News @ M-Media

Author: Ko Lay

  • အထိုင်များသူများ ဆီးချိုဖြစ်နိုင်ချေ ပိုများ

    အထိုင်များသူများ ဆီးချိုဖြစ်နိုင်ချေ ပိုများ

    ဖေဖော်ဝါရီ ၄၊ ၂၀၁၆
    M-Media

    diabe

    – နေ့စဉ် အထိုင်များတဲ့သူတွေဟာ အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ချေ ၅ ပုံ ၁ ပုံထက်ကို ပိုများတယ်လို့ ဒတ်ခ်ျလူမျိုး သိပ္ပံပညာရှင်တွေ ပြုလုပ်ခဲ့ပြီး လူ ၂၅၀၀ ပါဝင်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ သိရှိရပါတယ်။

    တစ်နေ့တာလုံးမှာ ကိုယ်လက်လှုပ်ရှားမှု နည်းပါးတဲ့သူတွေအနေနဲ့ အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ချေ ပိုများနိုင်တာဖြစ်ပြီး၊ တစ်နေကုန် စားပွဲခုံမှာ ထိုင်အလုပ်လုပ်ကာ ညနေပိုင်း အားကစားခန်းမသွား လေ့ကျင့်ခန်းလုပ်ရုံလောက်နဲ့ ဆီးချိုဖြစ်နိုင်ချေကို မလျှော့ချနိုင်ဘူးလို့ သုတေသနရလဒ်တွေက ဖော်ပြနေပါတယ်။ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်တောင် အချိန်ကြာကြာထိုင်တဲ့ဒဏ်ကို လျှော့ချနိုင်မှာ မဟုတ်ပါဘူး။

    စမ်းသပ်မှုရလဒ်တွေအရဆိုရင် အမျိုးအစား ၂ ဆီးချိုရောဂါသည်တွေဟာ လှုပ်ရှားမှုအနည်းဆုံးသူတွေဖြစ်ပြီး တစ်နေ့ကို အလုပ်ချိန် ၉ နာရီထက်ပိုပြီး ၂၆ မိနစ်လောက် ဆက်တိုက် ထိုင်လေ့ရှိသူတွေ ဖြစ်ပါတယ်။ တစ်နေ့အလုပ်လုပ်ချိန်ပျှမ်းမျှ ၉ နာရီအပြင် အပိုတစ်နာရီလောက် အထိုင်များရင် အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ချေ ၂၂ ရာခိုင်နှုန်း ပိုမြင့်တက်လာတယ်လို့ မက်စ်ထရစ်ခ်ျတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက တွက်ချက်ပြခဲ့ပါတယ်။

    လေ့လာတွေ့ရှိချက်တွေအရ အခုလိုအဖြစ်များတဲ့သူတွေဟာ များသောအားဖြင့် ကွန်ပျူတာရှေ့မှာထိုင်ပြီး နေ့တစ်နေ့ရဲ့ သုံးပုံတစ်ပုံလောက် အလုပ်လုပ်နေကြတဲ့ ရုံးအလုပ်သမားတွေ၊ ပြီးတော့ ကုန်တင်ကားနဲ့ တက္ကစီယာဉ်မောင်းတွေ၊ ကောင်တာထိုင်တဲ့သူတွေ၊ လေယာဉ်မှူးတွေ စတဲ့သူတွေ ဖြစ်ပါတယ်။

    ဒီလို အထိုင်များတဲ့အပြုအမူဟာ အ၀လွန်ခြင်းနဲ့ ကင်ဆာရောဂါတွေနဲ့ပါ ဆက်စပ်လာမှာကို ဆရာဝန်တွေကလည်း စိုးရိမ်လျက်ရှိပါတယ်။

    အဲ့ဒီလိုအထိုင်များတာဟာ ကျောနာ၊ ဇက်နာ၊ ကြွက်သားနာတာတွေနဲ့လည်း တိုက်ရိုက် ဆက်စပ်နေပါတယ်။ အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာနကတော့ အလုပ်သမားတွေအနေနဲ့ တစ်နေ့ကို အနည်းဆုံး နှစ်နာရီလောက် ခြေလျင်လျှောက်သင့်တယ်လို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

    အစိုးရကျန်းမာရေးဌာနမှူး ဒိန်း ဆယ်လီ ဒေးဗီးစ်က လှုပ်ရှားမှု မရှိခြင်းဟာ ‘အသံတိတ်လူသတ်သမား’ လို့ သမုတ်ခဲ့ပါတယ်။ သူမက အရွယ်ရောက်သူတွေအနေဲ့ တစ်ပတ်မှာ မိနစ် ၁၅၀ လောက်ကို လေ့ကျင့်ခန်းအတွက် အသုံးပြုသင့်ပြီး ၂ နာရီခွဲလောက်ကို အသင့်အတင့် ပြုလုပ်ပေးကာ ၁၀ မိနစ်နဲ့ အထက်ကို ပြင်းပြင်းထန်ထန် ပြုလုပ်သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

    Ref: IINA

  • အီရန်၏ စတော့ဈေးကွက် အမြင့်ဆုံးရောက်၊ ရေနံနှင့် ရှယ်ယာဈေးကွက်များ ပြန်ကျ

    အီရန်၏ စတော့ဈေးကွက် အမြင့်ဆုံးရောက်၊ ရေနံနှင့် ရှယ်ယာဈေးကွက်များ ပြန်ကျ

    ဖေဖော်ဝါရီ ၃၊ ၂၀၁၆
    M-Media

    stock 2

    – တရုတ်နိုင်ငံက အခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုကို ၆.၅ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းအထိ ရှိမည်ဟု ခန့်မှန်းခဲ့ပြီး ကမ္ဘာ့ဈေးကွက် ကမောက်ကမဖြစ်မည့်အခြေအနေ ရိုက်ခတ်နိုင်သော်လည်း မိမိတို့မှာ ထိုအဖြစ်အပျက်ကို ကျော်လွှားနိုင်မည်ဟု တရုတ်စီးပွားရေးစီမံကိန်းဌာနမှ ထိပ်တန်းတာဝန်ရှိသူ ဇူရှောင်ရှီက ယနေ့တွင် ပြောကြားလိုက်သည်။

    ၂၀၁၅ ခုနှစ်တွင်း တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုမှာ ၆.၉ ရာခိုင်နှုန်းသာရှိခဲ့ပြီး ၂၅ နှစ်အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ရှယ်ယာဈေးကွက်များကျဆင်းမှုကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ပြီးခဲ့သည့်နှစ်တွင် အလွန်အမင်း ထိခိုက်ခဲ့သည်။

    ရေနံဈေးနှုန်းများ ၃ ရက်ဆက်တိုက်ကျဆင်းမှုကြောင့် အာရှရှိ စတော့ရှယ်ယာဈေးကွက်များမှာလည်း ယနေ့တွင် ကျဆင်းသွားခဲ့သည်။ ရေနံဈေးကျမှုမှာ ပြီးခဲ့သည့် ၁၈ လအတွင်း ၇၀ ရာခိုင်နှုန်းခန့် ရှိခဲ့ပြီး ဈေးကွက်အတွင်း ရောင်းလိုအား အလွန်အမင်းများပြားမှုကြောင့် ဖြစ်သည်။ ရေနံဈေးကျမှုကြောင့် အာမခံချက်ရှိသည့် အခြားသော ကုန်စည်ဈေးကွက်များမှာ ဦးမော့လာခဲ့သည်။

    နိုင်ငံတကာက ပိတ်ဆို့မှုများ ဖယ်ရှားပြီးနောက် ကမ္ဘာ့ဈေးကွက်အတွင်းသို့ ၀င်ရောက်ရန် ကြိုးစားနေသည့် အီရန်နိုင်ငံ၏ စတော့ဈေးကွက်များမှာ တစ်နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ယခင်က တစ်နေ့လျှင် ရောင်းဝယ်မှု ပမာဏ ကန်ဒေါ်လာ သန်း ၄၀ ဖိုးသာ ရှိရာမှ ယခုတွင် ၁၃၃ သန်းအထိ ရောက်ရှိနေပြီဖြစ်သည်။

    Ref: Press TV, Channelnewsasia

  • ဘာကာတိုက်စစ်မှူးနေးမာ အပြောင်းအရွှေ့ကိစ္စအတွက် ဘရာဇီးလ်တွင် ထပ်မံတရားစွဲခံရ

    ဘာကာတိုက်စစ်မှူးနေးမာ အပြောင်းအရွှေ့ကိစ္စအတွက် ဘရာဇီးလ်တွင် ထပ်မံတရားစွဲခံရ

    ဖေဖော်ဝါရီ ၃၊ ၂၀၁၆
    M-Media

    neymar 1

    – ဘာစီလိုနာသို့ ပြောင်းရွှေ့မှုအတွင်း အခွန်ရှောင်မှုနှင့် စာရွက်စာတမ်းများ မမှန်မကန်လုပ်မှုတို့အတွက် နေးမာ၊ ၎င်း၏ဖခင်၊ ဘာစီလိုနာ ဥက္ကဌဟောင်း ဆန်ဒရို ရိုဆဲလ်နှင့် လက်ရှိ ဥက္ကဌ ဂျိုးဆက်ပ် မာရီယာ ဘာတိုမြူတို့အား ဘရာဇီးလ်အာဏာပိုင်များက တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    ၎င်းတို့ ၄ ဦးမှာ ထိုအမှုဖြင့်ပင် စပိန်တွင် တရားရင်ဆိုင်နေရသည်။ နေးမာ ယခင်ကစားခဲ့ရာ ဆန်းတို့စ်ကလပ်အသင်း အခြေစိုက်သည့် ဆန်းတို့စ်မြို့မှ တရားရုံးက အခွန်ရှောင်မှုနှင့် လိမ်လည်ဖော်ပြမှုစွဲချက် ၄ ခုအတွက် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်ဟု နေးမာ၏ ဖခင်ဖြစ်သူ နေးမာ စီနီယာက ပြောကြားခဲ့သည်။

    ထိုစွဲချက်၏ အဓိကိစ္စမှာ နေးမာ၏ ပုံရိပ်သုံးပြုခွင့်ဖြစ်ပြီး ကစားသမားနှင့် ဖခင်ဖြစ်သူတို့မှာ Neymar Sport e Marketing ဟုအမည်ပေးထားသည့် ကြားခံကုမ္ပဏီဖြင့် ထိုရပိုင်ခွင့်ကို ဘာစီလိုနာနှင့် ဆန်းတို့စ် ၂ သင်းစလုံးထံမှ ရယူခဲ့သည်ဟု စွပ်စွဲခံထားရသည်။

    စွဲချက်တွင် ဘရာဇီးလ်အစိုးရမှာ နေးမာထံမှ ရရှိမည့် အခွန်ငွေစုစုပေါင်း၏ ၅၅ ရာခိုင်နှုန်းကို လိမ်လည်ခံခဲ့ရသည်ဟု ဖြော်ပထားသည်။ ဘာစီလိုနာအသင်း ဥက္ကဌဟောင်း ရိုဆဲလ်နှင့် လက်ရှိဥက္ကဌ ဘာတိုမြူတို့မှာ နေးမားနှင့် အသင်းတို့ကြား တရားဝင်သဘောတူညီချက် ရရှိမှုအတွက် အသုံးပြုသော စာရွက်စာတမ်းများတွင် လိမ်လည်မှုဖြင့် စွပ်စွဲခံထားရသည်။

    Ref : Goal

  • ၂၀၁၅ ခုနှစ်အတွက် Singaporean of the Year အဖြစ် မွတ်စလင်အမျိုးသမီးတစ်ဦး ရွေးချယ်ခံရ

    ၂၀၁၅ ခုနှစ်အတွက် Singaporean of the Year အဖြစ် မွတ်စလင်အမျိုးသမီးတစ်ဦး ရွေးချယ်ခံရ

    ဖေဖော်ဝါရီ ၃၊ ၂၀၁၆
    M-Media

    sg
    နော်ရီဇာနှင့် သူမစောင့်ရှောက်ပေးနေသည့် အဖိုးအို

    – စင်ကာပူရှိ နာမည်ကြီးသတင်းစာThe Straits Times က ရွေးချယ်သည့် ၂၀၁၅ ခုနှစ်အတွက် Singaporean of the Year ဆုကို စင်ကာပူ မွတ်စလင်အမျိုးသမီး နော်ရီဇာ အေ မန်ဆူရ်က ရရှိခဲ့သည်ဟု သိရသည်။

    အဆိုပါဆုမှာ သာမန် စင်ကာပူပြည်သူများထဲမှ တစ်မူထူးခြားသည့် လုပ်ရပ်များကို ဆောင်ရွက်သောသူများ၊ အခြားသူများ၏ လူမှုဘ၀နှင့် လူ့အဖွဲ့အစည်း ပိုမိုတိုးတက်စေရန် ဆောင်ရွက်ပေးသောသူများကို ရွေးချယ်ပေးအပ်ခြင်းဖြစ်သည်။

    စင်ကာပူနိုင်ငံသားများသာ မဲပေးရွေးချယ်ရသည့် အဆိုပါဆုအတွက် ဇကာတင် ၁၀ ဦးကို ရွေးချယ်ခဲ့ပြီး ထိုအထဲမှ နော်ရီဇာ အေ မန်ဆူရ်က မဲအများဆုံးဖြင့် Singaporean of the Year ဆုကို ရရှိခဲ့သည်။ နော်ရီဇာမှာ အိုမင်းမစွမ်းဖြစ်နေသည့် သက်ကြီးရွယ်အို ဇနီးမောင်နှံနှစ်ဦးအား လွန်ခဲ့သည့် ၂ နှစ်မှစတင်ကာ ပြုစုပေးခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အဆိုပါ လူသားချင်းစာနာထောက်ထားသောလုပ်ရပ်ကြောင့် ယခုကဲ့သို့ အသိအမှတ်ပြု ခံခဲ့ရခြင်းဖြစ်သည်။

    ၂၀၁၃ ခုနှစ် နိုဝင်ဘာတွင် ဈေးဝယ်ထွက်လာသော အဆိုပါ ဇနီးမောင်နှံမှ အဖိုးအိုမှာ ၎င်း၏ ဘောင်းဘီတွင် ရွှံ့များပေကျံမှုကို ရှင်းလင်းရန် ကြိုးစားစဉ် နော်ရီဇာနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ အခြားသူများက နွမ်းပါးသော ထိုအဖိုးအိုအား မကူညီကြသော်လည်း နော်ရီဇာမှာ အဖိုးအို၏ ဘောင်းဘီကို သန့်ရှင်းပေးခဲ့ပြီး ၎င်းတို့ ဇနီးမောင်နှံနှစ်ဦးအား အိမ်သို့ ပြန်လည် လိုက်ပို့ခဲ့သည်။

    ထို့နောက် နော်ရီဇာမှာ ပြုစုစောင့်ရှောက်မည့်သူမရှိသည့် အဆိုပါ သက်ကြီးရွယ်အို ဇနီးမောင်နှံနှစ်ဦးအား အပတ်စဉ် သွားရောက်ပြုစုစောင့်ရှောက်ပေးခဲ့ကာ ညစ်ပတ်ပေရေနေသည့် ၎င်းတို့၏ အခန်းကိုလည်း သန့်ရှင်းပေးခဲ့သည်။ လက်ရှိအချိန်တွင် အဆိုပါ အဖိုး၊ အဖွား ဇနီးမောင်နှံနှစ်ဦးမှာ ဘိုးဘွားရိပ်သာတွင် နေထိုင်နေပြီး နောရီဇာကမူ တစ်ပတ်တစ်ခါ သွားရောက်၍ ကြည့် ရှုအားပေးမှုများ ပြုလုပ်ပေးနေသည်။

    စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကလည်း ၂၀၁၅ ခုနှစ် Singaporean of the Year ဆုကို ရရှိသည့် နော်ရီဇာအား Facebook စာမျက်နှာမှတစ်ဆင့် ချီးကျူးခဲ့သည်။

    Ref: Straitstimes

    sg 2
    စင်ကာပူဝန်ကြီးချုပ်နှင့် နော်ရီဇာ
  • ယာယာတိုးရေးအား လစားများများပေး၍ ခေါ်ယူရန် တရုတ်ကလပ်များ စီစဉ်နေ

    ယာယာတိုးရေးအား လစားများများပေး၍ ခေါ်ယူရန် တရုတ်ကလပ်များ စီစဉ်နေ

    ဖေဖော်ဝါရီ ၃၊ ၂၀၁၆
    M-Media

    toure

    – မန်စီးတီးမှ ထွက်ခွာတော့မည်ဟု သတင်းထွက်နေသည့် ယာယာတိုးရေးအား တရုတ်ကလပ်များက တစ်နှစ်လုပ်ခ ပေါင် သန်း ၃၀ ခန့်ပေးကာ ခေါ်ယူရန် စီစဉ်နေသည်ဟု Daily Telegraph က ဖော်ပြခဲ့သည်။

    တိုးရေးအား မန်စီးတီးသို့ ဘာစီလိုနာမှ ရောင်းချခဲ့သည့် နည်းပြ ဂွာဒီယိုလာမှာ ရာသီကုန်တွင် မန်စီးတီးသို့ ရောက်ရှိမည်ဟု အတည်ပြုချက် ထွက်ပေါ်လာပြီးနောက်ပိုင်း တိုးယေး၏ မန်စီးတီးအသင်း အနာဂတ်မှာ မရေရာမသေချာ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

    ထို့ကြောင့် အသက် ၃၂ နှစ်အရွယ်ရှိ တိုးရေးကို Jiangsu Suning အပါအ၀င် တရုတ်ကလပ် ၃ သင်းက ခေါ်ယူရန် စဉ်းစားနေသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီး လစာမှာလည်း မက်ဆီနှင့် ရော်နယ်ဒိုတို့အပြီး ကမ္ဘာပေါ်တွင် တတိယမြောက်အများဆုံးဖြစ်မည့် လစာကို ပေးချေရန် ရှိနေသည်ဟု ဆိုသည်။

    တိုးရေးမှာ မန်စီးတီးတွင် ဆက်နေရန် ဆန္ဒရှိနေသေးသော်လည်း ဂွာဒီယိုလာက ကစားသမားအသစ်များ ခေါ်ယူသွား မည့်အစီအစဉ် ရှိနေသောကြောင့် အနာဂတ်မှာ မသေချာခြင်းဖြစ်သည်။ အခြားသော ဥရောပအသင်းကြီးများကလည်း ၎င်းအား စိတ်ဝင်စားနေကြသည်။

    Ref : Goal