News @ M-Media

Author: Ko Lay

  • အမေရိကန်တွင် ဆယ်ကျော်သက်အမျိုးသမီးတစ်ဦး ပလိပ်ရောဂါဖြစ်ပွား

    အမေရိကန်တွင် ဆယ်ကျော်သက်အမျိုးသမီးတစ်ဦး ပလိပ်ရောဂါဖြစ်ပွား

    အောက်တိုဘာ ၃၀၊ ၂၀၁၅
    M-Media

    pla
    ပလိပ်ရောဂါ၏ လက္ခဏာတစ်ခု

    – အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ်မှ ဆယ်ကျော်သက်အမျိုးသမီးတစ်ဦးမှာ အလွန်ဆိုးရွားသည့် ပလိပ်ရောဂါကြောင့် အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှု ခံယူနေရသည်ဟု အာာဏာပိုင်များက ပြောကြားလိုက်သည်။

    ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများကမူ သူမမှာ ယခုလအစောပိုင်းက သွားရောက်ခဲ့သည့် အမဲလိုက်ခရီးစဉ်တစ်ခုတွင် ပလိပ်ရောဂါရှိနေသော ပိုးကောင်၊ မွှားကောင်မှတစ်ဆင့် ရောဂါပိုး ကူးစက်သည်ဟု ယုံကြည်ရကြောင်း ပြောကြားခဲ့သည်။

    ထိုအမျိုးသမီးငယ်မှာ အောက်တိုဘာ ၂၁ ရက်နေ့မှ စတင်ကာ ဖျားနာလာပြီး အောက်တိုဘာ ၂၄ ရက်နေ့တွင် ဆေးရုံတင်ခဲ့ရသည်။ အော်ရီဂွန်တွင် ပလိပ်ရောဂါဖြစ်ပွားမှုမှာ အလွန်နည်းပါးပြီး ၁၉၉၅ ခုနှစ်မှ ယခုအချိန်အထိ ကူးစက်သူ ၈ ဦးသာရှိခဲ့ကာ မည်သူမှ သေဆုံးခဲ့ခြင်း မရှိပေ။ ၁၄ ရာစုနှစ်တွင် ပလိပ်ရောဂါကြောင့် ဥရောပ၏ လူဦးရေထက်ဝက်ခန့်မှာ သေဆုံးခဲ့ရသည်။

    Ref: CNN

  • သမိုင်းဝင်အခွင့်အရေးကို အသင်းက ဖြုန်းတီးပစ်နေသည်ဟု အီဗရာပြော

    သမိုင်းဝင်အခွင့်အရေးကို အသင်းက ဖြုန်းတီးပစ်နေသည်ဟု အီဗရာပြော

    အောက်တိုဘာ ၃၀၊ ၂၀၁၅
    M-Media

    evra

    – သမိုင်းဝင် ၅ ကြိမ်ဆက် စီးရီးအေချန်ပီယံဘွဲ့ရရှိမည့် အိပ်မက်များကို မိမိတို့က ဖြုန်းတီးပစ်နေသည်ဟု ဂျူဗင်တပ်စ်နောက်ခံလူ ပက်ထရစ်အီဗရာက ဝေဖန်ခဲ့ပြီး၊ ယခုနှစ်တွင် အောင်မြင်မှု လိုချင်ပါက အသင်းသားများအနေဖြင့် ရုန်းထွက်ရမည်ဟု ပြေားကြားခဲ့သည်။

    ယမန်နေ့က စီးရီးအေပွဲတွင် ဆာဆူအိုလိုအသင်းအား ဂျူဗီက ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ၁၀ ပွဲကစားပြီးချိန်တွင် ၎င်းတို့၏ ၄ ပွဲမြောက် ရှုံးပွဲလည်းဖြစ်သည်။ ထို့ကြောင့် အမှတ်ပေးဇယားတွင် အဆင့် ၁၂ သို့ ရောက်သွားခဲ့ကာ ငါးကြိမ်ဆက် စကူဒက်တို ချန်ပီယံဖြစ်ရေးအိပ်မက်မှာ ပျက်ပြယ်လုနီးပါး ဖြစ်ခဲ့သည်။

    “ကျွန်တော် စိတ်ဆိုးပါတယ်။ ဒီလိုအသင်းအတွက် ကစားမယ်ဆိုရင် နှစ်တိုင်း ဖလားရနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်မျိုး အမြဲတမ်း ရှိရပါမယ်။ ဒါနဲ့ပတ်သက်ပြီးပြောဖို့ အခုအချိန်ဟာ အကောင်းဆုံးအချိန် မဟုတ်ပါဘူး။ ဒါပေမယ့် မနက်မိုးလင်း ကျွန်တော် အိပ်ယာနိုးတိုင်း ပဉ္စမအကြိမ်မြောက် စကူဒက်တိုကို ကိုင်မြှောက်ဖို့ ကံပါလာပါးလို့ ရေရွတ်မိပါတယ်။ ဒါပေမယ့် အခုတော့ တစ်ခြားစီပါပဲ။ ကျွန်တော်တို့ဟာ သမိုင်းတွင်မယ့် ဒီအခွင့်အရေးကို ဖြုန်းတီပစ်နေပါတယ်။ အသင်းဖော်တွေကို ပြောချင်တာကတော့။ အသင်းဂျာစီကို လေးစားပါ ဆိုတာပါပဲ” ဟု အီဗရာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • ဂွာတာနာမိုတွင် အပြစ်မရှိဘဲ ထိန်းသိမ်းခံရသည့် ဆော်ဒီနိုင်ငံသားတစ်ဦး ပြန်လွတ်လာ

    ဂွာတာနာမိုတွင် အပြစ်မရှိဘဲ ထိန်းသိမ်းခံရသည့် ဆော်ဒီနိုင်ငံသားတစ်ဦး ပြန်လွတ်လာ

    အောက်တိုဘာ ၃၀၊ ၂၀၁၅
    M-Media

    us

    – အမေရိကန်၏ ဂွာနာတနာမို အကျဉ်းစခန်းတွင် နောက်ဆုံးကျန်ရှိနေသည့် ဗြိတိန်တွင် နေထိုင်သူ ရှာကီရ် အေမာရ်ကို လွှတ်ပေးတော့မည်ဟု အမေရိကန်က ယနေ့တွင် ကြေငြာခဲ့သည်။

    အေမာရ်မှာ ဂွာတာနာမိုအကျဉ်းစခန်းတွင် ၁၃ နှစ်ကျော်ကြာ နေထိုင်ခဲ့ရပြီး ၎င်းအား တရားစွဲဆိုခြင်းမပြုဘဲ ဖမ်းဆီးထိန်းသိမ်းထားခြင်း ဖြစ်သည်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဖိလစ် ဟမ်မွန်ဒ်ကမူ အသက် ၄၆ နှစ်အရွယ်ရှိ အေမာရ်မှာ အကျဉ်းစခန်းမှ ထွက်ခွာလာပြီဟု ပြောကြားခဲ့သည်။

    ဆော်ဒီနိုင်ငံသားဖြစ်ပြီး ဗြိတိန်ပိုင် မော်ရီတေးနီးယားတွင် နေထိုင်သူ ၎င်းမှာ ၂၀၀၁ ခုနှစ်က အာဖဂန်နစ္စတန်တွင် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ ၎င်း၏ မိသားစုကမူ အေမာရ်မှာ အာဖဂန်တွင် ပရဟိတလုပ်ငန်းများကို လုပ်ဆောင်သူသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အမေရိကန်အာဏာပိုင်များက ၎င်းမှာ တာလီဘန် တိုက်ခိုက်ရေးသမားအုပ်စုတစ်ခုကို ဦးဆောင်သည်ဟု စွပ်စွဲခဲ့သည်။ အေမာရ်အား ထောက်ခံသူများကမူ ၎င်းမှာ အပြစ်မရှိဘဲ တုန်လှုပ်ခြောက်ခြားစရာကောင်းသည့် အခြေအနေတွင် ထိန်းသိမ်းခံထားရကာ အမေရိကန်စစ်သားများ၏ ရိုက်နှက်ငြှင်းဆဲခြင်းကို ခံခဲ့သည်ဟု ပြောကြားခဲ့သည်။

    ကျူးဘား၌ အမေရိကန်က စီမံနေသည့် အဆိုပါ ဂွာတာနာမို အကျဉ်းစခန်းတွင် လူ့အခွင့်ချိုးဖောက်မှုများ ရှိနေသည်ဟု စွပ်စွဲမှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေခဲ့ပြီး လက်ရှိအချိန်တွင် အကျဉ်းသား ၁၁၃ ဦးကို ထိန်းသိမ်းထားသည်။

    အေမာရ်မှာ ၁၃ နှစ်တိုင်တိုင် မည်သည့် ရာဇ၀တ်မှုစွဲချက်မှ မရှိဘဲ ဖမ်းဆီးခံခဲ့ရပြီး ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ၎င်းအား လွှတ်ပေးရမည်မှာ ထင်ရှားလာခဲ့သည်။ အမေရိကန်အာဏာပိုင်များကမူ အေမာရ်အား ၎င်း၏ နေရပ်နိုင်ငံသို့ ပြန်ပို့မည်ဟု ကြာသာပတေးနေ့တွင် ပြောကြားခဲ့သည်။

    Ref: Aljazeera

  • WTA Finals တင်းနစ်ပြိုင်ပွဲတွင် ရှာရာပိုဗာနှင့် ရဒ်ဝမ်စကာတို့ ဆီမီးရောက်

    WTA Finals တင်းနစ်ပြိုင်ပွဲတွင် ရှာရာပိုဗာနှင့် ရဒ်ဝမ်စကာတို့ ဆီမီးရောက်

    အောက်တိုဘာ ၃၀၊ ၂၀၁၅
    M-Media

    ten

    – စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်နေသည့် WTA Finals အမျိုးသမီး ရာသီပိတ်တင်းနစ်ပြိုင်ပွဲတွင် အနီရောင်အုပ်စု၌ ရှာရာပိုဗာနှင့် ရဒ်ဝမ်စကာတို့မှာ ယမန်နေ့က ကစားခဲ့သည့် အုပ်စုနောက်ဆုံးပွဲများတွင် အသီးသီးအနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။

    အဖွင့်ပွဲစဉ် ၂ ခုစလုံး အနိုင်ရခဲ့သည့် ရှားတင်းနစ်မယ် ရှာရာပိုဗာမှာ နောက်ဆုံးပွဲတွင် အီတလီမှ ဖလာဗီယာ ပန်နက်တာအား ၇-၅၊ ၆-၁ ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ပန်နက်တာမှာ ယခုပွဲပြီးနောက် တင်းနစ်လောကမှ အနားယူသွားခဲ့ပြီဖြစ်သည်။ ရှာရာပိုဗာကမူ ပန်နက်တာနှင့် နောက်ဆုံးနှစ်ပွဲတွေ့ဆုံစဉ် ရှုံနိမ့်ခဲ့မှုအတွက် ယခုပွဲတွင် လက်စားချေချင်ခဲ့သည်ဟု ပွဲအပြီး၌ ပြောကြားခဲ့သည်။

    နိုင်ခြေအဆင့် ၅ သတ်မှတ်ခံထားရသည့် ပိုလန်တင်းနစ်မယ် ရဒ်ဝမ်စကာကမူ နိုင်ငံခြေအဆင့် ၁ ရ ဆီမွန်နာဟဲလ်ပ်ကို ၇-၆ (၇-၅)၊ ၆-၁ ဖြင့်အနိုင်ရရှိခဲ့သည်။ ပထမ နှစ်ပွဲစလုံးရှုံးနိမ့်ထားသည့် ရဒ်ဝမ်စကာမှာ ရှာရာပိုဗာ၏ နိုင်ပွဲကြောင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

    Ref: Dailymail

  • ဒုက္ခသည်များအတွက် အွန်လိုင်းတက္ကသိုလ်တစ်ခုကို ဂျာမနီဖွင့်လှစ်

    ဒုက္ခသည်များအတွက် အွန်လိုင်းတက္ကသိုလ်တစ်ခုကို ဂျာမနီဖွင့်လှစ်

    အောက်တိုဘာ ၃၀၊ ၂၀၁၅
    M-Media

    ref

    – ကမ္ဘာကြီး၏ မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ ဒုက္ခသည်များအနေဖြင့် အဆင့်မြင့်ပညာရပ်များကို သင်ယူနိုင်မည့် ပထမဆုံး အွန်လိုင်းတက္ကသိုလ်ကို ဂျာမနီနိုင်ငံက စတင်ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    Kiron ဟု အမည်ရသည့် တက္ကသိုလ်ဖြစ်ပြီး တက်ရောက်ရန်အတွက် ကျောင်းသားများမှာ ကွန်ပျူတာနှင့် အင်တာနက်လိုင်းသာ လိုအပ်မည်ဖြစ်သည်။ သို့သော်လည်း အင်တာနက်လိုင်း အမြဲတမ်း မရသူများအနေဖြင့် အင်တာနက်ရရှိသည့်အချိန်တွင် သင်ရိုးများကို Download လုပ်ကာ လေ့လာနိုင်ရန်လည်း စီစဉ်ထားသည်။

    ထိုတက္ကသိုလ်တွင် တက်ရောက်ရန် စာရင်းပေးသွင်းသူများမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ ထုတ်ပေးသည့် ဒုက္ခသည်အသိအမှတ်ပြု  စာရွက်စာတမ်းကို တင်ပြရမည်ဖြစ်သည်။ အကျိုးအမြတ်မယူသည့် အဆိုပါတက္ကသိုလ်အတွက် ပြည်သူများထံမှ ရန်ပုံငွေ ကောက်ခံခဲ့ပြီး ကန်ဒေါ်လာ ၂၁၆၆၃၆ ဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။

    မြို့တော်ဘာလင်တွင် အခြေစိုက်သည့် အဆိုပါ Kiron တက္ကသိုလ်မှာ ယခုပထမနှစ်တွင် ကျောင်းသားပေါင်း ၁၀၀၀ ကို သင်ကြားပေးမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ဒုက္ခသည် အနည်းဆုံး ၁၅၀၀၀ ခန့်က တက်ရောက်ရန် စိတ်ဝင်စားနေသည်။

    Kiron တက္ကသိုလ်မှ ပြောရေးဆိုခွင့်ရှိသူ တင်မ် ဘရန့်ဒ်က တည်ထောင်သူများဖြစ်ကြသည့် ဗင်းဆင့် ဇင်မာနှင့် မာကစ်က် ကရက်စ်လာတို့က ၂၀၁၄ ခုနှစ်နွေရာသီတွင် ဆွေးနွေးခဲ့ကြပြီးနောက်ပိုင်း ဒုက္ခသည်များအတွက် အွန်လိုင်းတက္ကသိုလ်တစ်ခု တည်ထောင်ရန် အတွေးရခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထို့နောက် ၎င်းတို့နှစ်ဦးမှာ အွန်လိုင်းသင်ကြားမှုပေးသော တက္ကသိုလ်များ၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ပြီး ဒုက္ခသည်များ အဆင့်မြင့်ပညာရေးကို ရရှိရန် မဖြစ်နိုင်သည့် အဆီးအတားများအတွက် လွယ်ကူသောအဖြေကို ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    အင်္ဂလိပ်စာဖြင့် သင်ကြားမည်

    Kiron တက္ကသိုလ်တွင် ဟားဗဒ်၊ စတမ်းဖို့ဒ်၊ MIT နှင့် ယေးလ်တက္ကသိုလ်များမှ သင်ရိုးများကိုလည်း အင်္ဂလိပ်ဘာသာဖြင့် သင်ကြားသွားမည်ဖြစ်ပြီး စီးပွားရေး စီမံခန့်ခွဲမှု၊ ဗိသုကာပညာ၊ အင်ဂျင်နီယာပညာ၊ ကွန်ပျူတာသိပ္ပံနှင့် အခြားသော သိပ္ပံဆိုင်ရာ ပညာရပ်များအတွက် ဘွဲ့ပေးအပ်သွားမည် ဖြစ်သည်။ ထို့ပြင် အင်္ဂလိပ်နှင့် ဂျာမန်ဘာသာစကား အထူးပြုဖြင့်လည်း သင်ကြားနိုင်မည်ဖြစ်သည်။

    တက်ရောက်ရမည့်ကာလမှာ ၃ နှစ်ဖြစ်ပြီး ပထမ ၂ နှစ်ကို အွန်လိုင်း၌ သင်ယူရမည်ဖြစ်ကာ နောက်ထပ်တစ်နှစ်ကိုမူ အော့ဖ်လိုင်းဖြင့် သင်ယူရမည်ဖြစ်သည်။

    မိမိယူမည့် အထူးပြုဘာသာရပ်များအတွက် ပြင်ဆင်ပေးမည့်အတန်းများ၊ ဘာသာစကားဆိုင်ရာ အတန်းများ၊ စိတ်ပိုင်းဆိုင်ရာ အကြံဥာဏ်ပေးမှုများနှင့် အခြားသော ထပ်တိုးသင်ကြားမှုများကိုလည်း ထိုတက္ကသိုလ်မှ ဘာလင်တွင် ပြုလုပ်ပေးမည်ဖြစ်သည်။

    အင်္ဂလိပ်စာ မရသောသူများအတွက်လည်း Kiron အွန်လိုင်းတက္ကသိုလ်က အင်္ဂလိပ်စာသင်တန်းကို စီစဉ်ပေးသွားမည်ဖြစ်သည်။ ဘရန့်ဒ်ကမူ တက္ကသိုလ်၏ ကျောင်းခွဲများကို တူရကီ၊ ပြင်သစ်နှင့် ယူကေတို့တွင် ထပ်တိုးဖွင့်လှစ်သွားရန် စီစဉ်နေသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera