News @ M-Media

Author: Ko Lay

  • ဗောက်စ်ဝဂွန်ကားကုမ္ပဏီ ၀န်ထမ်းလျော့မည်

    ဗောက်စ်ဝဂွန်ကားကုမ္ပဏီ ၀န်ထမ်းလျော့မည်

    အောက်တိုဘာ ၁၇၊ ၂၀၁၅
    M-Media

    – ဒီဇယ်ကားများတွင် ကာဘွန်ထုတ်လွှတ်မှု လိမ်ညာခဲ့ခြင်းအတွက် ထိခိုက်ခဲ့ရသည့် ဘက်ဂျက်များကို ကာမိစေရန် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အလုပ်သမားများ ယာယီလျော့ချသွားရန် စဉ်စားနေသည်ဟု နာမည်ကြီး ဗောက်စ်ဝဂွန် ကားထုတ်လုပ်ရေး၏ အလုပ်သမားများကောင်စီမှ ယနေ့တွင် ပြောကြားလိုက်သည်။

    ထိုကဲ့သို့ အလုပ်သမားလျော့ချမှုမှာလည်း အလုပ်ချိန် လျော့ပေါ့ခိုင်းစေခြင်းသာ ဖြစ်မည်ဖြစ်ပြီး အလုတ်ထုတ်မပစ်ရမည့် အခြားနည်းလမ်းများကိုလည်း မိမိတို့က ရှာဖွေနေကြောင်း ကုမ္ပဏီမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ကာဗွန်ထုတ်လုပ်မှု လျော့နည်းစေရန် ဓာတ်ခွဲခန်းစမ်းသပ်မှုတွင် ဒီဇယ်ကားများ၌ ဆော့ဖ်ဝဲသုံး၍ လိမ်လည်မှုကြောင့် ဗောက်စ်ဝဂွန်မှာ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရပြီး လေ့လာဆန်းစစ်သူ အချို့ကမူ ထိုကားများကို ပြင်ဆင်ရန်၊ လိမ်လည်မှုအတွင် တရားဆိုင်ရန်နှင့် ဒဏ်ငွေဆောင်ရန်တို့ အားလုံးပေါင်းပါက ကုမ္ပဏီမှာ ယူရို ၃၅ ဘီလီယံ (ကန်ဒေါ်လာ ဘီလီယံ ၄၀) ခန့် သုံးစွဲရမည်ဟု ဆိုသည်။

    Ref: Reuters

  • NLD က ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား ရင်ကြားစေ့ရေး ဆောင်ရွက်ပေးမည်ဟု ကမန်မွတ်စလင်များ မျှော်လင့်

    NLD က ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား ရင်ကြားစေ့ရေး ဆောင်ရွက်ပေးမည်ဟု ကမန်မွတ်စလင်များ မျှော်လင့်

    အောက်တိုဘာ ၁၇၊ ၂၀၁၅
    M-Media

    – မိမိတို့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပြီး သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်သည့် အစိုးရက ရခိုင်ပြည်နယ်ရှိ မိမိတို့၏ဘ၀များကို တိုးတက်စေလိမ့်မည်ဟု မျှော်လင့်ကြောင်း သံတွဲမြို့ရှိ အစ္စလာမ်ဘာသာဝင်များက ပြောကြားလိုက်သည်။

    ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းက အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ကမန်မွတ်စလင် ၅ ဦး သေဆုံးခဲ့သည့် သံတွဲမြို့သို့ အောက်တိုဘာ ၁၇ ရက်(ယနေ့)တွင် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာ၍ မိန့်ခွန်းပြောကြားခဲ့သည်။

    သံတွဲနှင့် ပတ်ဝန်းကျင်ရွာများ၌ နေထိုင်ကြသည့် ကမန်ဒေသခံများမှာ အဆိုပါမိန့်ခွန်းကို လာရောက်နားထောင်ခဲ့ကြပြီး မိမိတို့မှာ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်း၊ NLD မှာ မိမိတို့၏ ခွဲခြားဆက်ဆံခံရမှုများကို အဆုံးသတ်စေကာ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား ပြန်လည်ရင်ကြားစေ့ရေးကို အားပေးဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

    “ကျွန်တော်တို့မှာ မျှော်လင့်ချက် မရှိသလောက်ပါပဲ။ တူညီတဲ့အခွင့်အရေး ကျွန်တော်တို့ မရဘူး။ တကယ်လို့ အမေစုသာ ရွေးကောက်ပွဲမှာနိုင်ရင် ကျွန်တော်တို့ တန်းတူညီမျှ ဆက်ဆံခံရမယ်လို့ မျှော်လင့်ပါတယ်” ဟု ကမန်မွတ်စလင်တစ်ဦးဖြစ်သူ ၀င်းနိုင်က ပြောကြားခဲ့သည်။

    သံတွဲမြို့အပြင်ဘက်တွင် နေထိုင်သူ အသက် ၄၈ နှစ်အရွယ် ထွန်းဝင်းကလည်း မွတ်စလင်များမှာ စော်ကားခံနေရကြောင်း၊ အစိုးရမှာ မွတ်စလင်အများစုကို နိုင်ငံသားကဒ်များ မပေးဘဲ လွတ်လပ်စွာ သွားလာခွင့်ကိုလည်း ပိတ်ပင်ထားကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် NLD က မိမိတို့၏ ဘ၀ကို ပို၍ လွယ်ကူစေမည်ဟု မျှော်လင့်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    “သူတို့က ရန်ကုန်သွားနေလို့ ပြောတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ နိုင်ငံသားကဒ်မရှိတော့ သွားလို့မရဘူး။ ကျွန်တော်တို့ ဒီနေရာမှာပဲ ပတ်နေရတယ်။ အကျဉ်းထောင်လိုပါပဲ”

    ရခိုင်ပြည်နယ်တွင် ရခိုင်မင်များလက်ထက်က နေထိုင်အမှုထမ်းလာခဲ့သည့် ကမန်မွတ်စလင်များမှာ တိုင်းရင်းသား ၁၃၅ မျိုးစာရင်းတွင် ပါဝင်သော်လည်း နိုင်ငံသား စီစစ်ရေးကဒ်ပြား လျှောက်ထားရာတွင် အခက်အခဲများစွာ ရင်ဆိုင်နေရပြီး၊ အစိုးရကလည်း ကမန်မွတ်စလင်များအား ခရီးသွားလာခွင့်ပိတ်ပင်မှု အပါအ၀င် ကန့်သတ်ချုပ်ချယ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လျက်ရှိနေသည်။

    Ref: Reuters

  • ဒရုန်းလေယာဉ် တရားဝင်သုံးနိုင်ရေး အစီအစဉ်တစ်ခု ကန်ကြေငြာမည်

    ဒရုန်းလေယာဉ် တရားဝင်သုံးနိုင်ရေး အစီအစဉ်တစ်ခု ကန်ကြေငြာမည်

    အောက်တိုဘာ ၁၇၊ ၂၀၁၅
    M-Media

    drone 1

    – တရားမ၀င် ဒရုန်းလေယာဉ်များ အသုံးပြုခြင်း မြင့်တက်လာမှုနှင့် ရင်ဆိုင်နေရသည့် အမေရိကန်အစိုးရမှာ ဒရုန်းများ တရားဝင် စာရင်းသွင်း အသုံးပြုနိုင်ရေးကို ရည်ရွယ်သည့် အစီအစဉ်တစ်ခုကို တနင်္လာနေ့တွင် ကြေငြာရန် ရှိနေသည်ဟု သိရသည်။

    ဒုရုန်းထုတ်လုပ်သူများနှင့် အသုံးပြုသူများ တက်ရောက်မည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အမေရိကန် ငွေတိုက်ဌာနအတွင်းရေးမှူး အန်သိုနိဖောက်စ်နှင့် ဖက်ဒရယ် လေကြောင်းစီမံခန့်ခွဲရေးမှူး မီခေးလ် ဟွာတာတို့က ကြေငြာသွားမည်ဖြစ်သည်။

    သတင်းရင်းမြစ်နှစ်ခုအရ အဆိုပါ အစီအစဉ်တွင် ဒီဇင်ဘာလနောက်ဆုံးထား၍ ဒရုန်းလေယာဉ်များ စာရင်းသွင်းနိုင်မည့် ဌာနတစ်ခု ဖန်တီးရေး ရည်ရွယ်ချက်အတွက် လွတ်လပ်သော အကြံပေးကော်မတီ ဖွဲ့စည်းခြင်း ပါဝင်မည်ဟု ဆိုသည်။

    Ref: Channelnewsasia

  • ကွန်ပနီအပေါ် မကျေနပ်ဟု မန်စီးတီးနည်းပြပြော

    ကွန်ပနီအပေါ် မကျေနပ်ဟု မန်စီးတီးနည်းပြပြော

    အောက်တိုဘာ ၁၇၊ ၂၀၁၅
    M-Media

    mct

    – မိမိ၏ ဆန္ဒမပါဘဲ ၎င်း၏ သဘောဖြင့် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းတွင် သွားရောက်ကစားခဲ့သည့်အတွက် အဓိက နောက်ခံလူ ကွန်ပနီအပေါ် စိတ်ခုနေပြီး ယနေ့တွင်ကစားမည့် ဘုန်းမောက်နှင့်ပွဲစဉ်တွင် ချန်လှပ်ကောင်း ချန်လှပ်မည်ဟု မန်စီးတီးနည်းပြ မန်နျူယဲလ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    ခြေသလုံးကြွက်သားဒဏ်ရာမှ ပြန်လည်သက်သာလာသည့် ကွန်ပနီအား ဒဏ်ရာအရှင်း ပျောက်ကင်းရေးအတွက် အင်္ဂါနေ့က ကစားခဲ့သည့် ယူရို ၂၀၁၆ ခြေစစ်ပွဲ အစ္စရေးနှင့်ပွဲတွင် ဘယ်လ်ဂျီယံအသင်းသို့ သွားရောက်ကစားခြင်းမပြုရန် မန်စီးတီးက တားမြစ်ခဲ့သည်။

    “ကျွန်တော် မကျေနပ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ ဗင်းဆင့် (ကွန်ပနီ) ကို ဆေးစာနဲ့အတူ မကစားနိုင်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လ်ဂျီယံမန်နေဂျာက နိုင်ငံတကာပွဲ သီတင်းပတ်မှာ သူ ကြိုက်တာသူလုပ်နိုင်တယ်လို့ ပြောပါတယ်။ ကစားသမားကို သူ သုံးချင်ပြီး သုံးလည်းသုံးခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ ကစားသမားတစ်ယောက် ကလပ်အသင်းအတွက် နောက်ဆုံး ၃ ပွဲကို မကစားခဲ့ရင် နိုင်ငံအသင်းမှာလည်း ကစားလို့ မရပါဘူး။ ဒါက ဥပဒေပါ။ ဒါကို လုပ်ဖို့တော့ ကျွန်တော့်တာဝန် မဟုတ်ပါဘူး။ တစ်ချိန်ချိန်ကျရင်တော့ ဒါနဲ့ပတ်သက်ပြီး ကလပ်အတွင်းတွေက ဆန္ဒပြပါလိမ့်မယ်” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။

    Ref: Goal

  • အိန္ဒိယနိုင်ငံ မြို့တော်ဒေလီတွင် အသက် ၂ နှစ်ခွဲနှင့် ၅ နှစ်အရွယ် ကလေးများ အဓမ္မပြုကျင့်ခံရပြန်

    အိန္ဒိယနိုင်ငံ မြို့တော်ဒေလီတွင် အသက် ၂ နှစ်ခွဲနှင့် ၅ နှစ်အရွယ် ကလေးများ အဓမ္မပြုကျင့်ခံရပြန်

    အောက်တိုဘာ ၁၇၊ ၂၀၁၅
    M-Media

    india

    – ယမန်နေ့က အိန္ဒိယနိုင်ငံ မြို့တော်ဒေလီတွင် အသက် ၂ နှစ်ခွဲအရွယ်နှင့် ၅ နှစ်အရွယ် မိန်းကလေးနှစ်ဦးမှာ အဓမ္မပြုကျင့် ခံခဲ့ရပြီး ထိုအထဲမှ တစ်ခုမှာ အုပ်စုဖွဲ့ကျူးလွန်ခြင်းဟု အတည်ပြုနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားလိုက်သည်။

    အသက် ၂ နှစ်ခွဲ ကလေးငယ်မှာ ဒေလီအနောက်ပိုင်း နန်းလွိုင်ဒေသရှိ ဘုရားပွဲတစ်ခုမှ ယမန်နေ့ညတွင် ပြန်ပေးဆွဲ ခံခဲ့ရပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုလုပ်ခဲ့ကာ ၎င်း၏ အိမ်အနီးရှိ ပန်းခြံထဲတွင် ပစ်ချသွားခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့် ဆွေမျိုးများက ဆိုသည်။

    ဒေလီအနောက်ပိုင်း ရဲတပ်ဖွဲ့အကြီးအကဲ ပွတ်ရှ်ပန်ဒရာ ကူးမားရ်ကမူ ပျောက်ဆုံးပြီး နာရီအနည်းငယ် ကြာခဲ့ပြီးနောက် ထိုမိန်းကလေးငယ်ကို သွေးများစွာဖြင့် တွေ့ခဲ့ရပြီး ဆေးစစ်မှုများ ပြုလုပ်ခဲ့ရာ ၎င်းမှာ အနည်းဆုံး တစ်ကြိမ် အဓမ္မပြုကျင့် ခံထားရသည်ကို တွေ့ရှိခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ သံသယရှိသူတွေကို ပိုက်စိတ်တိုက် ရှာဖွေနေပါတယ်။ အခုအချိန်အထိတော့ ဘယ်သူမှ ဖမ်းမမိသေးပါဘူး”

    အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်မှာမူ ဒေလီအရှေ့ပိုင်း အေနန် ဗီဟာရ်ဒေသတွင် ယမန်နေ့ညပိုင်းက ဘေးအိမ်သို့ ဖျားယောင်းခေါ်ဆောင်ခြင်း ခံခဲ့ရပြီးနောက် အမျိုးသား ၃ ဦးက အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

    “ကလေးရဲ့အင်္ကျီက တစ်ချို့နေရာတွေ စုတ်ပြဲနေပြီး သွေးတွေလည်း ဗရပွ ပေကျံနေပါတယ်။ တစ်ချို့ ဒေသခံတွေက သူ့ကိုတွေ့ခဲ့ပြီး သူကလည်း လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတယ်လို့ ပြောခဲ့ပါတယ်” ဟု အေနန် ဗီဟာရ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ဆေးစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် အဆိုပါ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်မှာ အဓမ္မပြုကျင့်ခံခဲ့ရကြောင်း အတည်ပြုနိုင်ခဲ့သည်။

    ထိုကလေးငယ် ၂ ဦစလုံးမှာ လက်ရှိအချိန်တွင် ဆေးကုသမှု ခံယူနေရသော်လည်း အသက်အန္တရာယ်မရှိဟု ရဲတပ်ဖွဲ့ကဆိုသည်။

    “ဘယ်တော့မှ ဒေလီက နိုးထမှာလဲ။ အိန္ဒိယရဲ့ မြို့တော်ကြီးမှာ ဘယ်အချိန်ထိ မိန်းကလေးတွေက ဆက်ပြီး
    စော်ကားခံနေရအုံးမှာလဲ။ ၂ နှစ်ခွဲနဲ့ ၅ နှစ်အရွယ် ကလေးငယ်တွေကို အုပ်စုဖွဲ့ မုဒိမ်းကျင့်တယ်။ သိပ် ရှက်စရာကောင်းပါတယ်” ဟု ဒေလီအမျိုးသမီးများကော်မရှင်မှ ဥက္ကဌဖြစ်သူ ဆွာတီ မာလီဝါလ်က ယနေ့တွင် Twitter စာမျက်နှာ၌ ရေးသားခဲ့သည်။

    ပြီးခဲ့သည့်တစ်ပတ်ကလည်း အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်ကာ လည်ပင်းအား ဓားဖြင့်ထိုးကာ သတ်ဖြတ်ခဲ့ပြီးနောက် ဒေလီမြို့ရှိ ရထားသံလမ်းတစ်ခုတွင် စွန့်ပစ်ထားမှု ဖြစ်ပွားခဲ့သေးသည်။

    အိန္ဒိယတွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုများမှာ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ၂၀၁၂ ခုတွင် ဒေလီမြိ့ရှိ ဘတ်စ်ကားတစ်စီးပေါ်တွင် ကျောင်းသူတစ်ဦးအား အုပ်စုဖွဲ့မုဒိမ်းကျင့် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ပြည်သူများက အစိုးရ၏ အရေးယူမှု အားနည်းခြင်းအပေါ် ပြင်းထန်စွာ ဆန္ဒပြခဲ့ကြသည်။

    ၂၀၁၄ ခုနှစ်တွင် အိန္ဒိယ၌ မုဒိမ်းမှုပေါင်း စံချိန်တင် ၃၆၇၃၅ မှု ဖြစ်ပွားခဲ့ပြီး ထိုအထဲမှ ၂၀၉၆ မှုမှာ ဒေလီမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    Ref: Channelnewsasia