News @ M-Media

ဟဂ်ျကျင့်စဉ်အတွင်း စုပြုံတိုးဝှေ့မှုကြောင့် အသက်ဆုံးရှုံးရခြင်းအတွက် မွတ်စလင်များနည်းတူ ကြေကွဲရသည်ဟု ပုပ်ရဟန်းမင်းကြီးပြော

စက်တင်ဘာ ၂၅၊ ၂၀၁၅
M-Media

pope

– ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့တွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် လူစုပြုံတိုးဝှေ့မှုကြောင့် ဟဂ်ျဘုရားဖူးခရီးသည်များ သေဆုံးရခြင်းအတွက် ကမ္ဘာ့မွတ်စလင်များနည်းတူ ကြေကွဲဝမ်းနည်းရသည်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားလိုက်သည်။

မက္ကာမြို့အပြင်ဘက် မီနာဒေသတွင် သန်းနှင့်ချီသော ဘုရားဖူးများမှာ ဟဂ်ျကျင့်စဉ်များကို ကျင့်မူနေခိုက် တိုးဝှေ့မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုအဖြစ်အပျက်ကြောင့် လူ ၇၀၀ ကျော် သေဆုံးခဲ့ကာ ၈၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကမူ ယမန်နေ့ညနေပိုင်းတွင် ပြုလုပ်ခဲ့သည့် ၀တ်ပြုဆုတောင်းမှု၌ ထိုဖြစ်ရပ်ဆိုးကြီးကြောင့် ထိခိုက်ခံစားရသော မွတ်စလင်များနှင့်အတူ မိမိ၏မှာလည်း စိတ်မကောင်းဖြစ်ရသည်ဟု ပြောကြားခဲ့သည်။

“ဒီဆုတောင်းပွဲအခါသမယမှာ ကြီးကျယ်မြင့်မြတ်တော်မူသော၊ သနားကြင်နာတော်မူသော ကျွန်ုပ်တို့ အဖဘုရားသခင်ရဲ့ အထံတော်အပါး သင်တို့အားလုံးအတွက် ဆုမွန်ကောင်းတောင်းပေးပါတယ်” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။

ဆော်ဒီတာဝန်ရှိသူများကမူ ထိုအဖြစ်အပျက်မှာ ဘုရားဖူးများက ညွှန်ကြားချက်များကို မလိုက်နာသည့်အတွက်ကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်သည်ဟု ပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု ဆိုသည်။

ဘုရင် ဆလ်မန် ဘင် အဘ်ဒူလ် အဇစ် အလ် ဆာအွဒ်က အဆိုပါအဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်း ဟဂ်ျအစီအစဉ်များကို ပြန်လည် သုံးသပ်နေသည်ဟု ပြောကြားခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ရာတွင် မက္ကာမြို့အပြင်ဘက် မီနာဒေသ၌ ရှိုင်တွာန်မာနတ်အား ခဲဖြင့်ပေါက်သည့် ကျင့်စဉ်သို့ သွားသော လူအုပ်ကြီးနှင့် ထိုမှ ပြန်လာသော လူအုပ်ကြီးတို့ တွေ့ဆုံခိုက် စုပြုံတိုးဝှေ့မှု
ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

အခင်းဖြစ်ပွားမှုတွင် ပါဝင်ခဲ့သူများက အခြေအနေအား ထိန်းသိမ်းမှု မရှိခဲ့ခြင်းအတွက် ဆော်ဒီအစိုးရကို ပြစ်တင်ပြောဆိုခဲ့သည်။ ထိုဖြစ်ရပ်ဆိုးကြီး ဖြစ်ပွားခဲ့ပြီနောက် သန်းနှင့်ချီသော ဘုရားဖူးများကို ဟဂ်ျကျင့်စဉ်များကို ပုံမှန်ဆောင်ရွက်လျက် ရှိနေသည်။

Ref: Aljazeera

Comments

Leave a Reply