News @ M-Media

Author: Ko Lay

  • ကိုလံဘီယာမှ ထိပ်တန်းမူးယစ်ရာဇာကို အသေဖမ်းမိ

    ကိုလံဘီယာမှ ထိပ်တန်းမူးယစ်ရာဇာကို အသေဖမ်းမိ

    အောက်တိုဘာ ၃၊ ၂၀၁၅
    M-Media

    colum

    – ကိုလံဘီယာ၏ ထိပ်တန်းမူးယစ်ရာဇာဖြစ်ပြီး အမေရိကန်က အလိုရှိနေကာ ဆုငွေ ၅ သန်းထုတ်ထားသည့် ဗစ်တာ နာဗာရိုမှာ ဗင်နီဇွဲလားနယ်စပ်အနီး ဥပဒေစိုးမိုးခြင်းမရှိသည့် ကာတာတမ်ဘိုဒေသတွင် ကိုလံဘီယာစစ်တပ်၏ ၀င်ရောက်စီးနင်းမှုအတွင်း သေဆုံးသွားခဲ့သည်။

    သမ္မတ ဂျူအန် မန်နျူယဲလ် ဆန်းတို့စ်ကမူ ယမန်နေ့က ပြုလုပ်ခဲ့သည့် ထိုစစ်ဆင်ရေးအတွက် ၎င်း၏ စစ်တပ်ကို ချီးကျူးခဲ့သည်။

    အသက် ၃၉ နှစ်အရွယ်ရှိပြီး မီဂါတီယိုဟု သိကြသည့် နာဗာရိုမှာ ၁၉၉၁ ခုနှစ်က ပြိုကွဲသွားခဲ့သော လက်ဝဲယိမ်း သူပုန်အဖွဲ့မှ အဖွဲ့တစ်ခုကို ဦးဆောင်ခဲ့ပြီး ကိုလံဘီယာ၏ အကြီးဆုံး ဘိန်းမှောင်ခိုသမားများထဲမှ တစ်ဦးအဖြစ် မှတ်ယူခံခဲ့ရသည်။ ၎င်းမှာ သြဂုတ်လတွင် ပြုလုပ်ခဲ့သည့် ကိုလံဘီယာစစ်တပ်၏ စစ်ဆင်ရေးတွင် လွတ်မြောက်ခဲ့ဖူးသည်။

    Ref: Aljazeera

  • ယီမင်စစ်ပွဲ၌ သေဆုံးသူ ကလေးငယ် ၅၀၀ ကျော်ပြီ

    ယီမင်စစ်ပွဲ၌ သေဆုံးသူ ကလေးငယ် ၅၀၀ ကျော်ပြီ

    အောက်တိုဘာ ၃၊ ၂၀၁၅
    M-Media

    yemen

    – ပြီးခဲ့သည့်မတ်လမှ စတင်ခဲ့သည့် ယီမင်စစ်ပွဲအတွင်း သေဆုံးသူ ကလေးငယ်အရေအတွက်မှာ ၅၀၀ ကျော်သွားခဲ့ပြီဟု ယူနီဆက်ဖ်မှ ပြောရေးဆိုခွင့်ရှိသူ ခရစ္စတိုဖီ ဘူလီရက်စ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အီရန်ကျောထောက်နောက်ခံပြုထားသည့် ဟူသီသူပုန်များကို ပြည်ပြေးသမ္မတ အလ်ဒ် ရဘ်ဘူ မန်ဆူးရ်ဟာဒီအား ထောက်ခံသော ဆော်ဒီဦးဆောင်သည့်အဖွဲ့က ၆ လကြာ လေကြောင်းမှ တိုက်ခိုက်မှုအတွင်း ကလေးငယ်ပေါင်း အနည်းဆုံး ၅၀၅ ဦး သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူများမှာ ၇၀၂ ဦး ရှိနေသည်။

    “ဒီပမာဏဟာ တကယ့်လက်တွေ့ပမာဏထက် နည်းပါတယ်။ ယီမင်က ကလေးတွေရဲ့ အခြေအနေဟာ နေ့စဉ်နေတိုင်း ဆိုးရွားလာပါတယ်။ ဒါဟာ ကြောက်စရာပါပဲ” ဟု ဘူလီရက်စ်က ပြောကြားခဲ့ပြီး တိုက်ခိုက်မှုများ ချက်ခြင်း အဆုံးသတ်ရန်လည်း စစ်ပွဲတွင် ပါဝင်သူအားလုံးကို တိုက်တွန်းခဲ့သည်။

    စစ်ပွဲကြောင့် လူငယ် ၁.၇ သန်းမှာ အဟာရချို့တဲ့မှုအန္တရာယ် ရှိနေသည်ဟု ယူနီဆက်ဖ်က ထည့်သွင်းပြောကြားခဲ့သည်။ တိုက်ခိုက်မှုများ စတင်ပြီးကတည်းက ယီမင်တွင်သေဆုံးသူ အရပ်သားအရေအတွက်မှာ ၂၃၀၀၀ ကျော် ရှိနေပြီဟု ကုလက ခန့်မှန်းတွက်ချက်ထားသည်။

    လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch ကမူ ယီမင်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများအား စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ခုဖွဲ့ရန် ဆော်ဒီအာရေဗျက တင်ပြသည့် ဆုံးဖြတ်ချက်ကို ပယ်ချခဲ့မှုအတွက် ကုလသမဂ္ဂကို ပြစ်တင်ခဲ့သည်။

    စစ်ပွဲတွင် ပါဝင်သူ နှစ်ဖက်စလုံးမှာ လူနေဧရိယာများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲပြောဆိုထားသည်။ ဆော်ဒီဦးဆောင်သည့် မဟာမိတ်အဖွဲ့ကမူ ထိုစွပ်စွဲချက်များအား ငြင်းဆိုထားပြီး အမှားလုပ်မိပါက မိမိတို့က ၀န်ခံသွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • မိမိနေရာအတွက် မစိုးရိမ်ဟု လီဗာပူးလ်နည်းပြပြော

    မိမိနေရာအတွက် မစိုးရိမ်ဟု လီဗာပူးလ်နည်းပြပြော

    အောက်တိုဘာ ၃၊ ၂၀၁၅
    M-Media

    rodger

    – အသင်း၏ ကျဆင်းမှုများကြောင့် ရာထူးမှ ထုတ်ပယ်ခြင်း ခံရမည်ကို မိမိအနေဖြင့် စိုးရိမ်ခြင်းမရှိဘဲ၊ မိမိ၏ အလုပ်မှာ မည်သည့်အန္တရာယ်မှ မရှိဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်ရာသီက အဆင့် ၆ ဖြင့် ရာသီသိမ်းခဲ့သည့် လီဗာပူးလ်မှာ ယခုနှစ်တွင် စွမ်းဆောင်ရည် ကောင်းမွန်လာခြင်းမရှိဘဲ ရှုံးပွဲများနှင့်အတူ အဆင့် ၉ နေရာတွင် ရှိနေကာ ရော်ဂျာ၏ အနာဂတ်မှာလည်း မရေရာတော့ဟု သတင်းများ ထွက်ပေါ်နေသည်။

    “ကျွန်တော် မစိုးရိမ်ပါဘူး။ ကျွန်တော်လုပ်နေတာနဲ့ ပတ်သက်ပြီး အကောင်းဆုံး လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ တနင်္ဂနွေနေ့ပွဲမှာ အဲဗာတန်ကို နိုင်ဖို့ပါပဲ။ ဘုတ်အဖွဲ့က ကျွန်တော့်နေရာအတွက် အာမခံချက်မရှိတော့ဘူးလို့ ဖော်ပြတာမျိုး မဖြစ်စေချင်ပါဘူး။ ကျွန်တော်တို့ဟာ မက်ဆေ့ခ်ျတွေနဲ့ အပြန်အလှန် ဆက်သွယ်ခဲ့ပြီး အမှုဆောင်အကြီးအကဲ အီယန် အိုရီနဲ့လည်း စကားပြောခဲ့ပြီးပါပြီ။ အပြောင်းအလဲ ဒါမှမဟုတ် ဘာထူးခြားမှုမှ ရှိမှာမဟုတ်ပါဘူး” ဟု ရော်ဂျာက ပြောကြားခဲ့သည်။

    Ref: Goals

  • နိုက်ဂျီးရီးယား ရေနံမင်းသမီး လန်ဒန်တွင် အဖမ်းခံရ

    နိုက်ဂျီးရီးယား ရေနံမင်းသမီး လန်ဒန်တွင် အဖမ်းခံရ

    အောက်တိုဘာ ၃၊ ၂၀၁၅
    M-Media

    nigeria

    – ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ နိုက်ဂျီးရီးယား ရေနံဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်ပိုင် ငွေကြေး ကန်ဒေါ်လာ ဘီလီယံများစွာ အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲခံထားရသူ အမျိုးသမီး ဒီဇာနီ အလီဆန်-မာဒူကီကို လန်ဒန်မြို့တွင် ဖမ်းဆီးနိုင်ခဲ့ပြီဟု နိုက်ဂျီးရီးယား သမ္မတအသိုင်းအ၀ိုင်းနှင့် မာဒူကီ၏ မိသားစုရင်းမြစ်များက ပြောကြားခဲ့သည်။

    သမ္မတဟောင်း ဂွဒ်လက်ဂျိုနသန်က ဘူဟာရီအား ယခုနှစ်ဆန်းပိုင်းတွင် ရှုံးနိမ့်ခဲ့ပြီးနောက် မာဒူကီမှာ ပြန်လည်ရွေးချယ်ခြင်း မခံရတော့ပေ။ ဘူဟာရီကမူ နိုင်ငံအတွင်း ခြစားမှုများကို အမြစ်ဖြတ် တိုက်ထုတ်သွားမည်ဟု ကတိပေးထားသည်။

    ယူကေ အမျိုးသားရာဇ၀တ်မှုအေဂျင်စီမှ ထုတ်ပြန်သော ကြေငြာချက်တွင် နိုင်ငံတကာ ခြစားမှုတိုက်ဖျက်ရေးတပ်ဖွဲ့များမှာ လာဘ်စားမှုနှင့် ခြစားမှုများ ကျူးလွန်ခဲ့သည်ဟု သံသယရှိသူ ၅ ဦးကို လန်ဒန်တစ်ဝိုက်တွင် ဖမ်းဆီးခဲ့သည်ဟု ရေးသားထားပြီး အမည်များကို ဖော်ပြခဲ့ခြင်းမရှိပေ။

    နိုက်ဂျီးရီးယား မီဒီယာများကမူ မာဒူကီမှာ နာရီအနည်းငယ်အကြာတွင် အာမခံဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်ဟု ဖော်ပြခဲ့ကြသည်။

    Ref: Aljazeera

  • နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ပေးထားသည့် စီးပွားရေးမက်လုံးအချို့ကို မြန်မာ လျော့ချမည်

    နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ပေးထားသည့် စီးပွားရေးမက်လုံးအချို့ကို မြန်မာ လျော့ချမည်

    အောက်တိုဘာ ၃၊ ၂၀၁၅
    M-Media

    myan

    – နိုင်ငံအတွင်း ပိုမိုတာဝန်ယူနိုင်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ၀င်ရောက်လာနိုင်ရေးအတွက် အတိုင်းထက်လွန်နေသော စီးပွားရေးမက်လုံများကို မြန်မာအစိုးရက လျော့ချရန် အစီအစဉ် ရှိနေပြီး လာမည့်ဒီဇင်ဘာလတွင် ထိုဥပဒေကြမ်းအား အတည်ပြုနိုင်ဖွယ် ရှိနေသည်ဟု သိရသည်။

    သမ္မတဦးသိန်းစိန်၏ ထိပ်တန်း စီးပွားရေးအကြံပေးဖြစ်သူ ဦးအောင်ထွန်းသက်မှာ ကြာသာပတေးနေ့က စင်ကာပူ၌ ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အက်ဥပဒေဖြစ်လာမည့် မက်လုံးများ လျော့ချမှုအစီအစဉ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ တင်သွင်းသည့် ယာဉ်များအပေါ် သတ်မှတ်ထားသည့် အခွန်ကင်းလွန်ခွင့် ရုပ်သိမ်းခြင်း၊ အခွန်လွတ် ကုန်ကြမ်းပစ္စည်း ပမာဏကို အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုက စီစစ်ရန် လိုအပ်ခြင်းတို့ ပါဝင်မည်ဖြစ်သည်။

    “ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့ ကျွန်တော်တို့ရဲ့ ဆန္ဒမှာ ဒီမက်လုံးအချို့ဟာ မလိုအပ်ဘူးလို့ ကျွန်တော်တို့ ပြန်တွေးမိပါတယ်။ တာဝန်မယူနိုင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေထက် မြန်မာနိုင်ငံကို တာဝန်ခံနိုင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေ ၀င်ရောက်လိုတဲ့ ရည်ရွယ်ချက်ကြောင့် ဒီလို အခွင့်အရေးတွေကို အမြတ်ထုတ်တာမျိုး မရှိဖို့ ကျွန်တော်တို့ အသေအချာ ဆောင်ရွက်ချင်ပါတယ်” ဟု ဦးအောင်ထွန်းသက်က
    ထည့်သွင်းပြောကြားခဲ့သည်။

    ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲအပြီး ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားမှုများကို အမေရိကန်အပါအ၀င် အနောက်နိုင်ငံများက ဖြေလျော့လိုက်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှာလည်း တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။ ၂၀၀၉ နှင့် ၂၀၁၄ ခုနှစ်အကြားတွင် မြန်မာနိုင်ငံအတွင်းသို့ တိုက်ရိုက်ဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ ၄.၁ ဘီလီယံရှိသည်ဟု ထုန်ပြတ်မှုများအရ သိရသည်။

    Ref: Bangkokpost