News @ M-Media

Author: Ko Lay

  • ဖော်မြူလာဝမ်းကို အမေရိကန်အားကစားများနှင့် ချိတ်ဆက်သင့်ဟု ဟာမီလ်တန်ပြော

    ဖော်မြူလာဝမ်းကို အမေရိကန်အားကစားများနှင့် ချိတ်ဆက်သင့်ဟု ဟာမီလ်တန်ပြော

    အောက်တိုဘာ ၂၃၊ ၂၀၁၅
    M-Media

    car

    – ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲအနေဖြင့် အမေရိကန်တွင် ပရိတ်သတ်အသစ်များ ရရှိရန်အတွက် အမေရိကန်၏ အဓိက အားကစားနည်းများဖြစ်သော ဘက်စကက်ဘော၊ ဘေ့စ်ဘော အားကစားနည်းများဖြင့် ချိတ်ဆက်ဆောင်ရွက်သင့်သည်ဟု မာစီဒီးစ်အသင်း၏ နာမည်ကြီး ကားမောင်းသမား လူးဝစ်ဟာမီလ်တန်က ပြောကြားလိုက်သည်။

    ယူအက်စ် ဂရင်းပရီကားမောင်းပြိုင်ပွဲအတွက် ယမန်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ဖော်မြူလာဝမ်းအား အမေရိကန် လူငယ်များအကြား မည်ကဲ့သို့ ရေပန်းစားအောင် လုပ်နိုင်မည်နည်းဟု မေးမြန်းရာ ကမ္ဘာ့နံပါတ် ၁ ကားမောင်းသမား ဟာမီလ်တန်က ထိုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

    “NFL (ဘေ့စ်ဘော့ပြိုင်ပွဲ) ဒါမှမဟုတ် (အမေရိကန်က) အခြားသော အားကစားတွေနဲ့ ဖော်မြူလာဝမ်းဟာ ထိတွေ့ ချိတ်ဆက်လို့ ရနိုင်ပါတယ်။ ဖော်မြူလာဝမ်းပြိုင်ပွဲကို NBA က ကစားသမားတစ်ယောက် လာကြည့်တာကို ကျွန်တော် မမြင်ဖူးပါဘူး။ သူငယ်ချင်းတစ်ယာက် တစ်ကြိမ်တော့ လာကြည့်ဖူးပါတယ်။ ဒါပေမယ့် အဲဒီ NBA၊ အခြားသော အားကစားနည်းတွေကလူတွေ လာကြည့်တာမျိုးတော့ တကယ့်ကို မရှိပါဘူး” ဟု ဟာမီလ်တန်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Dailymail

  • ၂၀၁၅ မှာ နှစ်ပေါင်း ၄၀၀၀ ကျော်အတွင်း အပူချိန် အမြင့်ဆုံးနှစ် ဖြစ်လာ

    ၂၀၁၅ မှာ နှစ်ပေါင်း ၄၀၀၀ ကျော်အတွင်း အပူချိန် အမြင့်ဆုံးနှစ် ဖြစ်လာ

    အောက်တိုဘာ ၂၃၊ ၂၀၁၅
    M-Media

    heat

    – ယခု ၂၀၁၅ ခုနှစ်မှာ ကြေးခေတ်မှစ၍ ယခုအချိန်အထိ နှစ်ပေါင်း ၄၀၀၀ ကျော်အတွင်း အပူပြင်းဆုံး နှစ်ဖြစ်သည်ဟု ရာသီဥတုဆိုင်ရာ ပညာရှင်များက ပြောကြားလိုက်သည်။

    ကမ္ဘာ့မြောက်ခြမ်းရှိ နွေရာသီလများဖြစ်သော ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လတို့မှာ ၁၈၈၀ အပူချိန်မှတ်တမ်းများ စတင်ယူစဉ်ကတည်းက ကမ္ဘာတစ်ဝှမ်း အမြင့်ဆုံး ပျမ်းမျှအပူချိန်ရှိသည့် လများအဖြစ် မှတ်တမ်းဝင်ခဲ့သည်ဟု အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲရေးအဖွဲ့က ဆိုသည်။

    ပြီးခဲ့သည့် ၉ လအတွင်း ၇ လမှာ ယခင်ကထက် နှိုင်းယှဉ်လျှင် အပူချိန်ပိုမြင့်သည့်လများ ဖြစ်ခဲ့ပြီး စက်တင်ဘာလ၏ မြေပြင်နှင့် သမုဒ္ဒရာအပူချိန်များမှာ စံချိန်တင်အပူချိန်မျိုး ဖြစ်ခဲ့သည်။

    “မကြုံစဖူး ဒီအပူချိန်ဟာ ပစိဖိတ်အတွင်းမှာဖြစ်ပေါ်တဲ့ ပြင်းထန်တဲ့ အလယ်နီညိုကြောင့် ဖြစ်ပါတယ်။ အပူချိန်ဟာ ၅ လဆက်ဆိုက် စံချိန်တင်ခဲ့ပြီး နွေဦးရာသီရောက်ရင်လည်း အလ်နီညိုက ဒီအတိုင်းရှိမှာ ဖြစ်တာကြောင့် အပူချိန်မြင့်တာကလည်း ဆက်ဖြစ်နေမှာပါ” ဟု CNN ၏ ရာသီဥတုဆိုင်ရာ အကြီးတန်းပညာရှင် ဒေ့ဗ် ဟန်နန်က ပြောကြားခဲ့သည်။

    ရာသီဥတု လေ့လာရေး ပညာရှင်များကမူ ယခုနှစ် ကမ္ဘာကြီး၏ အပူချိန်မှာ ကြေးခေတ်နောက်ပိုင်း အမြင့်ဆုံး အပူချိန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အဆိုပါ စံချိန်တင်အပူချိန်များကို မြောက်အာဖရိကမှ အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှဒေသရှိ အစိတ်အပိုင်းအချို့၊ တောင်အမေရိက ဒေသတစ်ဝက်၊ မြောက်အမေရိက အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် တွေ့ရှိခဲ့သည်ဟု ဆိုသည်။

    သို့သော်လည်း တောင်အမေရိက တောင်ဘက်ပိုင်း၊ ကနေဒါအနောက်ဖက်၊ အလာစကာနှင့် အာရှ အလယ်ပိုင်းတို့တွင် အပူချိန်မှာ ပျမ်းမျှထက် ပိုမိုလျော့နည်းနေသည်ကို တွေ့ခဲ့ရသည်။

    “ပြင်းထန်တဲ့ အလ်နီညိုဟာ ဆက်ပြီးရှိနေဖို့ ၉၈ ရာခိုင်နှုန်း သေချာနေပါတယ်။ ဒါ့ကြောင့် ဒီနှစ်ဟာ တစ်ကမ္ဘာလုံး အပူချိန် စံချိန်တင်မြင့်မားတဲ့နှစ်အဖြစ် အဆုံးသတ်လိမ့်မယ်လို့ ယေဘူယျအားဖြင့် ပြောလို့ရပါတယ်” ဟု ဟန်နန်က ပြောကြားခဲ့သည်။

    Ref: CNN

  • ဆွီဒင်စာသင်ကျောင်း ဓားခုတ်မှု လူမျိုးရေး လှုံ့ဆော်မှုကြောင့်ဖြစ်

    ဆွီဒင်စာသင်ကျောင်း ဓားခုတ်မှု လူမျိုးရေး လှုံ့ဆော်မှုကြောင့်ဖြစ်

    အောက်တိုဘာ ၂၃၊ ၂၀၁၅
    M-Media

    swe

    – ယမန်နေ့က ဆွီဒင်နိုင်ငံအနောက်ပိုင်း ထရိုလ်ဟတ္တန်မြို့ရှိ စာသင်ကျောင်းတစ်ခုတွင် ဖြစ်ပွားခဲ့သော ဓားရှည်ဖြင့် ခုတ်မှုမှာ လာယာစွန်းရောက် လူမျိုးရေးလှုံ့ဆောင်မှုကြောင့်ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    အနက်ရောင်ဝတ်စုံနှင့် မျက်နှာဖုံးဝတ်ထားသည့် အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ယမန်နေ့မနက်ပိုင်းတွင် ကျောင်းစာသင်ခန်း နှစ်ခန်းအတွင်းသို့ တံခါးခေါက် ၀င်ရောက်လာကာ ဆရာများနှင့် ကျောင်းသားများအား ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းဆရာတစ်ဦးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကာ အသက် ၁၇ နှစ်အရွယ် ကျောင်းသားတစ်ဦးမှာ ဒဏ်ရာဖြင့် ဆေးရုံတွင် သေဆုံးခဲ့သည်။

    အခြားကျာင်းသားများမှာလည်း ထိုဖြစ်အပျက်တွင် ဒဏ်ရာရရှိခဲ့သည်။ ၎င်းကျောင်းထဲသို့ ၀င်ရောက်လာချိန်တွင် ကျောင်းသားတစ်ချို့မှာ ၎င်းနှင့် အတူတွဲ၍ ဓာတ်ပုံရိုက်ခဲ့ကြသည်။

    ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကမူ တိုက်ခိုက်သူ၏ ပြုမူဆောင်ရွက်ပုံ၊ ၎င်း၏ တိုက်ခန်းတွင် တွေ့ရှိခဲ့သည့် အရာများ၊ ဓားဖြင့်ခုတ်ရန် လူရွေးချယ်မှု၊ အ၀တ်အစား ၀တ်စားဆင်ယင်ပုံတို့ကို ကြည့်ရှု၍ ၎င်းမှာ လက်ယာစွန်းရောက် လူမျိုးရေးလှုံ့ဆောင်မှုကြောင့် ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ကောက်ချက်ချခဲ့ကြောင်း ပြောကြားခဲ့သည်။

    ဆွီဒင်မီဒီယာများကမူ ကျူးလွန်သူမှာ အန်တန် လန်ဒင် ပတ်တာဆန်ဆိုသူ ဖြစ်သည်ဟု ဖော်ပြခဲ့ကြသည်။ ဆွီဒင် သတင်းစာတစ်စောင်ဖြစ်သည့် Aftonbladet ကမူ ပတ်တာဆန်မှာ အခင်းဖြစ်ပွားခဲ့သည့် အဆိုပါ ထရိုလ်ဟတ္တန်မြို့တွင်ပင် နေထိုင်သူဖြစ်ကြောင်း၊ ယခု ဓားဖြင့် ၀င်ရောက်ခုတ်သည့် ကျောင်းမှာ ၎င်း တက်ဖူးခဲ့သည့် ကျောင်းများထဲမှ တစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့သည်။

    ၎င်း၏ အထက်တန်းကျောင်းနေဖက်တစ်ဦးကမူ ပတ်တာဆန်မှာ အမြဲတမ်း အနက်ရောင်ဝတ်ရုံရှည်ကို ၀တ်လေ့ရှိသည်ဟု ပြောကြားခဲ့သည်။ ပတ်တာဆန် ကျောင်းထွက်ပြီးနောက်တွင် ၎င်း၏ ဆံပင်ကို ညှပ်ပစ်လိုက်ပြီး ဟစ်တလာနှင့် နာဇီဝါဒတို့အား ၀ါဒဖြန့်သည့် ဆိုရှယ်မီဒီယာပေ့ခ်ျများကို Like လုပ်ကာ၊ ဆွီဒင်နိုင်ငံက ကမ္ဘာတစ်ဝှမ်းမှ ဒုက္ခသည်များ လက်ခံရေးအစီအစဉ်ကို ရပ်တန့်ရန် Facebook မှတစ်ဆင့် ပြုလုပ်သည့် တောင်းဆိုချက်တစ်ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ဖူးကြာင်း Aftonbladet သတင်းစာက ထည့်သွင်းဖော်ပြခဲ့သည်။

    ဆွီဒင်နိုင်ငံတွင် ထိုကဲ့သို့ကျူးလွန်မှုမှာ အလွန်အင်မတန်ဖြစ်ခဲပြီး ယခုအဖြစ်အပျက်က တစ်နိုင်ငံလုံးကို တုန်လှုပ်စေခဲ့သည်။

    Ref: Foxnews, CNN

  • ကာကွယ်ရေးအသုံးစားရိတ် ဥပဒေတစ်ခုကို အိုဘားမား ဗီတိုသုံး၍ ပယ်ချ

    ကာကွယ်ရေးအသုံးစားရိတ် ဥပဒေတစ်ခုကို အိုဘားမား ဗီတိုသုံး၍ ပယ်ချ

    အောက်တိုဘာ ၂၃၊ ၂၀၁၅
    M-Media

    obama

    – အမေရိကန် အထက်လွှတ်တော်မှ ပေးပို့သည့် ကန်ဒေါ်လာ ၆၁၂ ဘီလီယံ တန်ဖိုးရှိ ကာကွယ်ရေးအသုံးစားရိတ် ဥပဒေမူကြမ်းကို သမ္မတအိုဘားမားက ယမန်နေ့တွင် ဗီတိုသုံး၍ ပယ်ချလိုက်ပြီး ထိုဥပဒေအား အထက်လွှတ်တော်က လက်ခံမှုမှာ စိတ်ပျက်စရာဖြစ်သည်ဟု ပြောကြားလိုက်သည်။

    ထိုမူကြမ်းကို လက်မှတ်ရေးထိုး အတည်ပြုရန် အင်္ဂါနေ့က အိုဘားမားထံသို့ ပေးပို့ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းက ထိုဥပဒေမှာ ထွင်လုံးသာဖြစ်ကာ မလိုအပ်သော အစီအစဉ်များအတွက် ငွေကြေးဖြုန်းတီးခြင်း၊ ဂွာတာနာမို စစ်အကျဉ်းစခန်း ပိတ်ပစ်ရန်အတွက် အတားအဆီးဖြစ်နေခြင်းတို့ကြောင့် ပယ်ချခဲ့ခြင်းဟု ပြောကြားခဲ့သည်။ ထို့ပြင် ထိုဘက်ဂျက်များက နိုင်ငံ၏ စစ်တပ်အား အဆင့်မြှင့်တင်ရေးအတွက် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန် အဟန့်အတားဖြစ်နေသည်ဟုလည်း ၎င်းထည့်သွင်းပြောကြားခဲ့သည်။

    အမေရိကန်မှာ ကမ္ဘာပေါ်တွင် စစ်တပ်အတွက် ဘက်ဂျက်အများဆုံး သုံးစွဲသည့် နိုင်ငံဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ကန်ဒေါ်လာ ၆၁၀ ဘီလီယံ သုံးစွဲခဲ့သည်။ တရုတ်နိုင်ငံကမူ ၂၁၄ ဘီလီယံဖြင့် ဒုတိယလိုက်ပြီး၊ ရုရှားမှာ ၈၄.၅ ဘီလီယံဖြင့် တတိယနေရာတွင် ရှိနေသည်။

    Ref: PressTV

  • ပရီးမီးယားလိဂ် ဆောင်းရာသီအနားမပေးမှုကို ဗန်ဂါးလ် ပြစ်တင်

    ပရီးမီးယားလိဂ် ဆောင်းရာသီအနားမပေးမှုကို ဗန်ဂါးလ် ပြစ်တင်

    အောက်တိုဘာ ၂၃၊ ၂၀၁၅
    M-Media

    mu

    – အင်္ဂလိပ်ဘောလုံးလောကတွင် ဆောင်းရာသီ အနားပေးမှုမရှိခြင်းက ဆိုးရွားသည့် ကိစ္စတစ်ခု ဖြစ်သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ဝေဖန်လိုက်ပြီး ယခုနှစ် ဆောင်းရာသီအပြောင်းအရွှေ့တွင် ကစားသမားများ ထပ်မံ ဖြည့်တင်းသွားမည်ဟု အရိပ်အမြွက် ပြောကြားခဲ့သည်။

    ဥရောပလိဂ်ပြိုင်ပွဲများတွင် ပရီးမီးယားလိဂ်မှာ ဆောင်းရာသီနားချိန်မပေးသည့် တစ်ခုတည်းသော လိဂ်ပြိုင်ပွဲဖြစ်ပြီး ဘောလုံးသမားများ ပင်ပန်းနွမ်းနယ်မှုကြောင့် ထိုကဲ့သို့ အနားပေးရန် အသင်းများမှ တောင်းဆိုမှုများလည်း နောက်ပိုင်းတွင် မြင့်တက်လာခဲ့သည်။

    “ဆောင်းရာသီနားချိန်မရှိဘူး။ ဒီယဉ်ကျေးမှုဟာ အဆိုးဝါးဆုံးကိစ္စတစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ ဒါဟာ အင်္ဂလိပ်ဘောလုံးလောကအတွက် မကောင်းပါဘူး။ ကလပ်အသင်းတွေ၊ နိုင်ငံအသင်းတွေအတွက်လည်း မကောင်းပါဘူး။ ဒါကို ပြောင်းလဲသင့်တယ်လို့ ကျွန်တော် မြင်ပါတယ်။ အင်္ဂလန်အသင်းဟာ ပြိုင်ပွဲတွေမှာ အောင်မြင်မှုမရတာ ဘယ်လောက်ကြာပြီလဲ။ ဘာ့ကြောင့်လည်းဆိုတော့ ကစားသမားတွေဟာ ရာသီအဆုံးမှာ မောပမ်းနွမ်းနယ်နေလို့ ဖြစ်ပါတယ်” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    Ref: Goal