News @ M-Media

Author: Ko Lay

  • ဆောက်သက်တမ်ပွဲတွင် လူစားဝင်မာတစ်ကို ချက်ခြင်းပြန်ထုတ်မှု မော်ရင်ဟိုဖြေရှင်း

    ဆောက်သက်တမ်ပွဲတွင် လူစားဝင်မာတစ်ကို ချက်ခြင်းပြန်ထုတ်မှု မော်ရင်ဟိုဖြေရှင်း

    အောက်တိုဘာ ၄၊ ၂၀၁၅
    M-Media

    chel

    – ယမန်နေ့က ဆောက်သက်တမ်အား ရှုံးနိမ့်ခဲ့သောပွဲတွင် ကွင်းလယ်လူမာတစ် လူစားဝင်ကစားခဲ့ပြီးနောက် ချက်ခြင်း ပြန်လည်လူစားလဲခဲ့ခြင်းမှာ ၎င်းအား အရှက်ရအောင် ပြုလုပ်ခြင်းမဟုတ်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ၀ီလီယံ၏ ဖရီးကစ်ဖြင့် ဦးဆောင်ဂိုးရခဲ့သည့် ချယ်ဆီးမှာ ၃ ဂိုးပြန်ပေးခဲ့ရကာ မော်ရင်ဟိုလက်ထက် အိမ်ကွင်း၌ ၃ ဂိုးပေး ရှုံးနိမ့်ရသည့် ပထမဆုံးပွဲလည်း ဖြစ်ခဲ့သည်။ ၁ ဂိုးစီသရေကျနေပြီးနောက် မာတစ်မှာ ဒုတိယပိုင်းတွင် ရာမီးရက်စ်အစား ၀င်ရောက်လာခဲ့ကာ ဆောက်သက်တမ်မှ ဂရာဇီယာနိုပီလီက ဒုတိယဂိုး သွင်းယူခဲ့ပြီးနောက် မော်ရင်ဟိုမှာ မာတစ်ကို ရီမီနှင့် ချက်ခြင်းဆိုသလိုပင် လူစားလဲခဲ့သည်။

    “ဒါဟာ အရှက်ရအောင်လုပ်တာ မဟုတ်ပါဘူး။ ဘောလုံးမှာရော၊ ကျွန်တော့်ဘ၀မှာပါ ဒီလိုမျိုး ဘယ်သူ့ကိုမှ မလုပ်ခဲ့ပါဘူး။ ကစားသမားတွေနဲ့ ဆက်ဆံရတယ်ဆိုတာက မလွယ်ပါဘူး။ သူတို့ကို ကျွန်တော်ချစ်တယ်။ ယုံတယ်။ သူတို့ဟာ ကစားသမားကောင်းတွေဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် သူတို့အထဲက တစ်ချို့က ခက်ခဲတဲ့အချိန် ရောက်နေပါတယ်။ မာတစ်ဟာ အဲဒီထဲက တစ်ယောက်ပါ။ သူ ကောင်းကောင်း မကစားနိုင်ပါဘူး။ ခံစစ်ကိုလည်း ကောင်းကောင်းမကူနိုင်ပါဘူး။ သူဟာ အမှားတွေလုပ်နေပြီး အကောင်းဆုံး ဆုံးဖြတ်ချက်ကိုလည်း မချနိုင်ပါဘူး” ဟု မော်ရင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ရာမီးရက်စ်မှာ အ၀ါကဒ်ထိထားသောကြောင့် မာတစ်နှင့် လူစားလဲခဲ့ခြင်းဖြစ်ပြီး၊ ဂိုးပေးလိုက်ရပြီးနောက် တိုက်စစ်မှူးနောက်တစ်ဦး ထည့်ချင်သောကြောင့် မာတစ်ကို ထုတ်လိုက်ရခြင်းဖြစ်ပြီး အရှက်ခွဲခြင်းမဟုတ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • လိင်တူချစ်သူ ကက်သလစ်ဘုန်းတော်ကြီးကို ဗာတီကန် ရာထူးမှထုတ်ပယ်

    လိင်တူချစ်သူ ကက်သလစ်ဘုန်းတော်ကြီးကို ဗာတီကန် ရာထူးမှထုတ်ပယ်

    အောက်တိုဘာ ၄၊ ၂၀၁၅
    M-Media

    vatican

    – လူမှုရေးကိစ္စများတွင် အသင်းတော်၏ ရပ်တည်ချက်နှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရန် အဓိကအစည်းအဝေးကို မိန်းမလျာပုံစံဖြင့် တက်ရောက်လာသည့် အကြီးတန်း ကက်သလစ်ဘုန်းတော်ကြီးတစ်ဦးကို ဗာတီကန်က ထုတ်ပယ်လိုက်သည်ဟု သိရသည်။

    ပိုလန်ဘုန်းတော်ကြီး ကာရ်ဇက်စ်တော့ဖ် ခါရမ်ဆာဆိုသူဖြစ်ပြီး ဘုန်တော်ကြီးအ၀တ်အစားကိုဝတ်ကာ ၎င်း၏ စပိန်လူမျိုးချစ်သူနှင့်အတူ တက်ရောက်လာခဲ့ခြင်းဖြစ်သည်။ သတင်းစာရှင်းလင်းပွဲတွင် လိင်လူနည်းစုများအပေါ် ကက်သလစ်အသင်းတော်မှ ပြုမူနေမှုများမှာ သူတော်ကောင်းယောင်ဆောင်ကာ၊ နားထင်သွေးရောက်သည့်ပုံစံမျိုး ဖြစ်နေသည်ဟု ဝေဖန်ပြောကြားခဲ့သည်။

    ထိုကိစ္စနှင့်ပတ်သက်၍ ဗာတီကန်က ယမန်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ပြောရေးဆိုခွင့်ရှိသူက ခါရမ်ဆာ၏ လုပ်ရပ်မှာ အလွန်ဆိုးရွားပြီး တာဝန်မဲ့သော လုပ်ရပ်ဖြစ်ကြောင်း၊ ထိုလုပ်ရပ်ကြောင့် ဗာတီကန်တွင် ဘာသာရေးပညာရှင်ဖြစ်သည့် ၎င်း၏ရာထူးမှ အလိုအလျောက် ပြုတ်သွားပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ခါရမ်ဆာမှာ ကက်သလစ်အသင်းတော်၏ အယူဝါဒပိုင်းနှင့်ပတ်သက်သည့် ဗာတီကန် ဗျူရိုကရေစီယန္တယားမှ အလယ်အလတ်အဆင့်ရှိ တာဝန်ရှိသူတစ်ဦးလည်း ဖြစ်သည်။

    ထိုကဲ့သို့ ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရမှုအတွက် ခါရမ်ဆာက “ကျွန်တော် အိမ်သာထဲက လွတ်မြောက်ပြီပေါ့ဗျာ။ ဒီအတွက် တော်တော်ကျေနပ်ပါတယ်။ ကျွန်တော်ဟာ လိင်ပိုင်းဆိုင်ရာ လူနည်းစုတွေ အားလုံးနဲ့ ကြိတ်မှိတ်ခံစားနေရတဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် အသံထုတ်သူ ဖြစ်ချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် အနာဂတ်တွင် ဆောင်ရွက်ရန် စီစဉ်ထားသည့် ကိစ္စများလည်း ရှိနေပြီး ကက်သလစ်အသင်းတော်အတွင်း စနစ်တကျဆောင်ရွက်ထားသည့် လိင်တူချစ်သူကြောက်ရောဂါကို ဆန့်ကျင်သော အချက် ၁၀ ချက်ပါ “လွတ်မြောက်ရေး ကြေညာစာတမ်း” ကိုလည်း ၎င်းက ဖော်ပြခဲ့သည်။ ဗာတီကန်ရှိ ဘုန်းတော်ကြီးအများစုမှာ မိန်းမလျာများဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

    ဗာတီကန် ဗျူရိုကရက်တစ် ယန္တရားအတွင်း ၁၂ နှစ်တာ နေထိုင်ခဲ့ရချိန်တွင် တွေ့ကြုံခဲ့သည့် အကြောင်းများကို စာအုပ်ထုတ်ရန် အစီအစဉ်ရှိနေသည်ဟု ခါရမ်ဆာက ထည့်သွင်းပြောကြားခဲ့သည်။

    “ကျွန်တော်လုပ်သမျှတွေဟာ လိင်တူချစ်သူ ဘုန်းတော်ကြီးတွေ အားလုံးအတွက်ပါ။ ကျွန်တော် ဒီနေ့လုပ်သလို လုပ်ဖို့ သတ္တိမျိုး သူတို့အများစုမှာ မရှိဘူးဆိုတာ ကျွန်တော် သိပေမယ့် သူတို့ ပျော်ရွှင်ပါစေလို့ ကျွန်တော် ဆန္ဒပြုပါတယ်။ အသင်းတော်အတွက်ဆိုရင်တော့ လိင်တူချစ်သူကြောက်ရွံ့မှုကို မုန်းတီးအောင်လုပ်တဲ့ လက်ရှိပတ်ဝန်းကျင်ကို ကျွန်တော် လက်မခံဘူး၊ ရှုတ်ချတယ်လို့ ပြောချင်ပါတယ်။ ခင်ဗျားတို့ရဲ့မျက်လုံးတွေဖွင့်ပြီး လိင်တူချစ်သူတွေရဲ့ ခံစားရမှုတွေ၊ သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ကြည့်ကြပါ”

    Ref: Aljazeera

  • ဘင်္ဂလားဒေ့ရှ်တွင် ဂျပန်နိုင်ငံသားတစ်ဦး အသတ်ခံရ

    ဘင်္ဂလားဒေ့ရှ်တွင် ဂျပန်နိုင်ငံသားတစ်ဦး အသတ်ခံရ

    အောက်တိုဘာ ၄၊ ၂၀၁၅
    M-Media

    bang

    – ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာမြောက်ပိုင်း ရန်ဂ်ပူးရ်ခရိုင်တွင် ယမန်နေ့က ဂျပ်နိုင်ငံသားတစ်ဦးအား မျက်နှာဖုံးစွပ်ထားသည့် လူ ၃ ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး တစ်ပတ်အတွင်း အသတ်ခံရသည့် ဒုတိယမြောက် နိုင်ငံခြားသားလည်းဖြစ်သည်။

    သေဆုံးသွားသူမှာ အသက် ၆၅ နှစ်အရွယ်ရှိ ကူနီယို ဟိုရှီဆိုသူဖြစ်ပြီး လူသုံးဦးက ဆိုင်ကယ်ဖြင့်လာရောက်ကာ ပစ္စတိုဖြင့် ပစ်သတ်သွားခဲ့ခြင်းဖြစ်သည်။ ထိုကိစ္စအတွက် လူ ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။ ပြီးခဲ့သည့် အင်္ဂါနေ့ကလည်း အီတလီနိုင်ငံသား ဆီဆာရီ တာဗဲလ်လာမှာ ဒါကာမြို့ရှိ သံတမန်ရပ်ကွက်တွင် အပြေးလေ့ကျင့်ခန်း လုပ်နေစဉ် ထိုကဲ့သို့ သေနတ်ဖြင့် ပစ်သတ်ခြင်း ခံခဲ့ရသည်။

    ယခုအဖြစ်အပျက်ကြောင့် နိုင်ငံတွင်းရှိ နိုင်ငံခြားသားလူ့အဖွဲ့အစည်းအတွင်း စိုးရိမ်မှုများမြင့်တက်လာပြီး ဘင်္ဂလားဒေ့ရှ်ရှိ နိုင်ငံခြားသံရုံးများမှာ ၎င်းတို့ နိုင်ငံသားများအတွက် ခရီးသွား သတိပေးချက်များ ထုတ်ပြန်ထားသည်။ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများကလည်း ယမန်နေ့တွင် အဆင့်မြင့်အရာရှိများ အရေးပေါ် အစည်းအဝေးတစ်ခု ကျင်းပခဲ့ပြီး နိုင်ငံခြားသံတမန်များနှင့် နိုင်ငံခြားသားများ၏ အိမ်များ အလုပ်များတွင် လုံခြုံရေး တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။

    Ref: Aljazeera

  • အာဖဂန်ဆေးရုံအား အမေရိကန်ဗုံးကြဲမှု ကုလက စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်မည်

    အာဖဂန်ဆေးရုံအား အမေရိကန်ဗုံးကြဲမှု ကုလက စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်မည်

    အောက်တိုဘာ ၄၊ ၂၀၁၅
    M-Media

    afg

    – အာဖဂန်မြောက်ပိုင်း ကန်ဒက်ဇ်မြို့ရှိ ဆေးရုံတစ်ရုံကို အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့က လေကြောင်းမှ တိုက်ခိုက်မှုမှာ ဆင်ခြေပေး၍မရဘဲ၊ ရဇာဝတ်မှုမြောက်သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ ဇီအစ်ဒ် ရာအက်ဒ် အလ်ဟူစိန်က ပြောကြားလိုက်သည်။

    တာလီဘန်များကို တိုက်ထုတ်စဉ် ယမန်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF မှ အဖွဲ့ဝင် ၁၂ ဦးအပါအ၀င် လူ၁၉ ဦးသေဆုံးခဲ့ကာ ဒဏ်ရာရရှိသူမှာ ၃၇ ဦး ရှိခဲ့သည်။ ဒဏ်ရာရသူများတွင် MSF မှ ၁၉ ဦး၊ လူနာ ၁၈ ဦးတို့ ပါဝင်သည်ဟု အဖွဲ့က ပြောကြားခဲ့သည်။

    ထိုတိုက်ခိုက်မှုအတွက် မိမိတို့မှာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အမိန့်ပေးထားသည်ဟု ပင်တဂွန်စစ်ဌာနချုပ်က သတင်းထုတ်ပြန်ခဲ့ပြီး အလ်-ဟူစိန်ကမူ ပြည့်ဝပြီး ပွင့်လင်းမြင်သာမှုရှိသည့် စစ်ဆေးမှုဖြစ်ရန် တောင်းဆိုခဲ့သည်။ ထို့ပြင် ဆေးရုံအား တိုခိုက်မှုမှာ တမင်သက်သက် ရည်ရွယ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တရားရုံး၌ စစ်ဆေးတွေ့ရှိပါက စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    သေဆုံးသူများထဲတွင် ကလေးငယ် ၃ ဦး ပါဝင်ခဲ့ပြီး MSF ဥက္ကဌ မီနီ နီကိုလိုင်က ထိုတိုက်ခိုက်မှုအား ရှုတ်ချခဲ့ကာ စက်ဆုပ်ဖွယ်ရာကောင်းပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ဆိုးဆိုးရွားရွား ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “မဟာမိတ်တပ်ဖွဲ့တွေဆီက လုံးဝ ပွင့်လင်းမြင်သာမှုကို ကျွန်တော်တို့ တောင်းဆိုပါတယ်။ အသက်တွေ ဒီလို ဆိုးဆိုးဝါးဝါး ဆုံးရှုံးရတာကို သာမန်ပျက်ဆီးမှုမျိုးအဖြစ် သတ်မှတ်လိုက်တာမျိုးကို ကျွန်တော်တို့ လက်ခံမှာ မဟုတ်ပါဘူး”

    အမေရိကန်သမ္မတ အိုဘားမားကလည်း ထိုတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူ ကျန်းမာရေးဝန်ထမ်းများ၊ အရပ်သားများအတွက် အမေရိကန်ပြည်သူများကိုယ်စား ကြေကွဲဝမ်းနည်းမိသည်ဟု ပြောကြားခဲ့သည်။

    အမေရိကန်ကာကွယ်ရေးအကြီးအကဲ အက်ရှ်ကာတာရ်က ထိုအဖြစ်အပျက်မှာ ဆိုးရွားသည့်အဖြစ်အပျက်ဖြစ်ပြီး ဗုံးကြဲခံရသည့် ဆေးရုံအနီးတစ်ဝိုက်တွင် အာဖဂန်စစ်တပ်အတွက် အမေရိကန်စစ်သားများက စစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်ဟု ၀န်ခံခဲ့သည်။

    အာဖဂန်သမ္မတရုံးမှ ထုတ်ပြန်မှုတွင် အာဖဂန်ရှိ အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့အကြီးအကဲ ကြည်းတပ်ဗိုလ်ချုပ် ဂျွန်ကမ်းဘဲလ်က ထိုအဖြစ်အပျက်အတွက် တောင်းပန်ခဲ့သည်ဟု ဖော်ပြထားသည်။

    Ref: Aljazeera

  • အိန္ဒိယတွင် အသက် ၄ နှစ်အရွယ် ကလေးတစ်ဦးအား ပြန်ပေးဆွဲ သတ်ဖြတ်၍ နတ်ဘုရားမအား ပူဇော်မှု ဖြစ်ပွား

    အိန္ဒိယတွင် အသက် ၄ နှစ်အရွယ် ကလေးတစ်ဦးအား ပြန်ပေးဆွဲ သတ်ဖြတ်၍ နတ်ဘုရားမအား ပူဇော်မှု ဖြစ်ပွား

    အောက်တိုဘာ ၃၊ ၂၀၁၅
    M-Media

    india 3
    ဟိန္ဒူနတ်ဘုရားမ ကာလီ၏ ပန်းချီ

    – ဒေသတွင်း ဓလေ့ထုံးတမ်းအဖြစ် အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ကျေးရွာတစ်ခုတွင် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ခေါင်းဖြတ်၍ နတ်ဘုရားအား ပူဇော်ခဲ့သည်ဟု သိရသည်။

    အန်ဒရာပရာဒက်ရှ်ပြည်နယ်မှ ဝေးလံခေါင်ဖျားသည့် ပရာကာဆမ်ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မနူဆာဂါဆိုသည့် အဆိုပါသားငယ်လေးမှာ နေ့ကလေးထိန်းကျောင်းမှ အိမ်သို့ပြန်အလာအတွင် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြန်ပေးဆွဲခဲ့သည်ဟု အိန္ဒိယမီဒီယာများက ဖော်ပြခဲ့သည်။

    Times of India တွင် ဖော်ပြထားမှုအရ ထိုအမျိုးသား၏ အမည်မှာ တီရူမာလာ ရာအိုဆိုသူဖြစ်ပြီး ဘုရားကဲ့သို့ စွမ်းအားများရရန် ဟိန္ဒူဘုရားမ ကာလီအား ရိုးရာပူဇော်ပသမှုအဖြစ် ကလေးငယ်ကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့ခြင်းဟု သိရသည်။

    ရာအိုကို ကလေးငယ်၏ အလောင်းနှင့်အတူ ဖမ်းမိခဲ့ပြီး ရဲတပ်ဖွဲ့က ရာအိုမှာ ကလေးငယ်ကို လည်ပင်းညှစ်ခဲ့ပြီးနောက် ခေါင်းဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ရပြီး အခင်းဖြစ်ပွားရာနေရာတွင်လည်း ကြိုးတစ်ချောင်းကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

    ရွာသားများမှာ ရာအိုအား ၎င်းတို့ကိုယ်တိုင် စီရင်ရန် ကြိုးစားခဲ့ပြီး တိုင်တစ်ခု၌ချီကာ ရေနံဆီလောင်း၍ မီးရှို့ခဲ့ကြသည်။ သို့သော်လည်း ရွာမှ အကြီးအကဲများက လူအုပ်ကြီးလက်မှ ကယ်ထုတ်ကာ ရဲတပ်ဖွဲ့လက်သို့ အပ်ခဲ့သည်။ ရာအိုမှာ မီးလောင်ဒဏ်ရ ၄၀ ရာခိုင်နှုန်းဖြင့် ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်။

    ဒေသခံရဲတပ်ဖွဲကအကြီးအကဲ ဆရီကန့်သ်က “ပရာကာဆမ် ခရိုက်မှာ ဒါမျိုးဖြစ်တာ ပထမဆုံးပါပဲ။ သူ နေပြန်ကောင်းလာရင် သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကို ဆန်းစစ်ပြီး စစ်ကြောမေးမြန်းမှုကို ခံရပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ရာအိုမှာ ထိုကဲ့သို့ ရိုးရာပူဇော်မှုများကို ဆောင်ရွက်သည့် လူများနှင့် အဆက်အသွယ်ရှိသည့် သမိုင်းကြောင်းလည်း ရှိပြီး ယခင်ကလည်း မိန်းကလေးငယ်တစ်ဦးအား မအောင်မြင်သော ပြန်ပေးဆွဲမှုတစ်ခု ပြုလုပ်ခဲ့သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Independent