News @ M-Media

Author: Ko Lay

  • ရွှေဈေးတက်ခဲ့ပြီး စတော့ဈေးကွက်နှင့် ဒေါ်လာအညွှန်းကိန်းတို့ ကျဆင်း

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆
    M-Media

    gold

    – ကမ္ဘာ့ရွှေဈေးမှာ ယနေ့ ၁ ရာခိုင်နှုန်းကျော် တက်လာခဲ့ကာ ၈ လခွဲအတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ပြီး ထိုသို့ ဈေးတက်မှုမှာ အမေရိကန်က အတိုးနှုန်းကို တစ်ဖြည်းဖြည်းချင်းသာ တက်မည်ဟု ကြေငြာခဲ့ခြင်းကြောင့်ဖြစ်သည်။

    အမေရိကန် ဗဟိုဘဏ်က ယမန်နေ့တွင် ထိုကဲ့သို့ ကြေငြာခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ဈေးကွက် မတည်ငြိမ်မှုနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးမှုများကြောင့် အမေရိကန်စီးပွားရေးတွင် အန္တရာယ်များ ရှိနေသည်ဟုလည်း ပြောကြားခဲ့သည်။

    အမေရိကန်ဒေါ်လာ အညွှန်းကိန်းမှာ ယနေ့တွင် ၁၅ လအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ပြီး အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းတက်ရေး နှောင့်နှေးသည့်အတွက်ကြောင့် ဖြစ်သည်။ လက်ရှိငွေကြေးဈေးကွက်များတွင် ဂျပန်ယန်းငွေမှာ တက်လာနေပြီး ရင်းနှီးမြှုပ်နှံသူများ မျက်စိကျနေသည့် ငွေကြေးဖြစ်နေသည်။

    အမေရိကန် ဗဟိုဘဏ်၏ ယမန်နေ့ကြငြာချက်ကြောင့် စတော့ရှယ်ယာဈေကွက်များမှာ ယနေ့တွင် ကျဆင်းသွားခဲ့သည်။ ဗြိတိန်၏ FTSE 100 တွင် ၁ ရာခိုင်နှုန်းအကျဖြင့် ဈေးကွက်ဖွင့်ခဲ့ပြီး ဂျာမနီ၏ DAX မှာ ၁.၄ ရာခိုင်နှုန်း အကျဖြင့် ဖွင့်ခဲ့သည်။ ပြင်သစ်နိုင်ငံ၏ CAC 40 ကမူ ၁.၅ ရာခိုင်နှုန်း အကျဖြင့် ဈေးကွက်ဖွင့်လာခဲ့သည်။ S&P 500 မှာလည်း ၀.၇ ရာခိုင်နှုန်း ကျဆင်းခဲ့သောကြောင့် Wall Street အဖွင့်မှာ အကျနှင့် စတခဲ့သည်။

    Ref: Channelnewsasia

  • ပယ်လီဂရီနီအတွက် ရေကုန်ရေခမ်း ပေးဆပ်မည်ဟု မန်စီးတီးဂိုးသမားပြော

    ပယ်လီဂရီနီအတွက် ရေကုန်ရေခမ်း ပေးဆပ်မည်ဟု မန်စီးတီးဂိုးသမားပြော

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆
    M-Media

    man city

    – ရာသီကုန်တွင် ထွက်ခွာရတော့မည်ဖြစ်သည့် နည်းပြ ပယ်လီဂရီနီအတွက် ရေကုန်ရေခမ်း တိုက်ပွဲဝင်သွားမည်ဟု မန်စီးတီးဂိုးသမား ဂျိုးဟတ်က ပြောကြားလိုက်သည်။

    ပယ်လီဂရီနီမှာ မန်စီးတီးအသင်းအား ၃ နှစ်ကြာကိုင်တွယ်မှုအတွင်း ပရီးမီးယားလိဂ် ဖလားတစ်လုံးနှင့် လိဂ်ဖလားတစ်လုံးကို ဆွတ်ခူးပေးထားနိုင်သည်။ ရာသီကုန်တွင် ဘိုင်ယန်နည်းပြ ဂွာဒီယိုလာမှာ အသင်းသို့ ရောက်ရှိမည်ဟု မန်စီးတီးက မကြာသေးမီတွင် ကြေငြာခဲ့ပြီး ကစားသမားများနှင့် ပရိတ်သတ်များအကြား စိတ်လှုပ်ရှားမှုများ မြင့်တက်လာခဲ့သည်။

    သို့သော်လည်း ဂျိုးဟတ်ကမူ ပယ်လီဂရီက ထောက်ခံအားပေးခဲ့သည်။

    “သူက လူကောင်းတစ်ယောက်ပါ။ ဘောလုံးရဲ့ပြင်ပမှာ ကိုယ်ပိုင်အမြင်အတွက် ကျွန်တော်ဟာ အမြဲတမ်း သူနဲ့ ဆွေးနွေးပါတယ်။ ကျွန်တော် သူ့ကို သဘောကျပါတယ်။ သူထွက်ခွာသွားတာကို ကြည့်ရမှာ ၀မ်းနည်းစရာပါပဲ။ အသင်းအတွက် စာမျက်နှာသစ် ဖွင့်လှစ်လိုက်တယ်ဆိုတာ မှန်ပေမယ့် ဒါက နောက်နှစ်မှပါ။ ဒီရာသီ ကျွန်တော်တို့မှာ ပယ်လီဂရီနီရှိနေတယ်။ သူနဲု့အတူ အဆုံးအထိ တိုက်ပွဲ ၀င်သွားမှာပါ” ဟု ဂျိုးဟတ်က BT Sport သို့ ပြောကြားခဲ့သည်။

    Ref: Goal

  • ဆီးရီးယားစစ်ပွဲတွင် ရှရှားနှင့် ဆီးရီးယားအစိုးရတို့ နေ့စဉ် ကလက်စတာဗုံးများ အသုံးပြုနေ

    ဆီးရီးယားစစ်ပွဲတွင် ရှရှားနှင့် ဆီးရီးယားအစိုးရတို့ နေ့စဉ် ကလက်စတာဗုံးများ အသုံးပြုနေ

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆
    M-Media

    cluster

    – ဆီးရီးယားအစိုးရတပ်တွေနဲ့ ရုရှားစစ်တပ်တို့ဟာ ဆီးရီးယားနိုင်ငံထဲမှာ လွန်ခဲ့တဲ့ နှစ်ပတ်ကတည်းက နေ့စဉ် ပေါက်ကွဲအားပြင်းထန်တဲ့ ကလက်စတာဗုံးတွေကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေကာ လူ ၃၇ ဦး သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Right Watch က ပြောကြားလိုက်ပါတယ်။

    တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ တားမြစ်ပိတ်ပင်ထားတဲ့ ကလက်စတာဗုံးတွေ အသုံးပြုပြီး ပြည်နယ် ငါးခုလောက်မှာ တိုက်ခိုက်မှုပေါင်း အနည်းဆုံး ၁၄ ခုလောက် လုပ်ခဲ့တာဖြစ်ကာ တိုက်ခိုက်မှုတွေထဲမှာ အမျိုးသမီး ၆ ဦး၊ ကလေး ၉ ဦးပါအ၀င် အရပ်သား ၃၇ ဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ကလက်စတာဗုံးတွေဟာ ပမာဏကျယ်ပြန့်စွာ ပေါက်ကွဲထွက်နိုင်ပြီး တစ်ကြိမ်တည်းမှာ ဒါဇင်နဲ့ချီတဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်နိုင်တဲ့ဗုံး ဖြစ်ပါတယ်။ အဲဒီဗုံးကို အသုံးမပြုဖို့ နိုင်ငံပေါင်း ၉၈ နိုင်ငံက လက်မှတ်ရေးထိုးထားပြီး ဆီးရီးယား၊ ရုရှားအပါအ၀င်၊ အမေရိကန်၊ တရုတ်နဲ့ အစ္စရေးတို့ဟာ အဲဒီ အသုံးမပြုရေး သဘောတူညီချက်အပေါ် လက်မှတ်ရေးထိုးထားခြင်း မရှိပါဘူး။

    လတ်တလောမှာပဲ ရွာနှစ်ရွာမှာ ကလက်စတာဗုံး အသုံးပြုတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ HRW က ပြောပါတယ်။ အတိုက်အခံ နိုင်ငံရေးသမားတွေကတော့ ရုရှားဟာ စက်တင်ဘာ ၃၀ ရက်နေ့ ဆီးရီးယားမှာ ဝေဟင်စစ်ဆင်ရေးတွေ စတင်ချိန်မှစပြီး ကလက်စတာဗုံးတွေ အသုံးပြုနေတာဖြစ်တယ်လို့ ဆိုပါတယ်။

    စက်တင်ဘာ ၃၀ နဲ့ ဒီဇင်ဘာ ၁၄ ရက်အကြား ရုရှားနဲ့ဆီးရီးယား ပူးပေါင်းစစ်ဆင်ရေးမှာ ကလက်စတာဗုံးဖောက်ခွဲမှု ၂၀ ခန့် ပြုလုပ်ခဲ့တယ်လို့ HRW က မှတ်တမ်းတင်ခဲ့ပါတယ်။ ဆီးရီးယားနဲ့ ရုရှားကို ကလပ်စတာဗုံး အသုံးမပြုရေးသဘောတူညီချက်မှာ ပါဝင်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။

    ကလပ်စတာဗုံးတွေကို မကြာသေးမီက ဖြစ်ပေါ်ခဲ့တဲ့ ဒေသတွင်း ပဋိပက္ခတွေမှာလည်း အသုံးပြုခဲ့တာကို တွေ့ရပါတယ်။ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအုပ်စုတွေက အစ္စရေးနိုင်ငံဟာ ဟစ်ဇ်ဘိုလာနဲ့ စစ်ဖြစ်ခဲ့တဲ့ ၂၀၀၆ ခုနှစ် စစ်ပွဲအတွင်းမှာ ကလက်စတာဗုံး ၄ သန်းလောက် ကြဲခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ ကုလမိုင်းရှင်းလင်းရေးကျွမ်းကျင်သူရဲ့ အဆိုအရ ဗုံးတစ်သန်းလောက်ဟာ ပေါက်ကွဲခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

    Ref; ArabNews

  • ပရိသတ်များက သပိတ်မှောက်သော်လည်း ဗလင်စီယာနည်းပြ အကောင်းမြင်

    ပရိသတ်များက သပိတ်မှောက်သော်လည်း ဗလင်စီယာနည်းပြ အကောင်းမြင်

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆
    M-Media

    Valencia

    – ယနေ့မနက်ပိုင်းက စပိန်ဘုရင့်ဖလား ဆီးမီးဖိုင်နယ် ဒုတိယအကျော့ကို ပရိတ်သတ်များက သပိတ်မှောက်ခဲ့ကြသော်လည်း လာမည့်တစ်ပတ်တွင် ၎င်းတို့မှာ ကွင်းထဲသို့ ပြန်လာမည်ဟု ယုံကြည်ကြောင်း ဗလင်စီယာနည်းပြ ဂယ်ရီနဗီးလ်က ပြောကြားလိုက်သည်။

    မန်ယူနောက်ခံလူဟောင်းနဗီးလ် ကိုယ်တွယ်ပြီးနောက်ပိုင်း ခြေစွမ်းကျဆင်းခဲ့သည့် ဗလင်စီယာမှာ ပထမအကျော့တွင် ဘာစီလိုနာအား ၇ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ထိုရှုံးနိမ့်မှုကို မကျေနပ်သောကြောင့် ပရိတ်သတ်များက ဒုတိယအကျော့တွင် လာရောက်အားပေးခြင်းမပြုဘဲ သပိတ်မှောက်ခဲ့ကြခြင်း ဖြစ်သည်။

    ထိုပွဲတွင် အဓိက ကစားသမား အများအပြားကို အနားပေးထားသည့် ဘာစီလိုနာအသင်းအား ဗလင်စီယာက ဦးဆောင်ဂိုး သွင်းယူခဲ့သော်လည်း ပွဲပြီးကာနီးတွင် ဘာစီလိုနာက ချေပဂိုး သွင်းယူခဲ့သောကြာင့် ၁ ဂိုးစီ သရေဖြင့် ပြီးဆုံးခဲ့သည်။ ထို့ကြောင့် ၂ ပွဲပေါင်း ၈ ဂိုး ၁ ဂိုးဖြင့် ဘာစီလိုနာက နောက်တစ်ဆင့် တက်ရောက်သွားခဲ့သည်။

    “ကျွန်တော်တို့ကို အားပေးဖို့ ထွက်ပေါ်လာတဲ့ ပရိတ်သတ်တွေကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ မလာချင်တဲ့သူတွေကလည်း သူတို့ရဲ့အခွင့်အရေးပါပဲ။ စနေနေ့ ဒီမက်စ်တဲလားကွင်းမှာ လူပြည့်နေမှာဖြစ်ပြီး စိတ်လှုပ်ရှားစရာ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာမှာပါ။ ပရိတ်သတ်တွေကို အားလုံးထက်ပိုပြီး လိုအပ်ပါတယ်” ဟု နဗီးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • အငတ်ဘေးဆိုက်မှုကို ရပ်တန့်ရန်အတွက် ဇင်ဘာဘွေက အကူအညီတောင်းခံ

    အငတ်ဘေးဆိုက်မှုကို ရပ်တန့်ရန်အတွက် ဇင်ဘာဘွေက အကူအညီတောင်းခံ

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆
    M-Media

    zim

    – အာဖရိကမှာ မိုးခေါင်ရေရှားမှုတွေကြောင့် အငတ်ဘေးနဲ့ ရင်ဆိုင်နေရတဲ့ လူဦးရေ လေးပုံတစ်ပုံကျော်လောက်ကို ကယ်တင်နိုင်ဖို့အတွက် ကန်ဒေါ်လာ ၁.၅ ဘီလီယံကျော်ကို ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေနဲ့ ပရဟိတအဖွဲ့အစည်းတွေထံကနေ ဇင်ဘာဘွေနိုင်ငံက တောင်းခံလိုက်ပါတယ်။

    “ဇင်ဘာဘွေအစိုးရအနေနဲ့ စုစုပေါင်း ဒေါ်လာ ၁.၅၇ ဘီလီယံလောက် လိုအပ်နေပါတယ်။ လူနေအိမ်တွေမှာ သုံးစွဲဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ၊ တောရိုင်းတိရစ္ဆာန်တွေကို ထောက်ပံ့ဖို့အတွက် မိုးရွာတဲ့ပမာဏက မကာမိပါဘူး” လို့ ဇင်ဘာဘွေ ဒုသမ္မတ အီမာဆန် မာနန်ဂါဂ၀ါက မြို့တော် ဟာရာရီမှာ ယမန်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီး လူသုံးသန်းကျော်လောက်ဟာလည်း အစားအစာနဲ့ သောက်သုံးရေ လိုအပ်နေတဲ့အကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    သမ္မတ ရောဘတ်မူဂါဘီက ပြင်းထန်တဲ့မိုးခေါင်ရေရှားမှုကြောင့် ကျေးလက်ဒေသ အတော်များများကို အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီးနောက် တစ်ပတ်အကြာမှာ ဒုသမ္မတ မာနန်ဂါဂ၀ါရဲ့ ဒီလို အကူအညီတောင်းခံမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    တောင်အာဖရိက၊ မာလာဝီ၊ ဇမ်ဘီယာအပါအ၀င် အာဖရိကတောင်ပိုင်းနိုင်ငံတွေလည်း အလ်နီညိုရာသီဥတုကြောင့် မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားနေရပြီး ဇင်ဘာဘွေနိုင်ငံက ပိုမို ဆိုးဝါးခဲ့တာ ဖြစ်ပါတယ်။ ဒုသမ္မတက နိုင်ငံတောင်ပိုင်းဒေသတွေမှာ ကျွဲနွားထောင်သောင်းမက သေဆုံးကြပြီး ရေတွင်းတွေ ခမ်းခြောက်ကုန်ကာ ရေလှောင်တမံတွေလည်း ရေမျက်နှာပြင်နိမ့်ကျခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျန်းမာရေးနဲ့ညီညွတ်တဲ့ရေ၊ ဆည်မြောင်းတွေနဲ့ တိရစ္ဆာန်တွေအတွက် သောက်ရေရင်းမြစ်တွေ ခမ်းခြောက်မှု မြင့်မားလာတာကြောင့် လူသားတွေနဲ့ တိရစ္ဆာန်တွေရဲ့ အသက်တွေဟာ ခြိမ်းခြောက်ခံနေရပါတယ်”

    Ref; Al-jazeera