News @ M-Media

Author: Ko Lay

  • ဆော်ဒီတွင် ဟဂ်ျစည်းမျဉ်းများကို ချိုးဖောက်မှုကြောင့် ထိန်းသိမ်းခံရသူ တစ်သောင်းကျော်ရှိ

    ဆော်ဒီတွင် ဟဂ်ျစည်းမျဉ်းများကို ချိုးဖောက်မှုကြောင့် ထိန်းသိမ်းခံရသူ တစ်သောင်းကျော်ရှိ

    စက်တင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    hajj

    – ဟဂ်ျဘုရားဖူးခရီးသည်များကို တရားမ၀င် ခေါ်ဆောင်လာမှုအပါအ၀င် ဟဂ်ျဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်မှုအတွက် ဖမ်းဆီးအရေးယူခဲ့သူ အရေအတွက်မှာ တစ်သောင်းကျော် ရှိသည်ဟု ဆော်ဒီအာဏာပိုင်များက ပြောကြားလိုက်သည်။

    ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဌာနမှ ယမန်နေ့က မီနာရှိ ပြည်သူ့လုံခြုံရေး အဆောက်အဦးတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့လုံခြုံရေးအေဂျင်စီမှ ပြန်ကြားရေးအကြီးအကဲ ဗိုလ်မှူး ဆာမိ အလ်-ဆွာအီရက်ခ်က ပြောကြားခဲ့ခြင်းဖြစ်ပြီး ဟဂ်ျခရီးသည်များကို တရားမ၀င် ခေါ်ဆောင်လာမှုအတွက် ဖမ်းဆီးခဲ့ရသူမှာ ၁၂၉၅ ဦး ရှိပြီး၊ ၎င်းတို့အသုံးပြုသည့် ယာဉ် ၃၅၉၀၀ စီး ကိုလည်း ထိန်းသိမ်းခြင်း၊ သို့မဟုတ် လှည့်ပြန်ခိုင်းခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ နိုင်ငံတစ်ဝှမ်းတွင် ဟဂ်ျရုံးခန်းအတု ၅၈ ခုကိုလည်း တွေ့ရှိခဲ့သည်ဟု ဆွာအီရက်ခ်က ထည့်သွင်းပြောကြားခဲ့သည်။

    ဟဂ်ျဘုရားဖူးများအတွက် လုံခြုံရေးနှင့် သွားလာရေးလမ်းကြောင်းများ အဆင်ပြေချောမွေ့စေရန် စီစဉ်ထားပြီး မက္ကာ၊ အလ်-ဟရမ် အလ်-ရှရစ်ဖ်တို့တွင် ဟဂ်ျပြုရန် လာရောက်သူများအား နေရာချထားပေးရာတွင် မည်သည့်အခက်အခဲမှ မဖြစ်ခဲ့ဟု ၎င်းက ဆိုသည်။

    မီနာနှင့် အာရာဖတ်တောင်များတွင် ဟဂ်ျပြုသူများနေထိုင်ရန် စခန်းများမှာ အဆင်သင့်ဖြစ်နေပြီး ၉၅ ရာခိုင်နှုန်းကို နေရာချထားပေးခဲ့ပြီဟု ဟဂ်ျဝန်ကြီးဌာနမှ ဒုတိယအတွင်းရေးမှူး ဟာတင်မ် ကွာဒီက ပြောကြားခဲ့သည်။ ဟဂ်ျဘုရားဖူးခရီးသည်များ အချိန်နှင့်အမျှ သတင်းပေးပို့နိုင်ရန် အခမဲ့ဖုန်းလိုင်းတစ်ခုကိုလည်း ၀န်ကြီးဌာနက စီစဉ်ထားပြီး နံပါတ်မှာ ၈၀၀၄၃၀၄၄၄၄ ဖြစ်သည်။

    Ref: Arabnews

  • နိုင်ငံတကာသတင်းတို (စက်တင်ဘာ ၂၁၊ ၂၀၁၅)

    စက်တင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    လျှို့ဝှက်ချက်ပေါက်ကြားမှုဖြင့် ရုရှား ထောက်လှမ်းရေးအရာရှိ ထောင် ၁၄ နှစ် ချမှတ်ခံရ
    ……………………………….
    ရုရှား၏ အဓိက ထောက်လှမ်းရေးအဖွဲ့အစည်းဖြစ်သော GRU မှ တာဝန်ရှိသူဟောင်း ကရက်ဗ်စတော့ဗ်အား နိုင်ငံ၏ အာကာသ ထောက်လှမ်းရေး အချက်အလက်များကို ဆွီဒင်နိုင်ငံသို့ ပေါက်ကြားစေမှုဖြင့် မော်စကိုတရားရုံးက ယနေ့တွင် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့သည်ဟု ရုရှား ဖက်ဒရယ် လုံခြုံရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဆွီဒင်ကာကွယ်ရေးဝန်ကြီးဌာနရှိ ရေဒီယိုနည်းပညာဌာနသို့ အီးမေးလ်ဖြင့် လျှို့ဝှက်အချက်အလက်များကို ပေးပို့ခဲ့ခြင်းဖြစ်ပြီး ရုရှား၏ လုံခြုံရေးကို ထိခိုက်စေသည့်
    ဆောင်ရွက်မှုဖြစ်သည်ဟု စုံစမ်းစစ်ဆေးသူများက ဆိုသည်။ ကရက်ဗ်စတော့ဗ်အား မေလ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကြားနာမှုများကို တံခါးပိတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

    ဗြိတိန်ဆိုင်ရာ အီရန်သံအမတ် ခန့်အပ်
    ……………………………..
    ဗြိတိန်နိုင်ငံဆိုင်ရာ အီရန်အမြဲတမ်းသံတမန်အဖြစ် မိုဟာမက် ဟာဆန် ဟဘီဘွလ္လာဟ်ဇာဒါကို အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က ခန့်အပ်လိုက်သည်ဟု အီရန်နိုင်ငံပိုင် သတင်းဌာနက ယနေ့တွင် ကြေညာလိုက်သည်။ ဟာဆန်မှာ လွန်ခဲ့သည့် ၂ နှစ်ကတည်းက ထိုရာထူးကို ဗြိတိန်တွင် အခြေချမနေဘဲ ဆောင်ရွက်ခဲ့သူဖြစ်ပြီး ယခင်က ရုရှားနှင့် ဆွစ်ဇာလန် နိုင်ငံများ၌လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ၂၀၁၁ ခုနှစ်တွင် တီဟီရန်ရှိ ဗြိတိန်သံရုံးကို ဆန္ဒပြသူများက ၀င်ရာက်စီးနင်းခဲ့ပြီးနောက် လေးနှစ်အကြာ ယခုနှစ် သြဂုတ်လတွင် အီရန်နှင့် ဗြိတိန်တို့မှာ သံတမန်ဆက်ဆံရေး ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။

    နိုက်ဂျီးရီးယားမြောက်ပိုင်းတွင် ဘိုကိုဟရမ် ဗုံးခွဲ
    …………………………
    နိုက်ဂျီးရီးယားအရှေ့မြောက်ပိုင်း မိုင်ဒူဂူရီမြို့ရှိ ညနေဈေးတစ်ခုကို ပစ်မှတ်ထားကာ ဘိုကိုဟရမ်အဖွဲ့က ဖောက်ခွဲတိုက်ခိုက်မှုတစ်ခုကို ယနေ့တွင် ပြုလုပ်ခဲ့ပြီး ဗလီဝတ်ကျောင်းတော်တွင် ၀တ်ပြုနေသူများနှင့် ရုပ်သံမှ ဘောလုံးပွဲကို တိုက်ရိုက်ကြည့်ရှုနေသူများ အပါအ၀င် အနည်းဆုံး ၅၄ ဦး သေဆုံးခဲ့သည်။ စစ်တပ်နှင့် ကယ်ဆယ်ရေးအဖွဲ့များကမူ ဖောက်ခွဲရေးပစ္စည်းများကို အိမ်တွင်းသုံး ကိရိယာများဖြင့်
    ပြုလုပ်ထားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ဒေသတွင်း ရဲတပ်ဖွဲ့က အမျိုးသမီးတစ်ဦး အသေခံဗုံးခွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    Ref: News Agencies

  • လူမျိုးတုန်းသတ်ဖြတ်မှု အန္တရာယ် ကြုံတွေ့နိုင်သည့် နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံက ထိပ်ဆုံး၌ ရှိနေ

    လူမျိုးတုန်းသတ်ဖြတ်မှု အန္တရာယ် ကြုံတွေ့နိုင်သည့် နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံက ထိပ်ဆုံး၌ ရှိနေ

    စက်တင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    mm

    – ကမ္ဘာတစ်ဝှမ်း လူမျိုးတုန်းသတ်ဖြတ်မှုအန္တရာယ် ရှိနေသော နိုင်ငံများစာရင်းကို အမေရိကန် ဟိုလိုကော့စ် အောက်မေ့ဖွယ် ပြတိုက်မှ တတ်သိပညာရှင်များအဖွဲ့က ထုတ်ပြန်လိုက်ပြီး မြန်မာနိုင်ငံမှာ ထိပ်ဆုံး၌ ရှိနေသည်ဟု ၀ါရှင်တန်ပို့စ် သတင်းဌာနက ဖော်ပြခဲ့သည်။

    လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး Simon-Skjodt စင်တာမှ ယနေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အစိုးရက ဦးဆောင်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအန္တရာယ်ကို ကြိုတင်ခန့်မှန်းရန် ရည်ရွယ်သည့် ဆောင်ရွက်မှုလည်းဖြစ်သည်။

    အဆိုပါ စင်တာမှာ Early Warning Project အမည်ဖြင့် စီမံကိန်းတစ်ခုကို ဆောင်ရွက်နေပြီး ထိုစီမံကိန်းမှာ နိုင်ငံတစ်ခုအတွင်း လူနည်းစုများအပေါ် စနစ်တကျ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် ကျူးလွန်မှု အလားအလာအတွက် ထင်ရှားသည့် လက္ခဏာများကို ခြေရာကောက်ခြင်း ဖြစ်သည်။

    တွေ့ရှိချက်များကို နိုင်ငံရေးသိပ္ပံပညာရှင်များက ဆောင်ရွက်သည့် လူမျိုးတုန်းသတ်ဖြတ်မှု အခြေအနေကို ဆန်းစစ်လေ့လာသော မော်ဒပုံစံ ၃ ခုအား အခြေခံကာ နိုင်ငံတစ်နိုင်ငံချင်းစီ၏ နှစ်စဉ် အန္တရာယ်ရှိမှုဖြစ်နိုင်ချေကို ဆန်းစစ်မှုနှင့် ဒေသတွင်း ကျွမ်းကျင်သူများ၏ လူထုအမြင် စစ်တမ်းကောက်ယူမှုများကို ပေါင်းစပ်ကာ တွက်ချက် ထုတ်ပြန်ခြင်းဖြစ်သည်။

    အနာဂတ်တွင် လူမျိုးတုန်းသတ်ဖြတ်မှုကို ကြုံတွေ့ရနိုင်သည့် အန္တရာယ်အရှိဆုံး ၁၀ နိုင်ငံမှာ မြန်မာ၊ နိုက်ဂျီးရီးယား၊ ဆူဒန်၊ ဗဟိုအာဖရိက၊ အီဂျစ်၊ ကွန်ဂို၊ ဆိုမာလီယာ၊ ပါကစ္စတန်၊ တောင်ဆူဒန်နှင့် အာဖဂန်နစ္စတန်တို့ ဖြစ်ကြသည်။

    ယခုနှစ်အစောပိုင်းက ၀ါရှင်တန်ပို့စ်မှာ Simon-Skjodt စင်တာ၏ ဒါရိုက်တာဖြစ်သူ ကင်မရွန်း ဟဒ်ဆန်နှင့် ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ ဟဒ်ဆန်မှာ မြန်မာနိုင်ငံမှ အချက်အလက်များကို ရှာဖွေသည့်လုပ်ငန်းတွင် ပါဝင်ပြီး ဆယ်စုနှစ်များစွာကြာ ခွဲခြားဆက်ဆံမှု ပေါ်လစီအောက်တွင် နေထိုင်ရကာ နိုင်ငံမဲ့ဖြစ်နေ၍ သောကပင်လယ်ဝေနေသော ရိုဟင်ဂျာလူနည်းစုများ ရင်ဆိုင်နေရသည့် အန္တရာယ်များကို လေ့လာခဲ့သည်။

    အဆိုပါ အစီရင်ခံစာတွင် ရိုဟင်ဂျာများမှာ ထပ်မံ၍ အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုများနှင့် လူမျိုးတုန်းသတ်ဖြတ်မှုကိုပင် ခံစားရနိုင်သည့် အလွန်အန္တရာယ်ရှိနေသော လူ့အဖွဲ့အစည်းဖြစ်သည်ဟု အဆုံးသတ်ထားသည်။

    “လူမျိုးတုန်းသတ်ဖြတ်မှုဆိုတဲ့ အသုံးအနှုန်းကို ရည်ညွှန်းသုံးစွဲတဲ့အခါ ကျွန်တော်တို့ တော်တော်လေး သတိထားပါတယ်။ ပြီးတော့ ဒီလိုအသုံးအနှုန်းဟာ အစွန်းနှစ်ဖက်ကို ဖြစ်စေပြီး တစ်ခါတစ်ရံမှာ အကူအညီ မဖြစ်ပါဘူး။ ဒါပေမယ့် ၁၉၃၀ ခုနှစ်တွေအတွင်း ဂျာမနီနဲ့ ၁၉၉၀ ပြည့်နှစ်တွေအတွင်း ရ၀မ်ဒါတို့မှာ ခင်ဗျားတို့ တွေ့ရှိသိမြင်ဖူးတဲ့ အကြောင်းအချက်တွေဟာ (မြန်မာနိုင်ငံမှာ) စုပေါင်းပြီး ဖြစ်နေပါတယ်။ ဒါဟာ သိပ်ပြီး စိုးရိမ်စရာ ကောင်းပါတယ်” ဟု ဟဒ်ဆန်က ၀ါရှင်တန်ပို့စ်သို့ ထိုအချိန်က ပြောကြားခဲ့သည်။

    ထိုတွေ့ရှိချက်များကို အမေရိကန်ရှိ ဟိုလိုကော့စ်ပြတိုက်တွင် ပြသထားပြီး အနာဂတ်တွင် ဖြစ်လာနိုင်သည့် ရက်စက်ကြမ်းကြုတ်မှုများကို ဆန့်ကျင်ရေးနှင့် တာဆီးရေး ပညာပေးရန် ဖြစ်သည်ဟု ယခင် အမိမြေလုံခြုံရေး အကြီးအကဲဟောင်းဖြစ်ပြီး၊ ယခုလက်ရှိတွင် ပြတိုက်၏ ဝေဖန်ပိုင်းခြားရေးကော်မတီ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေသော မိုက်ကယ် ချာတော့ဖ်က အီးမေးဖြင့် ၀ါရှင်တန်ပို့စ်သို့ ပြောကြားခဲ့သည်။

    “အစိုးရတွေဟာ သူတို့ရဲ့ လစ်လျူရှုမှုကို ဖုံးကွယ်တဲ့အနေနဲ့ “ကျွန်တော်တို့ မသိပါဘူးဗျာ” လို့ ပြောလို့ မရတော့ပါဘူး”

    Ref: washingtonpost

  • ယူဆချက်အမှားများ ချေဖျက်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ကင်ညာမွတ်စလင်များ ကြိုးပမ်း

    ယူဆချက်အမှားများ ချေဖျက်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ကင်ညာမွတ်စလင်များ ကြိုးပမ်း

    စက်တင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    kenya

    – နိုင်ငံအတွင်း ဘာသာပေါင်းစုံ သဟဇာတဖြစ်ရေး ဥပမာတစ်ခုအဖြစ် ကင်ညာနိုင်ငံရှိ မွတ်စလင်ခေါင်းဆောင်များမှာ ပြီးခဲ့သည့်တစ်ပတ် သောကြာနေ့ ၀တ်ပြုမှုကို ခရစ်ယာန်ခေါင်းဆောင်များအား ဖိတ်ခေါ် ပြသခဲ့ကြသည်။

    “တစ်ဦးတစ်ယောက်က မတူညီတဲ့ ဘာသာတရားတစ်ခုခုကို လိုက်နာတဲ့အတွက်ကြောင့် လူတစ်ယောက်ဟာ အခြားသူတစ်ယောက်ကို ဂုဏ်အသရေ သေးသိမ်အောင် လုပ်ဆောင်ခွင့် မရှိပါဘူး။ ယုံကြည်မှုတွေ မတူပေမယ့်လည်း ကျွန်တော်တို့ဟာ စုပေါင်းပြီး သဟဇာတဖြစ်စွာ အလုပ်လုပ်ကြပါစို့” ဟု မြို့တော် နိုင်ရိုဘီရှိ ဂျာမီယာ ဗလီဝတ်ကျောင်းတော် ဂေါပကအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ရှိခ် အဘ်ဒူလတစ်ဖ် အက်ဆာဂျီက ပြာကြားခဲ့သည်။

    ထိုဖိတ်ခေါ်မှုတွင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များ လာရောက်ခဲ့ကြပြီး ဂျာမီယာဗလီဝတ်ကျောင်းတော်၌ ထောင်နှင့်ချီသော အစ္စလာမ်ဘာသာဝင်များ၏ သောကြာဝတ်ပြုမှုနှင့် တရားဒေသနာများကို ကြည့်ရှု နားထောင်ခဲ့ကြသည်။

    ကင်ညာနိုင်ငံ၌ စက်တင်ဘာ ၂၁ ရက်နေ့ (ယနေ့) တွင် နိုင်ငံတကာငြိမ်းချမ်းရေးနေ့ အခမ်းအနားကို ပြုလုပ်ရန်ရှိနေပြီး နိုင်ငံအတွင်းရှိ လူ့အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးကို မြှင့်တင်ပေးရန် ရည်ရွယ်၍ ကုလသမဂ္ဂက စီစဉ်ကျင်းပခြင်းဖြစ်သည်။

    လာမည့်နေ့များတွင်လည်း ကင်ညာရှိ မွတ်စလင်ခေါင်းများမှာ ခရစ်ယာန်ဘုရားကျောင်းများနှင့် အခြားသော ဘာသာရေးအသင်းအဖွဲ့များ၊ အဆောက်အဦးများသို့ သွားရောက်လည်ပတ်ရန် ရှိနေသည်။

    သောကြာဝတ်ပြုမှုပြီးတွင် ကင်ညာ ခရစ်ယာန်ကက်သလစ်အသင်းတော် ခေါင်းဆောင်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ဖောင်ဒေးရှင်းမှ စီအီးအိုဖြစ်သူ ဒန်ဒီယဲလ် ဂျူမာက မိမိတို့ ခရစ်ယာန်ခေါင်းဆောင်များ ဗလီဝတ်ကျောင်းတော်သို့ လာရောက်လည်ပတ်ခြင်းမှာ ကင်ညာပြည်သူများ၏ မတူညီသော အယူဝါဒများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြင့်တင်ရေး လက္ခဏာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ကင်ညာ ဘာသာပေါင်စုံကောင်စီမှ အဖွဲ့ဝင်ဖြစ်ပြီး၊ ခရစ်ယာန် စနေအသင်းတော်မှ ပေါလ် ချပ်က်ဝိုနီကလည်း ကင်ညာပြည်သူများ အနေဖြင့် ငြိမ်းချမ်းစွာ အတူတကွ လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့ပြီး ဘာသာတရားဆိုသည်မှာ သွေးကွဲရေးအကြောင်းတရား မဖြစ်သင့်ဟု ပြောကြားခဲ့သည်။

    ဟာမိုနီ

    မွတ်စလင်ခေါင်းဆောင်များကမူ ကင်ညာနိုင်ငံရှိ မတူညီသော ဘာသာတရားများမှာ ဆယ်စုနှစ်ပေါင်းများစွာ အတူတကွ နေထိုင်လာကြသော်လည်း မကြာသေးမီက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများက မိမိတို့ကြား သပ်လျှိုပေးသကဲ့သို့ ဖြစ်လာသည်ဟု ဆိုသည်။

    “ကင်ညာက မွတ်စလင်တွေအနေနဲ့ ခရစ်ယာန်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲကတည်းက သူတို့နဲ့ အနီးကပ် လုပ်ဆောင်ခဲ့တာပါ။ ဒါ့ကြောင့် ကင်ညာပြည်သူတွေ ငြိမ်းချမ်းစွာနေထိုင်ရေး သေချာစေဖို့ ကျွန်တော်တို့ မျှဝေကြတဲ့ ဘုံသဘောထားတွေကို တိုးမြင့်အောင် ကျွန်တော်တို့ လုပ်ချင်ပါတယ်” ဟု ဂျာမီယာ ဗလီဝတ်ကျောင်းတော်မှ အထွေထွေအတွင်းရေးမှူး အဘ်ဒူလ်-ဟာမစ် ဆလက်ခ်ျက ပြောကြားခဲ့သည်။

    မန်ဒရာဒေသ ကိုယ်စားပြု ဆီးနိတ်အမတ် တစ်ဦးဖြစ်သူ ဘီလို ကာရိုးကလည်း ခရစ်ယာန်ခေါင်းဆောင်များ ဗလီဝတ်ကျောင်းတော်သို့ လာရောက်လည်ပတ်ခြင်းမှာ ကင်ညာရှိ မတူညီသော ဘာသာတရားများအကြား သဟဇာတဖြစ်မှုနှင့် နားလည်မှုကို တိုးတက်စေပြီး ဘာသာရေး သည်မခံမှုကို ဖြစ်ပွားစေနိုင်သည့် ယူဆက်ချက်အမှားများကိုလည်း ပြေလည်စေသည်ဟု ဖွင့်ဟ ပြောကြားခဲ့သည်။

    ခရစ်ယာန်ခေါင်းဆောင်များကို တာဝန်ရှိသူများက ဗလီဝတ်ကျောင်းတော်အတွင်း လှည့်လည်ပြသခဲ့ပြီး နေ့လည်စာဖြင့် တည့်ခင်းဧည့်ခံခဲ့သည်။

    ကင်ညာနိုင်ငံရှိ ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များမှာ နိုင်ငံအတွင်း လိုအပ်နေသော ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး သတင်းစကားပေးရန် ယနေ့တွင် ဘောလုံးကစားရန်လည်း ရှိနေသည်။

    Ref: Onislam

  • ဂရိရွေးကောက်ပွဲ လက်ဝဲပါတီ ပြန်အနိုင်ရ၍ ကြွေးရှင်နိုင်ငံများ စိတ်သက်သာရာရ

    ဂရိရွေးကောက်ပွဲ လက်ဝဲပါတီ ပြန်အနိုင်ရ၍ ကြွေးရှင်နိုင်ငံများ စိတ်သက်သာရာရ

    စက်တင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    gerece

    – အကြွေးပြဿနာနှင့် ရင်ဆိုင်နေရသည့် ဂရိနိုင်ငံတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲ၌ ယခင်သမ္မတဟောင်း အလက်ဇစ် တီစီပရက်စ်၏ လက်ဝဲယိမ်း ဆီရီဇာပါတီက အပြတ်အသတ် အနိုင်ရခဲ့သည်ဟု သိရသည်။

    မဲရေအတွက်၏ ၅၁ ရာခိုင်နှုန်းကို ရေတွက်ခဲ့ရာ ဆီရီဇာပါတီက ၃၅.၅ ရာခိုင်နှုန်း ရရှိခဲ့ပြီး ကွန်ဆာဗေးတစ် နယူးဒီမိုကရေစီပါတီ NDP က ၂၈.၁ ရာခိုင်နှုန်း ရရှိခဲ့သည်။ လက်ယာယိမ်း အင်ဒီပန်းဒန့် ဂရိပါတီ ကမူ ပါလီမန်သို့ ၀င်ရောက်နိုင်မည့် ရာခိုင်နှုန်းဖြစ်သော ၃ ရာခိုင်နှုန်းအထက် ၃.၇ ရာခိုင်နှုန်း ရရှိခဲ့သည်။

    ကနဦး မဲရလဒ်များ ထွက်ပေါ်လာခဲ့ပြီးနောက် ၀န်ကြီးချုပ်ဟောင်း အလက်ဇစ် တီစီပရက်က “ကျွန်တော်တို့ရဲ့ အရှေ့မှာ ရုန်းကန်ကြိုးစားရမယ့် ရှည်လျားတဲ့ခရီးတစ်ခု ရှိနေပါတယ်” ဟု Twitter စာမျက်နှာမှတဆင့် ရေးသားခဲ့သည်။

    အင်ဒီပန်ဒန့်ဂရိပါတီ ခေါင်းဆောင် ပါနို့စ် ကာမန်နို့စ်ကမူ ၎င်းတို့ပါတီမှာ ညွန့်ပေါင်းအစိုးရ ဖွဲ့ရန်တွက် ဆီရီဇာပါတီနှင့် ပူးပေါင်းသွားမည်ဟု ပြောကြားခဲ့သည်။

    အသစ်တက်လာမည့် အစိုးရမှာ ယခင်အစိုးရဟောင်းလက်ထက် မကြာသေးမီက သဘောတူထားခဲ့သည့် အကြွေးပြဿနာကယ်တင်ရေး လုပ်ငန်းစဉ်ကို ရှေ့ဆက်ရန် အခွင့်အာဏာရှိမည် ဖြစ်သောကြောင့် အာဏာရပါတီဟောင်း ဆီရီဇာ ပြန်လည်အနိုင်ရရှိခဲ့ခြင်းအတွက် ကြွေးရှင်နိုင်ငံများက သက်သာရာရခဲ့သည်။

    ဆီရီဇာပါတီမှာ ၇ လသက်တမ်းရှိမည့် အစိုးရအဖွဲ့အတွက် ဇန်န၀ါရီလက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ဥရောပနှင့် ကြွေးရှင်နိုင်ငံများ၏ ကန့်သတ်မှုများပါသည့် အကြွေးပြဿနာ ကယ်တင်ရေး အဆိုပြုချက်ကို လက်မခံဟူသော ကတိဖြင့် အနိုင်ရခဲ့သည်။ သို့သော်လည်း အကြွေးပြဿနာ ပြေလည်ရန်အတွက် ထိုအဆိုပြုချက်ကိုပင် နောက်ဆုံး၌ လက်ခံခဲ့ရသည်။ ထို့ကြောင့် ယခုရွေးကောက်ပွဲမတိုင်ခင် ပြီးခဲ့သည့်လက တီစီပရက်စ်အစိုးရမှာ ဆန္ဒပြမှုများနှင့် ကြုံတွေ့ခဲ့ရပြီး လူသေဆုံးမှုများပင် ရှိခဲ့သည်။

    အဓိက အတိုက်အခံပါတီဖြစ်သော NDP ကလည်း ၎င်းတို့ ရှုံးနိမ့်ကြောင်း အတည်ပြုခဲ့ပြီး တီစီပရက်စ်ကို ချီးကျူးခဲ့ကာ အစိုးရကို အလျင်အမြန်ဖွဲ့စည်းရန် တိုက်တွန်းခဲ့သည်။

    Ref: Aljazeera