇ်၏နေရာတွင် ပြီးခဲ့သည့်ဇန်န၀ါရီလက အစားဝင်လာခဲ့ခြင်းဖြစ်ပြီး ၎င်းကိုင်တွယ်ခဲ့သည့် လာလီဂါ ၅ ပွဲတွင် ၁၃ မှတ်အထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ လက်ရှိအချိန်တွင် တတိယနေရာမှ ရီးယဲလ်မက်ဒရစ်မှာ ဒုတိယနေရာမှ အက်သလက်တီကိုမက်ဒရစ်နှင့် ၁ မှတ်ကွာဟနေကာ ထိပ်ဆုံးမှ ဘာစီလိုနာနှင့် တစ်ပွဲပို ၄ မှတ် ကွာဟနေသည်။

    ရာအူးလ်ကမူ ရီးယဲလ်မှာ ဇီဒိန်း၏လက်အောက်တွင် အိပ်မက်များ ပြန်လည် မက်လာနိုင်ပြီဟု ဆိုသည်။

    “ဇီဒိန်းက ကမ္ဘာ့အဆင့် ကစားသမားဖြစ်တာကြောင့် သူ့ရဲ့ပြောစကားဟာ ကစားသမားတွေကြားထဲမှာ သက်ရောက်မှုရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဆွတ်ခူးခဲ့တာ၊ သူကစားတဲ့ပုံစံတွေကြောင့် သူဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးဆိုတဲ့အဆင့်ကို ရောက်ရှိခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ညွှန်ကြားမှုကို ကစားသမားတွေ နာယူနိုင်အောင်လည်း သူ လုပ်နိုင်မှာဖြစ်ပြီး အသင်းကလည်း အရည်အသွေးတွေ ပြည့်ဝလာမှာပါ။ လူတွေက တကယ်ဘာလိုချင်တယ်ဆိုတာကို သူက သိပါတယ်။ ရုန်းကန်နေရမှု အဆုံးသတ်ပြီလို့ ဘာ့ကြောင့် ကျွန်တော်တို့ မအော်နိုင်ရမှာလဲ” ဟု ရာအူးလ်က ပြောကြားခဲ့သည်။

    Ref: Goal