News @ M-Media

Author: Ko Lay

  • ပထမဆုံးနိုင်ပွဲနှင့် နီးစပ်ခဲ့ဟု လီဗာပူးနည်းပြသစ်ပြော

    ပထမဆုံးနိုင်ပွဲနှင့် နီးစပ်ခဲ့ဟု လီဗာပူးနည်းပြသစ်ပြော

    အောက်တိုဘာ ၂၃၊ ၂၀၁၅
    M-Media

    liver

    – မိမိတို့အသင်းမှာ ၉၈ ရာခိုင်နှုန်းအထိ ကောင်းမွန်ခဲ့သော်လည်း အဆုံးအဖြတ် ၂ ရာခိုင်နှုန်း မရခဲ့၍ ပထမဆုံးနိုင်ပွဲနှင့် ဝေးခဲ့ရခြင်းဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    ယနေ့မနက် ရူဘန်ကာဇန်နှင့် ၁ ဂိုးစီသရေကျခဲ့သည့် ယူရိုပါပွဲတွင် လီဗာပူးလ်မှာ ပထမပိုင်း ၁၅ မိနစ်မှာပင် ဦးဆောင်ဂိုး ပေးခဲ့သည်။ သို့သော်လည်း မိနစ် ၃၀ ကျော်တွင် ရူဘန်ကာဇန်က အသင်းခေါင်းဆောင် အထုတ်ခံခဲ့ရပြီး၊ သိပ်မကြာခင်မှာပင် အမ်ရီကန်က ချေပဂိုး သွင်းယူပေးနိုင်ခဲ့သည်။ နောက်ပိုင်းတွင် လီဗာပူးလ်က ကစားပုံကောင်းခဲ့သော်လည်း ဂိုးမရခဲ့ပေ။

    “ကျွန်တော်တို့ အခြေအနေတစ်ချို့ ရခဲ့တယ်။ အခွင့်အရေးကောင်းတွေလည်း ရခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ဂိုးမရခဲ့ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ၉၈ ရာခိုင်နှုန်း အဆင်ပြေခဲ့ပေမယ့် အဆုံးအဖြတ်ဖြစ်စေမယ့် ၂ ရာခိုင်နှုန်းတော့ မရခဲ့ပါဘူး။ ဒီနေ့ပွဲမှာ ပြဿနာက ဒါပါပဲ” ဟု ကလော့ပ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်း၏ ပထမဆုံး အိမ်ကွင်းအတွက် ပရိတ်သတ်များ၏ ကြိုဆိုအားပေးမှုကို ကျေနပ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “နွေးထွေးတဲ့ကြိုဆိုမှုပါပဲ။ ဒီညကတော့ ကျွန်တော့်ဘ၀ရဲ့ အကောင်းဆုံးအချိန်တွေထဲက တစ်ခုပါပဲ” ဟု ကလော့ပ်က ဆိုပြီး လူများက ၎င်းအား ကွင်းပြင်ထွက်နေသင့်သူတစ်ဦးဟု မယူဆခဲ့ခြင်းမှာလည်း မိမိတို့အားလုံးအတွက် အရေးပါသည့်ကိစ္စဖြစ်သည်ဟု အရွှန်းဖောက်ခဲ့သည်။

    Ref: Goal

  • မက္ကဆီကိုသို့ အန္တရာယ်ရှိ ဟာရီကိန်းတစ်ခု ၀င်ရောက်ရန် ရှိနေ

    မက္ကဆီကိုသို့ အန္တရာယ်ရှိ ဟာရီကိန်းတစ်ခု ၀င်ရောက်ရန် ရှိနေ

    အောက်တိုဘာ ၂၃၊ ၂၀၁၅
    M-Media

    storm

    – မက္ကဆီကိုတောင်ပိုင်းသို့ ပက်ထရီစီယာအမည်ရှိ ဟာရီကိန်း မုန်တိုင်းတစ်ခု ယနေ့တွင် ၀င်ရောက်နိုင်ပြီး၊ အဆင့် ၅ သတ်မှတ်ထားသည့် အဆိုပါမုန်တိုင်းကြာင့် ပျက်ဆီးမှု ဆိုးဆိုးရွားရွား ဖြစ်နိုင်သည်ဟု မက္ကဆီကို အမျိုသား ဟာရီကိန်းစင်တာက ယမန်နေ့ညတွင် သတင်းထုတ်ပြန်ခဲ့သည်။

    ပွန်တာ ဆန် တဲလ်မိုမြို့အနီးရှိ ပစိဖိတ်ကမ်းရိုးတန်းကို ၀င်ရောက်ရန် ဦးတည်နေသည့် အဆိုပါ မုန်းတိုင်းမှာ လေတိုင်နှုန်း တစ်နာရီ မိုင် ၁၆၀ အထိရှိလာနိုင်ပြီး ယနေ့တွင် အင်အားပျော့သွားနိုင်မည်ဟု ခန့်မှန်းထားသည်။ သို့သော်လည်း ပြည်သူများအတွက်မူ အန္တရာယ်ရှိနေဆဲဖြစ်သည်။

    ဒေသခံများအား ဘေးလွတ်ရာနေရာသို့ ပြောင်းရွှေ့မှုများကို အလျင်အမြန်ဆောင်ရွက်ရန် စင်တာက သတိပေးထားပြီး မုန်တိုင်းသတင်းကြောင့် ဒေသအတွင်းရှိ ကျောင်းများကို ပိတ်ထားလိုက်သည်။ အဆိုပါ ဟာရီကိန်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ဒီရေလှိုင်းများ တက်လာခြင်းတို့လည်း ဖြစ်ပွားနိုင်သည်ဟုလည်း သတိပေးချက် ထုတ်ပြန်ထားသည်။

    Ref: CNN

  • အီရတ်ရှိ စစ်ဆင်ရေးတစ်ခုတွင် IS က ဖမ်းထားသည့် ဓားစားခံ ၇၀ ခန့် လွတ်မြောက်လာ

    အီရတ်ရှိ စစ်ဆင်ရေးတစ်ခုတွင် IS က ဖမ်းထားသည့် ဓားစားခံ ၇၀ ခန့် လွတ်မြောက်လာ

    အောက်တိုဘာ ၂၃၊ ၂၀၁၅
    M-Media

    iray

    – အီရတ်နိုင်ငံရှိ IS ၏ ခြေကုပ်ယူထားရာ ဟာဝီဂျာမြို့တွင် အမေရိကန်အထူးတပ်ဖွဲ့ဝင်များ၊ အီရတ်ရှိ ကာ့ဒ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စီးနင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး ဓားစားခံ ၇၀ ခန့်ကို လွတ်မြောက်စေခဲ့သည်ဟု ပင်တဂွန်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ဓားစားခံများမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမည့်အရေးကို ကြုံတွေ့ရဖွယ် ရှိနေသည်ဟု သတင်းရသောကြောင့် အဆိုပါ စစ်ဆင်ရေးကို စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ပြီး အမေရိကန် စစ်သားတစ်ဦးသေဆုံးခဲ့ကာ၊ ကာ့ဒ်တပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    အီရတ်ရှိ တိုက်ပွဲတွင် အမေရိကန်စစ်သား သေဆုံးခြင်းမှာ ၂၀၁၀ နောက်ပိုင်း ပထမဆုံးလည်းဖြစ်သည်။ IS အဖွဲ့ဝင်အများအပြားကို ထိုစစ်ဆင်ရေးတွင် သုတ်သင်နိုင်ခဲ့ပြီး ၅ ဦးကို ဖမ်းဆီးရမိခဲ့သည်။

    လွတ်မြောက်လာကြသည့် ဓားစားခံများတွင် အနည်းဆုံး ၂၀ ခန့်မှာ အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များဖြစ်ပြီး၊ စစ်ဆင်ရေးကို အီရတ်ဗဟိုအစိုးရက သိရှိခဲ့ခြင်းမရှိဘဲ သတင်းထောက်များ၏ ဖုန်းခေါ်ဆိုမေးမြန်းမှုများ ရရှိမှသာ သိရှိခဲ့ခြင်းဟု သိရသည်။

    Ref: Aljazeera

  • ဆွီဒင် စာသင်ကျောင်းတစ်ကျောင်းတွင် ဓားခုတ်မှုဖြစ်

    ဆွီဒင် စာသင်ကျောင်းတစ်ကျောင်းတွင် ဓားခုတ်မှုဖြစ်

    အောက်တိုဘာ ၂၂၊ ၂၀၁၅
    M-Media

    sweden

    – ဆွီဒင်နိုင်ငံ အနောက်ပိုင်း ထရိုလ်ဟတ္တန်မြို့ရှိ စာသင်ကျောင်းတစ်ခုတွင် ယနေ့မနက်ပိုင်းက မျက်နှာဖုံးစွပ်ထားသည့် လူတစ်ဦး ဓားရှည်ဖြင့် ၀င်ရောက် ခုတ်ခဲ့ခြင်းကြောင့် ကျောင်းဆရာတစ်ဦး သေဆုံးခဲ့ပြီး ကျောင်းသားများ ဒဏ်ရာရရှိခဲ့ဟု သိရသည်။

    ဓားဖြင့်ခုတ်သူမှာ အသက် ၂၀ အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ကာ ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်။ ကျောင်းသားနှစ်ဦးနှင့် အခြားဆရာတစ်ဦးမှာလည်း ဒဏ်ရာများကြောင့် ဆေးကုသမှု ခံယူနေရသည်။

    ကျောင်းသားများကမူ မျက်နှာဖုံးစွပ်အမျိုးသား ၀င်ရောက်လာသည့်အခါ ဟာသလုပ်သည်ထင်၍ ၎င်းနှင့်အတူ ဓာတ်ပုံတွဲရိုက်ခဲ့ပြီး ဓားကိုလည်း ကိုင်ကြည့်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဆွီဒင်ဝန်ကြီျးုပ် စတီဖင် လော့ဖ်ဗန်ကမူ ယနေ့မှာ ဆွီဒင်နိုင်ငံအတွက် ကံဆိုးမိုးမှောင်ကျသည့်နေ့ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • တရုတ်ကွန်မြူနစ်ပါတီက ထူးခြားသည့် စည်းကမ်းများထုတ်

    တရုတ်ကွန်မြူနစ်ပါတီက ထူးခြားသည့် စည်းကမ်းများထုတ်

    အောက်တိုဘာ ၂၂၊ ၂၀၁၅
    M-Media

    china

    – ပါတီဝင်များအနေဖြင့် အစားကျူးခြင်း၊ အရက်သောက်ခြင်း၊ အိမ်ထောင်ဖက်မှလွဲ၍ အပြင်တွင် လိင်ဆက်ဆံခြင်းနှင့် ဂေါက်သီးရိုက်ကစားခြင်းတို့ မပြုလုပ်ရန် တရုတ်ကွန်မြူနီပါတီက အမိန့်ထုတ်လိုက်သည်ဟု နိုင်ငံပိုင် Xhinhua သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။

    ထိုတားမြစ်ချက်များကို ပါတီဝင်များ လိုက်နာရမည့် “ကျင့်ဝတ်စည်းကမ်းများ” အဖြစ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ဝေဖန်သူများကမူ ပါတီအတွင်း သမ္မတ ဇီဂျင်ပင်းအား ဆန့်ကျင်သူများကို နှိပ်ကွပ်ရန် ပစ်မှတ်ထားသည့် ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    တရုတ်ကွန်မြူနစ် ပါတီဝင်များအနေဖြင့် အငယ်အနှောင်းများထားခြင်းနှင့် အိမ်ထောင်ရေးဖောက်ပြန်ခြင်းများ မပြုလုပ်ရန် သတ်မှတ်ထားပြီး ဖြစ်သော်လည်း လိင်ပိုင်းဆိုင်ရာ ယခုကန့်သတ်မှုအသစ်က ပို၍ တင်းကျပ်သည်ဟု Xinhua က ဆိုသည်။

    ချမ်းသာကြွယ်ဝသည့် အရာရှိအချို့ အပြင်းပြေပြုလုပ်သည့် ဂေါက်သီးရိုက်ကစားခြင်း၊ အစားကျူးခြင်းနှင့် အရက်သောက်ခြင်းတို့ကို ပါတီ၏ စည်းမျဉ်းအား ချိုးဖောက်ခြင်းဖြစ်သည်ဟု သတ်မှတ်မှုမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။

    ထိုစည်မျဉ်းဥပဒေများမှာ ၈၈ သန်းသော ကွန်မြူနစ်ပါတီဝင် တစ်ဦးချင်းစီအပေါ် ပြဌာန်းခြင်းဖြစ်ပြီး ပါတီအတွင်း အပေါင်းအသင်းဖွဲ့ခြင်းနှင့် ဆွေမျိုးကောင်းစားရေးဝါဒကိုလည်း ပိတ်ပင်ခဲ့သည်။

    ၂၀၁၂ ခုနှစ်တွင် ပါတီခေါင်းဆောင်ပိုင်းသို့ ရောက်ရှိလာပြီးနောက်တွင် ဇီဂျင်ပင်းမှာ ခြစားမှုများကို ပြင်းပြင်းထန်ထန် ကိုယ်တွယ်ခဲ့သောကြောင့် ထောင်နှင့်ချီသော အရာရှိများမှာ အာဏာ လက်လွတ် ဆုံးရှုံးခဲ့ရသည်။ သို့သော်လည်း ဝေဖန်သူများကမူ ဇီမှာ ယခုစည်းကမ်းများကို အသုံးပြုကာ ပါတီအတွင်း ၎င်းအား ဆန့်ကျင်သူများကို ဖယ်ရှားရန် ရည်ရွယ်နေသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera