News @ M-Media

Author: Ko Lay

  • အစ္စရေး၏ ချိုးဖောက်မှုများကြောင့် ငြိမ်းချမ်းရေးစာချုပ်ကို ပယ်ဖျက်ရန် ဂျော်ဒန်ပြည်သူများ တောင်းဆို

    အစ္စရေး၏ ချိုးဖောက်မှုများကြောင့် ငြိမ်းချမ်းရေးစာချုပ်ကို ပယ်ဖျက်ရန် ဂျော်ဒန်ပြည်သူများ တောင်းဆို

    အောက်တိုဘာ ၁၇၊ ၂၀၁၅
    M-Media

    jordan

    – ဂျေရုစလင်ရှိ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်နှင့် ပတ်သက်သည့် သဘောတူညီချက်များကို အစ္စရေးက ချိုးဖောက်သည့် အတွက်ကြောင့် အစ္စရေးနှင့် ချုပ်ဆိုထားသည့် ငြိမ်းချမ်းရေးစာချုပ်ကို ဖျက်သိမ်းပစ်ရန် ဂျော်ဒန်အစိုးရအား ပြည်သူထောင်ပေါင်းများစွာက ဆန္ဒပြ တောင်းဆိုခဲ့ကြခဲ့သည်။

    ယမန်နေ့က မြို့ပေါင်းများစွာ၌ ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး မြို့တော် အမ်နန်တွင် ပြုလုပ်သည့် ဆန္ဒပြမှုတွင် လူပေါင်း ၅၀၀၀ ၀န်းကျင်ခန့် ပါဝင်ခဲ့သည်။

    “ဂျော်ဒန်မြေမှာ ဇီယွန် သံရုံးအလိုမရှိ” ဟု ဆန္ဒပြသူများက ကျွေးကြော်ခဲ့ကြသည်။

    ၁၉၉၄ ခုနှစ်က ချုပ်ဆိုခဲ့သော ဂျော်ဒန်-အစ္စရေး ငြိမ်းချမ်းရေးစာချုပ်ကို ဖျက်သိမ်းရန် တောင်းဆိုမှုမှာ ဂျေရုစလင်တွင် ပါလက်စတိုင်းများအပေါ် အစ္စရေးက ကျူးလွန်မှုများအတွက် တုန့်ပြန်ခြင်းဖြစ်သည်ဟု ဆန္ဒပြသူများ၏ ဆိုင်းဘုတ်တစ်ချို့တွင် ဖော်ပြထားသည်။

    “ဒီမြေက ငါတို့မြေ။ ဂျေရုစလင်က ငါ့တို့ဟာ။ ဘုရားသခင်က ငါတို့နဲ့အတူ ရှိနေတယ်” ဟု အခြား ဆိုင်းဘုတ်တစ်ခုတွင် ရေးသားထားသည်။

    ဂျော်ဒန်မှာ မွတ်စလင်တို့၏ တတိမြောက် အမြင့်မြတ်ဆုံးနေရာဌာနဖြစ်သော ဂျေရုစလင်မှ အလ်-ကက်ဆွာ ပရ၀ုဏ်ကို ထိန်းသိန်းစောင့်ရှောက်ခွင့် ရရှိထားသည့် နိုင်ငံလည်းဖြစ်သည်။

    ပြီးခဲ့သည့်လက အလ်-အက်ဆွာဗလီဝတ်ကျောင်းတော်အတွင်းသို့ အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဂျူးအစွန်းရောက်များ စီးနင်းဝင်ရောက်ကာ ပါလက်စတိုင်းဝတ်ပြုသူများကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်း ပိုင်နက်များတွင် မတည်မငြိမ်မှုများ ဖြစ်လာခဲ့သည်။

    အစ္စရေးကလည်း ပါလက်စတိုင်းဆန္ဒပြသူများ၊ ဓားဖြင့်တိုက်ခိုက်သူများကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ပြီး လက်ရှိအချိန်အထိ အစ္စရေးမှ ပစ်သတ်ခဲ့သည့် ပါလက်စတိုင်းအရေအတွက်မှာ ၃၀ ကျော်လာပြီဖြစ်သည်။ သေဆုံးသူများထဲတွင် ဓားဖြင့်တိုက်ခိုက်သူဟု သံသယရှိသူများ၊ ဆန္ဒပြသူများနှင့် ဘေးတွင် ရပ်ကြည့်နေသူများလည်း ပါဝင်ခဲ့သည်။

    ဂျော်ဒန်ဘုရင် အဘ်ဒူလာ ၂ က အလ်-အက်ဆွာဗလီဝတ်ကျောင်းတော်အတွင်း ရုန်းရင်းဆန်ခတ်ဖြစ်မှုများမှာ ဆိုးရွားသည့် နောက်ဆက်တွဲအဖြစ်အပျက်များကို ဖြစ်စေနိုင်သည်ဟု ပြီးခဲ့သည့်လက သတိပေးခဲ့ပြီး ဂျေရုစလင်သို့ မည်သည့် ကျူးကျာ်ဝင်ရောက်မှုမျိုးမဆို ဂျော်ဒန်နှင့်အစ္စရေးတို့အကြား ဆက်ဆံရေးကို ပျက်ဆီးစေနိုင်သည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကလည်း အစ္စရေးက ထိုကဲ့သို့ ကျူးကျော်ဝင်ရောက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဂျော်ဒန်မှာ ၎င်းတို့၏ သံတမန်ကို အစ္စရေးမှ ပြန်လည်ခေါ်ယူခဲ့သည်။ ယခုအခြေအနေကိုလည်း စောင့်ကြည့်နေကာ အစ္စရေး၏ ကျူးကျော်မှုအတွက် တရားရေးနှင့် သံတမန်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်သွားရန်ရှိနေသည်ဟု ဂျော်ဒန်က ပြောကြားထားသည်။

    Ref: Aljazeera

  • ၂၀၀၆ ကမ္ဘာ့ဖလားကျင်းပခွင့်ကို ဂျာမနီက လာဘ်ပေး၍ ရယူခဲ့ခြင်းဟု သတင်းထွက်ပေါ်

    ၂၀၀၆ ကမ္ဘာ့ဖလားကျင်းပခွင့်ကို ဂျာမနီက လာဘ်ပေး၍ ရယူခဲ့ခြင်းဟု သတင်းထွက်ပေါ်

    အောက်တိုဘာ ၁၇၊ ၂၀၁၅
    M-Media

    fifa

    – ၂၀၀၆ခုနှစ် ကမ္ဘာဖလား ကျင်းပခွင့်ရရေးအတွက် ဂျာမနီနိုင်ငံမှာ ဖီဖာအမှုဆောင်ကောင်စီ အဖွဲ့ဝင်များသို့ လာဘ်ထိုးခဲ့သည်ဟု ဂျာမန် အပတ်စဉ် သတင်းစာ Der Spiegel က ယမန်နေ့တွင် ဖော်ပြလိုက်သည်။

    အိမ်ရှင်ရွေးချယ်ရေး ကော်မတီသို့ ဆွဇ်ဖရန့် ၁၀.၃ သန်း (ထိုစဉ်က ကန်ဒေါ်လာ ၆ သန်း) ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ထိုကိစ္စအား Adidas အကြီးအကဲ ရောဘတ် လူးဝစ် ဒရိုင်ဖက်စ်က ၎င်း၏ ကိုယ်ပိုင်ငွေကြေးမှ ကူညီခဲ့သည်ဟု ဆိုသည်။ ဖီဖာကမူ ထိုသတင်းအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ လာဘ်ငွေမှာ ၂၀၀၀ ခုနှစ် ဇူလိုင် ၆ ရက်နေ့တွင် ဂျာမနီက ကမ္ဘာ့ဖလားကျင်းပခွင့် ရရှိမှု မတိုင်မီ ဖီဖာ၏ အဖွဲ့ဝင် ၂၄ ဦးပါသော အမှုဆောင်ကော်မတီမှ အာရှကိုယ်စားလှယ် ၄ ဦး၏ မဲများကို သေချာစေရန် အသုံးပြုခဲ့သည်ဟု ဆိုသည်။

    “ဒါဟာ ၁၉၇၀ ပြည့်နှစ်တွေအတွင်း ဘွန်ဒစ်လီဂါ လာဘ်ပေးလာဘ်ယူပြဿနာ ဖြစ်ပြီးကတည်းက ဂျမနီဘောလုံးလောကအတွက် အကြီးမားဆုံး ပြဿနာအဖြစ် ပေါ်ထွက်လာနိုင်ပါတယ်။ ဂျာမနီက ၂၀၀၆ ကမ္ဘာဖလား ကျင်းပခွင့်ရခဲ့ခြင်းဟာ လာဘ်ငွေတွေနဲ့ ၀ယ်ယူလိုက်တဲ့ပုံစံမျိုးဖြစ်ဖို့ အလားအလာရှိတယ်လို့ Spiegel က သိရပါတယ်” ဟု အဆိုပါမဂ္ဂဇင်းတွင် ဖော်ပြထားသည်။

    အာရှကိုယ်စားလှယ်များ

    ဂျာမနီအား အိမ်ရှင်အဖြစ် ရွေးချယ်ရေး မဲခွဲရာတွင် နယူးဇီလန်မှ ချားလ်စ် ဒမ့်ပ်ဆေးက ကြားနေခဲ့ပြီးနောက် ၁၂- ၁၁ မဲဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး အာရှကိုယ်စားလှယ်များက ဥရောပကိုယ်စားလှယ်များကဲ့သို့ပင် ဂျာမနီအတွက် မဲပေးခဲ့ကြသည်။

    ထိုအထဲမှ အာရှကိုယ်စားလှယ် ၃ ဦးမှာ သက်ရှိထင်ရှား ရှိနေပြီး Spiegel မဂ္ဂဇင်းက တောင်ကိုရီးယားမှ ချွန်မွန်ဂျွန်းကို ထိုကိစ္စနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းခဲ့ရာ ဖြေဆိုရင် မထိုက်တန်ဟု ပြောကြားခဲ့သည်။

    အိမ်ရှင်အဖြစ်ရရှိရေး ကြိုးစားမှုကော်မတီကို ဦးဆောင်ခဲ့သည့် ဂျာမနီဂန္တ၀င်ကစားသမား ဖရန့်ဇ် ဘက်ကင်ဘောင်ဝါ၊ ဂျာမနီဘောလုံးအဖွဲ့ချုပ် DFB ၏ လက်ရှိဥက္ကဌ ၀ုလ်ဖ်ဂန် နီယာစ့်ဘက်ခ်ျနှင့် အခြားသော ဘောလုံးထိပ်တန်းအရာရှိများမှာ ထိုလာဘ်ပေးမှုကို ၂၀၀၅ ခုနှစ်မတိုင်ခင် သိရှိခဲ့သည်ဟု ထိုမဂ္ဂဇင်းက ထည့်သွင်းဖော်ပြခဲ့သည်။

    လူးဝစ်-ဒရိုက်ဖက်စ်၏ အရစ်ကျပေးချေမှုကို လျှို့ဝှက်ထားခဲ့ပြီး အိမ်ရှင်ဖြစ်ရေး ကြိုးပမ်းမှုကော်မတီ၏ ဘက်ဂျက်မှ သွားသည်မဟုတ်ဘဲ၊ ကမ္ဘာ့ဖလား ပြိုင်ပွဲကျင်းပရေးကော်မတီ၏ ဘက်ဂျက်မှလည်း ကျခံခြင်းမဟုတ်ပေ။

    Ref: Aljazeera

  • နျူစွန့်လွှတ်ရန်ဆန္ဒကို မြောက်ကိုရီးယားက ပြရမည်ဟု ကန်နှင့် တောင်ကိုရီးယားပြော

    နျူစွန့်လွှတ်ရန်ဆန္ဒကို မြောက်ကိုရီးယားက ပြရမည်ဟု ကန်နှင့် တောင်ကိုရီးယားပြော

    အောက်တိုဘာ ၁၇၊ ၂၀၁၅
    M-Media

    – မိမိတို့က ပိဆို့မှုများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ရန်အတွက် တံခါးဖွင့်ထားပြီး မြောက်ကိုရီးယားအနေဖြင့် ၎င်း၏ နျူကလီးယားအစီအစဉ်ကို အမှန်တကယ်စွန့်လွှတ်ရန် ဆန္ဒကို ပြရမည်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် တောင်ကိုရီးယား သမ္မတ ပတ်ဂျုံဟီးတို့က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ၎င်းတို့နှစ်ဦးမှာ ၀ါရှင်တန်တွင် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး အီရန်ကဲ့သို့ မြောက်ကိုရီးယားနှင့် သဘောတူညီချက် ရယူနိုင်မည်လားဟု မေးမြန်းရာ နျူကင်းစင်သည့် အနာဂတ်ကို မြောက်ကိုရီးယားက မျှော်လင့်ထားသည့် လက္ခဏာမျိုး မရှိဟု အိုဘားမားက ပြန်လည်ဖြေကြားခဲ့သည်။

    ပတ်ဂျုံဟီးကမူ မြောက်ကိုရီးယား၏ နျူကလီးယားပြဿနာအတွက် နိုင်ငံတကာက တိုင်ပင်ကာ ဆောင်ရွက်မှုများ ပြုလုပ်ရန်အတွက် အရေးကြီးနေပြီး၊ သံတမန်နည်းလမ်းအရ ကြိုးပမ်းမှုများကို ခိုင်မာအောင်ဆောင်ရွက်ရန် လိုအပ်ချက်အတွက် အိုဘားမားနှင့် သဘောတူညီချက်ရခဲ့သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Reuters

  • နေးမာအတွက် မန်ယူ၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်ဟု ဖခင်ဖြစ်သူပြော

    နေးမာအတွက် မန်ယူ၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်ဟု ဖခင်ဖြစ်သူပြော

    အောက်တိုဘာ ၁၆၊ ၂၀၁၅
    M-Media

    neymar

    – မန်ယူက နေမားအား ကမ်းလှမ်းခဲ့သည်ဆိုသော သတင်းများပေါ်ထွက်လာမှုကို နေးမာ၏ ဖခင်ဖြစ်သူက အတည်ပြုခဲ့ပြီး မိမိတို့က ပယ်ချခဲ့သည်ဟု ဆိုသည်။

    လာမည့် ၂၀၁၆ ခုနှစ်တွင် ဘာစီလိုနာအသင်းနှင့် ကာလရှည် စာချုပ်ချုပ်ဆိုရန် ရှိနေသည့် နေးမာအား ပြီးခဲ့သည့် အပြောင်းအရွှေ့က မန်ယူမှ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

    “ကမ်းလှမ်းမှုက ဘာစီလိုနာကို ရောက်လာပါတယ်။ အသင်းကလည်း ကျွန်တော်တို့ကို အသိပေးခဲ့ပြီး သူတို့ နေးမာကို လက်လွှတ်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့က စိတ်ဝင်စားလားဆိုတာ သူတို့ မေးခဲ့ပြီး ဒါပေမယ့် ဒီလို မဖြစ်ခဲ့ပါဘူး။ ဘာကာနဲ့ သက်တမ်းက ၃ နှစ်လောက် ကျန်သေးပြီး အသင်းကလည်း ရောင်းမှာမဟုတ်ပါဘူး။ အဲဒီကမ်းလှမ်းမှုဟာ မန်ယူက လုပ်တာပါ။ ဒါပေမယ့် အခုတော့ မရှိတော့ပါဘူး ပျက်သွားပါပြီ” ဟု နေးမာစီနီယာက ပြောကြားခဲ့သည်။

    Ref: Goals

  • မီဒီယာများ၏ ဘက်လိုက်ဖော်ပြမှုက မွတ်စလင်များအပေါ် ပြောင်းလဲစေသည်ဟု အမေရိကန် မွတ်စလင်ပညာရှင်တစ်ဦး ပြော

    မီဒီယာများ၏ ဘက်လိုက်ဖော်ပြမှုက မွတ်စလင်များအပေါ် ပြောင်းလဲစေသည်ဟု အမေရိကန် မွတ်စလင်ပညာရှင်တစ်ဦး ပြော

    အောက်တိုဘာ ၁၆၊ ၂၀၁၅
    M-Media

    us

    – အစ္စလာမ်နှင့်ပတ်သက်သည့် ယူဆချက်အမှားများကို ဖြေရှင်းနေသည့် ထင်ရှားသော မွတ်စလင် ပညာရှင်တစ်ဦးဖြစ်သူ ဖိုင်ဆယ် အဘ်ဒူလ်ရာအွဖ်က မွတ်စလင်ကမ္ဘာအပေါ် အမေရိကန်များ၏ ရှုမြင်မှုများကို ဘက်လိုက်သော မီဒီယာများက ပုံဖော်နေပြီး မွတ်စလင်ဆန့်ကျင်ရေး သဘောထားများ မြင့်တက်လာစေသည်ဟု ပြောကြားခဲ့သည်။

    “အစ္စလာမ်နဲ့ပတ်သက်ပြီး အမေရိကန်တွေရဲ့ နားလည်မှုကို ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ မီဒီယာတွေက ပုံဖော်နေပါတယ်။ ကမ္ဘာတစ်ဝှမ်း မွတ်စလင်တွေနဲ့ မွတ်စလင်မဟုတ်သူတွေရဲ့ ဆက်ဆံရေးက ကောင်းမွန်နေချိန်မှာ သတင်းတွေမှာပါလာတဲ့ ဟာတွေက ကျွန်တော်တို့အပေါ် အမြင်တွေကို ပြောင်းလဲစေပါတယ်” ဟု နယူးယောက်ရှိ မတ်စဂျစ်ဒ် အလ်-ဖာရာ ဗလီဝတ်ကျောင်းတော်မှ
    ရှေ့ဆောင်အီမာမ်ဟောင်းဖြစ်သူ အဘ်ဒူလ် ရာအွဖ်က ဆိုသည်။

    Moving the Mountain: Beyond Ground Zero to a New Vision of Islam in America စာအုပ် အပါအ၀င် စာအုပ်ပေါင်းများစွာ ရေးသားခဲ့သည့် ရာအွဖ်မှာ မွတ်စလင်ကမ္ဘာနှင့် အနောက်နိုင်ငံများအကြား ဆက်ဆံရေးကောင်းများ ဖြစ်ထွန်းရန် ဆယ်စုနှစ်ချီ၍ ဆောင်ရွက်ခဲ့သူလည်းဖြစ်သည်။

    အစ္စလာမ်သာသနာမှာ အကြမ်းဖက်မှုကို အားမပေးသော်လည်း မီဒီယာများက မွတ်စလင်လူတစ်စု၏ ရက်စက်ယုတ်မာမှုကိုသာ မီးမောင်းထိုးပြနေသည်ဟု သူက ဆိုသည်။

    “တရားပွဲမှာ လူ ၃၀ ပြည့်အောင်တောင်မရှိတဲ့၊ ဧ၀ံဂေလိအသင်းတော်က ဘယ်သူမှမသိတဲ့ (ခရစ်ယာန်) တရားဟောဆရာ တစ်ယောက်က ကုရ်အာန်ကို မီးရှို့မယ်လည်း လုပ်လိုက်ရော ကမ္ဘာကျော်သွားတာပါပဲ။ ပြီးတော့ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေကလည်း အမေရိကန်တွေအားလုံးက ဒီလိုလုပ်ချင်တဲ့သူတွေလို့ ထင်သွားကြပါရော။ ဒါမျိုးတွေက နှစ်ဖက်စလုံးကို ပုံသွင်းနေတာဗျ။ ဒါတွေကို တတ်နိုင်သမျှ နည်းလမ်းအားလုံးနဲ့ တိုက်ထုတ်ရမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

    အချို့သော အကြမ်းဖက်သမားများက ၎င်းတို့၏ မကောင်းဆိုးဝါး အစီအစဉ်များအား အစ္စလာမ်အမည်တပ်၍ ဆောင်ရွက်နေကြသည်ဟုလည်း အဘ်ဒူလ် ရာအွဖ်က ထည့်သွင်းပြောကြားချဲ့သည်။ မွန်တားနား ကမ္ဘာ့ရေးရာကောင်စီမှ ယခုလအတွင်း မစ်ဆိုလာ၌ ပြုလုပ်မည့် အစီအစဉ်တစ်ခုတွင် အဘ်ဒူလ် ရာအုဖ်မှာ “မွတ်စလင်၊ မွတ်စလင်မဟုတ်သူများနှင့် မီဒီယာ” ခေါင်းစဉ်ဖြင့် ဟောပြောသွားမည်ဖြစ်သည်။

    Ref: Onislam