အောက်တိုဘာ ၂၀၊ ၂၀၁၅
M-Media
– လာမည့်လတွင် ကျင်းပပြုလုပ်မည့် မြန်မာ့ရွေးကောက်ပွဲအတွက် စစ်ဘက်ဆိုင်ရာ နေရာများမှ မဲရုံများသို့ ဥရောပသမဂ္ဂ စောင့်ကြည့်သူများကို ၀င်ရောက်လေ့လာခွင့် ပေးမည်ဟု အီးယူစောင့်ကြည့်လေ့လာရေးအဖွဲ့မှ အကြီးအကဲ အလက်ဇန်းဒါး ဂရက်ဖ် လမ်ဘ်စ်ဒေါ့ဖ်က ယနေ့တွင် ပြောကြားလိုက်သည်။
စစ်အခြေစိုက်စခန်းများတွင် နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများကို ၀င်ရောက်ခွင့်ပေးရေးမှာ ရွေးကောက်ပွဲ ထင်သာမြင်သာရှိမှု၏ အဓိကသော့ချက်လည်း ဖြစ်သည်။ အလက်ဇန်းဒါးကမူ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နေပြည်တော်တွင် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက်ပိုင်း ထိုကဲ့သို့ စစ်ဘက်ဆိုင်ရာနေရာများတွင် စောင့်ကြည့်လေ့လာရေးအတွက် အာမခံချက် ရရှိခဲ့သည်ဟု ဆိုသည်။
“၀င်ခွင့်ပြုလို့မရတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စတွေမရှိဘူးဆိုရင် ဥရောပသမဂ္ဂ စောင့်ကြည့်လေ့လာရေးအဖွဲ့ဟာ စစ်ဘက်ဆိုင်ရာနေရာတွေမှာ မဲပေးမှုကို ၀င်ရောက်လေ့လာခွင့်ရမယ်လို့ ကာကွယ်ရေးဦးစီးချုပ်နဲ့ ဆွေးနွေးမှုမှာ သူက သဘောတူညီခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး လုပ်ဆောင်ဖို့ အနေအထားတွေကို ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ဒီလို ညွှန်ကြားချက်မျိုး ရတာကိုပဲ ကျွန်တော်တို့ တော်တော်လေး ကျေနပ်မိပါတယ်” ဟု အလက်ဇန်းဒါးက ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂမှာ ရွေးကောက်ပွဲအား ရေရှည်စောင့်ကြည့်ရန်အတွက် လေ့လာသူ ၃၀ ဦး ခန့်ထားပြီး ရေတိုအတွက်မူ ၆၂ ဦးက နိုင်ငံတစ်ဝှမ်းတွင် စောင့်ကြည့်လေ့လာသွားမည် ဖြစ်သည်။ အမေရိကန်အခြေစိုက် Carter Center ကလည်း ရွေးကောက်ပွဲအား စောင့်ကြည့်သွားမည်ဖြစ်သည်။
Ref: Channelnewsasia









