News @ M-Media

Author: Ko Lay

  • ဗဟိုအာဖရိကနိုင်ငံတွင် မွတ်စလင် ၃ ဦး အကြမ်းဖက် သတ်ဖြတ်ခံရ

    ဗဟိုအာဖရိကနိုင်ငံတွင် မွတ်စလင် ၃ ဦး အကြမ်းဖက် သတ်ဖြတ်ခံရ

    အောက်တိုဘာ ၃၀၊ ၂၀၁၅
    M-Media

    africa

    – မငြိမ်သက်မှုများ ဖြစ်ပွားနေသည့် ဗဟိုအာဖရိကနိုင်ငံ မြို့တော်ဘန်ဂွီတွင် ယမန်နေ့က မွတ်စလင် ၃ ဦးမှာ ခရစ်ယာန်လူအုပ်စုကြီး၏ ရိုက်နှက်သက်ဖြတ်မှုကို ခံခဲ့ရပြီး ထိုကဲ့သို့ ဘာသာရေး အကြမ်းဖက်မှုများက ဒီဇင်ဘာတွင် ပြုလုပ်ရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကို ခြိမ်းခြောက်မှုများ ဖြစ်လာခဲ့သည်။

    ထိုကဲ့သို လူအုပ်စုဖြင့် သတ်ဖြတ်မှုကြောင့် သေဆုံးရသူ အရေအတွက်မှာ ယခုသီတင်းပတ်အတွင်း ၁၁ ဦးအထိ ရှိလာခဲ့ပြီး သေဆုံးသူများတွင် ၂ နှစ်တာကြာမြင့်နေသည့် မငြိမ်သက်မှုကို အဆုံးသတ်ရေး ရည်ရွယ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်လာကြသည့် Seleka မဟာမိတ်အဖွဲ့မှ အကြီးတန်း မွတ်စလင် ညှိနှိုင်းဆွေးနွေးရေးမှူး ၃ ဦးလည်း ပါဝင်သည်။

    ယမန်နေ့မနက်ပိုင်းက ဘန်ဂွီမြို့၏ မွတ်စလင်များ စု၍နေထိုင်ရာ PK5 ဒေသမှ မြို့အတွင်းသို့ လာသော မွတ်စလင် ၃ ဦးကို ခရစ်ယာန်လူအုပ်စုကြီးက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ ထိုအထဲမှ နှစ်ဦးမှာ နေရာတွင်ပင် အသတ်ခံခဲ့ရပြီး ၎င်းတို့၏ ခန္ဓာကိုယ်များကိုလည်း လူအုပ်ကြီးက အပိုင်းပိုင်းလှီးပစ်ခဲ့သည်။

    တတိယ မွတ်စလင်တစ်ဦးမှာ လွတ်မြောက်ခဲ့သော်လည်း လူအုပ်စုကြီးက ၎င်းအား ကျောက်တုံးများဖြင့် ပစ်ပေါက် သတ်ဖြတ်ခဲ့ကာ အလောင်းအား ဘုရားကျောင်းတစ်ခု၏ အထဲတွင် ထားပစ်ခဲ့သည်။

    “မြင်ခဲ့ရတာတွေအတွက် ကျွန်မ တုန်လှုပ်ခဲ့ရပါတယ်။ ငိုကြွေးမြည်တမ်းပြီး၊ အသက်ချမ်းသာပေးဖို့ တောင်းဆိုတဲ့ အဲဒီအမျိုးသားကို ကလေးတွေကအစ ကျောက်တုံးနဲ့ ပေါက်သတ်ခဲ့ကြတာပါ” ဟု အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။

    ထိုအဖြစ်အပျက်အား တုန့်ပြန်သည့်အနေဖြင့် PK5 အတွင်းသို့ ၀င်ရောက်လာသော ခရစ်ယာန်တစ်ဦးမှာလည်း ယမန်နေ့မနက်ကပင် အသတ်ခံခဲ့ရသည်ဟု ရေခဲတိုက်တွင် ၎င်း၏ အလောင်းအား လာရောက်ကြည့်ရှုခဲ့သည့် ဒေသခံများနှင့် မိသားစုဝင်များက ပြောကြားခဲ့သည်။

    မွတ်စလင်အများစုပါဝင်သည့် Seleka သူပုန်များမှာ ၂၀၁၃ ခုနှစ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ခရစ်ယာန် ပြည်သူစစ်အဖွဲ့ဖြစ်သော anti-balaka အဖွဲ့က မွတ်စလင်များကို တွေ့ရာနေရာတွင် လိုက်လံသတ်ဖြတ်ကာ လက်စားချေခဲ့ကြသည်။

    ထိုအချိန်မှစ၍ ဘာသာရေးအသွင်ဆောင်သည့် အကြမ်းဖက်တိုက်ခိုက်မှုများ ဗဟိုအာဖရိကနိုင်ငံတွင် ဖြစ်ပွားခဲ့ပြီး မွတ်စလင်အများစုအပါအ၀င် လူအမြောက်အများ သေဆုံးကာ မွတ်စလင်ထောင်ပေါင်းများစွာမှာလည်း နိုင်ငံမြောက်ပိုင်းသို့ ထွက်ပြေးခဲ့ကြရသည်။

    နောက်ပိုင်းတွင် အခြေအနေ အလွန်ဆိုးရွားသောကြောင့် ကုလ၏ ငြိမ်းချမ်းရေးတပ်ဖွဲ့များကို ချထားခဲ့ရသည်။ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မြို့တော်ဘန်ဂွီတွင် လူ့အဖွဲ့အစည်းနှစ်ခုအကြား အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူ ၈၀ ကျော် သေဆုံးခဲ့ပြီး ကုလ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် အချို့ပါ တိုက်ခိုက်ခံခဲ့ရသည်။

    Ref: Reuters

  • တတိယသုံးလပတ် အမေရိကန်စီးပွားရေး သိသိသာသာကျ

    အောက်တိုဘာ ၂၉၊ ၂၀၁၅
    M-Media

    us

    – အမေရိကန်နိုင်ငံ၏ တတိယ ၃ လပတ် စီးပွားရေးတိုးတက်မှုမှာ နှေးကွေးခဲ့ပြီး ဇူလိုင်လနှင့် စက်တင်ဘာအကြား ဂျီဒီပီတိုးတက်မှုမှာ ၁.၅ ရာခိုင်နှုန်းသာ ရှိခဲ့သည်ဟု ယနေ့တွင် ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

    ဒုတိယ ၃ လပတ်တွင် ဂျီဒီပီတိုးတက်မှုနှုန်းမှာ ၃.၉ ရာခိုင်နှုန်းရှိခဲ့သည်။ ထိုကဲ့သို့ ကျဆင်းမှုမှာ ကုမ္ပဏီများတွင် သိုလှောင်ထားသည့်ကုန်များ လျော့နည်းခြင်းကြောင့်လည်း ဖြစ်သည်။ ဗုဒ္ဓဟူးနေ့တွင် အမေရိကန်က ၎င်းတို့၏ အတိုးနှုန်းကို မပြောင်းမလဲဘဲ ထားမည်ဟု ကြေငြာခဲ့ပြီး စီးပွားရေးမှာ အလယ်အလတ်ပုံစံဖြင့် ချဲ့ထွင်နေသည်ဟု ဆိုသည်။

    ယခုနှစ်အတွင်း ရေနံဈေးနှုန်း ကျဆင်းမှုကြောင့် အမေရိကန်၏ စီးပွားရေးကို ထိခိုက်မှုများ ရှိနေပြီး၊ ပြည်သူများ၏ သုံးစွဲမှုမှာ တတိယ သုံးလပတ်တွင် ၃.၂ ရာခိုင်နှုန်း တက်လာခဲ့သော်လည်း ဒုတိယ ၃ လပတ်ထက် ၀.၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

    Ref: BBC

  • တရုတ်၏ ရေတပ်စစ်ရေးလေ့ကျင်မှုတွင် သြစတေးလျ ပါဝင်မည်

    တရုတ်၏ ရေတပ်စစ်ရေးလေ့ကျင်မှုတွင် သြစတေးလျ ပါဝင်မည်

    အောက်တိုဘာ ၂၉၊ ၂၀၁၅
    M-Media

    free

    – ပိုင်နက်အငြင်းပွားမှုများရှိနေသော တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ ရေတပ် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန်အတွက် စစ်သင်္ဘော ၂ စီး စေလွှတ်သွားမည်ဟု သြစတေးလျ ကာကွယ်ရေးဝန်ကြီး မာရီစ် ပေနီက ယနေ့တွင် ပြောကြားလိုက်သည်။

    အဆိုပါ စစ်ရေးလေ့ကျင့်မှုကို လာမည့်သီတင်းပတ် အစောပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ပြီး သြစတေးလျမှ HMAS Stuart နှင့် HMAS Arunta ဖရီးဂိတ်စစ်သင်္ဘောများမှာ ဇန်ဂျီယန်းရှိ တရုတ်၏ အဓိက ရေတပ်အခြေစိုက်စခန်းသို့ မကြာမီ ရောက်ရှိလာတော့မည်ဖြစ်သည်။

    အဆိုပါ စစ်ရေလေ့ကျင်မှုမှာ အင်္ဂါနေ့မနက်ပိုင်းက တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသော စပရက်တလေကျွန်းစုအနီးမှ အမေရိကန်စစ်သင်္ဘော ကင်းလှည့်ဖြတ်သန်းသွားပြီးနောက် တရုတ်က စီစဉ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်၏ ထိုလုပ်ရပ်ကို တရုတ်က ရန်စခြင်းဟု သတ်မှတ်ခဲ့ပြီး နောက်တစ်ကြိမ် ထပ်မံ၍ ပြုလုပ်ပါက ပြန်လည်တုန့်ပြန်သွားမည်ဟု သတိပေးထားသည်။

    Ref: Press TV

  • ဂရိတွင် ဒုက္ခသည်သင်္ဘောများ နစ်မြုပ်ပြန်

    ဂရိတွင် ဒုက္ခသည်သင်္ဘောများ နစ်မြုပ်ပြန်

    အောက်တိုဘာ ၂၉၊ ၂၀၁၅
    M-Media

    – ဒုက္ခသည်များကို တင်ဆောင်ကာ တူရကီမှ ထွက်ခွာလာသည့် သင်္ဘောလေးစီးမှာ ယမန်နေ့က ဂရိရေပိုင်နက်အတွင်း နစ်မြုပ်ခဲ့ပြီး အနည်းဆုံး ကလေးငယ် ၇ ဦး သေဆုံးခဲ့ကာ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်ဟု သိရသည်။

    နိုင်ငံမြောက်ပိုင်း လက်စ်ဘော့စ် ကမ်းရိုးတမ်းတွင် နစ်မြုပ်ခဲ့သည့် သင်္ဘောတစ်စီးမှ ဒုက္ခသည် ၂၀၀ ကျော်ကိုမူ ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့မှာ ကိုယ်အပူချိန် အလွန်အမင်းကျဆင်းနေကြသည်ဟု ဆိုသည်။ ထိုသင်္ဘောမှ အရွယ်ရောက်ပြီးသူ သုံးဦး သေဆုံးခဲ့သည်။

    ကင်းလှည့်ရေယာဉ်များ၊ ငါးဖမ်းသင်္ဘောများနှင့် ဒေသခံပြည်သူများ ပိုင်ဆိုင်သော ရှပ်ပြေးရေယာဉ်များပါ ပျောက်ဆုံးသူများကို လိုက်လံရှာဖွေနေပြီး လေတိုက်နှုန်းပြင်းထန်မှုကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ဂရိရဲတပ်ဖွဲ့ကမူ နစ်မြုပ်သွားသည့် သင်္ဘောများတွင် လူဦးရေ မည်မျှပါသည်ကို အတိအကျ မသိရှိနိုင်သေးဟု ပြောကြားခဲ့သည်။

    Ref: Alarabiya

  • အီရတ်တွင် မိုးသည်းထန်ပြီး ရေကြီး

    အီရတ်တွင် မိုးသည်းထန်ပြီး ရေကြီး

    အောက်တိုဘာ ၂၉၊ ၂၀၁၅
    M-Media

    – မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အီရတ်နိုင်ငံရှိ ဒေသအများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ဘဂ္ဂဒတ်မြို့ လမ်းများတွင်လည်း ရေလွှမ်းမိုးမှုများ ဖြစ်ပွားနေကာ စစ်ရှောင်ဒုက္ခသည်များ နေထိုင်သည့် စခန်းများမှာလည်း ပျက်ဆီးခဲ့ရသည်။

    နွေရာသီ ကုန်ဆုံးခဲ့ပြီးနောက် ယမန်နေ့ ညနေပိုင်းကစ၍ မြို့တော်တွင် မိုးများ သည်းထန်စွာ ရွာသွန်းခဲ့ပြီး အာရပ်ကမ္ဘာ၏ ဒုတိယအကြီးဆုံးဖြစ်သော ဘဂ္ဂဒတ်တွင် ဆိုးရွားသည့် အခြေခံအဆောက်အဦးများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အလုပ်သွားရန်နှင့် ကျောင်းသွားရန် ခက်ခဲနေပြီး အစိုးရက ကြာသာပတေးနေ့ကို ရုံးပိတ်ရက်အဖြစ် ကြေငြာခဲ့သည်။

    အန်ဘာရ်ပြည်နယ်တွင်လည်း ရေကြီးမှုများကြောင့် စစ်ရှောင်ဒုက္ခသည်များ နေထိုင်ရာ စခန်းများမှာ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်ဆီးခဲ့ပြီး ကူစက်ရောဂါများ ပြန့်နှံ့လာမည်ကိုလည်း ပြည်သူများက စိုးရိမ်နေကြသည်။ ရေကြီးမှုကြောင့် လက်ရှိအချိန်အထိ ကလေးငယ်တစ်ဦး သေဆုံးသည်ဟု သိရသည်။

    Ref: Alarabiya