News @ M-Media

Author: Ko Lay

  • ထိုင်းရောက် မြန်မာများ၏ မျှော်လင့်ချက်ဖြစ်လာမည့် ရွေးကောက်ပွဲ အလွန် အစိုးရသစ်

    ထိုင်းရောက် မြန်မာများ၏ မျှော်လင့်ချက်ဖြစ်လာမည့် ရွေးကောက်ပွဲ အလွန် အစိုးရသစ်

    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    thai
    မဲဆောက်ရှိ ဆေးရုံတစ်ရုံတွင် ကလေးငယ်အား ပြသနေသည့် မြန်မာနိုင်ငံသူတစ်ဦး

    – ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သော မြန်မာ့ရွေးကောက်ပွဲရလဒ်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အားကောင်းလာခဲ့ပြီးနောက် အစိုးရသစ်ဖွဲ့စည်းမှုကို ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခသည်များက အနီးကပ်စောင့်ကြည့်နေကြသည်။

    အစိုးရသစ်က ၎င်းတို့ဘ၀ တိုးတက်ရန်အတွက် လိုအပ်ချက်ကို ထောက်ပံ့ပေးမည်ဟူသာ အကောင်းမြင်မှုများလည်း ရွှေ့ပြောင်းလုပ်သားများတွင် ရှိနေသည်ဟု ၎င်းတို့အား ကိုယ်စားပြုသူများက ဆိုသည်။

    ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခသည် ၂ သန်းကျော်မှ အနည်းငယ်သာ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရခဲ့သည်။

    မျှော်လင့်ချက်များ

    သို့သော်လည်း မဲရေတွက်မှုတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက သိသိသာသာ ဦးဆောင်လာနိုင်သည့် အချိန်တွင် ၎င်းတို့အများစု၏ မျှော်လင့်ချက်က ဖြစ်နိုင်ချေရှိသော ပြောင်းလဲမှုအပေါ်သို့ ရွှေ့လာခဲ့သည်။

    ထိုင်းနိုင်ငံတောင်ပိုင်း Phang Na ပြည်နယ်ရှိ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ စီစဉ်ညွှန်ကြားသူ ကိုမင်းဦးက ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအများစုမှာ အစိုးရသစ် ဖွဲ့စည်းခြင်းကို စောင့်ကြည့်နေကြသည်ဟု ဆိုသည်။ ထိုအဖွဲ့မှာ ထိုင်းနိုင်ငံရှိ ငါးဖမ်းလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းများတွင် လုပ်ကိုင်နေသာ မြန်မာရွှေ့ပြောင်းလုပ်သားများကို ကူညီနေသည့် အဖွဲ့လည်းဖြစ်သည်။

    “အခုအချိန် သူတို့မှာရှိနေတဲ့ ခံစားချက်က အစိုးရသစ်ကို မြင်ချင်တယ်။ NLD ကိုလည်း နိုင်စေချင်တယ်။ ဒါပေမယ့် အလုပ်သမားတွေအတွက် အနာဂတ်အစီအစဉ်က အစိုးရသစ်ဟာ သူတို့ကို ဘယ်လိုထောက်ပံ့မလဲဆိုတာပါပဲ။ ဒါကလည်း သူတို့ စဉ်းစားရမယ့်အရာတွေပါ” ဟု မင်းဦးက ပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ တိုင်းရင်းသားများ၏ ခိုကိုးရာနေရာလည်း ဖြစ်သည်။

    အနောက်မြောက်ပိုင်းရှိ မဲဆောက်မြို့တွင် ကရင်တိုင်းရင်းသူ ဆရာဝန် ဒေါက်တာ စင်သီယာမောင်မှာ တစ်နှစ်လျှင် လူနာ ၁၃၀၀၀၀ ကျော် လာရောက်ကြသည့် ဆေးခန်းတစ်ခုကို ကြီးကြပ်နေသည်။ သူမက မြန်မာနိုင်ငံရှိ နိုင်ငံရေး အတွန့်အခေါက် ပြေလာခြင်းကို အနီးကပ်စောင့်ကြည့်ရန် လိုအပ်သည်ဟု ဆိုသည်။

    “ရွေးကောက်ပွဲပြီး နောက်ပိုင်းအခြေအနေကို လနည်းငယ်ကြာတဲ့အထိ ဆက်လက်စောင့်ကြည့်ရပါလိ့မ်မယ်။ သုံးလေးလလောက်ပေါ့။ ဘာ့ကြောင့်လည်းဆိုတော့ စစ်တပ်နဲ့ အရပ်သားတွေရဲ့ ဆက်ဆံရေး ဒါမှမဟုတ် အစိုးရသစ်နဲ့ စစ်တပ်ဆက်ဆံရေးတို့ကြောင့်ပါပဲ။ ပြီးတော့ ပြည်တွင်းအပစ်ရပ်ရေး သဘောတူညီချက်ကို အစိုးရသစ်က ဆောင်ရွက်မှုလည်း ပါပါတယ်။ ဒီကိစ္စတွေအားလုံးဟာ ကျွန်မတို့ အနီးကပ်စောင့်ကြည့်ရမယ့် ကိစ္စတွေပါ” ဟု သူမက ပြောကြားခဲ့လေသည်။

    ကျန်းမာရေး ပြုပြင်ပြောင်းလဲမှု

    အစိုးရသစ်က ကျန်းမာရေးပြုပြင်ပြောင်းလဲမှုများနှင့် ဆေးဘက်ဆိုင်ရာ အခြေခံဆောက်အဦးများအတွက် ဦးဆောင်လမ်းဖွင့်ပေးမည်ဟု သူမက မျှော်လင့်နေပြီး သို့မှသာ ပြည်သူများက ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဆေးကုသရန် လိုတော့မည်မဟုတ်ဟု ဆိုသည်။

    အချို့ကတော့ ၁၉၉၀ ရွေးကောက်ပွဲတွင် NLD က တောင်ပြိုကမ်းပြိုနိုင်ခဲ့ပြီး စစ်တပ်က ရလဒ်ကို လက်မခံခဲ့သည့် ကိစ္စကို ထောက်ပြကြသည်။ မင်းဦးကတော့ ယခုအချိန်အထိ သံသယရှိနေသည်။

    “NLD နိုင်မယ်လို့ ကျွန်တော်တို့ အခု အတည်ပြုနိုင်ပေမယ့်လည်း စစ်တပ်က အာဏာလွှဲပေးဖို့ ဆန္ဒမရှိဘူးလို့ ကျွန်တော်ကတော့ သံသယရှိနေတုန်းပါပဲ”

    NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့တွင် အမျိုးသားရင်ကြားစေ့ရေးအတွက် လက်ရှိခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်မန္တက ပြုခဲ့သည်။ NLD ၏ အောင်နိုင်မှုကို ပို၍ သေချာစေရန်လည်း ဖြစ်လေသည်။

    VOA မှ Myanmar Migrant Workers in Thailand Hopeful, Wary After Election ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုသည်။

  • အင်္ဂလန်သို့ ပြန်လာချင်သည်ဟု အန်ဆယ်လော့တီပြော

    အင်္ဂလန်သို့ ပြန်လာချင်သည်ဟု အန်ဆယ်လော့တီပြော

    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    real

    – မိမိအနေဖြင့် အင်္ဂလန်သို့ ပြန်လည်လာရောက်၍ နည်းပြချင်သည်ဟု ရီးယဲနည်းပြဟောင်း အန်ဆယ်လော့တီက ပြောကြားလိုက်ပြီး အောက်တိုဘာလက လီဗာပူးလ်အသင်းနှင့် ဆွေးနွေးမှုများ ရှိခဲ့သည်ဆိုသော သတင်းကိုမူ ငြင်းဆိုခဲ့သည်။

    ချယ်ဆီးနည်းပြဟောင်း ဖြစ်ခဲ့ပြီး ၂၀၁၄-၁၅ ဘောလုံးရာသီအကုန်တွင် ရီးယဲလ်မှ အထုတ်ခံခဲ့ရသည့် အန်ဆယ်လော့တီမှာ လက်ရှိတွင် အသင်းလက်မဲ့ဖြစ်နေသည်။ ၎င်းအား အသင်းဟောင်း အေစီမီလန်က ကမ်းလှမ်းခဲ့ဖူးပြီး၊ လီဗာပူးလ်သို့ နည်းယာဂန်ကလော့ပ် မရောက်လာခင် ၎င်းအား ဆက်သွယ်ခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

    “ကျွန်တော် အင်္ဂလန်ကို ပြန်လာချင်ပါတယ်။ အဲဒီက ဘောလုံးလောကကို ကျွန်တော်ကြိုက်တယ်။ လန်ဒန်မှာလည်း ကျွန်တော့်အိမ်တစ်လုံး ရှိပါတယ်။ အင်္ဂလန်နဲ့ဥရောပမှာ ပြိုင်ဆိုင်နိုင်တဲ့ အသင်းမျိုးကို ကျွန်တော် နည်းပြချင်ပါတယ်။ လီဗာပူးလ်က အသင်းကောင်းတစ်သင်းဖြစ်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် သူတို့နဲ့တော့ ကျွန်တော် စကားမပြောခဲ့ပါဘူး။ တကယ်လို့ ပြောဖြစ်ခဲ့မယ်ဆိုရင်လည်း ခေါင်းညိတ်မိမှာပါပဲ။ ဒါပေမယ့် ပြောကို မပြောဖြစ်ခဲ့တာပါ” ဟု အန်ဆယ်လော့တီက ပြောကြားခဲ့သည်။

    Ref: Goal

  • မိုဒီ၏ ဗြိတိန်ခရီးစဉ်တွင် ဘီလီယံချီတန်ဖိုးရှိ သဘောတူစာချုပ်များ လက်မှတ်ထိုးမည်

    မိုဒီ၏ ဗြိတိန်ခရီးစဉ်တွင် ဘီလီယံချီတန်ဖိုးရှိ သဘောတူစာချုပ်များ လက်မှတ်ထိုးမည်

    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    india

    – အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီ၏ ယနေ့တွင်စတင်မည့် ဗြိတိန်သို့ ၃ ရက်တာ အလည်အပတ်ခရီးတွင် အိန္ဒိယစစ်တပ်အတွက် BAE Systems Hawk လေ့ကျင့်ရေး ဂျက်လေယာဉ်များ ၀ယ်ယူခြင်းအပါဝင် ကန်ဒေါ်လာ ဘီလီယံနှင့်ချီသည့် သဘောတူညီချက်များကို လက်မှတ်ရေးထိုးရန် ရှိနေသည်ဟု သိရသည်။

    မိုဒီ၏ ထိုခရီးစဉ်မှာ ၁၀ နှစ်နီးပါးကာလအတွင်း အိန္ဒိယ၀န်ကြီးချုပ်တစ်ဦး၏ ပထမဆုံး ခရီးစဉ်ဖြစ်ပြီး ဗြိတိန်လွှတ်တော်တွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကာ ဘုရင်မကြီးနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်သည်။ ဂူဂျာရတ်ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် မိုဒီတာဝန်ယူစဉ် ၂၀၀၂ ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး လူ ၁၀၀၀ ကျော် သေဆုံးခဲ့သည့် မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုအတွက် လွန်ခဲ့သည့် ၃ နှစ်အထိ မိုဒီမှာ ဗြိတိန်သို့ လာရောက်ခွင့် ပိတ်ပင်ခံထားရသူဖြစ်သည်။

    အိန္ဒိယမှာ ကမ္ဘာပေါ်တွင် န၀မမြောက် စီးပွားရေး အကြီးဆုံး နိုင်ငံဖြစ်ပြီး ဗြိတိန်မှာမူ ပဉ္စမမြောက် စီးပွားရေးအကြီးဆုံး နိုင်ငံဖြစ်သည်။ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးပြဿနာပြီးနောက်ပိုင်း ဗြိတိန်၏ စီးပွားရေး ကျဆင်းမှုအား တွန်းလှန်ရန်အတွက် ဗြိတိန်အစိုးရမှာ နိုင်ငံရပ်ခြားနှင့် ကုန်သွယ်ရေးကို တိုးမြှင့်ရန် ကြိုးစားနေသည်။

    ဗြိတိဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကလည်း ယခုနှစ်တွင် အိန္ဒိယနှင့် ကုန်သွယ်ရေးအား ၂ ဆတိုးမည်ဟု ၂၀၁၀ ခုနှစ်က ကတိပြုထားသည်။ ထို့ပြင် အိန္ဒိယသို့ ၃ ကြိမ်တိုင်တိုင် သွားရောက်ခဲ့သည်။

    Ref: Channelnewsasia

  • အပြောကြီးသည့်ပြိုင်ဘက်အား အလဲထိုးမည့် ကမ္ဘာ့ဟဲဗီးဝိတ်ချိန်ပီယံ

    အပြောကြီးသည့်ပြိုင်ဘက်အား အလဲထိုးမည့် ကမ္ဘာ့ဟဲဗီးဝိတ်ချိန်ပီယံ

    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    bos
    ကလစ်ရှ်ကို (၀ဲ) နှင့် ဖျူရီ (ယာ)

    – မိမိအနေဖြင့် တိုင်ဆန်ဖျူရီအား အလဲထိုးသွားမည်ဖြစ်ပြီး ဖျူရီကို ဒေးဗစ်ဟေးနှင့် အန်သိုနီ ဂျိုရှူဝါတို့ပင် အလဲထိုးနိုင်သည်ဟု ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ၀လာဒီမီရ် ကလစ်ရှ်ကိုက ပြောကြားလိုက်သည်။

    ယူကရိန်းလက်ဝှေ့ကျော် ကလစ်ရှ်ကိုနှင့် စိန်ခေါ်သူ ဗြိတိန်လက်ဝှေ့သမား ဖျူရီတို့မှာ ယခုလ ၂၈ ရက်နေ့တွင် ဂျာမနီနိုင်ငံ ဒက်ဆဲလ်ဒေါ့ဖ်တွင် ထိုးသတ်မည်ဖြစ်သည်။ ၎င်းတို့နှစ်ဦး၏ ပွဲအတွက် စက်တင်ဘာလက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့စဉ် ဖျူရီမှာ ကလစ်ရှ်ကိုအား ရိသဲ့သဲ့စကားများ ပြောခဲ့ပြီး နောက်ပိုင်းတွင် ဆိုရှယ်မီဒီယာကပင် မခံချင်အောင် စကားနာ ထိုးခဲ့သည်။

    “ဒေးဗစ်ဟေးနဲ့ ဖျူရီ ထိုးဖြစ်ရင် ဒေးဗစ်ဟေးက အလဲထိုးနိုင်မှာပါ။ အန်သိုနီဂျိုရှူဝါကလည်း သူ့ကို အလဲထိုးနိုင်မှာပါ။ ဒက်ဆဲလ်ဒေါ့ဖ်မှာ ကျွန်တော်အလဲထိုးမယ့် ပွဲလိုမျိုးပေါ့” ဟု လစ်ရှ်ကိုက ပြောကြားခဲ့သည်။

    ဖျူရီ၏ စကားနာထိုးမှုနှင့် ပတ်သက်၍လည်း ၎င်းက “Twitter မှာ ကျွန်တော်သူ့ကို မတုန့်ပြန်ပါဘူး။ အချိန်ကုန်ပါတယ်။ ဒါပေမယ့် ကျွန်တော်နည်းနည်းတော့ ပြောချင်ပါတယ်။ သူက သူ့လို ၂၇ နှစ်အရွယ် လူငယ်တစ်ယောက်ဟာ (ကျွန်တော့်လို) လူအိုတစ်ယောက်ကို ဘယ်တော့မှ မရှုံးဘူးလို့ ပြောတယ်။ ဒါဆို ဘာ့ကြောင့် အသည်းအသန် လေ့ကျင့်နေရတာလဲ။ အပြောနဲ့အလုပ်က တစ်ခြားစီဖြစ်နေတယ်။ တစ်ခါတစ်လေကျရင် သူက ကျွန်တော့်ကို အားကျတယ်ပြောတယ်။ ဟော – နောက်ကျတော့ ကျွန်တော်ဟာ
    အသုံးမကျဘူးလို့ ပြောပြန်တယ်။ အဓိပ္ပါယ်ကို မရှိပါဘူး” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Dialymail

  • ဂျူးဘုရားကျောင်းနှင့် လူမည်းခရစ်ယာန်ဘုရားကျောင်းများကို ဗုံးခွဲကာ သတ်ဖြတ်ရန် ကြံစည်သူ လူဖြူအစွန်းရောက်များကို အမေရိကန်ဖမ်းဆီး

    ဂျူးဘုရားကျောင်းနှင့် လူမည်းခရစ်ယာန်ဘုရားကျောင်းများကို ဗုံးခွဲကာ သတ်ဖြတ်ရန် ကြံစည်သူ လူဖြူအစွန်းရောက်များကို အမေရိကန်ဖမ်းဆီး

    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    us

    – လူမျိုးရေးနှင့် အမုန်းတရားစစ်ပွဲစတင်ရန် အစိတ်အပိုင်းဖြစ် လူမည်းဘုရားကျောင်းများနှင့် ဂျူးဘုရားကျောင်းများအား ဗုံးခွဲတိုက်ခိုက်ရန် စီစဉ်နေသည်ဟူသော စွဲချက်ဖြင့် ဗာဂျီးနီးယားရှိ လူဖြူအစွန်းရောက် နှစ်ဦးအား ဖမ်းဆီးလိုက်သည်ဟု အမေရိကန် ဖဒရယ်အာဏာပိုင်များက ပြောကြားလိုက်သည်။

    ရောဘတ် ကာတစ် ဒွိုင်လီနှင့် ရော်နယ်လ် ဘီစတေ ချာနေး ၃ ဆို သူတို့ဖြစ်ပြီး ဗာဂျီးနီးယားရှိ အမျိုးသားများမှာ တရားမ၀င် လက်နက်ရောင်းချသူထံမှ လက်နက်များနှင့် ပေါက်ကွဲစေတက်သော ပစ္စည်းများကို ၀ယ်သွားသည်ဟူသော စက်တင်ဘာလတွင် ရရှိသည့် သတင်းအရ FBI က ဆောင်ရွက်သည့် တနင်္ဂနွေနေ့ စစ်ဆင်ရေးတွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

    ၎င်းတို့နှစ်ဦးမှာ ၎င်းတို့၏ အမုန်းစစ်ပွဲအတွက် လတ်ဝတ်ရတနာ အရောင်းဆိုင်နှင့် လက်နက်အရောင်းဆိုင်တို့ကဲ့သို့ စီးပွားရေးလုပ်ငန်းများကို ဓားပြတိုက်ရန် အစီအစဉ်ရှိထားသည်ဟု ဥပဒေထိန်းသိန်းရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

    ထို့ပြင် လက်နက်များကို စုဆောင်းခြင်းနှင့် စစ်ဘက်ဆိုင်ရာ လေ့ကျင့်သင်ကြားပေးမှုများ ဆောင်ရွက်ရန်လည်း ရှိနေပြီး လူမည်းဘုရားကျောင်းများနှင့် ဂျူးဘုရားကျောင်းများကို ဖောက်ခွဲခြင်း၊ ဘုရားကျောင်းသို့ လာရောက်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်းတို့ကို စီစဉ်နေခြင်း ဖြစ်သည်။

    ထို့ပြင် ချားလ်စ် ဒန်နီယဲလ် ဟဲလ်ဒါမန်ကိုလည်း အစွန်းရောက်ယုံကြည်ချက်များအတွက် ငွေဆိုင်တစ်ခုကို ဓားမြတိုက်ကာ ပိုင်ရှင်ကိုသတ်ဖြတ်ရန် အစီအစဉ်တွင် ဒွိုင်လီနှင့် ချာနေးတို့အား ကူညီရန် စွပ်စွဲချက်ဖြင့် ရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးခဲ့သည်။ ၎င်းတို့အား ဖမ်းဆီးရာတွင် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။

    Ref: CNN