News @ M-Media

Author: Ko Lay

  • မိမိသားကို သားအဖဆက်ဆံရေးကြောင့် ပွဲထုတ်ခြင်းမဟုတ်ဟု ဇီဒိန်းဆို

    မိမိသားကို သားအဖဆက်ဆံရေးကြောင့် ပွဲထုတ်ခြင်းမဟုတ်ဟု ဇီဒိန်းဆို

    အောက်တိုဘာ ၁၀၊ ၂၀၁၅
    M-Media

    real

    – မိမိ၏သားဖြစ်သူ အန်ဇိုအား အရည်အချင်းနှင့် ထိုက်တန်၍ ကစားစေခြင်းဖြစ်ပြီး သားအဖဆက်ဆံရေးကြောင့် မျက်နှာသာပေးခြင်း မဟုတ်ဟု ရီးယဲလ်အရန်အသင်းနည်းပြ ဇီနဒင်း ဇီဒိန်းက ပြောကြားလိုက်သည်။

    အသက် ၂၀ အရွယ် ရှိပြီဖြစ်သည့် ဆန်ဇိုမှာ ယခုနှစ် အရန်အသင်းပွဲစဉ် ၇ ပွဲစလုံးတွင် ပါဝင်ကစားခဲ့ပြီး အသင်းကြီးတွင် ပွဲထွက်ခွင့်မရသေးသော်လည်း ပြီးခဲ့သည့် နိုင်ငံတကာပွဲများအတွက် နားချိန်တွင် ရီးယဲလ်နှင့်အတူ လေ့ကျင့်ခန်းဆင်းခဲ့သည်။

    “အန်ဇိုက ပွဲတော်တော်များများ ကစားရတာဟာ သူ ကစားဖို့ ထိုက်တန်လို့ပါ။ ကျွန်တော်ကိုင်တွယ်ရတဲ့အခါ အဲဒါက ခက်ခဲပါတယ်။ ကျွန်တော် အောင်မြင်ခဲ့တာက အ၀တ်လဲခန်းထဲမှာ ကျွန်တော့်သားကို ကစားသမားတစ်ယောက်လိုဖြစ်အောင် လုပ်နိုင်ခဲ့တာဖြစ်ပြီး အိမ်ရောက်တဲ့အခါမှာတော့ သူက ကျွန်တော့်သား ဖြစ်သွားပါတယ်။ အသင်းမှာ သူ့ကို ကျွန်တော် အခြားလူတွေလိုပဲ ဆက်ဆံခဲ့ပြီး သူကလည်း အဲဒါမျိုးကိုပဲ လိုချင်တာပါ။ သူ့အပေါ်မှာ ကျွန်တော် နည်းနည်း တင်းမာကောင်း တင်းမာနိုင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူ ပိုကောင်းအောင် လုပ်နိုင်တယ်ဆိုတာ သိလို့ ကျွန်တော်က တောင်းဆိုတာမျိုးပါ” ဟု ဇီဒိန်းက
    ပြောကြားခဲ့သည်။

    ဇီဒိန်း၏ အခြားသားများဖြစ်ကြသော လူကာ (၁၇ နှစ်)၊ သီယို (၁၃ နှစ်) နှင့် အလ်ယက်ဇ် (၉ နှစ်) တို့မှာ ရီးယဲလ်၏ အကယ်ဒမီထွက်များ ဖြစ်သည်။

    Ref: Goal

  • မြောက်ကိုရီးယားတွင် ကြီးကျယ်သည့် စစ်ရေးပြမှုတစ်ခု ပြုလုပ်

    မြောက်ကိုရီးယားတွင် ကြီးကျယ်သည့် စစ်ရေးပြမှုတစ်ခု ပြုလုပ်

    အောက်တိုဘာ ၁၀၊ ၂၀၁၅
    M-Media

    nork

    – တိုင်းပြည်အာဏာကို ချုပ်ကိုင်ထားသည့် မြောက်ကိုရီးယား အလုပ်သမားပါတီ၏ နှစ် ၇၀ ပြည့် စစ်ရေးပြအခမ်းအနားကို မြို့တော်ပြုံးယမ်း၌ ယနေ့တွင် ခမ်းခမ်းနားနား ကျင်းပပြုလုပ်ခဲ့ပြီး ခေါင်းဆောင် ကင်ဂျုံအန်ကိုယ်တိုင် တက်ရောက်ခဲ့သည်။

    ထောင်နှင့်ချီသော စစ်သားများမှာ ကင်အီဆွန်ရင်ပြင်သို့ ချီတက်ခဲ့ကြပြီး တင့်ကားများ၊ လက်နက်တပ်ဆင်ထားသည့် ယာဉ်များနှင့် တိုက်ချင်းပစ်ဒုံးပျံ အမြောက်အများလည်း အဆိုပါ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်ခဲ့ကာ နိုင်ငံ၏ စစ်အင်အားကို ပြသခဲ့ကြသည်။

    “ငါတို့ရဲ့တော်လှန်ရေးတပ်ဖွဲ့တွေဟာ အမေရိကန်က ရန်စတဲ့ ဘယ်လိုစစ်ပွဲမျိုးကိုမဆို တိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ ငါတို့ပါတီက ရဲရဲဝံ့ဝံ့ ကြေငြာလိုက်တယ်။ ပြီးတော့ ငါတို့ဟာ ငါတို့ရဲ့ လူမျိုး၊ ငါတို့အမိမြေကို ကာကွယ်ဖို့ အဆင်သင့်ရှိနေတယ်” ဟု ကင်ဂျုံအန်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ထိုအခမ်းအနားသို့ မည်သည့်ကမ္ဘာ့ခေါင်းဆောင်မှ တက်ရောက်ခဲ့ခြင်းမရှိဘဲ တရုတ်ကွန်မြူနစ်ပါတီက အကြီးတန်း တာဝန်ရှိသူတစ်ဦးကို စေလွှတ်ခဲ့သည်။ စစ်ရေးပြမှုအပြင် မြို့တော်ပြုံးယမ်၌ ပျော်ပွဲရွှင်ပွဲများ မြောက်ကိုရီးယားရှိ နာမည်ကျော် အမျိုးသမီးအဆိုတော်အဖွဲ့ Moranbong Band ၏ စတိတ်ရှိုးများကိုလည်း ကျင်းပပြုလုပ်မည်ဖြစ်သည်။

    စစ်ရေးပြအခမ်းအခမ်းအနားနှင့် အဆိုပါ ပျော်ပွဲရွှင်ပွဲများကို ကြည့်ရှုရန်အတွက် နိုင်ငံခြားသားခရီးသွား အမြောက်အများလည်း မြောက်ကိုရီးယားသို့ ရောက်ရှိနေကြသည်။

    Ref: Aljazeera

  • အစ္စလာမ်အပေါ် ယုံတမ်းစကားများကို ဆွေးနွေးမှုမှတစ်ဆင့် ယူဂန်ဒါမွတ်စလင်များ ဖယ်ရှား

    အစ္စလာမ်အပေါ် ယုံတမ်းစကားများကို ဆွေးနွေးမှုမှတစ်ဆင့် ယူဂန်ဒါမွတ်စလင်များ ဖယ်ရှား

    အောက်တိုဘာ ၁၀၊ ၂၀၁၅
    M-Media

    uganda

    – အစ္စလာမ်သာသနာ၊ မွတ်စလင်များနှင့်ပတ်သက်သည့် ယုံတမ်းစကားများကို ရှင်းလင်းရန်အတွက် ယူဂန်ဒါမှ မွတ်စလင်ရှေ့နေများမှာ စင်တာတစ်ခုကို တည်ထောင်ခဲ့ပြီး မွတ်စလင်လူ့အဖွဲ့အစည်းပေါ် ရိုက်ခတ်နေသော ပြဿနာများကို အကြံပေးခြင်း၊ အစ္စလာမ်ဘာသာအပေါ် ရှိနေသည့် ယူဆချက်အမှားများကို ဖြေရှင်းပေးခြင်းတို့ကို ဆောင်ရွက်နေသည်ဟု သိရသည်။

    “မွတ်စလင်တွေကို အလုပ်ခန့်ဖို့ ခရစ်ယာန်တွေက ကြောက်ကြပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့က အကြမ်းဖက်တွေ၊ အစွန်းရောက်တွေနဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်သူတွေအဖြစ် ကြောက်ရွံ့နေကြလို့ပါ” ဟု မွတ်စလင် တရားရေးနှင့် ဥပဒေရေးရာစင်တာကို တည်ထောင်ခဲ့ပြီး ဥက္ကဌအဖြစ် ဆောင်ရွက်နေသူ ဂျက်ဖာ ဆီဂန်ဒါက ပြောကြားခဲ့သည်။

    “အဲဒီ သမရိုးကျအမြင်တွေ နည်းပါးသွားဖို့ လိုပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အခု ကျွန်တော်တို့ဟာ အစ္စလာမ်နဲ့ မွတ်စလင်တွေရဲ့ အကျိုးပြုမှုတွေကို ဆွေးနွေးမှုတွေကတစ်ဆင့် ဖြန့်ဖြူးနေလို့ပါပဲ”

    ဆီဂန်ဒါမှာ အဆိုပါစင်တာကို စတင်တည်ထောင်ခဲ့သည့် မွတ်စလင်ရှေ့နေများမှ တစ်ဦးလည်းဖြစ်ပြီး မွတ်စလင်လူ့အဖွဲ့အစည်းကို ရိုက်ခတ်နေသည့် ပြဿနာများအတွက် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးမှုများကိုလည်း ပြုလုပ်ပေးမည်ဖြစ်သည်။

    ထိုလှုပ်ရှားမှုများတွင် ငွေကြေးမရှိသော မွတ်စလင်အမှုသည်များအတွက် တရားရေးဆိုင်ရာ အကူအညီများကို ပေးအပ်ခြင်းလည်း ပါဝင်သည်။

    “ခရစ်ယာန်တွေက မွတ်စလင်တွေ ဟင်းချက်ကောင်းတာ လူသေတွေကို ချိုးပေးတဲ့ရေတွေနဲ့ ချက်တာကြောင့်လို့ ပြောတယ် (အကောင်းဘက်က မမြင်နိုင်ခြင်း)။ မွတ်စလင်တွေဟာ ပညာမတတ်ဘူး၊ အမြတ်ထုတ်သူတွေ၊ အမျိုးသမီးတွေကို မလေးစားသူတွေလို့ ခရစ်ယာန်တွေက ထင်ကြပါတယ်” ဟု ဆီဂန်ဒါက ပြောကြားခဲ့သည်။

    ယူဂန်ဒါရှိ မွတ်စလင်အသိုင်းအ၀ိုင်းအပေါ် ရှိနေသည့် ရူးနှမ်းသော ယုံတမ်းစကားများထဲတွင် “မွတ်စလင်များမှာ မွတ်စလင်မဟုတ်သူများနှင့် မိတ်ဆွေမဖွဲ့” ဆိုသည့် အကြောင်းအရာများလည်း ပါဝင်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ဒါပေမယ့် အံ့သြစရာကောင်းတာက ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို အခြားလူ့အဖွဲ့အစည်းတွေနဲ့ ခွာပြဲသွားစေမယ့် ဒီယုံတမ်းစကားတွေကို ဖယ်ရှားရှင်းလင်းဖို့အတွက် မွတ်စလင်တွေက ဘာဆို ဘာမှ မလုပ်ကြတာပါဘဲ”

    အဓိက အခန်းကဏ္ဍများ

    ဘာသာပေါင်းစုံ ညှိနှိုင်းဆွေးနွေးမှု၏ အရေးပါမှုကို မီးမောင်းထိုးပြသည့်အပြင် ဆီဂန်ဒါ၏ စင်တာမှာ အိမ်တွင်းအကြမ်းဖက်မှု ပြဿနာများကိုလည်း ကိုင်တွယ်နေရသည်။

    “ကျွန်တော်တို့က ရှေ့ဆောင်အီမာမ်တွေ၊ ကျောင်းသားတွေနဲ့ လူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေကို ငြိမ်းချမ်းရေးတည်ဆောက်မှု၊ ဘာသာပေါင်းစုံလုပ်ငန်း၊ အိမ်တွင်းအကြမ်းဖက်မှု အန္တရာယ်တွေ နဲ့ပတ်သက်ပြီး လေ့ကျင့်သင်ကြားပေးပါတယ်” ဟု ဆီဂန်ဒါက ပြောကြားခဲ့သည်။

    ဘာသာပေါင်းစုံနှင့် ယဉ်ကျေးမှုပေါင်းစုံ ညီညွတ်ရေး လုပ်ငန်းများမှတစ်ဆင့် အဆိုပါစင်တာမှာ ခရစ်ယာန်၊ အစ္စလာမ်သာသနာတို့နှင့်ပတ်သက်၍ ကြားထားသည့် ယုံတမ်းစကားများကို လျော့ကျစေရန်လည်း ကျောင်းသားလူငယ်များအကြားတွင် လှုပ်ရှားမှုများ ပြုလုပ်နေသည်။

    ရှေ့ဆောင်အီမာမ်များကို စာသင်ကျောင်းများသို့ ခေါ်ဆောင်သွားကာ အစ္စလာမ့် အခြေခံသင်ကြားမှုများအကြောင်း ရှင်းပြခြင်း၊ ခရစ်ယာန် တရားဟောဆရာများနှင့် ဘုန်းကြီးများကိုလည်း မွတ်စလင်ကျောင်းသားများထံသို့ ခေါ်သွား၍ ခရစ်ယာန်သာသနာ၏ အခြေခံသင်ကြားမှုများကို ရှင်းပြခြင်းတို့ကိုလည်း ထိုစင်တာက ဆောင်ရွက်နေသည်။

    “အကြောင်းကတော့ အတားအဆီးတွေ၊ အမှားတစ်ဝက်နဲ့ ၀ါဒဖြန့်မှုတွေကို ဖယ်ရှားဖို့ဖြစ်ပြီး မတူညီတဲ့ ဘာသာတရားတွေကြားထဲမှာရှိတဲ့ ယုံကြည်မှုတွေကို ပြန်လည်တည်ဆောက်ဖို့ ဖြစ်ပါတယ်။ အစ္စလာမ်ဆိုတာ အင်မတန်ငြိမ်းချမ်းတဲ့ သာသနာဖြစ်တယ်ဆိုတာ၊ အခြားသော အယူဝါဒတွေကို လေးစားဖို့ ကုရ်အာန်နဲ့တမန်တော်မြတ်ရဲ့ သြ၀ါဒတော်တွေမှာ သွန်သင်ထားတယ်ဆိုတာကို သိတဲ့အချိန် လူတွေက အံ့သြသွားကြတာ တွေ့ရပါတယ်” ဟု ဆီဂန်ဒါက ထပ်လောင်းပြောကြားခဲ့သည်။

    ယူဂန်ဒါနိုင်ငံတွင် ဘာသာအားလုံးမှ ဘာသာရေးခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ဘာသာပေါင်းစုံကောင်စီတစ်ခု ရှိနေသော်လည်း အောက်ခြေအဆင့်အထိမရောက်ဟု ဆီဂန်ဒါက ဆိုသည်။

    “အောက်ခြေကနေစဖို့ လိုပါတယ်။ ဘာသာပေါင်းစုံ ဆွေးနွေးရေးလည်း လိုအပ်ပြီး ဗလီတွေကို ခရစ်ယာန်တွေသွားတာ၊ ချာ့ခ်ျကျောင်းတွေကို မွတ်စလင်တွေသွားတာကိုလည်း ခွင့်ပြုရပါမယ်။ ပထမကမ္ဘာစစ် ဖန်းတီးရှင်တွေဟာ မွတ်စလင်တွေ မဟုတ်ပါဘူး။ ဂျူးတွေကို အစုလိုက်အပြုံလိုက်သတ်တာလည်း မွတ်စလင်တွေ မဟုတ်ပါဘူး”

    ထို့ပြင် အစ္စလာမ့်အမည်နာမကို အလွဲသုံးစားပြု၍ အကြမ်းဖက်သတ်ဖြတ်မှုများကိုလည်း ဆီဂန်ဒါက ရှုတ်ချခဲ့သည်။

    “လူတွေကိုသတ်ဖို့၊ ရိုက်နှက်နှိပ်စက်ဖို့ လူတစ်ချို့က အစ္စလာမ်ကို အသုံးချနေတာကို ကျွန်တော်တို့ ခွင်ပြုလို့ မရတော့ပါဘူး။ ဒါမျိုးတွေဆက်ဖြစ်ဖို့ ခွင့်ပြုနေမယ်ဆိုရင်တော့ ကျွန်တော်တို့ တစ်ခုခုမှားနေပါပြီ”

    ဆီဂန်ဒါဦးဆောင်သည့် မွတ်စလင်အန်ဂျီအိုအဖွဲ့မှာ ဘာသာပေါင်းစုံသဟဇာတဖြစ်မှုနှင့် ကူညီရေး လုပ်ငန်းများကို လုပ်ဆောင်သည့် အဖွဲ့များကိုပေးအပ်သော Intercultural Achievement Award (IAA) ဆုကို ယခုနှစ်အတွက် ရရှိခဲ့သည်။ ထိုဆုကို ဥရောပ နိုင်ငံခြားရေးရာဌာနနှင့် သြစတြီးယား ဖက်ဒရယ်ဝန်ကြီးဌာနတို့က ပူးပေါင်း ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

    Ref: Onislam

  • ရုရှားဂရင်းပရီတွင် ပြိုင်ကားတစ်စီး ပြင်းထန်သည့် မတော်တဆမှုဖြစ်ပွား

    ရုရှားဂရင်းပရီတွင် ပြိုင်ကားတစ်စီး ပြင်းထန်သည့် မတော်တဆမှုဖြစ်ပွား

    အောက်တိုဘာ ၁၀၊ ၂၀၁၅
    M-Media

    car 2

    – ရုရှားဂရင်းပရီပြိုင်ပွဲ၏ ယနေ့တွင်ပြုလုပ်သည့် နောက်ဆုံး စမ်းသပ်မောင်းနှင်မှုတွင် Toro Rossoo ကားမောင်းအသင်းမှ အသက် ၂၁ နှစ်အရွယ် စပိန်ကားမောင်းသမား ကားလို့စ် စိန့်ဇ်မှာ အရှိန်မထိန်းနိုင်ဘဲ ဘေးရှိအတားအဆီးများကို ပြင်းပြင်းထန်ထန် ၀င်တိုက်မှုကြောင့် ဆေးရုံသို့ အရေးပေါ် တင်ပို့ခဲ့ရသည်။

    သို့သော်လည်း အကြီးအကျယ်ဒဏ်ရာရရှိခဲ့ခြင်းမရှိဘဲ သတိလစ်ခြင်းလည်းမရှိဟု ၎င်း၏ အသင်းနှင့် ကားမောင်းအဖွဲ့ချုပ် FIA တို့က နောက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ သို့သော်လည်း လာမည့်တစ်ပတ်တွင် ပြုလုပ်မည့် ပြိုင်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်နိုင်မည်လား ဆိုသည်ကို စောင့်ကြည့်ရမည်ဟု ဆိုသည်။

    ထိုမတော်တဆမှုနှင့် ပတ်သက်၍ စုံစမ်းမှုများကို ပြုလုပ်နေပြီး တိုက်မိမှုမဖြစ်ခင် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည့်ဟု စိန့်ဇ်၏ အဖွဲ့ဝင်များက ပြောကြားခဲ့သည်။

    Ref: Dailymail

  • တူရကီမြို့တော်တွင် ပေါက်ကွဲမှု လူ ၃၀ သေဆုံး

    တူရကီမြို့တော်တွင် ပေါက်ကွဲမှု လူ ၃၀ သေဆုံး

    အောက်တိုဘာ ၁၀၊ ၂၀၁၅
    M-Media

    thurkey

    – နိုင်ငံတောင်ပိုင်း၌ ကာ့ဒ်တပ်ဖွဲ့များနှင့် အစိုးရတို့အကြား ပဋိပက္ခဖြစ်မှုကို ဆန်ကျင့်သည့်အနေဖြင့် မြို့တော်အန်ကာရာတွင် တူရကီပြည်သူများက ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြစဉ် ယနေ့မနက်ပိုင်းက ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ကာ ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်ဟု တူရကီ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    ဒေသစံတော်ချိန် နံနက် ၁၀ နာရီဝန်ကျင်ခန့်တွင် မိနစ်ပိုင်းခြား၍ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူများက ဒဏ်ရာရသူများကို ကယ်ဆယ်ကာ အရေးပေါ်လူနာတင်ယာဉ်များလည်း အမြန်ဆုံးရောက်ရှိ၍ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြသည်။

    ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒပြသူများမှာ “လူသတ်သမား ရဲတပ်ဖွဲ့” ဟု ဟစ်အော်ခဲ့ကြပြီး၊ တူရကီအစိုးရကမူ ထိုတိုက်ခိုက်မှုမှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်သည်ဟု ပြောကြားခဲ့ကာ စုံစမ်းစစ်ဆေးမှုများအရ အသေခံဗုံးခွဲသမားက ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    Ref: Aljazeera