News @ M-Media

Author: Ko Lay

  • အလ်အက်ဆွာ ဗလီပရ၀ုဏ်အတွင်း ကုလတပ်ချထားရန် ပါလက်စတိုင်း၏ တောင်းဆိုမှု အစ္စရေး လက်မခံ

    အလ်အက်ဆွာ ဗလီပရ၀ုဏ်အတွင်း ကုလတပ်ချထားရန် ပါလက်စတိုင်း၏ တောင်းဆိုမှု အစ္စရေး လက်မခံ

    အောက်တိုဘာ ၁၇၊ ၂၀၁၅
    M-Media

    pla

    – အစ္စရေးက ကျူးကျော်ပိတ်ဆို့ထားသော ပါလက်စတိုင်းပိုင် အရှေ့ ဂျေရုစလင်ရှိ အလ်အက်ဆွာ ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်း ကုလတပ်ဖွဲ့များ ချထားရေး ပါလက်စတိုင်းပြည်သူများ၏ မေတ္တာရပ်ခံမှုကို အစ္စရေးက ပယ်ချလိုက်သည်။

    အဆိုပါဗလီအတွင်းသို့ အစ္စရေးစစ်သားများနှင့် ဂျူးအစွန်းရာက်များ ပြီးခဲ့သည့်လအတွင်း စီးနင်းဝင်ရောက်ကာ ၀တ်ပြုသူ ပါလက်စတိုင်းများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဖြစ်ပေါ်လာသော ပါလက်စတိုင်းနှင့် အစ္စရေးတို့၏ တင်းမာမှုများတွင် အစ္စရေးမှ ပစ်သတ်မှုကြောင့် ပါလက်စတိုင်း ၃၀ ကျော် သေဆုံးခဲ့သည်။

    အစ္စရေးကမူ အရှေ့ဂျေရုစလင်သို့ ပါလက်စတိုင်းများ ၀င်ရောက်ခွင့်ကို ပိတ်ဆို့ထားပြီး ယနေ့မနက် စောစောပိုင်းကလည်း ဂျူးများကို ဓားဖြင့်ထိုးရန် ကြိုးစားသည်ဟုဆိုကာ ပါလက်စတိုင်းနှစ်ဦးကို အစ္စရေးရဲတပ်ဖွဲ့က ပစ်သတ်ခဲ့သည်။

    အလ်အက်ဆွာဗလီဝတ်ကျောင်းတော်နှင့် ၎င်းတို့၏ လုံခြုံရေးအတွက် ကုလမှ တပ်ဖွဲ့များချထားရန် ပါလက်စတိုင်းများက တောင်းဆိုထားပြီး ကုလဆိုင်ရာ အစ္စရေးသံတမန်ကမူ ထိုသို့ ချထားပါက လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ရှိနေသည့် အခြေအနေကို ချိုးဖောက်ခြင်းသာဖြစ်မည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ထိုဆောင်ရွက်မှုက တည်ငြိမ်အေးချမ်းရေးအတွက် အကူအညီဖြစ်မည် မဟုတ်ဟုလည်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။

    Ref: Aljazeera

  • သြစတေးလျတွင် ချွင်းချက်ဖြင့် ဆေးခြောက်စိုက်ပျိုးခွင့်ပြုမည်

    သြစတေးလျတွင် ချွင်းချက်ဖြင့် ဆေးခြောက်စိုက်ပျိုးခွင့်ပြုမည်

    အောက်တိုဘာ ၁၇၊ ၂၀၁၅
    M-Media

    ausi

    – ဆေးဘက်ဆိုင်ရာနှင့် သိပ္ပံဆိုင်ရာ ရည်ရွယ်ချက်များတွင် အသုံးပြုရန်အတွက် ဆေးခြောက်စိုက်ပျိုးမှုကို တရားဝင်ဖြစ်စေရန် ဆောင်ရွက်ပေးတော့မည်ဟု သြစတေးလျ အစိုးရက ယနေ့တွင် ကြေငြာလိုက်သည်။

    လက်ရှိအချိန်တွင် ပိတ်ပင်ထားသော်လည်း အားအင်ကုန်ခမ်းသည့် ရောဂါဝေဒနာကို ခံစားနေရသူများအတွက် အခြား ကုသမှုနည်းလမ်းများ ဆောင်ရွက်ပေးရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ ဆေးခြောက်စိုက်ပျိုးခွင့်ပြုရေး မူကြမ်းကို ပါလီမန်တွင် တင်သွင်းသွားမည်ဟု ကျန်းမာရေးဝန်ကြီး ဆူဆန်လေးက ပြောကြားခဲ့သည်။

    “အားအင်ကုန်ခမ်းတဲ့ ရောဂါဝေဒနာ ခံစားနေရတဲ့ ပြည်သူတွေကို အစိုးရက အလွန်အမင်း စာနာမိပါတယ်။ ပြီးတော့ အစွမ်းအထက်ဆုံး ကုသမှုနည်းလမ်းတွေ ရရှိအောင်လည်း ဆောင်ရွက်ပေးချင်ပါတယ်” ဟု လေးက ဆိုသည်။ သို့သော်လည်း သာမန်သုံးစွဲရန် ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးခြင်းကိုမူ တရားမ၀င်အဖြစ် ဆက်လက် သတ်မှတ်သွားမည်ဖြစ်သည်။

    Ref: Goal

  • ချယ်ဆီးမှာ အလယ်အလတ်အဆင့်သာ ရသော်လည်း မိမိ အထုတ်မခံရဟု မော်ရင်ဟိုပြော

    ချယ်ဆီးမှာ အလယ်အလတ်အဆင့်သာ ရသော်လည်း မိမိ အထုတ်မခံရဟု မော်ရင်ဟိုပြော

    အောက်တိုဘာ ၁၇၊ ၂၀၁၅
    M-Media

    mrh

    – ယခုနှစ်ရာသီသိမ်းချိန်တွင် ချယ်ဆီးမှာ ဇယားအလယ်၌သာရှိ သော်လည်း မိမိအနေဖြင့် အသင်းမှ ထုတ်ပယ်ခံရမည် မဟုတ်ဟု နည်းပြမော်ရင်ဟိုက ပြောကြားလိုက်သည်။

    လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ ချယ်ဆီးမှာ ရာသီအစတွင် ဆိုးရွားသည့်အခြေအနေနှင့် ကြုံတွေ့ခဲ့ရပြီး ၈ ပွဲကစား ၈ မှတ်သာရရှိထားကာ အဆင့် ၁၆ နေရာတွင် ရှိနေသည်။ မော်ရင်ဟိုမှာလည်း ဖိအားဒဏ်ကို ခံစားနေရပြီး ၎င်း ပထမအကြိမ် နည်းပြစဉ် ၂၀၀၆-၀၇ ခုနှစ်က အခြေအနေမျိုးဖြစ်နေကာ ထိုအချိန်က ကဲ့သို့ပင် ထုတ်ပယ်ခံရမည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

    “အဲဒီတုန်းကနဲ့ ကွဲပြားခြားနားမှုတွေ တော်တော်လေး ရှိနေပါတယ်။ အခုမှ ခြားနာတာမျိုး မဟုတ်ပါဘူး။ ကျွန်တော် ၂၀၁၃ ခုနှစ် ပြန်ရောက်တဲ့အချိန်၊ ပိုင်ရှင်၊ ဘုတ်အဖွဲ့တွေနဲ့ စပြီးစကားပြောတဲ့ အချိန်ကတည်းကပါပဲ။ (လွန်ခဲ့သည့်နှစ်ပတ် ဆောက်သက်တမ်အား ရှုံးနိမ့်ခဲ့သော ပွဲအပြီး) ကျွန်တော်ဟာ အသင်းပိုင်ရှင်နဲ့ ညစာစားခဲ့ပါတယ်။ အထုတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုး မရှိဘူးဆိုတာ ကျွန်တော် သိပါတယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    Ref: Goal

  • အီရန်အပေါ် ပိတ်ဆို့မှုများကို ဥရောပသမဂ္ဂက ဖယ်ရှားတော့မည်

    အီရန်အပေါ် ပိတ်ဆို့မှုများကို ဥရောပသမဂ္ဂက ဖယ်ရှားတော့မည်

    အောက်တိုဘာ ၁၇၊ ၂၀၁၅
    M-Media

    iran

    – နျူးကလီးယား အစီအစဉ်နှင့်ပတ်သက်၍ အီရန်အပေါ် ပြုလုပ်ထားသော ပိတ်ဆို့မှုများကို လာမည့် အောက်တိုဘာ ၁၈ ရက် တနင်္ဂနွေနေ့တွင် ဥရောပသမဂ္ဂက ကြေငြာတော့မည်ဟု အနောက်နိုင်ငံများ၏ သံတမန်ရင်းမြစ်များအရ သိရသည်။

    အီရန်မှာ ဇူလိုင်လက ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ချုပ်ဆိုထားသော နျူအရေးသဘောတူညီချက်တွင် ပါဝင်သော ကတိက၀တ်များကို အပြည့်အ၀ အကောင်အထည်ဖော်မှု ရှိခဲ့သည်ဟု နိုင်ငံတကာ အနုမြူအေဂျင်စီ IAEA က အသိအမှတ်ပြုခဲ့ပြီးနောက်ပိုင်း ဥရောပသမဂ္ဂက ထိုကဲ့သို့ ပိတ်ဆို့မှုများ ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းတွင် အသက်ဝင်လာမည်ဟု ရင်းမြစ်များကဆိုသည်။

    အဆိုပါ နျူအရေးသဘောတူညီချက်ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အီရန်ပါလီမန်မှ အတည်ပြုခဲ့ပြီး ထိပ်တန်းပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် အီရန် အခြေခံဥပေဒ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က ထိုအတည်ပြုချက်ကို လက်ခံခဲ့သောကြောင့် အီရန်အစိုးရက သဘောတူညီချက်ကို အကောင်အထည် ဖော်တော့မည်ဖြစ်သည်။

    အမေရိကန်ကလည်း အီရန်အပေါ် ပြုလုပ်ထားသည့် ပိတ်ဆို့မှုများကို ဖယ်ရှားပေးမည့် ကြေငြာချက်ကို တနင်္ဂနွေနေ့တွင် ကြေငြာရန် ရှိနေသည်။

    Ref: Channnelnewsasia

  • ကမ္ဘာ့ ဘာသာတရားများ ပါလီမန်ကို အမေရိကန်တွင် ကျင်းပ

    ကမ္ဘာ့ ဘာသာတရားများ ပါလီမန်ကို အမေရိကန်တွင် ကျင်းပ

    အောက်တိုဘာ ၁၇၊ ၂၀၁၅
    M-Media

    us

    – ကမ္ဘာ့ဘာသာတရားများ ပါလီမန်ဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စု ယူတာပြည်နယ် ဆော့လ်တ်လိတ်မြို့ရှိ Salt Palace ကွန်ဗန်းရှင်းစင်တာတွင် ကြာသာပတေးနေ့ ညနေပိုင်းက စတင်ပြုလုပ်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှ ထောင်ပေါင်းများစွာသော ဘာသာဝင်များ တက်ရောက်ခဲ့ကြသည်။

    “ဒီနေရာရဲ့ မူလပိုင်ရှင်တွေဖြစ်ကြတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ခွင့်ပြုမှု၊ ကျွန်တော့်ရဲ့နှလုံးသားက ထွက်ပေါ်လာတဲ့ မေတ္တာ၊ သနားကြင်နာမှု၊ ကျွန်တော်တို့ရဲ့ လူသားဆန်တဲ့ စိတ်ဓာတ်တွေကို ထင်ဟင်စေတဲ့ မျက်နှာပေါ်က အပြုံးတွေနဲ့အတူ ၆ ကြိမ်မြောက် ကမ္ဘာ့ဘာသာတရားများ ပါလီမန်ကို ဖွင့်လှစ်ကြောင်း ကြေငြာအပ်ပါတယ်” ဟု ပါလီမန်ကျင်းပရေး ဘုတ်အဖွဲ့ဥက္ကဌ အီမာမ် အဘ်ဒူလ်မာလစ် မူဂျာဟစ်က အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

    ကမ္ဘာပေါ်တွင် အကြီးဆုံး ဘာသာပေါင်းစုံဆွေးနွေးပွဲကြီးဖြစ်သော အဆိုပါ အခမ်းအနားသို့ နိုင်ငံပေါင်း ၈၀ ရှိ မတူညီသော ဘာသာတရား ၅၀ မှ ဘာသာရေးခေါင်းများနှင့် ဘာသာဝင် ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြသည်။

    ပါလီမန်၏ ခေါင်းစဉ်မှာ Reclaiming the Heart of Our Humanity (မိမိတို့၏ လူသားဆန်မှုနှလုံးသားအား ပြန်လည်ဖော်ထုတ်ခြင်း) ဟု အမည်ရပြီး ထိုပါလီမန်တွင် အမုန်းစကားများ၊ အကြမ်းဖက်မှုများ၊ စစ်ပွဲများမှ အစပြုကာ စီးပွားရေး မညီမျှမှုများ၊ ဖြုန်းတီးမှုကို ဖြစ်စေသော နေထိုင်မှုများ၊ ရာသီဥတုပြောင်းလဲမှုများအထိ ဆွေးနွေးသွားမည်ဖြစ်သည်။

    ၁၈၉၃ ခုနှစ် ပါလီမန်စတင်ကျင်းပစဉ်က အမျိုးသမီး အနည်းငယ်သာ ပါဝင်ခဲ့သော်လည်း ယနေ့တွင်မှု ဟောပြောတင်ပြမည့်သူ အများစုမှာ အမျိုးသမီးများဖြစ်သည်ဟု အီမာမ် မူဂျာဟစ်က ဂုဏ်ပြုပြောကြားခဲ့သည်။

    တရားဝင်ကြိုဆိုမှု

    အဆိုပါ ပါလီမန်ကို ယူတာပြည်နယ် အုပ်ချုပ်ရေးမှူး ဂါရီ ဟာဘာ့တ်က တက်ရောက်လာသည့် ကိုယ်စားလှယ်များကို နှုတ်ဆက်ခဲ့ပြီး အဖွင့်မိန့်ခွန်းလည်း ပြောကြားခဲ့သည်။

    “ဒီကိုရောက်ရှိနေတဲ့သူတွေ အားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကြီးကျယ်တဲ့ ယူတာပြည်နယ်က အုပ်ချုပ်ရေးမှူးအဖြစ် ကမ္ဘာ့ဘာသာတရားများ ပါလီမန်ကို ရောက်လာတဲ့ ခင်ဗျားတို့ကိုကြိုဆိုရတာ အလွန်ဝမ်းမြောက်မိပါတယ်။ ပြီးတော့ ဂုဏ်လည်းယူပါတယ်” ဟု ဟာဘာ့ဂ်က ပြောကြားခဲ့သည်။

    “ငြိမ်းချမ်းမှုနဲ့ သဟဇာတဖြစ်မှုအတွက် ကမ္ဘာကြီးက အတူတကွ လုပ်နိုင်တယ်ဆိုတာ ဒါက သာဓကပါပဲ။ ကမ္ဘာကြီးကို ပိုကောင်းတဲ့နေရာအဖြစ် ပြုလုပ်ဖို့ ကြိုးစားကြတဲ့ ဘာသာပေါင်းစုံကလူတွေရဲ့ လုပ်ရပ်တွေကိုလည်း ကျွန်တော် လေးစားအားကျမိပါတယ်။ ပြီးတော့ ကမ္ဘာ့ဘာသာတရားများပါလီမန်ရဲ့ ရှုမြင်မှုကိုလည်း ကျွန်တော်တို့ သဘောကျပါတယ်”

    အဆိုပါ ပါလီမန်တွင် ကမ္ဘာတစ်ဝှမ်းမှ ထင်ရှားကျော်ကြားသည့် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

    ပထမဆုံး ကမ္ဘာ့ဘာသာတရားများ ပါလီမန်ကို ၁၈၉၃ ခုနှစ်တွင် ချီကာဂို၌ ကျင်းပပြုလုပ်ခဲ့ပြီး အရှေ့နှင့် အနောက်မှ ဘာသာတရားများအကြား ပထမဆုံး တရားဝင်တွေ့ဆုံမှု ဖြစ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ကမ္ဘာ့ဘာသာတရားများ ပါလီမန် ကောင်စီ CPWR ကို ဖွဲ့စည်းခဲ့ပြီး ၁၉၉၃ ခုနှစ်တွင်မူ ချီကာဂို၊ ကိပ်တောင်း၊ ဘာစီလိုနာနှင့် ၂၀၀၉ ခုနှစ်တွင် မဲလ်ဘုန်း၊ သြစတေးလျတို့၌ ပါလီမန်များ ကျင်းပခဲ့သည်။

    “ကမ္ဘာ့ဘာသာတရားများ ပါလီမန်ကောင်စီဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာရေးလူ့အဖွဲ့အစည်းတွေကြားထဲမှာ သဟဇာတဖြစ်မှုကို ဖန်တီးဖို့၊ တရားမျှတမှု၊ ငြိမ်းချမ်းပြီး၊ တည်ငြိမ်တဲ့ ကမ္ဘာကြီး ထူထောင်နိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ပါလီမန်၏ ရည်ရွယ်ချက်များကို ဖော်ပြရာ၌ ထည့်သွင်ပြောကြားခဲ့သည်။

    Ref: Onislam