News @ M-Media

Author: Ko Lay

  • ဂါဇာတွင် ပါလက်စတိုင်းများကို အစ္စရေးက ပစ်သတ်ပြီးနောက် မငြိမ်သက်မှုများ မြင့်တက်လာ

    ဂါဇာတွင် ပါလက်စတိုင်းများကို အစ္စရေးက ပစ်သတ်ပြီးနောက် မငြိမ်သက်မှုများ မြင့်တက်လာ

    အောက်တိုဘာ ၁၀၊ ၂၀၁၅
    M-Media

    plas

    – ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းတွင် အစ္စရေးစစ်တပ်နှင့် ပါလက်စတိုင်းပြည်သူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုမှာ ယမန်နေ့တွင် ဂါဇာကမ်းမြှောင်သို့ ပြန့်နှံ့သွားခဲ့ပြီး အစ္စရေးစစ်တပ်က ဆန္ဒပြသူ ပါလက်စတိုင်း ၆ ဦးကို ပစ်သတ်ခဲ့ကာ မငြိမ်သက်မှုမှာ ပိုမိုကြီးထွားလာခဲ့သည်။

    အစ္စရေးတောင်ပိုင်း ဒီမိုအာမြို့တွင် ဂျူးတစ်ဦးက ပါလက်စတိုင်း လေးဦးအား ဓားဖြင့်ထိုးမှုတစ်ခု အပါအ၀င် ယမန်နေ့က အစ္စရေးနှင့် အနောက်ဘက်ကမ်းတွင် ဓားထိုးမှု ၄ ခုခန့် ဖြစ်ပွားခဲ့သည်။ ပါလက်စတိုင်း ဆန္ဒပြသူများအား ပစ်သတ်မှုကြောင့် ဟားမက်စ်အဖွဲ့က စနေနေ့မနက်တွင် အစ္စရေးတောင်ပိုင်းသို့ ဒုံးကျည်တစ်ခု ပစ်လွှတ်ခဲ့ပြီး မည်သည့်ပျက်စီးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုမှ မရှိခဲ့ချေ။

    အစ္စရေးက ပိတ်ဆို့သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင် ရှူအာဖက် စစ်ဆေးရေးဂိတ်တွင် အစ္စရေးစစ်တပ်က ပါလက်စတိုင်းတစ်ဦးအား ယနေ့မနက်ပိုင်းတွင် ထပ်မံပစ်သတ်ခဲ့သည်။

    ဂါဇာအရှေ့ပိုင်းတွင် ဖြစ်ပွားသော ဆန္ဒပြမှုများ၌ ပါလစတိုင်း ၆ ဦး သေဆုံးမှုအပြင် အများအပြား ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများတွင် အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦးလည်း ပါဝင်ခဲ့သည်။

    အစ္စရေးစစ်တပ်ကမူ နယ်စပ်စည်းရိုးနားတွင် တိုက်ခိုက်ရန်ကြိုးစားမှု အများအပြားရှိခဲ့ပြီး ဆန္ဒပြသူ ၁၀၀၀ ခန့်မှာ တစ်စိမ့်စိမ့် ၀င်ရောက်လာကာ လက်ပစ်ဗုံးများ၊ ဒုံးကျည်များဖြင့်ပစ်ခြင်း၊ မီးလောင်နေသော တာယာများကို လှိမ့်သွင်းခြင်းတို့ ပြုလုပ်ခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

    “ဒီမှာ သိပ်အန္တရာယ်ရှိနေပါပြီ။ သူတို့က အမြဲတမ်း နယ်ခြားကို သေနတ်နဲ့ပစ်တယ်။ ဒါပေမယ့် ဒီနေ့တော့ ခါတိုင်းထက် ဆိုးနေပါတယ်။ ပထမ သူတို့က ရာဘာငုံထားတဲ့ စတီးကျည်ဆံနဲ့ပစ်တယ်။ မီးခိုးဗုံးတွေသုံးတယ်။ နောက်ပိုင်းမှာတော့ တကယ့်ကျည်အစစ်တွေနဲ့ ကျွန်တော်တို့ကို ပစ်ပါတယ်” ဟု ဆန္ဒပြမှုတွင် ပါဝင်ခဲ့သည့် ဂါဇာအခြေစိုက် ဓာတ်ပုံဆရာ အက်ဇ် ဇာနွန်က ပြောကြားခဲ့သည်။

    ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့မှ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဆအီဘ် အီရာကသ်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် ၎င်း၏ အစိုးရမှာ ဂါဇာရှိ ပါလက်စတိုင်းများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ထပ်မံကျူးလွန်နေသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဆော်ဒီကျောင်းသားတစ်ဦး၏ ကားမောင်းသည့်စမတ်ဖုန်းဂိမ်း လူကြိုက်များ

    ဆော်ဒီကျောင်းသားတစ်ဦး၏ ကားမောင်းသည့်စမတ်ဖုန်းဂိမ်း လူကြိုက်များ

    အောက်တိုဘာ ၉၊ ၂၀၁၅
    M-Media

    saudi

    – ဆော်ဒီမှ အင်ဂျင်နီယာကျောင်းသားတစ်ဦးမှာ ဆော်ဒီဒီဇိုင်း ကားမောင်းသည့် ဖုန်းဂိမ်းတစ်ခုကို ဖန်တီးခဲ့ပြီး လူကြိုက်များမှု ရရှိခဲ့သည်ဟု သိရသည်။

    အဘ်ဒူလ် ရဟ်မန် အလ်-ကေယဲလ်ဆိုသည့် ကျောင်းသားဖြစ်ပြီး INKY Death Road ဟု အမည်ရသည့် ထိုဂိမ်းကို လွန်ခဲ့သည့် ၈ လလုံးလုံး ကြိုးစားပမ်းစားဖြင့် တီထွင်ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ဆော်ဒီနိုင်ငံအတွင်းရှိ လမ်းမများတွင် စွန့်စားမောင်းနှင်ကာ အမှတ်ယူရမည့် ဂိမ်းဖြစ်ပြီး ဆော်ဒီလူငယ်များအကြိုက် ဖန်တီးထားခြင်းလည်း ဖြစ်သည်။

    အက်-ကေယဲလ်ကမူ အဆိုပါဂိမ်းဖန်တီးမှု ပြီးဆုံးသွားသည့်အချိန်တွင် မိမိမှာ အလွန် ပင်ပန်းနွမ်းနယ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော့်ရဲ့အိပ်ရေးပျက်မှုတွေကို အစားမထိုးရသေးပါဘူး။ ပြီးခဲ့တဲ့ ရှစ်လလုံးလုံး အမေရိကန်မှာ စက်မှုအင်ဂျင်နီယာပညာကို သင်ယူနေတဲ့ ကျွန်တော်ဟာ အားလပ်ချိန်ကို အသုံးပြုပြီး programming ပညာရပ်ကို လေ့လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆော်ဒီက ကျွန်တော့်သူငယ်ျင်းတွေနဲ့ ပူးပေါင်းပြီး ဒီဂိမ်းကို ကောင်းကောင်းမွန်မွန် အဆုံးသတ်နိုင်ခဲ့ပါတယ်” ဟု အလ်-ကေယဲလ်က ပြောကြားခဲ့သည်။

    ၎င်း၏ဂိမ်းကို အမေရိကန်မှ ဂိမ်းကစားသူများကို စမ်းသပ်စေခဲ့ပြီး ၎င်းတို့မှာ ဒီဇိုင်းနှင့် ခက်ခဲမှုကို အလွန် ကြိုက်နှစ်သက်ခဲ့ကြသည်ဟု ဆိုသည်။

    “ဗီဒီယိုဂိမ်းတွေရဲ့ စိန်ခေါ်မှုကို ကျွန်တော် ကြိုက်ပါတယ်။ ဂိမ်းတစ်ခုတီထွင်ဖို့ ကျွန်တော်စဉ်းစားတဲ့အခါ ပရိတ်သတ်တွေအတွက် အမြင့်ဆုံးအဆင့် စိန်ခေါ်မှုတွေကို ပေးချင်ခဲ့ပါတယ်”

    ထိုတီထွင်မှုအတွက် ဘုရင်ကြီး အဘ်ဒူလ် အဇစ်နှင့် ဘုရင်ကြီး၏ Companions Foundation for Giftedness and Creativity ဖောင်ဒေးရှင်းကိုလည်း အကြောင်းကြားခဲ့သည်ဟု အလ်-ကေယဲလ်က ပြောကြားခဲ့သည်။

    အဆိုပါဂိမ်းကို စောစောပိုင်းတွင် Apple Store ၌ လွှင့်တင်ခဲ့ပြီး နောက်ပိုင်းတွင် အန်ဒရွိုက်ဖုန်းများနှင့် တက်ဘလက်များအတွက်ပါ Google Play တွင် လွှင့်တင်ပေးခဲ့သည်။

    Ref: Arabnews

  • အစ္စရေးဂျူးတစ်ဦးက ဓားဖြင့်ထိုးသောကြောင့် ပါလက်စတိုင်း ၄ ဦး ဒဏ်ရာရ

    အစ္စရေးဂျူးတစ်ဦးက ဓားဖြင့်ထိုးသောကြောင့် ပါလက်စတိုင်း ၄ ဦး ဒဏ်ရာရ

    အောက်တိုဘာ ၉၊ ၂၀၁၅
    M-Media

    pa

    – အစ္စရေးတောင်ပိုင်း ဒီမိုနာမြို့တွင် ဂျူးတစ်ဦးက ပါလက်စတိုင်း ၄ ဦးကို ဓားဖြင့်ထိုးမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အစ္စရေးရဲတပ်ဖွဲ့က အမျိုးသားရေး လှုံ့ဆော်မှုကြောင့်ဖြစ်သည့် တိုက်ခိုက်မှုဟု ကင်ပွန်းတပ်ခဲ့သည်။

    တိုက်ခိုက်ခံရသူများမှာ ဆောက်လုပ်ရေးလုပ်သား ၃ ဦးနှင့် မြူနီစီပယ်အရာရှိ တစ်ဦးတို့ ဖြစ်ကြပြီး ဒဏ်ရာအနည်းငယ် ရခဲ့ကာ ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်။ ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းရှိ ဂျေရုစလင်၌ အစ္စရေး၏ ဖိနှိပ်ချုပ်ချယ်မှုများကို မကျေနပ်သောကြောင့် ပါလက်စတိုင်းများက ဂျူးများအား ဓားဖြင့်တိုက်ခိုက်မှုများ ဖြစ်ပွားပြီး သိပ်မကြာခင် ယခုအဖြစ်အပျက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    အလ်အက်ဆွာဗလီဝတ်ကျောင်းတော်အား အစ္စရေးစစ်တပ်နှင့် ဂျူးအစွန်းရောက်များ ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်း ၀တ်ပြုသူများအား ပိတ်ပင်ခဲ့ပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် ပါလက်စတိုင်းတို့၏ ဆန္ဒပြမှုနှင့် တိုက်ခိုက်မှုများကို အစ္စရေးက အကြမ်းဖက်မှုအဖြစ် သမုတ်ခဲ့သည်။

    Ref: Aljazeera

  • ၎င်းအား ဝေဖန်မှုများကို ဘန်ဇီမာ ပြန်လည်တုန့်ပြန်

    ၎င်းအား ဝေဖန်မှုများကို ဘန်ဇီမာ ပြန်လည်တုန့်ပြန်

    အောက်တိုဘာ ၉၊ ၂၀၁၅
    M-Media

    benzema

    – ဝေဖန်သူများမှာ မိမိအား အလွန်အမင်း ကြိုက်နှစ်သက်ကြပြီး၊ နိုင်ငံအသင်း၌ ကစားရသည်ကို မပျော်ဟူသော သတင်းများမှာလည်း ကောလဟာလပင် ဖြစ်သည်ဟု ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာက ပြောကြားလိုက်သည်။

    ၁၂ ပွဲကြာ ဂိုးမိုးခေါင်နေသည့် ဘန်ဇီမာမှာ ယနေ့မနက်က အာမေးနီးယားအား ၄ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ၂ ဂိုး သွင်းယူပေးခဲ့ပြီး ၁ ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။ ပွဲအပြီးတွင် ၎င်းအား ဝေဖန်သူများကို ဘန်ဇီမာက ပြစ်တင်ခဲ့ပြီး ပြင်သစ်အသင်းတွင် ကစားရခြင်းအတွက် ပျော်ရွှင်သည်ဟု ပြောကြားခဲ့သည်။

    “ဒါက ငြင်းခုံစရာလားဆိုတာ ကျွန်တော် မသိပါဘူး။ အသင်းနဲ့ဆက်သွယ်ရတာကို ကျွန်တော်ပျော်ပါတယ်။ တစ်ချို့လူတွေက ကျွန်တော်မပျော်ဘူး၊ ပြင်သစ်အသင်းမှာ မကစားချင်ဘူးလို့ ပြောတာကို ကြားရပါတယ်။ ဒါပေမယ့် အဲဒါမှားပါတယ်။ အပြာရောင်တပ်သားတွေနဲ့ ရှိနေရတဲ့အခါ ကျွန်တော် ပျော်ပါတယ်။ ဒီအသင်းနဲ့ ဆုဖလားတွေရချင်တယ်။ ကျွန်တော်နဲ့ပတ်သက်ပြီး ဘာ့ကြောင့် မေးခွန်းတွေဒီလောက်များနေလဲဆိုတာ ကျွန်တော် မသိပါဘူး”

    Ref: Goal

  • ၂၀၁၅ ငြိမ်းချမ်းရေးနိုဘယ်ဆုကို တူနီးရှားမှ အဖွဲ့တစ်ခု ရရှိ

    ၂၀၁၅ ငြိမ်းချမ်းရေးနိုဘယ်ဆုကို တူနီးရှားမှ အဖွဲ့တစ်ခု ရရှိ

    အောက်တိုဘာ ၉၊ ၂၀၁၅
    M-Media

    tunisia

    – ၂၀၁၅ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို တူနီးရှားမှ ဒီမိုကရေစီအဖွဲ့တစ်ခုဖြစ်သော National Dialogue Quartet အဖွဲ့က ရရှိခဲ့သည်ဟု သိရသည်။

    အဆိုပါအဖွဲ့မှာ နိုင်ငံ ပြည်တွင်းစစ် ဖြစ်လုနီးနီးအချိန်တွင် ငြိမ်းချမ်းသည့် နိုင်ငံရေးလုပ်ငန်းစဉ်ကို တည်ဆောက်နိုင်ခဲ့သည်ဟု နိုဘယ်ဆု ရွေးချယ်ရေးကော်မတီက ပြောကြားခဲ့ပြီး လူမျိုးစုံ၊ အယူဝါဒစုံ ပါသည့် ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ခိုင်မာသည့်အကူအညီကို ပေးအပ်ခဲ့ခြင်းကြောင့် နိုဘယ်ဆု ချီးမြှင့်ရခြင်းဟု ဆိုသည်။

    National Dialogue Quartet မှာ တူနီးရှားရှိ အရက်ဖက်အဖွဲ့အစည်းများ ဖြစ်ကြသော တူနီရှား အထွေထွေအလုပ်သမား သမဂ္ဂ၊ တူနီးရှားစက်ရုံများ ကွန်ဖက်ဒရေးရှင်း၊ ကုန်သွယ်ရေးနှင့် လက်မှုလုပ်ငန်းများ တူနီးရှား လူ့အခွင့်အရေးအဖွဲ့နှင့် တူနီးရှား ရှေ့နေများအဖွဲ့ စသည့် အဓိကအဖွဲ့အစည်း ၄ ခု ဖွဲ့စည်းထားသော အဖွဲ့လည်းဖြစ်သည်။

    နိုဘယ်ဆုရရှိသူများမှာ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် အော်စလို၌ပြုလုပ်မည့် ဆုပေးပွဲအခမ်းအနားတွင် ဆုများကို လက်ခံရယူရမည် ဖြစ်သည်။

    Ref: Aljazeera