News @ M-Media
Author: Ko Lay
  • ဖင်လန်တွင် ဒုက္ခသည်များကို လက်ယာစွန်းရောက်များ တိုက်ခိုက်
    ဖင်လန်တွင် ဒုက္ခသည်များကို လက်ယာစွန်းရောက်များ တိုက်ခိုက်
    စက်တင်ဘာ ၂၆၊ ၂၀၁၅
    M-Media
    finlad
    – ဖင်လန်နိုင်ငံတောင်ပိုင်း လာတီမြို့ရှိ လက်ခံရေးဌာနသို့ ကားဖြင့်ရောက်ရှိလာကြသော ဒုက္ခသည်များကို လက်ယာစွန်းရောက်များက တိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။
    အမေရိကန်မှ လူဖြူအစွန်းရောက်ဂိုဏ်း Ku Klux Klan ဂိုဏ်းသားများ ၀တ်ဆင်သော အဖြူရောင် ၀တ်ရုံရှည်ကြီးများကို ၀တ်ဆင်ထားသည့် လူ ၄၀ ခန့်မှာ ကြာသာပတေးနေ့ ညပိုင်းက လာတီမြို့ရှိ ဒုက္ခသည် လက်ခံရေးဌာနရှေ့တွင် ဖင်လန်အလံများ ဝှေ့ရမ်းကာ စုရုံးဆန္ဒပြခဲ့ကြပြီး ဒုက္ခသည်များ တင်ဆောင်လာသည့် ဘစ်ကား ရောက်ရှိလာသည့်အချိန်တွင် အော်ဟစ်ဆဲဆိုခဲ့ကြသည်။
    အချို့ဆန္ဒပြသူများမှာ ကေးလငယ်အများစု အပါအ၀င် ဒုက္ခသည် ၄၀ ခန့် တင်ဆောင်လာသည့် အဆိုပါ ဘတ်စ်ကားကို ကျောက်တုံးများ မီးရှူးမီးပန်းများဖြင့် ပစ်ပေါက် ခဲ့ကြသည်ဟု ဖင်လန်ရုပ်သံ YLE က ဖော်ပြခဲ့သည်။
    “ဆန္ဒပြသူတွေက လာတီမြို့က လူငယ်တွေပါ။ အခုအချိန်မှာ သူတို့ဟာ တစ်နည်းနည်းနဲ့ စုဖွဲ့ပြီး လာတယ်ဆိုတဲ့ လက္ခဏာမျိုး မရှိသေးပါဘူး” ဟု ရဲတပ်ဖွဲ့အကြီးအကဲ မာတီ ဟီရ်ဗိုနန်က ပြောကြားခဲ့သည်။
    ဖင်လန်တောင်ပိုင်း အခြားမြို့တစ်မြို့ဖြစ်သော ကူဗိုလာမြို့ရှိ ဒုက္ခသည်လက်ခံရေးဌာတွင်လည်း ကြာသာပတေးနေ့က ရေနံဆီဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရသူစာရင်းများကို သိရှိရခြင်း မရှိသေးပေ။
    “နိုင်ငံအတွင်းကို ၀င်ရောက်လာတဲ့ ခိုလှုံသူတွေအပေါ်မှာ ပြုလုပ်တဲ့ မနေ့ညက လူမျိုးရေးခွဲခြားမှု ဆန္ဒပြပွဲကို ဖင်လန်အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ အကြမ်းဖက်မှု ဒါမှမဟုတ် အကြမ်းဖက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို အမြဲတမ်း ရှုတ်ချပါတယ်” ဟု ဖင်လန်အစိုးရက ယမန်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ထည့်သွင်းဖော်ပြထားသည်။
    Ref: Aljazeera
  • ဖီဖာဥက္ကဌဘလတ္တာ တာဝန်ပျက်ကွက်မှုအတွက် တရားစွဲဆိုခံရ
    ဖီဖာဥက္ကဌဘလတ္တာ တာဝန်ပျက်ကွက်မှုအတွက် တရားစွဲဆိုခံရ
    စက်တင်ဘာ ၂၅၊ ၂၀၁၅
    M-Media
    fifa
    – ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဌအနေဖြင့် ၎င်း၏ တာဝန်များကို ချိုးဖောက်ပျက်ကွက်သည်ဟူသော သံသယဖြင့် ဖီဖာဥက္ကဌ ဆပ်ဘလတ္တာအား ဆွစ်ဇာလန် တရားသူကြီးချုပ်က ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
    ဆွစ်ဇ်အာဏာပိုင်များက ယနေ့တွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ဥက္ကဌရာထူးမှ အနားယူတော့မည်ဟု ကြေငြာထားသည့် ဘလတ္တာအား မှားယွင်းသော စီမံခန့်ခွဲမှုများအတွက် စစ်ကြောမေးမြန်းခဲ့သည်ဟု ဆိုသည်။
    ယခုသတင်း မထွက်လာမီ နာရီပိုင်းအလိုတွင် ဘလ္လတာနှင့် ယနေ့ပြုလုပ်ရန် စီစဉ်ထားသည့် သတင်းစာရှင်းလင်းပွဲကို ဖီဖာက အကြောင်းပြချက်မပေးဘဲ ဖျက်သိမ်းခဲ့သည်။ အမှုဆောင်ကော်မတီ အစည်းအဝေးကို ၂ ရက်တာ ကျင်းပပြုလုပ်ခဲ့ပြီးနောက် ဘလတ္တာမှာ ဖီဖာရုံးချုပ်၌ မီဒီယာများနှင့် တွေ့ဆုံရန် စီစဉ်ထားခြင်းဖြစ်သည်။
    ဆွစ်ဇ်အစိုးရကမူ အမှုဆောင်ကော်မတီအစည်းအဝေးပြီးနောက် ဘလတ္တာအား စစ်ကြောမေးမြန်းခဲ့ခြင်း ဖြစ်ပြီး၊ ၂၀၁၁ ခုနှစ်က ဘလတ္တာထံမှ ယုံကြည်ဖွယ်ရာမရှိသည့် ကန်ဒေါ်လာ ၂.၀၅ သန်း ရရှိမှုနှင့်ပတ်သက်၍ ဒုဥက္ကဌ မိုက်ကယ် ပလာတီနီကိုလည်း သက်သေအဖြစ် မေးမြန်းခဲ့သည်ဟု ဆိုသည်။
    “ကာရစ်ဘီယံ ဘောလုံးအဖွဲ့ချုပ်ရဲ့ စာချုပ်ကိစ္စနဲ့ပတ်သက်ပြီး ဂျိုးဆပ် ဘလတ္တာဟာ ယုံကြည်စွာ အပ်နှံခြင်းခံထားရတဲ့ တာဝန်တွေကို ချိုးဖောက်တယ်လို့ သံသယရှိ ခံထားရပါတယ်” ဟု ဆွစ်ဇာလန် တရားသူကြီးချုပ်ရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
    ဘလတ္တာအား တရားစွဲဆိုမှုမှာ ခြစားမှုအတွက် နိုင်ငံတကာရဲတပ်ဖွဲ့က အလိုရှိနေသည့် ဖီဖာဒုဥက္ကဌဟောင်း ဂျက်ဝါနာအား တရားစွဲဆိုထားမှုကိစ္စနှင့် ဆက်စပ်နေသည်ဟု ဆိုသည်။
    Ref: Aljazeera
  • နိုင်ငံတကာ သတင်းတို (စက်တင်ဘာ ၂၅၊ ၂၀၁၅)
    စက်တင်ဘာ ၂၅၊ ၂၀၁၅
    M-Media
    အရှေ့အလယ်ပိုင်းမှ ဒုက္ခသည်မျာကို ယူကရိန်း လက်ခံမည်
    ……………………………..
    အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ဒုက္ခသည်များ ဥရောပသို့ ၀င်ရောက်လာမှုပြဿနာကို ဖြေရှင်းရန်အတွက် မိမိတို့က ကူညီသွားမည်ဖြစ်ပြီး ထိုဒုက္ခသည်များအား တိုင်းပြည်၌ လက်ခံသွားမည်ဟု ယူကရိန်း လူဝင်မှုကြီးကြပ်ရေးဌာနက ယနေ့တွင်ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။ သို့သော်လည်း အရေအတွက်မည်မျှ လက်ခံမည်ဆိုသည်ကို ပြောဆိုခဲ့ခြင်း မရှိချေ။
    မြောက်ကိုရီးယားနယ်စပ်တွင် နိုင်ငံသားတစ်ဦး ပစ်ခတ်ခံရမှု တရုတ် စုံစမ်းမည်
    ……………………………..
    မြေက်ကိုရီးယားနှင့် နီးကပ်နေသည့် နယ်စပ်တွင် စက်တင်ဘာ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့သော ပစ်ခတ်မှုအတွင်း တရုတ်နိုင်ငံသားတစ်ဦး ဒဏ်ရာရရှိမှုအတွက် စုံစမ်စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားလိုက်သည်။ တောင်ကိုရီးယားမီဒီယာများကမူ မြောက်ကိုရီးယားစစ်သားများက တရုတ်နိုင်ငံသားတစ်ဦး၏ ကားကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။
    နိုင်ဂျာအီးဒ်ပွဲတော်အတွင်း ဘိုကိုဟရမ်မှ ၀င်ရောက်ပစ်ခတ်မှု ၁၅ ဦးသေဆုံး
    ………………………………
    နိုက်ဂျီးရီးယားမြောက်ပိုင်းတွင် အခြေစိုက်သည့် ဘိုကိုဟရမ် စစ်သွေးကြွအဖွဲ့မှ အိမ်နီးချင်း နိုင်ဂျာနိုင်ငံ တောင်ဘက်မှ ရွာတစ်ရွာကို ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့သောကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ဟု အာဏာပိုင်များက ယနေ့တွင် ပြောကြားခဲ့သည်။ နှစ်နိုင်ငံနယ်စပ်ရှိ ရွာငယ်တစ်ခုဖြစ်ပြီး နိုင်ဂျာမှ အစ္စလာမ်ဘာဝင်များ အီးဒ်ပွဲတော် ဆင်နွှဲနေစဉ် ၀င်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
    Ref: News Agencies
  • အာဆင်ဝင်းဂါးကို မော်ရင်ဟို ပြင်းပြင်းထန်ထန်ဝေဖန်
    အာဆင်ဝင်းဂါးကို မော်ရင်ဟို ပြင်းပြင်းထန်ထန်ဝေဖန်
    စက်တင်ဘာ ၂၅၊ ၂၀၁၅
    M-Media
    morn
    – အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးမှာ ရှုံးပွဲများအတွက် ဒိုင်များကို အမြဲတမ်း ပြစ်တင်လေ့ရှိပြီး၊ အောင်မြင်မှုမရသော်လည်း ဘုရင်တစ်ပါးကဲ့သို့ တည်မြဲနေသည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ဝေဖန်ပြောကြားလိုက်သည်။
    “ဒီနိုင်ငံမှာ ဖိအားမရှိတဲ့ နည်းပြဟာ တစ်ယောက်တည်းသာ ရှိပါတယ်။ အခြားနည်းပြတွေကတော့ ဖိအားရှိပြီး၊ ကျွန်တော့်မှာလည်း ဖိအားရှိပါတယ်။ ကျွန်တော်တို့ဟာ စံနှုန်းအောက်ရောက်လို့မရပါဘူး။ ရည်မှန်းချက်တွေကိုလည်း ပြည့်မီအောင် ဆောင်ရွက်ရပါတယ်” ဟု မော်ရင်ဟိုက ယမန်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    အာဆင်ဝင်းဂါး၏ အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ၎င်း၏ ပြောကြားမှုများကို ကြည့်ခြင်းအားဖြင့် ၀င်းဂါးကိုသာ ရည်ညွှန်းကြောင်း ပေါ်လွင်နေသည်။ မည်သည့် နည်းပြအား ရည်ရွယ်သလဲဟု မေးမြန်းခဲ့ရာ မော်ရင်ဟိုက
    “ပွဲမတိုင်ခင်နဲ့ ပွဲအပြီးမှာ ဒိုင်လူကြီးတွေအကြောင်း ဝေဖန်သူတစ်ယောက်ပါ။ သူက လူတွေကို နည်းစနစ်ပိုင်းကို တွန်းပို့နိုင်တယ်၊ ညည်းတွားတယ်။ မနက်ပိုင်း၊ နေ့ခင်းပိုင်းတွေမှာလည်း ငိုပါတယ်။ ဒါပေမယ့် ဘာမှတော့ ဖြစ်မလာပါဘူး။ သူ အောင်မြင်မှုမရဘူး။ အလုပ်လည်းမပြုတ်ပါဘူး။ ဘုရင်တစ်ယောက်လိုပါပဲ။ တစ်ယောက်သောသူကို ကျွန်တော် ပြောနေတာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
    ဒါဘီပွဲအဖြစ်အပျက်တွက် FA က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဒီယေဂိုက်ေစတာမှာ အကြမ်းဖက်လိုသော အပြုအမူကို ပြုလုပ်သည်ဟု တွေ့ရှိခဲ့ရပြီး ၃ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။
    Ref: Dailymail
  • ရိုဟင်ဂျာများ မဲပေးခွင့်မရခြင်းအတွက် ဦးဝဏ္ဏမောင်လွင်၏ ပြောကြားမှု လှောင်ရယ်ခံရ
    ရိုဟင်ဂျာများ မဲပေးခွင့်မရခြင်းအတွက် ဦးဝဏ္ဏမောင်လွင်၏ ပြောကြားမှု လှောင်ရယ်ခံရ
    စက်တင်ဘာ ၂၅၊ ၂၀၁၅
    M-Media
    wanna
    ၆၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားနေသည့် ဦးဝဏ္ဏမောင်လွင်
    – ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူနည်းစုများ၏ မဲပေးခွင့် ပိတ်ပင်ခြင်းအတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အမေရိကန်မှ Greend Card ကိုင်ဆောင်သူ နိုင်ငံခြားသားများနှင့် နှိုင်းယှဉ်ပြောကြားခဲ့ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်း၏ လှောင်ရယ်ခြင်းကို ခံခဲ့ရသည်ဟု သိရသည်။
    ယမန်နေ့က နယူးယောက်မြို့ရှိ အမေရိကန် နိုင်ငံခြားဆက်ဆံရေးကောင်စီတွင် ပြုလုပ်ခဲ့သည့် အခမ်းအနား၌ ဦးဝဏ္ဏမောင်လွင်က ယာယီသက်သေခံကဒ်ပြားများ ကိုင်ဆောင်သူအများစု ရှိနေသော နိုင်ငံမဲ့ ရိုဟင်ဂျာမွတ်စလင်များအား မြန်မာအစိုးရက မဲပေးခွင့် ပိတ်ပင်ထားမှုကို အမေရိကန်တွင် နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်ရရှိသော နိုင်ငံခြားသားများ (Green Card ကိုင်ဆောင်သူများ) မဲပေးခွင့်မရသည့် အခြေအနေနှင့် နှိုင်းယှဉ်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
    အခမ်းအနားသို့ တက်ရောက်လာခဲ့သည့် နိုင်ငံတကာမှ အကြီးအကဲများနှင့် ဧည့်သည်တော်များမှာ နိုင်ငံခြားရေးဝန်ကြီး၏ ထိုမှတ်ချက်အတွက် လှောင်ရယ်ခဲ့ကြသည်။
    ပြီးခဲ့သည့် မတ်လက မြန်မာနိုင်ငံမှာ ယာယီသက်သေခံကဒ်ပြားများကို တရားမ၀င်အဖြစ် ကြေငြာခဲ့သည်။ အဆိုပါကဒ်ပြား ကိုင်ဆောင်သူများမှာ ၂၀၁၀ ခုနှစ်တွင် မဲပေးခွင့်ရခဲ့သော်လည်း လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ မဲပေးခွင့်ရတော့မည် မဟုတ်ချေ။
    ထိုသို့ဆောင်ရွက်ခြင်းမှာ မြန်မာနိုင်ငံတွင်းရှိ ဖိနှိပ်ခံ နိုင်ငံမဲ့ ရိုဟင်ဂျာလူနည်းစုများအပေါ် ခွဲခြားဆက်ဆံမှုမှ နောက်ဆုံးပေါ်ထွက်လာသည့် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဝေဖန်ခဲ့ကြသည်။ ရိုဟင်ဂျာအများစုမှာ မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ချီ၍ နေထိုင်ခဲ့ကြသူများဖြစ်သည်။
    ကုလအထွထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်မှာ ယမန်နေ့က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံခဲ့ပြီး ပြီးခဲ့သည့် ရွေးကောက်ပွဲက မဲပေးပိုင်ခွင့်ရှိသူ လူနည်းစုများ၏ မဲပေးခွင့် ဆုံးရှုံးခြင်းအတွက် စိုးရိမ်မိသည်ဟု ပြောကြားခဲ့သည်။
    Ref: Nytimes