News @ M-Media

Author: Ko Lay

  • အသင်းသားများမှာ ရေကုန်ရေခန်း ကစားနေကြသည်ဟု မန်ယူတိုက်စစ်မှူး ရူနီပြော

    အသင်းသားများမှာ ရေကုန်ရေခန်း ကစားနေကြသည်ဟု မန်ယူတိုက်စစ်မှူး ရူနီပြော

    ဒီဇင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    man u

    – ဖိအားများရှိနေသည့် အသင်းအတွက် ကစားသမားများမှာ စိတ်ပါလက်ပါ ကစားပေးခြင်းမရှိဟု ဝေဖန်မှုများအား မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ငြင်းဆိုလိုက်ပြီး မိမိတို့အသင်းသားများမှာ အသင်းအတွက် ရေကုန်ရေခန်း ပေးဆပ်နေကြသည်ဟု ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် ၇ ပွဲဆက်တိုက် နိုင်ပွဲမရှိဘဲ၊ လေးပွဲဆက်ရှုံးထားသည့် မန်ယူမှာ ယနေ့မနက်က ချယ်ဆီးအသင်းနှင့် ကစားသည့်ပွဲတွင်လည်း ဂိုးမရှိသရေဖြင့်သာ အဆုံးသတ်ခဲ့သည်။ နည်းပြဗန်ဂါးလ်ကမူ အသင်း၏ ခြေစွမ်းကျဆင်းမှုများအတွက် ကစားသမားများကို ပြစ်တင်ပြောဆိုမှု ပြုလုပ်ခဲ့ပြီး ရူနီက လက်မခံခဲ့ပေ။

    “လူတွေကတော့ တစ်ယောက်တစ်မျိုး ပြောနေကြတာပါပဲ။ တကယ်လို့ ကျွန်တော်တို့ဟာ ဖိဖိမကစားဘူးဆိုရင်တော့ အပြစ်တင်ခံမှာပါ။ ကျွန်တော်တို့ အဆုံးအထိ တိုက်ပွဲဝင်သွားဖို့ လိုပါတယ်။ ပြီးတော့ ကျွန်တော်တို့ ပြန်လာရမှာပါ။ ဒါကို ကျွန်တော်တို့ သိပါတယ်။ အလုပ်ကို ပြင်းပြင်းထန်ထန်လုပ်ဖို့လိုတယ်။ အောင်နိုင်မှုတွေ ရောက်လာတော့မယ်ဆိုတာကို ကျွန်တော် အသေအချာ ပြောရဲပါတယ်” ဟု ချယ်ဆီးနှင့်ပွဲအပြီးတွင် ရူနီက ပြောကြားခဲ့သည်။

    ဗန်ဂါးလ်ကမူ အသင်းမှာ လွန်ခဲ့သည့် ၄၈ နာရီက စတုတ်စီးတီးအသင်းအား ရှုံးနိမ့်သောပွဲထက် ပိုကောင်းလာသည်ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။ ထို့ပြင် မိမိအနေဖြင့် အသင်းမှ နှုတ်ထွက်သွားမည်မဟုတ်ဟုလည်း ဆိုသည်။

    Ref: Goal

  • လိင်ကျွန်ကိစ္စနှင့်ပတ်သက်၍ ဂျပန်နှင့် တောင်ကိုရီးယားတို့ သဘောတူညီချက်ရရှိ

    လိင်ကျွန်ကိစ္စနှင့်ပတ်သက်၍ ဂျပန်နှင့် တောင်ကိုရီးယားတို့ သဘောတူညီချက်ရရှိ

    ဒီဇင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    japa

    – ဂျပန်နှင့် တောင်ကိုရီးယားတို့မှာ စစ်အတွင်းက လိင်ကျွန်ကိစ္စများအပေါ် သမိုင်းဝင်သဘောတူညီချက်တစ်ခု ရရှိခဲ့ပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကမူ နှစ်နိုင်ငံဆက်ဆံရေးအတွက် ခေတ်သစ်တစ်ခုထူထောင်နိုင်ခဲ့ပြီဖြစ်ကြောင်း ချီးကျူးပြောဆိုလိုက်သည်။

    အဆိုပါ သဘောတူညီချက်မှာ ယမန်နေ့က ရရှိခဲ့ခြင်းဖြစ်ပြီး ဒုတိကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်က ဆောင်ရွက်သော ပြည့်တန်ဆာခန်းများတွင် အတင်းအဓမ္မလုပ်ကိုင်စေခဲ့သည့် ကိုးရီးယားအမျိုးသမီးများအတွက် ယန်းငွေ ၁ ဘီလီယံ
    (ကန်ဒေါ်လာ ၈.၇ သန်း) ကို ထောက်ပံ့သွားမည်ဖြစ်သည်။

    “ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ ခေတ်သစ်တစ်ခုကို ကြိုဆိုရတော့မှာပါ။ နှစ်နိုင်ငံစလုံးဟာ ဒီခေတ်သစ်ကို ဖွင့်လှစ်ဖို့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားပါလိမ့်မယ်” ဟု တောင်ကိုရီးယားသမ္မတ ပက်ဂျုံဟေးနှင့် ဖုန်းပြောဆိုပြီးနောက် အာဘေးက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယိုခီရှိဒါက ကလည်း “ဂျပန်စစ်တပ်က ပါဝင်မှုတွေရှိခဲ့တဲ့ ကိုးရီးယားဇိမ်မယ်များအရေးကိစ္စနဲ့ပက်သက်လို့ ဂျပန်အစိုးရအနေနဲ့ တာဝန်မကင်းဘူးလို့ ခံစားရပါတယ်” ဟု တောင်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီး ယွန်ဗြောင်ဆီနှင့် ထိုကိစ္စအတွက် ဆွေးနွေးမှုအပြီးတွင် ပြောကြားခဲ့သည်။

    ခီရှီဒါက ထပ်မံ၍ ၀န်ကြီးချုပ်အနေဖြင့် ကျူးလွန်ခံရသော အမျိုးသမီးများကို နှလုံးသားထဲက နက်နက်ရှိုင်းရှိုင်း တောင်းပန်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အာရှတစ်ခွင်မှ အမျိုးသမီးထောင်ပေါင်းများစွာ (အများစုမှာ ကိုးရီးယားအမျိုးသမီးများ) မှာ ဂျပန်စစ်သားများအား လိင်ကိစ္စဖျော်ဖြေရန် ရှေ့တန်းပြည့်တန်ဆာခန်းများသို့ ပို့ဆောင်ခံခဲ့ရသည်။ တောင်ကိုးရီးယားတွင် လိင်ကျွန်များဖြစ်ခံခဲ့ရပြီး ခုချိန်ထိ အသက်ရှင်ကျန်သူ ၄၆ ယောက်သည် အသက် ၈၀ ကျော် ၉၀ နီးပါးခန့် ရှိနေပြီဖြစ်သည်။

    Ref: Al jazeera

  • မြန်မာနိုင်ငံ၏ ကျောက်စိမ်းလုပ်ငန်းက ဘာ့ကြောင့် မရဏတံခါးဝ ဖြစ်နေတာလဲ

    မြန်မာနိုင်ငံ၏ ကျောက်စိမ်းလုပ်ငန်းက ဘာ့ကြောင့် မရဏတံခါးဝ ဖြစ်နေတာလဲ

    ဒီဇင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    hpa kant
    ဖားကန့်ရှိ ကျောက်စိမ်းတူးဖော်မှုမှ မြင်ကွင်းတစ်ခု

    – ဘ၀ကံကြမ္မာကို ပြောင်းလဲနိုင်မည့် ကျောက်စိမ်းတုံးလေးများ တွေ့လိုတွေ့ညား ရှာဖွေရင်းဖြင့် မြန်မာနိုင်ငံမှ ပြည်သူများမှာ အသုံးမတည့်သည့် မြေစာပုံများအကြားတွင် အသက်ပျောက်ကြရသည်။

    နိုဝင်ဘာ ၂၁ ရက်နေ့က မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွင် မြေစာပုံပြိုကြမှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည်။ နောက်တစ်နေ့မနက်တွင်တော့ မြေစာပုံများအောက်မှ အလောင်းပေါင်းများစွာ ဆွဲထုတ်ခဲ့ရလေသည်။

    ဒီဇင်ဘာ ၂၆ ရက်နေ့တွင်လည်း ထိုဒေသ၌ပင် မြေစာပုံပြိုကျမှုကြောင့် ဒါဇင်နှင့်ချီသော လူများ သေဆုံးမည့် အန္တရာယ် ရှိနေလေသည်။ ရုတ်တစ်ရတ်ဖြစ်ပွားသော အဆိုပါ ဖြစ်ရပ်ဆိုးကြီးများက မြန်မာနိုင်ငံရှိ ကြောက်စရာကောင်းပြီး ခြစားမှုပြည့်နေသည့် ကျောက်စိမ်းလုပ်ငန်းအား ကမ္ဘာတစ်ဝှမ်းမှ စိတ်ဝင်စားမှုကို မြင့်တက်စေခဲ့သည်။

    မြန်မာနိုင်ငံရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများမှာ အာရှတစ်ဝှမ်းလုံးတွင် စိတ်ပျက်စရာအကောင်းဆုံး နေရာများထဲမှ တစ်ခုဖြစ်လေသည်။ ထိုဒေသများတွင် သေခြင်းတရား မင်းမူနေပြီး၊ ဥပဒေမဲ့မှုက မြင်မကောင်းအောင်ဖြစ်နေသည်။ ထိုအကြောင်းကြောင့်ပင် အစိုးရက ပြင်ပမှလူများကို ထိုနေရာသို့ လာရောက်ကြည့်ရှုခွင့် ပိတ်ပင်ထားခြင်းဖြစ်သည်။

    မြေစာပုံပြိုကျမှုများက ကချင်ပြည်နယ်မှ ဖုန်ထူပြီး သီးသန့်ဖြစ်နေသော ဖားကန့်မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တစ်ချိန်က စိမ်းစိုခဲ့သော တောင်တန်းများမှာ ယနေ့တွင်တော့ အ၀ိစိချောက်နက်ကြီး ဖြစ်နေလေသည်။ အကျယ်က ဘောလုံးကွင်းကြီးများလောက် ရှိနေပြီး လကမ္ဘာမှ ချိုင့်ခွက်ကြီးများနှင့် တူနေသည်။ ကျောက်စိမ်းအတိုအစကလေးများ ရရှိမလားဟူသော မျှော်လင့်ချက်ဖြင့် ထိုတွင်းနက်ကြီးများသို့ ဆင်းရှာကြသူများလည်း နေ့စဉ် ရှိကြလေသည်။

    ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို စစ်တပ်မှ ထိပ်သီးပုဂ္ဂိုလ်များ၊ ၎င်းတို့နှင့် ပတ်သက်သက်သူများက လွှမ်းမိုးချုပ်ကိုင်ထားကြပြီး ၎င်းတို့၏ ကုမ္ပဏီများက ကျောက်စိမ်းများကို ဧရာမစက်ကြီးများသုံးကာ တူးဖော် ထုတ်ယူနေကြသည်။

    ကျောက်စိမ်းလုပ်ငန်းမှရရှိသည့် အကျိုးအမြတ်က ကြောက်စရာပင်ဖြစ်၏။ ၂၀၁၄ ခုနှစ် တစ်နှစ်တည်းတွင်ပင် အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံရရှိခဲ့သည်ဟု အကျိုးအမြတ်မယူသည့် Global Witness အဖွဲ့၏ စုံစမ်းဖော်ထုတ်မှုများအရ သိရသည်။ ထိုအဖွဲ့က ဖားကန့်ကို “စိတ်ဆင်းရဲစရာ စွန့်ပစ်မြေ” ဟု ကင်ပွန်းတပ်ခဲ့သည်။

    ကျောက်စိမ်းမှာ မြန်မာနိုင်ငံအတွက် သဘာဝကပေးသော ဆုလာဘ်ဖြစ်သော်လည်း လူတစ်စုက မဟားဒယား အကျိုးခံစားနေသည်။ မဖြစ်စလောက်သော ပမာဏကသာ တိုင်းပြည်ရှိ ပျက်ဆီးယိုယွင်းနေသော လမ်းများ၊ ဆေးရုံများနှင့် ကျောင်းများအား ပြင်ဆင်မှုဘက်သို့ ရောက်ရှိလေသည်။ အ၀တ်တစ်ထည်ကိုယ်တစ်ခုဖြင့် ခြေညှပ်ဖိနပ်စီးကာ ကျောက်တွင်းတူးရသည့် အလုပ်သမားများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အသုံးပြုမှုမှာ မရှိသလောက်ပင်ရှား၏။

    စစ်တပ်နှင့် ဆက်နွယ်နေသည့် ကုမ္ပဏီများက ကျောက်စိမ်းမှရရှိသော အကျိုးအမြတ်များကို အငမ်းမရဖြစ်နေချိန်တွင် ထိုစီးပွားရေးက ဘ၀မျှော်လင့်ချက်ကင်းမဲ့နေသည့် အမျိုးသားနှင့် အမျိုးသမီးများကို ကျောက်စိမ်းတွင်း၏ အနားသို့ ရောက်ရှိအောင် ဆွဲခေါ်နေလသည်။ ၎င်းတို့မှာ စက်ကြီးများနှင့် တူးဖော်ပြီး ကျန်ခဲ့သော မြေများတွင် တစ်နိုင်တစ်ပိုင် ကျောက်စိမ်းလိုက်ရှာသူများ ဖြစ်သည်။

    မြေစာပုံပြိုကျမှုဒဏ်ကို ခံရသူများတွင် အများစုမှာလည်း ၎င်းတို့ပင်ဖြစ်သည်။ ထိုကဲ့သို့ ကျောက်စိမ်းရှာဖွေမှုမှာ တရားမ၀င်။ ကျောက်စိမ်းတူဖော်မည့်မြေနေရာနှင့် တူးဆွပြီနောက် ကျန်ခဲ့သော မြေစာပုံများအား ပိုင်ဆိုင်ခွင့်မှာ စစ်တပ်က ကျောထောက်နောက်ခံပေးထားသည့် ကုမ္ပဏီများတွင်ပင် ရှိသည်။ သို့သော်လည်း ပြည်သူအများစုက တစ်နေ့လျှင် ကန် ၂ ဒေါ်လာအောက်ဖြင့်သာ အသက်ရှင်နေထိုင်ရသည့် မြန်မာနိုင်ငံတွင် ကျောက်စိမ်းကုမ္ပဏီများက မတွေ့၍ ကျန်ခဲ့သော ကျောက်စိမ်းတုံးလေးများကို လိုက်ရှာရန်အတွက် မြေစာပုံပြိုကျမှု၊ လုံခြုံရေးအစောင့်များ၏ ရိုက်နှက်မှု စသည့်အန္တရာယ်များကို အရဲစွန့်ရင်ဆိုင်ခြင်းမှာ ထိုက်တန်သည်ဟု အချို့က ယုံကြည်နေကြလေသည်။

    “ခင်ဗျားကို မီလီယံနာဖြစ်စေနိုင်တဲ့ ကျောက်တုံးလား၊ ဘာမှအဖိုးမတန်တဲ့ ကျောက်တုံးလားဆိုတာ အပြင်ကနေကြည့်ရင် ခွဲခြားမသိနိုင်ဘူးလေ” ဟု ကျောက်တူးသမားတစ်ဦးဖြစ်သူ မျိုးအောင်က GlobalPost သို့ ၂၀၁၃ ခုနှစ်တွင် ပြောကြားခဲ့သည်။

    “အဲဒီကျောက်တုံးကို စုတ်ပျက်နေတဲ့ ကောင်မလေးတစ်ယောက်လို သဘောထားကြည့်ပေါ့ဗျာ။ သူက ရေလည်းမချိုးဘူး၊ အလှလည်းမပြင်ဘူး။ တကယ်လို့ ကိုယ်ထူကိုယ်ထ ကျောက်တူးသမားတစ်ယောက်ဟာ အဲလိုကျောက်တုံးမျိုးကို အရောင်တင်ပြီး သွားရောင်းနိုင်တယ်လေ” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့ပြီး ၀င်ငွေမှာ ဘ၀တစ်ခုလုံး ပြောင်းလဲသွားနိုင်သည်ဟု ဆိုသည်။

    ကန်ဒေါ်လာ ၃ သောင်းနှင့်အထက် တန်ကြေးရှိမည့် ကျောက်စိမ်းတုံးလေးများ တွေ့မလားဟူသော ထိုမျှော်လင့်ချက်က ကျောက်စိမ်းတွင်း၏ ဆင်ခြေဖုံးဒေသများသို့ ကိုယ်ထူကိုယ်ထ ကျောက်တူးသမားများကို ရောက်ရှိစေခဲ့သည်။ ထိုသူများက ၎င်းတို့ အဓိကရှာဖွေမည့်နေရာများနှင့် မလှမ်းမကမ်းတွင် တဲများထိုးကာ နေထိုင်ကြသည်။

    စခန်းငယ်လေးပုံစံမျိုးဖြစ်နေသည့် ၎င်းတို့၏တဲများက ပေ ၅၀၀၀ မြင့်သည့် မြေစာပုံကြီး၏ အရိပ်အောက်တွင် ရှိနေလေသည်။ ပြီးခဲ့သည့်စနေနေ့ အာရုဏ်တက်ချိန် ထိုမြေစာပုံကြီး ပြိုကျသည့်အချိန်တွင်တော့ ၎င်းတို့အားလုံးလည်း နစ်မြုပ်ကုန်ကြလေသည်။ ကျောက်တူးသမားအများစုမှာ အိပ်နေရင်းပင် သေဆုံးသွားခဲ့ကြသည်။

    အဆိုပါ စခန်းချရာနေရာများက ဆင်းရဲသားများ နေထိုင်သည့် ရပ်ကွက်ကဲ့သို့ဖြစ်သည်ဟု Reuters မှ ဆက်သွယ်မေးမြန်းခဲ့သည့် ဒေသခံ ကျောက်တူးသမားတစ်ဦးက ပြောလေသည်။ နိုင်ငံတော်ပိုင် သတင်းစာကတော့ အဆိုပါ ကျောက်တူးသမားများကို ယခင်က နေရာရွှေ့ပြောင်းရန် သတိပေးပြီးဖြစ်သည်ဟု ဆိုသည်။

    ဖားကန့်ဒေသအား နိုင်ငံခြားသားအားလုံးနီးပါး မ၀င်ရသည့် နယ်မြေအဖြစ် စစ်တပ်က သတ်မှတ်ထားသောကြောင့် အချက်အလက်အသေးစိတ်ကို ရရှိရန်မှာ ခက်ခဲလေသည်။ (ချွင်းချက်တစ်ခုက ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းဝယ်လာဘ်ဖြစ်သည့် တရုတ်နိုင်ငံမှ အ၀ယ်တော်များကတော့ တံခါးမရှိ ဓားမရှိ ၀င်ရောက်ခွင့်ရလေသည်။)

    အဆိုပါဘေးအန္တရာယ်များက လူ့အသက်ကို ဂရုမစိုက်သော ထိုလုပ်ငန်းများကို စစ်တပ်က ဆက်လက်လွှမ်းမိုးထားသည်ဟု သတိပေးနေခြင်းပင်ဖြစ်သည်။

    မြန်မာစစ်တပ်၏ ဘဏ္ဍာရေးစက်ကွင်းက ကျောက်စိမ်းလုပ်ငန်း၌ပင် ရှိနေသည်မဟုတ်။ GlobalPost မှ စုံစမ်းခဲ့ပြီး Asia’s Meth Wars အမည်ဖြင့် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် အာရှ၏ ဒေါ်လာဘီလီယံနှင့်ချီသော စိတ်ကြွဆေး ကုန်သွယ်မှုတွင် အဓိကနေရာမှ ပါဝင်နေသော စစ်တပ်နှင့် ပြည်သူစစ်များအကြား ဆက်နွယ်မှုကို ဖော်ပြထားလေသည်။

    ၎င်းတို့၏ အဓိကထွက်ကုန်ဖြစ်သော စိတ်ကြွဆေးပြားများမှာ လက်နက်ကိုင်အုပ်စုများရှိရာ တောင်တန်းဒေသများတွင် ပြန့်နှံ့နေသည်။ ကျောက်စိမ်းတူးဖော်သည့် ဒေသများတွင်လည်း ထိုစိတ်ကြွဆေးနှင့် ဘိန်းဖြူတို့က တရားဝင်ပုံစံ ဖြစ်နေပြီး ရဲတပ်ဖွဲ့ကလည်း လစ်လျူရှုထားသည်။

    ကျောက်စိမ်းထွက်ရာဒေသနှင့် စိတ်ကြွဆေးထွက်ရှိရာ ဒေသများသို့ ဦးတည်နေသောလမ်းများတွက် စစ်တပ် စစ်ဆေးရေးစခန်းများစွာ ရှိနေခြင်းကလည်း အကြောင်းရှိသည်။

    တစ်ကမ္ဘာလုံးက မြန်မာနိုင်ငံမှာ ဆိုးရွားသော စစ်အာဏာရှင်စနစ်မှာ ပိုမိုလွတ်လပ်သော ဒီမိုကရေစီနိုင်ငံသို့ ပြောင်းလဲတော့မည်ဟု ယူဆနေချိန်တွင် စစ်တပ်က ၎င်းတို့နှင့် ဆက်နွယ်နေသူ လုပ်ငန်းရှင်ကြီးများ ဂုပ်သွေးစုပ် အမြတ်ထုတ်နေကြသော နေရာများအား ပြင်ပမှလူများ ကြည့်ရှုခြင်းကို တားဆီးချင်သောကြောင့်ပင် ဖြစ်လေသည်။

    (USA Today မှ ဖော်ပြသည့် Why Myanmar’s massive jade industry is so deadly ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • အစ္စလာမ်ကမ္ဘာရှိ ပြဿနာများကို ဖြေရှင်းရန် မွတ်စလင်များ ညီညွတ်ရမည်ဟု အီရန်သမ္မတပြော

    အစ္စလာမ်ကမ္ဘာရှိ ပြဿနာများကို ဖြေရှင်းရန် မွတ်စလင်များ ညီညွတ်ရမည်ဟု အီရန်သမ္မတပြော

    ဒီဇင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    iran

    – အစ္စလာမ်ကမ္ဘာမှာ လက်ရှိအချိန်တွင် အရေးပါသည့် အချိုးအကွေ့သို့ ရောက်ရှိနေပြီး မွတ်စလင်နိုင်ငံများအနေဖြင့် ရန်သူများ၏ လှည့်ကွက်များအား တန်ပြန်တိုက်ဖျက်ရေးအတွက် စည်းလုံးညီညွတ်မှုကို တည်ဆောက်ရန် အီရန်သမ္မတ ဟာဆန် ရူဟာနီက တိုက်တွန်းပြောကြားလိုက်သည်။

    ယမန်နေ့က တီဟီရန်တွင်ပြုလုပ်သည့် ၂၉ ကြိမ်မြောက် အစ္စလာမ့်ညီညွတ်ရေးညီလာခံ၌ ပြောကြားသော မိန့်ခွန်းတွင် ထိုကဲ့သို့ သတိပေး တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး အစ္စလာမ်သာသနာအား အကြမ်းဖက်သာသနာအဖြစ် ပုံဖော်ရန်အတွက် နိုင်ငံကြီးများမှာ အကောင်းဆုံး လုပ်ဆောင်နေကြသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် အစ္စလာမ်အား ပုံဖျက်ရန် ရည်ရွယ်သော ကြိုးပမ်းမှုများအားလုံးကို ရှောင်ရှားရန်အတွက် မွတ်စလင်များမှာ လိုအပ်သော ဆောင်ရွက်မှုများကို ပြုလုပ်ရမည်ဟုလည်း အီရန်သမ္မတက တိုက်တွန်းပြောကြားခဲ့သည်။ ထိုလှည့်ကွက်များအား ရင်ဆိုင်ရာတွင် “မွတ်စလင်များမှာ စုစည်းညီညွတ်စွာ လက်တွဲ၍ မှန်ကန်သည့်လမ်းကြောင်းကို ရွေးချယ်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိ” ဟု လည်း ထည့်သွင်းပြောဆိုခဲ့သည်။

    လက်ရှိဖြစ်ပွားနေသော တိုက်ခိုက်မှုများ၊ အကြမ်းဖက်လုပ်ရပ်များနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများမှာ မြောက်အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အနောက်အာရှတို့ဖြစ်သော မွတ်စလင်ကမ္ဘာတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး ထိုလုပ်ရပ်များကို မဖြစ်မနေ ရပ်တန့်ရမည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    IS အကြမ်းဖက်အဖွဲ့၏ လူသစ်များ စုဆောင်းနိုင်ခြင်းမှာ ယဉ်ကျေးမှုနှင့် စီးပွားရေး နုံချာနိမ့်ကျမှုကြောင့်ဖြစ်သည်ဟု ရူဟာနီက ဆိုပြီး မိမိတို့လူ့အဖွဲ့အစည်းအတွင်း ထိုကဲ့သို့ နုံချာနိမ့်ကျမှုကို အမြစ်ဖြတ် ဖယ်ရှားသွားရမည်ဟုလည်း ပြောကြားခဲ့သည်။

    အကြမ်းဖက်ဝါဒအား တိုက်ဖျက်ရေးနှင့်ပတ်သက်၍လည်း ၎င်းက ဗုံးများ၊ စစ်လက်နက်ပစ္စည်းများက ထိုဝါဒကို တိုက်ဖျက်နိုင်ခြင်းမရှိဟုဆိုသည်။ မွတ်စလင်နိုင်ငံများ၏ အဓိကတာဝန်မှာ ကမ္ဘာ့မျက်နှာစာတွင် အစ္စလာမ်၏ ပုံရိပ်ကို ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်ရန်ဖြစ်သည်ဟုလည်း ရူဟာနီက မီးမောင်းထိုးပြခဲ့သည်။

    ထို့ပြင် မိမိတို့နိုင်ငံနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများကြား ရှိခဲ့သည့် ပြဿနာတစ်ခုကို အသိဥာဏ်ပညာနှင့် ဆွေးနွေးညှိနှိုင်းမှုတို့မှတစ်ဆင့် အီရန်က ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “အရှုပ်ထွေးဆုံး နိုင်ငံတကာနိုင်ငံရေးပြဿနာကို ဆွေးနွေးပွဲမှာ ပါဝင်သူအားလုံး၊ ဒေသတွင်းနဲ့ ကမ္ဘာကြီးအတွက် အကျိုးမယုတ်စေတဲ့ အဖြေတစ်ခုရအောင် ကျွန်တော်တို့ စီမံဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု အီရန်နျူအရေးပြဿနာ ဆွေးနွေးမှုကို ရည်ညွှန်း၍ ရူဟာနီက ထပ်လောင်းပြောကြားခဲ့သည်။

    ၂၉ ကြိမ်မြောက် အစ္စလာမ့်ညီညွတ်ရေးညီလာခံသို့ နိုင်ငံပေါင်း ၇၀ မှ ထင်ရှားသည့် ဘာသာရေးခေါင်းဆောင်များ၊ ၀န်ကြီးများနှင့် ပညာရှင်များစွာ တက်ရောက်ခဲ့ကြသည်။ မွတ်စလင်ကမ္ဘာတွင် ဖြစ်ပေါ်နေသည့် ကိစ္စရပ်များကို အဓိကထားဆွေးနွေးမည့် အဆိုပါ ညီလာခံမှာ အင်္ဂါနေ့တွင် ပြီးဆုံးမည်ဖြစ်သည်။

    Ref: PressTV

  • ရာမာဒီမြို့ IS လက်မှ လုံးဝ လွတ်မြောက်ပြီဟု အီရတ်ကြေငြာ

    ရာမာဒီမြို့ IS လက်မှ လုံးဝ လွတ်မြောက်ပြီဟု အီရတ်ကြေငြာ

    ဒီဇင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    iraq

    – တစ်ပတ်ကျော်ကြာ အပြင်းအထန်ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက် အီရတ်နိုင်ငံအနောက်ပိုင်းရှိ IS အကြမ်းဖက်အဖွဲ့ သိမ်းပိုက်ထားရာ ရာမာဒီမြို့မှာ လုံးဝ လွတ်မြောက်သွားခဲ့ပြီဟု အီရတ်စစ်တပ်က ယနေ့နေ့လည်ပိုင်းတွင် ကြေငြာခဲ့သည်။

    ယမန်နေ့မနက် စောစောပိုင်းကတည်းက အစိုးရတပ်များမှာ မြို့တွင်းရှိ IS ၏ နောက်ဆုံးခံတပ်ဖြစ်သော အစိုးရအဆောက်အအုံအား ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု အီရတ် အကြမ်းဖက်တိုက်ဖျက်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆာဘာဟ် အလ်-နူမန်က ပြောကြားခဲ့သည်။ ယခုအခါ အဆိုပါအဆောက်အဦးတွင် အီရတ်အလံကို လွှင့်ထူထားနိုင်ပြီဖြစ်သည်။

    ရာမာဒီမှာ မဟာဗျူကျသည့် မြို့တစ်ခုဖြစ်ပြီး ယခုနှစ်အစောပိုင်းတွင် IS မှ သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ အီရတ်စစ်တပ်မှာ နောက်ပိုင်းတွင် ထိုးစစ်ဆင်မှုများ တောက်လျှောက်ပြုလုပ်ခဲ့သော်လည်း မြို့၏ အစိတ်အပိုင်းအချို့ကိုသာ ပြန်လည်ရရှိခဲ့ပြီး ယခုမှ တစ်မြို့လုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

    Ref: PressTV